ကံကြမ္မာလမ်း
Vol. 8 Ch. 787
နိုင့်ဟယ်တံတားစောင့်နတ်ဘုရားဆိုသည်မှာ အမှန်တော့ ဆန်းလျန်၏ ကိုယ်ခွဲတစ်ခုသာ ဖြစ်လေသည် ။
စုနီထံမှာ ကြာပန်းနှလုံးသား ပေါ်ထွက်လာသည့်အခါ ဆန်းလျန်က စိတ်ဝင်စားသွားပြီး နိုင့်ဟယ်တံတားဆီသို့ စိတ်အာရုံစူးစိုက်လိုက်လေရာ နိုင့်ဟယ်တံတားစောင့်နတ်မှာ ဆန်းလျန်အဖြစ်သို့ ပြောင်းလဲသွားရခြင်း ဖြစ်လေ၏။
နိုင့်ဟယ်တံတားဆိုသည်က အံ့သြစရာကောင်းသည့် တံတားတစ်ခုဖြစ်သည်။
အမှန်တော့ ထိုတံတားသည် တကယ့်တံတားအစစ်မဟုတ်ဘဲ မိုးနှင့်မြေကို ဆက်စပ်ပေးထားသည့် လမ်းမကြီးတစ်ခု လည်းဖြစ်လေသည်။ ထို့ကြောင့် နိုင့်ဟယ်တံတားပေါ်သို့ ရောက်သွားသည်နှင့် အရှေ့သို့သွားသည့်လမ်းနှင့် အနောက်သို့ သွားသည့်လမ်းမှလွဲပြီး မည်သည့်အရာကိုမှ တွေ့မြင်ရတော့မည် မဟုတ်ပေ။
ထို့ကြောင့် တံတားပေါ်သို့ရောက်သည်နှင့် မရပ်မနားသွားနေမှသာ ဝိညာဉ်မြစ်အတွင်းသို့ ပြန်လည်ကျရောက် သွားခြင်းမရှိဘဲ နောက်ဆုံးတွင် လွတ်မြောက်နိုင်မည် ဖြစ်လေသည်။
သို့သော်… ဆန်းလျန်ကတော့ ထိုသို့မဟုတ်ပေ။ သူသည် နိုင့်ဟယ်တံတားထက်တွင် ပုံမှန်အတိုင်းပင် သွားလာပြုမူနိုင်သည်။
သူ့အနေဖြင့် လမ်းလျှောက်ချင်လျှောက်မည် ၊ ထိုင်ချင်ထိုင်မည် ၊ အိပ်ချင်အိပ်မည် ၊ အခြားနေရာများနှင့် ခြားနားမှု မရှိပေ။ သူ့အနေဖြင့် မည်သည့်အပူအပင်မှ မရှိဘဲ နိုင့်ဟယ်တံတားထက်တွင် နေထိုင်နိုင်သည်။
ဆန်းလျန်၏ ကိုယ်ခွဲတစ်ခုဖြစ်သည့် နိုင့်ဟယ်တံတားစောင့်နတ်ဘုရားသည် ယန်စွမ်းအား နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ ယန်စွမ်းအားကို အသုံးပြုကာ အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်စွမ်းရှိသည်။ ထိုနတ်ဘုရားသည် အမှောင်တရား ၊ ယင်စွမ်းအားနှင့် ဆန့်ကျင်ဘက် ဖြစ်လေ၏။
ဆန်းလျန်က အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မီးတောက်များထွက်ပေါ်လာပြီး ကြာပန်းနှလုံးသားဆီသို့ ရောက်ရှိသွားကာ ကြာပန်းနှလုံးသားကို လောင်ကျွမ်းပစ်လိုက်သည်။
ရုတ်တရက်…
ကြာပန်းနှလုံးသားအတွင်းမှ အနက်ရောင်အခိုးအငွေ့တစ်ခု ထွက်ပေါ်လာပြီး ယန်စွမ်းအား မီးတောက်များကို ငြှိမ်းသတ်ပစ်လိုက်လေသည်။ ကြာပန်းနှလုံးသားမှာလည်း ရေစင်အလား ကြည်လင်သွားလေ၏။
