← Chapters

ကြာပန်းနှလုံးသား

Vol. 8 Ch. 786

ကြာပန်းနှလုံးသား

Vol. 8 Ch. 786

စုနီမှာ အံ့သြထိတ်လန့်သွားလေသည်။

ဤသည်မှာ ဒဏ္ဍာရီထဲမှ နိုင့်ဟယ်တံတားလေလား။ သို့သော်… ရှင်သန်စေခြင်းကျောင်းတော်မှ တပည့်တစ်ယောက် အနေဖြင့် သူမသည် အသူရာချောက်မှ အကြောင်းအရာများနှင့် သိပ်ပြီး မရင်းနှီးပေ။

ထို့ပြင် နိုင့်ဟယ်တံတား ပျောက်ဆုံးနေခဲ့သည်မှာ ကြာပြီ ဖြစ်လေသည်။ အဘယ့်ကြောင့် ယခု နိုင့်ဟယ်တံတားက သူမရှေ့တွင် ထွက်ပေါ်လာရပါသနည်း။

သူမကြုံတွေ့နေရသည့် အဖြစ်အပျက်သည် ပုံရိပ်ယောင်ဖြစ်သည်ကို သိရှိသော်လည်း သူမအနေဖြင့် ပုံရိပ်ယောင် လောကထဲမှ ရုန်းထွက်နိုင်ခြင်း မရှိပေ။

စုနီက တွေးလိုက်သည်။

"နိုင့်ဟယ်တံတားကိုတွေ့ရမှတော့ လွတ်လမ်းရှိရမှာပဲ ၊ ဘာဖြစ်လို့ ထိုးဖောက်မထွက်နိုင်သေးတာပါလိမ့်…"

သူမအတွေးဆုံးသွားသည်နှင့်သူမသည် နိုင့်ဟယ်တံတားပေါ်သို့ ရောက်ရှိသွားလေသည်။

သူမသည် ချက်ချင်းပင် နိုင့်ဟယ်တံတားကို ဖြတ်သန်းကာ ပြေးထွက်သွားလေသည်။

သို့သော်… နိုင့်ဟယ်တံတားစောင့်နတ်ဘုရားက သူမကို တားဆီးမည်လားဟု တွေးလိုက်မိသည်။ သို့သော် တံတားစောင့်နတ်ဘုရားက အေးစက်သည့်အပြုံးတစ်ချက်သာ ပြုံးလိုက်ပြီး သူမကို တားဆီးခြင်း မရှိပေ။

တံတားက ကျဉ်းမြောင်းပြီး ချောမွေ့နေလေသည်။ သို့သော်... စုနီအတွင်တော့ အရှိန်အဟုန်ပြင်းစွာဖြင့် တံတားပေါ်တွင် ပြေးလွှားနေလေသည်။

သို့သော်… အချိန်အတန်ကြာသည်အထိ သူမပြေးလွှားနေသည့်တိုင် တံတား၏ အဆုံးကို တွေ့မြင်ရခြင်း မရှိသေးပေ။

သူမသည် ထိတ်လန့်တုန်လှုပ်လာပြီး ရုတ်တရက် ပြေးလွှားနေခြင်းကို ရပ်တန့်လိုက်လေသည်။

စုနီခြေလှမ်းများ ရပ်တန့်လိုက်သည်နှင့် တံတားအောက်ရှိမြစ်ရေမှ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး သူမ၏ ခြေထောက်များကို စုပ်ယူချုပ်နှောင်လိုက်ကာ သူမကို မြစ်ရေထဲသို့ ဆွဲချရန် ကြိုးစားလေတော့သည်။

သူမသည် တဖြည်းဖြည်းအောက်သို့နစ်မြုပ်သွားပြီး သူမ၏နှာခေါင်းထဲတွင် သွေးညှီနံ့များကိုရလိုက်လေသည်။

အဆိပ်ရှိသည့်ပိုးမွဇားသတ္တဝါများသည် ပါးစပ်များကိုဖြဲပြီး သူမကို အရသာရှိသည့်အစားအသောက်တစ်ခုအလား ကြည့်နေကြလေသည်။

