← Chapters

ပြန်လည်ဝင်စားခြင်း

Vol. 1 Ch. 2

ပြန်လည်ဝင်စားခြင်း

Vol. 1 Ch. 2

အခန်း (၂) : ပြန်လည်ဝင်စားခြင်း

နိုင်ငံအသီးသီးမှ အစိုးရများနှင့် ကမ္ဘာတစ်ဝှမ်းလုံးက ထိုဖြစ်စဉ်အကြောင်းအရင်းကို ရှာဖွေဖြေရှင်းဖို့ ကြိုးစားနေစဉ် ဝမ်ဝေ့တစ်ယောက်ထံ တစ်ခုခု ဖြစ်ပွားသွားခဲ့သည်။ သူ့အလိုလိုသိစိတ် ဖြစ်လာသည်နှင့် သူက ထရပ်ကာ အပြင်ဘက်သို့ ပြေးတော့သည်။ ကံဆိုးစွာဖြင့် သူ ဝေးဝေးမရောက်ခင် အာကာပြင် အက်ကြောင်း ရုတ်ချည်း ပေါ်လာကာ သူ့အား ဝါးမျိုသွားလေသည်။

ထို့နောက် ဝမ်ဝေ့က လေဟာနယ်ကြား သွားလာနေကြောင်း တွေ့လိုက်ရပြီး သူ့ဘေးတွင် ကြယ်တာရာများ၊ ဂြိုလ်များ ရှိမနေပေ။ သူ့အနီးရှိ တစ်ခုတည်းသောအရာမှာ အမှောင်ထုသာ ဖြစ်၏။ ဝမ်းနည်းစရာကောင်းလှသည်က သူ့အတွက် ခန္ဓာကိုယ် ပျက်စီးသွားဖို့ သိပ်မကြာတော့ပေ။ သူ့တည်ရှိမှု ကျန်ရှိနေသည့် တစ်ခုတည်းသောအရာမှာ သူ့ဝိညာဉ်ဟု ဆိုနိုင်သည့် ဖြူဖွေးဖွေး တိမ်တိုက်လို ဒြပ်ထည်သာ ဖြစ်၏။

“ကျစ် ဒီတစ်ခါတော့ ဒုက္ခအကြီးကြီးရောက်ပြီ ” သူက ရေရွတ်လိုက်ပြီး  “ဒီအခြေအနေကနေ လွတ်မြောက်ဖို့ နည်းလမ်းရှာရမယ်။ မဟုတ်ရင် ငါ သေသွားလိမ့်မယ် ”

သူ့ခေါင်းထဲ အဆိုးမြင် ခံစားချက်များစွာ စီးဝင်လာသည်။ သို့သော် သူ့ဘာသာ စိတ်ငြိမ်အောင် ထိန်းလိုက်ရ၏။ သူ့ဝိညာဉ် လွှင့်ပျယ်နေပြီ ဖြစ်သည့်အချက်ကို အာရုံလွဲထားလိုက်သည်။ သိပ်မကြာခင်  သူက လေဟာနယ်ဝန်းကျင်ရှိ အပြာရောင် အလင်းအစက်အပြောက်များစွာကို သတိထားမိလိုက်၏။ သူတို့က ညကောင်းကင်ယံမှ ကြယ်တာရာလိုမျိုး တောက်ပနေလေသည်။ အကယ်၍ သူတို့ကို အာရုံမစိုက်ထားလျှင် သတိပြုမိဖို့ ခက်လှသည်။

“ တွေးနေဖို့ အချိန်မရှိဘူး … ဒါက ငါ့နောက်ဆုံးအခွင့်အရေး ဖြစ်သွားနိုင်တယ် ”