တွေ့မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဆန်းလျန် အနည်းငယ် အံ့အားသင့်သွားရသည်။
ထို့နောက်… ဆန်းလျန်က နိုင့်ဟယ်တံတားထက်တွင်ရပ်နေပြီး သွေးနီရောင်မြစ်အတွင်းသို့ တစ်ချက် စူးစိုက်ကြည့် လိုက်သည်။
ထိုအခါ မြစ်ရေပြင် နှစ်ခြမ်းကွဲသွားပြီး နတ်ဘုရာတစ်ပါးထွက်ပေါ်လာလေသည်။
ထိုနတ်ဘုရားသည်လည်း ဆန်းလျန်ပင် ဖြစ်လေ၏။ သို့သော်… ထိုနတ်ဘုရား၏ ပုံပန်းသဏ္ဍန်က ဆန်းလျန်လောက် ယောကျ်ားပီသခန့်ညားခြင်းမရှိဘဲ အနည်းငယ် မိန်းကလေးဆန်စွာ ချောမောလှပနေလေသည်။
ထိုနတ်ဘုရားမှာ နိုင့်ဟယ်တံတားစောင့်နတ်ဘုရား၏ ယင်စွမ်းအားဘက်ခြမ်းဖြစ်လေသည်။ ထိုနတ်ဘုရားက နိုင့်ဟယ်တံတားကို ညဘက်တွင် စောင့်လေ့ရှိသည်။ နေ့ဘက်တွင် နိုင့်ဟယ်တံတားကိုစောင့်သည့်နတ်ဘုရားက ယန်စွမ်းအားကို ထိန်းချုပ်နိုင်ပြီး ညဘက်တွင် နိုင့်ဟယ်တံတားကိုစောင့်သည့် နတ်ဘုရားက ယင်စွမ်းအားကို ထိန်းချုပ်နိုင်သည်။
နိုင့်ဟယ်တံတား၏ ညစောင့်နတ်ဘုရား လက်ထဲတွင် ခက်ရင်းခွချွန်လက်နက်ကို ကိုင်ဆောင်ထားပြီး အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားလေသည်။
သူက ယင်စွမ်းအားများနှင့်ပြည့်ဝနေသည့် ခက်ရင်းခွချွန်လက်နက်ကို လေထဲတွင် တစ်ချက်ဝှေ့ယမ်းလိုက်သည်။ ထို့နောက်… သူက သုံးခွချွန်လက်နက်ဖြင့် ကြာပန်းနှလုံးသားကို ထိုးစိုက်ချလိုက်သည်။
မိုးမြေတုန်လှုပ်စေသည့် တန်ခိုးစွမ်းအားပေါက်ကွဲမှုကြီးဖြစ်ပေါ်လာပြီး ဝိညာဉ်မြစ်တစ်လျှောက်နှင့် နိုင့်ဟယ်တံတား ကိုတန်ခိုးစွမ်းအားလှိုင်းလုံးများ လွင့်စင်ရိုက်ခတ်သွားလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ပြိုကျတော့မည့်အလား ထင်မှတ်ရလေ၏။
သို့သော်… ကြာပန်းနှလုံးသားကတော့ မည်သည့်ထိခိုက်မှုမှ မရှိဘဲ မြစ်ရေထဲတွင် ငြိမ်သက်စွာ စီးမျောနေလေ သည်။
နိုင့်ဟယ်တံတားထက်မှ မြူခိုးများ တဖြည်းဖြည်း လွင့်ပြယ်သွားပြီး အဝေးတစ်နေရာတွင် လမ်းမကြီးတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်မှာပင် ကြာပန်းနှလုံးသားမှ အလင်းတန်းများ ဖြာလင်းတောက်ပလာလေသည်။