စုနီမှာ နတ်ဘုရားတစ်ပါးကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသူ တစ်ယောက်ဖြစ်သော်လည်း မိန်းကလေးတစ်ယောက် မျှသာ ဖြစ်လေရာ ကြောက်မက်ဖွယ်ရှား မြွေများ ၊ ပိုးမွှားများကို တွေ့မြင်လိုက်ရသည့်အခါ သူမသည် အလွန်ကြောက်ရွံ့သွားမိလေသည်။

သူမ၏ နားထဲတွင် စူးရှသည့် မိစ္ဆာသံများကို ကြားနေရပြီး သူမ၏ခြေထောက်ကို ထောင်ပေါင်းများစွာသော စူးချွန်များဖြင့် ဝိုင်းဝန်းထိုးနှက်နေသည်ကို ခံစားလိုက်ရလေသည်။

စုနီသည် အလွန်နာကျင်ခံစားနေရသည့်တိုင် သူမ လုံး၀ အရှုံးပေး၍ မဖြစ်သည်ကို သိရှိလိုက်သည်။

သူမက အံတင်းတင်းကြိတ်လိုက်ကာ တန်ခိုးစွမ်းအားများကိုစုစည်းလိုက်ပြီး မြစ်ရေထဲမှ ရုန်းထွက်လိုက်လေသည်။ သို့သော်… သူမ၏ ခြေထောက်မှ မီးလောင်ကျွမ်းသည့် အနံ့များထွက်ပေါ်လာပြီး အဆိပ်ပိုးမွှားများသည် သူမကို အလွတ်မပေးဘဲ ကုတ်တွယ်နေကြဆဲ ဖြစ်လေသည်။

သူမ၏ အရေပြားများသည် အနက်ရောင်ပြောင်းလဲသွားပြီး သွေးများထွက်လာလေသည်။

စုနီက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမ၏လက်ထဲတွင် ဓားရောင်တစ်ချက်လက်သွားလေသည်။ သူမ၏ ခြေထောက်မှ ဒဏ်ရာကို ဓားဖြင့် ခုတ်ဖြတ်ချလိုက်ခြင်း ဖြစ်လေသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် သူမ၏ တာအိုကျင့်ကြံသူ နှလုံးသားကို တွေ့မြင်ရလေသည်။

သူမသည် ယာယီအားဖြင့် တံတားအောက်ရှိ ပိုးမွှားများ အန္တရယ်မှ လွတ်မြောက်သွားသော်လည်း ဓားဖြင့် ခုတ်လိုက်မိသည့်ဒဏ်ရာမှ ပြင်းထန်စွာ နာကျင်ခြင်းကို ခံစားလိုက်ရလေသည်။

နာကျင်မှုကို ဝိညာဉ်အတွင်းထဲအထိ ခံစားနေရလေသည်။

နာကျင်ခံစားနေရသည့်အချိန်မှာပင် သူမဘဝတွင် နောင်တရရသည့် မြင်ကွင်းများကို ပြန်လည်မြင်ယောင်လာမိလေ သည်။

မည်သို့သော နောင်တများလဲဆိုလျှင်…

သူမစားချင်သည့်အစားအသောက်တစ်ခုကို မစားလိုက်ဖြစ်သည့်အတွက် နောင်တရခြင်းမျိုး။

ဆွေမျိုးသားချင်း ၊ မိတ်ဆွေသူငယ်ချင်းများကို မရည်ရွယ်ဘဲ နာကျင်စေခဲ့မိပြီး သူတို့ကို တောင်းပန်ခွင့်မရလိုက် သည့်နောင်တရခြင်းမျိုး။

သို့သော်… ထိုစိတ်ခံစားမှုများကို သူမ၏ တာအိုစိတ်ထားဖြင့် ဖိနှိပ်ထားလိုက်နိုင်လေသည်။