သူက လွင့်ပျယ်နေပြီဖြစ်သည့် သူ့ဝိညာဉ်ကို အနီးဆုံးနေရာဆီ ရွေ့လျားလိုက်သည်။ သူ ထိုအလင်းပြောက်ကို ထိလိုက်သည်နှင့် ချက်ချင်းဆိုသလို စုပ်ယူလိုက်နိုင်သည်။ ထိုအပြာရောင်အလင်းပြောက်များက သူ့ဝိညာဉ်ကို တည်ငြိမ်လာအောင် ကူညီပေးနေကြောင်း တွေ့လိုက်ရ၏။ ထို့နောက် သူ့ဝိညာဉ်ကို ရွေ့လျားကာ အလင်းပြောက်များစွာကို ဆက်လက် စုပ်ယူပစ်လိုက်သည်။ ယခု သူက သူ့အသက် ကယ်တင်ဖို့သာ ဂရုစိုက်ထားသည်။

သွားလာနေစဉ်အတွင်း သူက အချိန်ပင် မသိတော့ပေ။ သူက ကမ္ဘာများစွာကို ကျော်ဖြတ်ခဲ့သလို ခံစားခဲ့ရပြီး တစ်ချိန်တည်းဆိုသလို စက္ကန့်ပိုင်းလေးသာ ကုန်ဆုံးသေးသလိုလည်း ခံစားရပြန်သည်။ ဝမ်ဝေ့က သူ မည်မျှကြာကြာရှိနေသည်ကို မသိတော့ပေ။ သူ့ရှေ့တွင် ရုတ်ချည်းဆိုသလို တောက်ပလင်းထိန်နေသည့် အလင်းတန်းကို မြင်လိုက်ရ၍ မြန်မြန်ဆန်ဆန် ပြေးဝင်သွားလိုက်သည်။

…………..

အသင်္ချေအင်ပါယာ ကမ္ဘာ၊ အလယ်ပိုင်း ကုန်းမြေ၊ တာအိုအခွင့်အလမ်းဂိုဏ်း

ရွှေကြိုးဖြင့် တန်ဆာ ဆင်ထားသည့် ရှေးဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားက တံခါးရှေ့တွင် ရပ်နေသည်။ သူ့နောက်တွင် အခြားလူများလည်း အများကြီး ရပ်နေကြ၏။ ထိုလူက အဆင့်အတန်း မြင့်မားကြောင်း သိသာလှသည်။ သူက အပေါ်ယံ တည်ငြိမ်နေသော်လည်း သူ့အကြည့်များထဲ စိုးရိမ်နေသည့် အရိပ်အယောင်ကို မြင်တွေ့နိုင်သည်။

တစ်ချိန်တည်းဆိုသလို သူ့ကို အနီးကပ်ကြည့်လိုက်ပါက ကောင်းကင်ကိုပင် ခြိမ်းခြောက်နိုင်သည့် အထွတ်အထိပ် ဓားအငွေ့အသက်ကို ခံစားနိုင်သည်။ သူ့နာမည်က ဝမ်ထျန်း ဖြစ်ပြီး တာအိုအခွင့်အလမ်းဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည်။ သူ့နောက်ရှိ လူများက မဟာအကြီးအကဲများ၊ အကြီးအကဲများနှင့် ဂိုဏ်းတာဝန်ခံများ ဖြစ်ကြသည်။

ထိုလူ တစ်ယောက်ချင်းစီက ကမ္ဘာတွင် ကြောက်ခမန်းလိလိ မြင့်မားသည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားကြပြီး သူတို့ဆီမှ စကားတစ်ခွန်းတည်းဖြင့် အသက်သန်းပေါင်းများစွာအပေါ် သက်ရောက်မှု ဖြစ်သွားစေနိုင်သည်။ သို့သော်လည်း သူတို့က အိမ်ရှေ့တွင် အသံပင် မထွက်ရဲဘဲ ငြိမ်ငြိမ်လေး ရပ်နေကြ၏။