နိုင့်ဟယ်တံတား၏ နေ့စောင့်နတ်ဘုရားနှင့် ညစောင့်နတ်ဘုရားတို့က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေသည်။ ထို့နောက်… သူတို့ (၂)ယောက် နတ်ဘုရားတစ်ပါးတည်း အဖြစ်ပေါင်းစပ်သွားလေသည်။
ထိုနတ်ဘုရားသည် ဆန်းလျန် ဖြစ်လေ၏။
သို့သော်… ညာဘက်မျက်လုံးက နေရောင်ကဲ့သို့ ထွန်းလင်းနေပြီး ဘယ်ဘက်မျက်လုံးကတော့ လရောင်အလား တောက်ပနေလေသည်။
သူ့လက်ထဲမှ ခက်ရင်းခွချွန်လက်နက်သည် လေးညှို့တစ်ခုအဖြစ်ပြောင်းလဲသွားပြီး ဆန်းလျန်က လေးညှို့ကိုတင်လိုက်သည်နှင့် လေးကြိုးထက်တွက် မြားတစ်စင်း ထွက်ပေါ်လာသည်။
မြားက ချွန်ထက်နေပြီး ယင်စွမ်းအားနှင့်ယင်စွမ်းအားပေါင်းစပ်ထားသည့် မြားတစ်စင်းဖြစ်လေရာ စွမ်းအားက နက်နဲလွန်းသည်။
ဆန်းလျန်က မြားကိုပစ်လွှတ်လိုက်သည့်အခါ ချွန်ထက်သည့်မြားတံက ကြာပန်းနှလုံသားအတွင်းသို့ စိုက်ဝင်သွား သည်။
ထိုအခါ ကြာပန်းနှလုံးသားက ကြာပန်းတစ်ပွင့်အလား ပွင့်အာလာပြီး ပန်းပွင့်ထဲတွင် လှပသည့် မိန်းမပျိုတစ်ယောက်၏မျက်နှာ ထွက်ပေါ်လာသည်။ သူမက ဆန်းလျန်ကို သနားစဖွယ်တောင်းပန်သည့် အကြည့်များဖြင့်ကြည့်နေပြီး မျက်ဝန်းထက်မှ မျက်ရည်များ စီးကျနေလေသည်။
ထိုသို့သောမြင်ကွင်းမျိုးကိုတွေ့မြင်ရသူ မည်သူမဆို သနားစိတ်ဝင်မိမည်မှာ အသေအချာပင်။
သို့သော်… ဆန်းလျန်ကတော့ တစ်စက်ကလေးမှ သနားစိတ်မဖြစ်မိဘဲ နောက်ထပ်မြားချက်တစ်ချက်ဖြင့် မိန်းမပျို၏ မျက်နှာကို ပစ်ချလိုက်လေသည်။ မြားချက်က မိန်းမပျို၏ မျက်နှာတည့်တည့်ကိုထိမှန်သွားပြီး စူးရှသည့်အော်သံ တစ်ချက် ထွက်ပေါ်လာသည်။
ထို့နောက်… ကြာပန်းနှလုံးသားအတွင်းမှ နက်ပြာရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး လေထဲတွင် ပျံ့နှံ့ပျောက်ကွယ်သွားသည်။
ထိုအချန်မှာပင်… လေထဲတွင် သတိလစ်မေ့မျောနေသည့် စုနီပေါ်လာပြီး နိုင့်ဟယ်တံတားထက်သို့ ပြုတ်ကျလာလေ သည်။
ဆန်းလျန်က သူမကိုပွေ့ချီလိုက်ပြီး ခြေတစ်ချက်စောင့်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားပြီး အဝေးဆီမှ လမ်းမကြီးဆီသို့ ရောက်ရှိသွားလေသည်။
ထိုလမ်းမကြီးသည် မည်သည့်နေရာသို့ ဦးတည်နေသည်ကို မသိနိုင်ပေ။