လူတစ်ယောက်သည် မွေးဖွားသည့်အချိန်မှစပြီး ညစ်နွမ်းလျှက်ရှိလေသည်။ နှစ်ပေါင်းများစွာကြာလာသည်နှင့်အမျှ အချစ် ၊ အမုန်း ၊ သံယောဇဉ်များကြားတွင် ပို၍ပို၍ ညစ်နွမ်းလာပြီး ဒုက္ခပင်လယ်ထဲမှ ရုန်းထွက်နိုင်ခြင်း ရှိမည် မဟုတ်တော့ပေ။

ကျင့်ကြံခြင်းဖြင့်သာလျှင် စိတ်ထားကို အနည်းငယ် သန့်စင်နိုင်လေသည်။

ထို့ကြောင့် နတ်ဆိုး ၊ မိစ္ဆာဆိုသည်က အခြားနေရာတွင် ရှိသည်မဟုတ်။ လူတစ်ယောက်၏ နှလုံးသားထဲ၌ပင် ရှိခြင်း ဖြစ်လေ၏။

စုနီသည် အားတင်းကာ တံတားထက်တွင် အဆက်မပြတ်ပြေးလွှားလာသော်လည်း သူမ၏ မျက်ဝန်းများတွင် မြူများဆိုင်းလာပြီး ပတ်ဝန်းကျင်ကို မြင်တွေ့ရခြင်း မရှိတော့ပေ။

စုနီရင်ဆိုင်ကြုံတွေ့နေရသည်များကို ကြည့်နေရင်း ရွှင်ယောင်းက စိတ်ရှုတ်ထွေးသွားလေသည်။

"ဆရာကြီး ၊ ကျုပ်ရဲ့ ဆရာဒေါ်လေး ဘာဖြစ်သွားတာလဲ…"

ဆန်းလျန်က…

"ကျင့်စဉ်လမ်းကို လျှောက်လှမ်းချင်တယ်ဆိုရင် ၊ စိတ်ထားကို အရင်ပြုပြင်ရတယ် ၊ ဒီမိန်းကလေးက ဝိညာဉ်စွမ်းအား အရမ်းကောင်းတယ် ၊ သူ့မှာ တန်ခိုးစွမ်းအားရှိတယ်ဆိုရင်တောင်မှ အခြားသူတွေကို မနာကျင်စေဘဲ သူကိုယ်တိုင်ပဲ အနာခံလိုက်မယ့် စိတ်ထားမျိုးရှိတယ်…"

ဆန်းလျန်ပြောသည့် စကားကို ရွှင်ယောင်းက နားလည်ခြင်းမရှိပေ။

ထျန်းတိကျန်းက…

"စုနီရဲ့ ဝိညာဉ်စွမ်းအားတွေက ကျင့်ကြံထားတာမဟုတ်ဘူး ၊ သူက နတ်ဘုရားတစ်ပါးလို တန်ခိုးစွမ်းအား မြင့်မားပေမယ့် နတ်ဘုရာတစ်ပါးအဖြစ် အဆင့်မတက်နိုင်သေးဘူး ၊ ဒါကြောင့် အတားအဆီးတွေကို ကျော်ဖြတ် နိုင်ခဲ့ရင် နတ်ဘုရားတစ်ပါး အနှေးနဲ့အမြန် ဖြစ်လာတော့မယ်…"

ရွှင်ယောင်းက…

"ဒါဖြင့် အတားအဆီးတွေကို မကျော်ဖြတ်နိုင်ခဲ့ရင်ရော…"

ထျန်းတိကျန်းက တိုးတိတ်သည့်လေသံဖြင့်…

"အဲဒါဆိုရင်တော့ ဘာမှမဟုတ်တော့ဘူး ၊ ပြီးဆုံးသွားမှာပေါ့…"

ရွှင်ယောင်းက အံ့သြထိတ်လန့်သွားပြီး…

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…"

ထျန်းတိကျန်းက…

"အဲဒါမင်းနဲ့လည်းဆိုင်တယ်လေ ၊ မင်းကို ဆန်းအစ်ကိုကြီးသင်ပေးနေတာကို စုနီခိုးနားထောင်မိလို့ ဒီလိုဖြစ်ရတာ… ၊ ဒါပေမဲ့ သူ အဲဒီမှာ ထာဝရတော့ ပိတ်မိမနေနိုင်ပါဘူး ၊ အခွင့်အရေးကို စောင့်နေဖို့ပဲ လိုတယ်…"