အကြောင်းအရင်းမှာ ယနေ့ ဂိုဏ်းချုပ်ကတော်က မီးဖွား၍ ဖြစ်သည်။ သူတို့မျက်နှာအထက် မျှော်လင့်နေသည့် အရိပ်အယောင်များနှင့် စိုးရိမ်ပူပင်နေသည့် အရိပ်အယောင်များ ရောယှက်နေကြသည်။

ဤစိတ်ဖိစီးလွန်းသည့် အချိန်အတွင်း လူများစွာက ကလေး မွေးဖွားလာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ မျှော်လင့်ချက်များကို မမွေးဖွားလာသေးသည့် ကလေးအပေါ် စုပုံထားကြ၏။ မြောက်များစွာသော အားကောင်းသည့် အံ့ဖွယ်အသိစိတ်တို့ကလည်း မွေးဖွားမှုတွင် အမှားမဖြစ်အောင် တိတ်တဆိတ် စောင့်ကြပ်လေ့လာနေသည်။

သို့သော်လည်း ဒီရုတ်ရုတ်သည်းသည်း အဖြစ်အပျက်များကြား ဂိုဏ်းမှ အားကောင်းသော ကျင့်ကြံသူအားလုံး အခန်းကို စောင့်ကြည့်နေကြသော်လည်း ကလေးမွေးဖွားရာအခန်းထဲ အရိပ်တစ်ခုက မွေးဖွားလာသည့် ဝမ်ဝေ့နှင့် မိခင်ဖြစ်သူကို ထူးထူးဆန်းဆန်း စိုက်ကြည့်နေသည်ကို မည်သူမှ သတိမမူမိလိုက်ပေ။

အရိပ်က ကမ္ဘာကြီးနှင် တစ်သားတည်း ဖြစ်နေသော်လည်း ကွဲထွက်နေသေး၏။ ထိုအရာက တစ်စုံတစ်ခုကို စောင့်မျှော်နေပုံပေါ်သည်။ သူ ဘာကိုစောင့်မျှော်နေသည်ကိုတော့ သူသာလျှင် သိလိမ့်မည်။

ထင်မှတ်မထားသည့် အရာတစ်ခု ဖြစ်လာသည့်အထိ အပြင်ဘက်ရှိ လူများက ကြာကြာမစောင့်လိုက်ရပေ။ ကလေး မွေးဖွားလာသည်နှင့် ဝိညာဉ်ဖိအားပြင်းပြင်းတစ်ခုက ကမ္ဘာတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

ခံစားချက်မှာ အထွတ်အထိပ် ဧကရာဇ်က သူတို့အားလုံးကို ကြည့်လိုက်သလိုမျိုး ဖြစ်ကာ သူတို့က ကောင်းကင်ကို မော့ကြည့်နေသည့် ပုရွက်ဆိတ်လိုမျိုး ခံစားလိုက်ရသည်။ ခံစားချက်က အသက်ရှိုက်စာ အနည်းငယ်မျှသာ ကြာမြင့်သော်လည်း တစ်ကမ္ဘာလုံး လှုပ်ခတ်သွားစေသည်။ ထိုဖိအားကို ခံစားမိကြသည့် အားကောင်းသော ကျင့်ကြံသူများစွာက တာအိုအခွင့်အလမ်းဂိုဏ်းရှိရာဆီ ကြည့်လာကြ၏။

သိပ်မကြာခင် အလယ်ပိုင်းကုန်းမြေတစ်ခုလုံး၌ မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။ မြင်ကွင်းတွင် နဂါး၊ ဇာမဏီနှင့် ချီလင်ကဲ့သို့သော ဒဏ္ဍာရီလာသားရဲများက ဝေ့ဝဲရစ်ပတ်နေသည်ကို မြင်လိုက်ရသည်။ သူတို့က ဒီကလေး ရောက်ရှိလာမှုအတွက် အောင်ပွဲခံနေကြဟန်ပေါ်သည်။ ထို့နောက် ဝိဇ္ဇာများနှင့် အထွတ်အထိပ် တည်ရှိမှုအားလုံးက ရိုသေလေးစားမှု ပြသလိုက်ကြသည်။ သူတို့ထက် သာလွန်နေသည့်အတွက် အဆုံးအစွန်သော လေးနက်မှုတို့ ပြသလိုက်ကြသည်။ ထို့နောက်တွင် များပြားစွာသော မျိုးနွယ်များ ပေါ်လာကာ ကလေးအား အသိအမှတ်ပြုလိုက်ကြ၏။