ဆန်းလျန်က စိတ်အာရုံတစ်ချက်စူးစိုက်လိုက်ပြီး လမ်းမကြီးအကြောင်းသိရှိနိုင်ရန် ကြိုးစားလိုက်စဉ်မှာပင်…
ရုတ်တရက်… ဆန်းလျန်မျက်ဝန်းများ ဗလာကျင်းသွားပြီး တစ်ကိုယ်လုံးအေးခဲတောင့်တင်းသွားလေသည်။
ထို့နောက်… သူ့ရှေ့တွင် မရေမတွက်နိုင်သည့် စက်သွားဘီးများပေါ်လာပြီး အဆက်မပြတ်လည်ပတ်နေလေသည်။
စက်သွားဘီးများကြားတွင် ဆန်းလျန်ကို ကျောပေးထားသည့် မိန်းကလေးတစ်ယောက်ပေါ်လာလေသည်။ အနောက်မှကြည့်ရသည့်တိုင် မိန်းမပျို၏ ကျောပြင်လေးက လှပလွန်းလှသည်။
သူမက မျက်နှာလေးကို အနည်းငယ်စောင်းကာ ဆန်းလျန်ရှိရာအနောက်ဘက်သို့ စောင်းငဲ့ကြည့်လာလေသည်။ ထို့ကြောင့် သူမ၏ မျက်နှာကို ဘေးတစောင်းအနေအထား မပီမပြင် တွေ့မြင်ရသည်။
သူမက အလွန်သာယာသည့်လေသံလေးဖြင့်…
"အခုရောက်ရှိနေတာ စက်သွားဘီးပြည်နယ်ပါ ၊ သိပ်မကြာခင်မှာပဲ ကျွန်မတို့ တွေ့ဆုံကြဖို့ စောင့်နေပါ့မယ်…"
သူမစကားဆုံးသွားသည်နှင့် ဆန်းလျန်၏ မျက်စိရှေ့မှ စက်သွားဘီးများအားလုံး ပြိုကျကုန်ပြီး စက်သွားပြည်နယ်တစ်ခုလုံး ပျောက်ကွယ်သွားလေသည်။
ထို့နောက်… လမ်းမကြီးထက် မိုးများ သည်းထန်စွာ ရွာသွန်းလာတော့သည်။
……..
ဘုရင့်နေပြည်တော်ရှိ လက်ဖက်ရည်ဆိုင်လေးထဲတွင်တော့ လက်ဖက်ရည်အိုးထဲမှ လက်ဖက်ရည်များပင် ခပ်နွေးနွေး ရှိနေသေးသည်။
ရုတ်တရက်….
မိုးများရွာနေသည့်လမ်းမထက်တွင် မတ်တတ်ရပ်နေသည့် စုနီလဲကျသွားလေသည်။ ရွှင်ယောင်းက လဲကျသွားသည့် စုနီကိုပြေးပွေ့ကာ လက်ဖက်ရည်ဆိုင်ထဲသို့ ခေါ်လာပြီး အသာပွေ့ထားလိုက်သည်။
ထိုအချိန်မှာပင်… မှေးမှိတ်ထားသည့် ဆန်းလျန်၏မျက်ဝန်းများ တဖြည်းဖြည်းပွင့်လာသည်။ ဆန်းလျန်က သူ့စိတ်ကို ထိန်းချုပ်နိုင်ရန် အချိန်ခဏလောက် ကြိုးစားလိုက်ရသည်။
ထျန်းတိကျန်းက…
"ဆန်းအစ်ကိုကြီး… ဘာတွေဖြစ်သွားတာလဲ…"
ဆန်းလျန်က ဖုံးကွယ်မထားဘဲ တွေ့ကြုံခဲ့ရသမျှကို ပြောပြလိုက်သည်။
ထျန်းတိကျန်းက ဗဟုသုတများစွာကြွယ်ဝသူဖြစ်လေရာ သူ့ထံတွင် ထူးခြားသည့် ထင်မြင်ချက်များ ရှိနိုင်လေသည်။
ထျန်းတိကျန်းက အတန်ကြာစဉ်းစားနေပြီးမှ မရေမရာလေသံဖြင့်…
"ကျွန်တော်ထင်တာမမှားဘူးဆိုရင် ဆန်းအစ်ကိုကြီးတွေ့ခဲ့တဲ့သူက စက်သွားဘီးနတ်မိမယ်များလား မသိဘူး ၊ ဒါဆို အဲဒီလမ်းမကြီးက ကံကြမ္မလမ်းဖြစ်မယ်ထင်တယ်…"
ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…
"ကျုပ်လည်း အဲဒီလိုခံစားမိတယ် ၊ စက်သွားဘီးလည်ပတ်ပြီဆိုရင် ဘယ်လိုတန်ခိုးစွမ်းအားမျိုးကမှ တားဆီးနိုင်မှာ မဟုတ်ဘူး…"
ထျန်းတိကျန်းက…
"ဟိုးအရင်တုန်းကတော့ ကံကြမ္မာလမ်းစဉ်ကို ကျင့်ကြံကြတဲ့ ကျင့်ကြံသူတွေ ရှိခဲ့ကြတာပဲ ၊ အဆင့်မြင့်နတ်ဘုရား တွေတောင် ဖြစ်ခဲ့ကြတာပဲလေ ၊ ကံကြမ္မာလမ်းစဉ်ကျင့်ကြံသူတွေက ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်နိုင်ကြ တယ် ၊ မိုးနတ်မင်းလို စွမ်းအားမျိုးကို ပိုင်ဆိုင်ကြတယ် ၊ သူတို့တွေက ဘေးအန္တရယ်ဆိုးတွေနဲ့ အစစ်ဆေးခံရခြင်း တွေကိုလည်း ရှောင်ရှားနိုင်ကြတယ် ၊ သူတို့တွေက ထူးဆန်းတာတော့အမှန်ပဲ ၊ ကျွန်တော်သိသလောက် အားလော်ဟယ် လျှောက်လှမ်းခဲ့တဲ့လမ်းစဉ်ကလည်း ကံကြမ္မာလမ်းစဉ်ပဲ…"
ဆန်းလျန်က…
"အားလော်ဟယ် ဟုတ်လား… အဲဒါ ဖန်ဆင်းရှင်ကို ပြောတာမဟုတ်လား…"
ထျန်းတိကျန်းက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…
"ကျွန်တော် ကျန့်ယွမ်ကျီနတ်မင်းကြီးနဲ့ တွေ့ခွင့်ရတုန်းက သူက အားလော်ဟယ်အကြောင်း ပြောပြဖူးတယ် ၊ သူပြောတာ တန်ခိုးစွမ်းအားခြင်း ယှဉ်မယ်ဆိုရင် သူက အားလော်ဟယ်ထက် သာတယ်တဲ့ ၊ ဒါပေမဲ့ အားလော်ဟယ်က ကံကြမ္မာလမ်းစဉ်ကို ရွေးခြယ်ခဲ့တဲ့သူဖြစ်လို့ သူ့ထက်ပိုပြီး လျှို့ဝှက်နက်နဲသူတစ်ယောက် ဖြစ်တယ်တဲ့…"
ဆန်းလျန်က…
"ကျုပ်တွေ့လိုက်တဲ့ မိန်းကလေးကတော့ အားလော်ဟယ်မဖြစ်နိုင်ဘူး ၊ ပြီးတော့ သူ့ဆီမှာ မိုးကောင်းကင် နတ်မိစ္ဆာ တစ်ပါးရဲ့ အငွေ့အသက်တွေရနေတယ် ၊ ဒါပေမဲ့ စစ်မှန်တဲ့ ကျင့်စဉ်လမ်းရဲ့ ဇာစ်မြစ်ကိုလည်း တွေ့မြင်ရတယ်…"
ထျန်းတိကျန်းက…
"အဲဒါ နည်းနည်းထူးဆန်းတယ် ၊ ဒါပေမဲ့ ပြဿနာအရင်းအမြစ်ကတော့ စုနီပဲ ၊ ဂိုဏ်းချုပ်ကတော့ ဒီကိစ္စတွေကို သိမယ်ထင်တယ် ၊ ဆန်းအစ်ကိုကြီးအတွက် ကျွန်တော်ဂိုဏ်းချုပ်ကို သွားမေးပေးမယ်လေ…"
ထျန်းတိကျန်းသည် ဆန်းလျန်ကို ကူညီရမည်ဆိုလျှင် အမြဲတမ်း တက်တက်ကြွကြွ ရှိနေတတ်သည်။
သူက စကားဆုံးသွားသည်နှင့် ချက်ချင်းပင်ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားပြီး အရှေ့ပင်လယ်မှ ရှင်သန်စေခြင်းကျောင်းတော်သို့ ရောက်ရှိသွားလေတော့သည်။