ရွှင်ယောင်းက မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း…

"မင်းဟာက ငါနဲ့ ဘာဆိုင်လို့တုန်း…"

ထျန်းတိကျန်းက…

"အေးပါ ၊ ဟုတ်ပါတယ် ၊ ကျင့်ကြံသူတွေဆိုတာ နှစ်ပေါင်းတစ်သောင်းလောက်ကျင့်ကြံနေလည်း အောင်မြင် ချင်မှ အောင်မြင်တာ ၊ အဲဒါကြောင့် အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ ရင်ဆိုင်ဖို့ထက် အချိန်ကို စောင့်တတ်ဖို့လည်းလိုအပ်တယ်…"

ရွှင်ယောင်းက ဆန်းလျန်ကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။

ထိုအခါ ဆန်းလျန်က ထျန်းတိကျန်း၏ စကားကို ထောက်ခံသည့်အနေဖြင့် သူ့ကို တစ်ချက်ပြုံးပြလိုက်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။

စုနီကတော့ အပြင်ဘက်တွင် ဆန်းလျန် ၊ ရွှင်ယောင်းနှင့် ထျန်းတိကျန်းတို့ သူမကို ကြည့်ရှုနေကြသည်ကို သိရှိခဲ့ခြင်း မရှိပေ။

သူမသည် အရှိန်အဟုန်ဖြင့် မရပ်မနားပြေးလွှားနေပြီး သူမ၏ တာအိုနှလုံးသားသည် နောင်တတရားများကြားတွင် လှိုင်းထန်လျှက်ရှိလေသည်။ နောက်ဆုံး သူမ၏ တာအိုစိတ်ထားသည် နောင်တတရားများကို မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များ သွင်သွင်ကျလာကာ အဆုံးမဲ့ နောင်တတရားထဲတွင် နစ်မြုပ်သွားလေတော့သည်။

ထိုအခါ သူမသည် တံတားအောက်သို့ ပြုတ်ကျသွားပြီး အဆိပ်ပြင်းထန်သည့် ပိုးမွှားများ ၊ မြွေများကို သူမကို ဝိုင်းဝန်း ကိုက်ဖြတ်ကြလေတော့သည်။

သူမတစ်ကိုယ်လုံး သွေးချင်းချင်းနီရဲနေခဲ့လေသည်။

ထိုအချိန်တွင် သူမ၏ နှလုံးသား ထွက်ပေါ်လာခဲ့လေသည်။

သူမ၏ နှလုံးသားသည် သာမန်လူတစ်ယောက်၏ နှလုံးသားမဟုတ်ဘဲ အဆက်မပြတ်ခုန်နေသည့် ကြာပန်းပုံစံ နှလုံးသား ဖြစ်နေခဲ့လေသည်။ ထိုနှလုံးသားကြောင့်ပင် သူမသည် နတ်ဘုရားတစ်ပါးကဲ့သို့ တန်ခိုးစွမ်းအား မြင့်မား နေခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန်မှာ သူမကိုကြည့်ပြီး အနည်းငယ် အံ့သြသွားလေသည်။ သူ့ဘဝတွင် ထိုသို့ ကြာပန်းပုံသဏ္ဍန်နှလုံးသား မျိုးကို တစ်ခါမှ ခံစားမိဖူခြင်း မရှိပေ။

ဆန်းလျန်က ထျန်းတိကျန်းကိုမေးလိုက်သည်။

"အဲဒါ ဘယ်လိုဖြစ်တာလဲ…"

ထျန်းတိကျန်းက…

"သိဘူးလေ…"

ထျန်းတိကျန်းသည်လည်း ကြာပန်းနှလုံးသား အကြောင်းကိုသိရှိခြင်း မရှိပေ။

အမှန်တော့ ကြာပန်းနှလုံးသားသည် ရှင်သန်စေခြင်းကျောင်းတော်မှ ကျမ်းစာများထားရှိသည့်ခန်းမဆောင်နှင့် ဆက်စပ်နေလေသည်။