ထိုမြင်ကွင်းအားလုံးက ဝိညာဉ်ကို ငြိမ်ချမ်းသွားစေသည့် ကောင်းကင်သံဇဉ်၊ ခရမ်းရောင်တိမ်တိုက်များစွာနှင့်အတူ ဖြစ်ပေါ်လာသည်။

ထိုမြင်ကွင်းက အသင်္ချေအင်ပါယာကမ္ဘာရှိ အင်အားစုများစွာကို တုန်လှုပ်အံ့ဩသွားစေခဲ့သည်။ သူတို့က စိတ်ထဲ အတွေးတစ်ခုသာ တွေးမိကြ၏။

တာအိုအခွင့်အလမ်းဂိုဏ်းမှာ တကယ့် ကောင်းကင် ရွေးချယ်ခံတစ်ယောက် ပေါ်ထွက်လာပြီ …

လူအများစုက ထိုအရာနှင့် ပတ်သက်၍ မပျော်ကြပေ။

တာအိုအခွင့်အလမ်းဂိုဏ်းက အရမ်းအားကောင်းသော်လည်း မဟာဧကရာဇ် အသစ် မမွေးထုတ်ပေးနိုင်သည်မှာ နှစ်သန်းချီ ကြာမြင့်နေလေပြီ။ ဤမျိုးဆက်၌ သူတို့က ကောင်းကင် အလိုဆန္ဒကို ယှဉ်ပြိုင်မည့် သင့်တော်သည့် ကောင်းကင် ရွေးချယ်ခံတစ်ယောက်ပင် မရှိခဲ့ပေ။ သို့သော် ယခုတွင် ကိစ္စများက ပြောင်းလဲသွားလေပြီ။

ထိုအရာကို မြင်ပြီး အစိုးရိမ်မိဆုံး အုပ်စုနှစ်ခုမှာ  ဉာဏ်အလင်းပွင့်ကျောင်းတော်နှင့် လျို့ဝှက်ကောင်းကင် မျှော်နန်းတို့ ဖြစ်ကြသည်။ ရှေ့တစ်ခုက တာအိုအခွင့်အလမ်းဂိုဏ်း၏ တိုက်ရိုက်ပြိုင်ဖက် ဖြစ်ပြီး နောက်တစ်ခုမှာ တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ပြဿနာအနည်းငယ် ရှိနေသည့် ဂိုဏ်း ဖြစ်သည်။

လျို့ဝှက်ကောင်းကင် မျှော်နန်းအတွင်း ထိုမြင်ကွင်းများ ပေါ်ထွက်လာသည်နှင့် လူအိုကြီး တစ်ယောက်က တုန်တုန်လှုပ်လှုပ် မျက်လုံးဖွင့်ကြည့်လာသည်။ သူက နေရာတစ်ခုဆီ ကြည့်လိုက်ပြီးနောက် လက်ချောင်းများဖြင့် ကောင်းကင်လျို့ဝှက်ချက်ကို စတင် တွက်ချက်လိုက်သည်။ သူ့အနေနှင့် သူ့ခန့်မှန်းချက်တွင် အဘယ်ကြောင့် ကွဲလွဲမှုများ ရှိနေသည်ကို သိချင်မိ၏။

သူ့တွက်ချက်မှုအရ တာအိုအခွင့်အလမ်းဂိုဏ်းတွင် ဒီမျိုးဆက်အတွက် ကောင်းကင် အလိုဆန္ဒ ယှဉ်ပြိုင်သူ ရှိမလာသင့်ပေ။