ရှင်သန်စေခြင်းကျောင်းတော်သည် အရှေ့ပင်လယ်ထဲမှ ကျွန်းတစ်ကျွန်းပေါ်ရှိ တောင်တစ်တောင်ထက်တွင် တည်ရှိလေသည်။ ထိုတောင်တွင် အဓိက တောင်ထွတ်ကြီး (၅)ခုရှိပြီး အမြင့်ဆုံးတောင်ထွတ်အောက်တွင် မြစ်တစ်စင်း စီးဆင်းနေလေသည်။ သို့သော်… မြစ်ရေက မှောင်မှိုင်းညစ်နွမ်းလျှက် ရှိလေ၏။
ထျန်းတိကျန်းက အမြင့်ဆုံး တောင်ထွတ်သို့ ရောက်ရှိလာလေသည်။
ထိုနေရာတွင် … လှပသည့် ပန်းမန်များ ပွင့်လန်းနေပြီး ရှုမျှော်ခင်းက သာယာလွန်းသည်။
တာအိုဆရာတစ်ယောက်က စီတန်းပေါက်ရောက်နေသည့် မိုးမခပင်များကို ရေကရားတစ်လုံးဖြင့် ရေလောင်း နေလေသည်။
ထျန်းတိကျန်းရောက်ရှိလာသည်နှင့် ထိုတာအိုဆရာက အနောက်သို့လှည့်ကာ ထျန်းတိကျန်းကို ကြည့်လိုက်သည်။
တာအိုဆရာမှာ အသက် (၁၆)နှစ်ခန့်သာ ရှိသေးပြီး မျက်ခုံးနှစ်ခုကြားတွင် အနီရောင်ပြဒါးသင်္ကေတက လင်းလက်နေလေသည်။ မျက်ဝန်းများက ဆောင်းတွင်းချိန်ခါ ကန်ရေပြင်အလား ကြည်လင်ငြိမ်သက်လျှက်ရှိသည်။
တာအိုဆရာလူငယ်က…
"ကြေးမုံမှန်ဘိုးဘိုး ၊ ဘယ်လိုဖြစ်လို့ တောင်ပေါ်ကို ပြန်လာတာလဲ…"
ထျန်းတိကျန်းက…
"ဂိုဏ်းချုပ်ကို မေးစရာကိစ္စလေးတစ်ခု ရှိလို့ပါ…"
တာအိုဆရာလူငယ်က…
"မေးပါ…"
ထျန်းတိကျန်းက…
"စုနီပေါ့… သူရထားတဲ့ တန်ခိုးစွမ်းအားတွေရဲ့ ဇာစ်မြစ်က ဘာလဲ…"
ထိုအမေးစကားကိုကြားသည်နှင့် လူငယ်တာအိုဆရာက ခဏမျှ ငြိမ်သက်သွားသည်။
"ကြေးမုံမှန်ဘိုးဘိုး ဒီလိုမေးရတာ… စုနီ ဘာများဖြစ်လို့လဲ…"
ထျန်းတိကျန်းက အဖြစ်အပျက်များအားလုံးကို တာအိုဆရာလူငယ်ကို ပြောပြလိုက်သည်။
တာအိုဆရာလူငယ်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ဒါဖြင့် အဲဒီနတ်ဘုရားက တကယ်တန်ခိုးစွမ်းအားမြင့်မားတာပဲ ၊ စုနီရဲ့ကိစ္စကို ကျုပ်ရဲ့ဆရာတောင် မဖြေရှင်းနိုင်လို့ ဒီအတိုင်းထားလိုက်ရတာ ၊ သူကတော့ လွယ်လွယ်နဲ့ ဖြေရှင်းပေးလိုက်နိုင်တယ်…"
ထိုစကားကိုပြောပြီးသည်နှင့် တာအိုဆရာလူငယ်၏မျက်နှာက တည်ကြည်လေးနက်သွားလေသည်။
ထို့နောက် သူက မျက်မှောင်တစ်ချက်ကြုံ့လိုက်ပြီး ခဏကြာသည့်အခါ မျက်မှောင်ကြုံ့ထားသည်က ပြန်လည် ပြေလျော့သွားပြန်လေသည်။
***