တစ်ချိန်တုန်းက ထိုနေရာတွင် မိုးကောင်းကင်နတ်မိစ္ဆာတစ်ပါး နေထိုင်ခဲ့လေသည်။ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးသည့်နောက် မိစ္ဆာစွမ်းအားများကို တာအိုစွမ်းအားများအဖြစ် သန့်စင်နိုင်ခဲ့သည်။ ထိုအခါ နတ်ဘုရား ခန္ဓာသည် သန့်စင်သွားခဲ့လေသည်။ မိစ္ဆာစွမ်းအားများသည်လည်း လုံး၀ ပျောက်ဆုံးသွားခဲ့လေသည်။

တာအိုနှလုံးသားကိုပိုင်ဆိုင်သည့် မိုးကောင်းကင်နတ်မိစ္ဆာသည် ရှင်သန်စေခြင်းကျောင်းတော်တွင် နှစ်ပေါင်းများစွာ ကြာအောင် နေထိုင်ခဲ့လေသည်။

သို့သော်… မည်သည့်ထူးခြားဆန်းကျယ်မှုမှ ဖြစ်မလာခဲ့ပေ။

နောက်ဆုံး ထိုမိုးကောင်းကင်နတ်မိစ္ဆာသည် စုနီကို တွေ့ဆုံခဲ့ပြီး စုနီ၏ နှလုံးသားအဖြစ် အသွင်ပြောင်းသွားခဲ့လေ သည်။ ထို့ကြောင့် စုနီသည် နတ်ဘုရားတစ်ပါး မဟုတ်သည့်တိုင် နတ်ဘုရားတစ်ပါးကဲ့သို့ တန်ခိုးစွမ်းအား မြင့်မားနေရခြင်း ဖြစ်လေ၏။

ရှင်သန်စေခြင်းကျောင်းတော်၏ ဂိုဏ်းချုပ်တစ်ယောက်သာလျှင် ထိုအဖြစ်အပျက်များကို သိရှိခဲ့လေသည်။ သူက စုနီမှာ နတ်ဘုရားတစ်ပါး၏ ကျန်ရစ်သည့်တန်ခိုးစွမ်းအားများကို ရရှိခဲ့သည့်အတွက် တန်ခိုးစွမ်းအား မြင့်မားနေရခြင်းဖြစ်သည်ဟု အခြားသောတပည့်များကို ပြောထားခဲ့လေသည်။

ဆန်းလျန်၏ မျက်နှာက တည်ကြည်လေးနက်နေလေသည်။ အဘယ်ကြောင့်ဆိုသော် ကြာပန်းနှလုံးသားသည် ခပ်လွယ်လွယ်အရာတစ်ခု မဟုတ်သောကြောင့် ဖြစ်လေသည်။

သူက စုနီကို အနည်းငယ် အပြစ်ပေးခဲ့ခြင်းသာဖြစ်ပြီး ယခုကဲ့သို့ စိတ်ဝင်စားစရာ ကိစ္စမျိုးကို သိရှိလိုက်ရမည်ဟု မထင်ခဲ့မိပေ။

ယခုတော့ ထိုကြာပန်းနှလုံးသားသည် သူနှင့်လည်းပတ်သက်ခဲ့ပြီ ဖြစ်လေသည်။

ကြာပန်းနှလုံးသားသည် တဖျတ်ဖျတ်ခုန်နေပြီး အဆိပ်ပိုးမွှားများနှင့် မြွေများအားလုံးကို မြိုချပစ်နေလေသည်။

ထိုအချိန်မှာပင်….

နိုင့်ဟယ်တံတားစောင့်နတ်ဘုရားသည် ဆန်းလျန်အဖြစ်အသွင်ပြောင်းသွားပြီး နိုင့်ဟယ်တံတားကိုဖြတ်ကာ ကြာပန်းနှလုံးသားရှိရာသို့ ရောက်ရှိသွားလေတော့သည်။

***

All Chapters