သူက တွက်ချက်နေရင်း သူ့ဘေးတွင် လျို့ဝှက်ဆန်းကြယ် အငွေ့အသက်များ ပေါ်ထွက်လာသည်။ ထို့နောက် မြစ်တစ်စီး ပေါ်ထွက်လာ၏။ ဤသည်မှာ နာမည်ကြီးလှသည့် ကံကြမ္မာမြစ်း ဖြစ်၏။ လောင်ချူး အမည်ရှိ လူအိုကြီးက စတင်တွက်ချက်နေရင်း ကြောက်ကြောက်လန့်လန့်ဖြင့် မျက်လုံး ပြန်ဖွင့်လာကာ သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်က စတင်ခြောက်သွေ့လာပြီး အသားနှင့် အရိုးကြား ကွာခြားချက် မရှိလောက်အောင်အထိ ပိန်ကျသွားသည်။

လျို့ဝှက်ကောင်းကင် မျှော်နန်းရှိ ကောင်းကင်က အစီအစဉ်မကျ ဖြစ်လာသောကြောင့် တပည့်အားလုံးနှင့် အကြီးအကဲများက အလန့်တကြား ဖြစ်သွားကြသည်။ မျှော်နန်းသခင်က လူအိုကြီးကို တွေ့သည့်အခါ တုန်လှုပ်တကြီးဖြင့်   “အကြီးအကဲချုပ်ချူး ဘာဖြစ်တာလဲ … ဘာတွေဖြစ်ကုန်တာလဲ ”

“ ကောင်းကင်လျို့ဝှက်ချက်က ကမောက်ကမ ရှုပ်ထွေးကုန်ပြီးတော့ လျို့ဝှက်သွားပြီ။ ဒီပြန်လည်ရှင်သန်ထမြောက်မှု ခေတ်ကာလမှာ မဖြစ်နိုင်တာတွေ ဖြစ်လာတော့မယ် ”

ထိုအရာကို ပြောပြီးနောက် လောင်ချူးက သတိမေ့သွားတော့သည်။ မျှော်နန်းသခင်နှင့် အကြီးအကဲများလည်း တုန်လှုပ်အံ့ဩသွားကြသည်။ အကြီးအကဲချုပ်ချူးက အနာဂတ်ကြိုတင်ဟောကိန်းထုတ်ခြင်း၌ အကောင်းဆုံး ကျင့်ကြံသူထဲမှ တစ်ဦး ဖြစ်သော်လည်း တန်ပြန်အားကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားလေသည်။

သိပ်မကြာခင် လျို့ဝှက်ကောင်းကင် မျှော်နန်းအတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်က ကမ္ဘာကြီးဆီ ပျံ့နှံ့သွားလေ၏။ အားလုံးက လက်ရှိအခြေအနေကို သိကြသည်။ ဒီမျိုးဆက်၏ ကောင်းကင် အလိုဆန္ဒ တိုက်ခိုက်မှုက စိတ်လှုပ်ရှားစရာအပြည့် ဖြစ်နေပြီး ယခင်လိုမျိုး ရိုးရှင်းမည် မဟုတ်ပေ။

ထိုစဉ် တာအိုအခွင့်အလမ်းဂိုဏ်းအတွင်း ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်ပြီးနောက် သူ ကလေးလေး ဖြစ်နေကြောင်း သိလိုက်ရတော့သည်။

ထိုအခိုက်အတန့် အရိပ်က သူ စောင့်ဆိုင်းနေသည့် အချိန်ရောက်လာသည်နှင့် သူ့မျက်နှာအထက် စိတ်အားထက်သန်သည့် အရိပ်အယောင်မျိုး ထင်ဟပ်လာသည်။

သို့သော် မည်သူကမှ သူ့ကို မမြင်နိုင်ပေ။

All Chapters