ကောင်းကင်ဘုံမှာပိုင်ယွိကျင်း လူ့လောကမှာဆန်းချင်းရှ
Vol. 8 Ch. 788
ထျန်းတိကျန်းက တာအိုဆရာလူငယ်၏ မျက်နှာအမူအရာ အပြောင်းအလဲများဖြစ်သွားသည်ကို တစ်ချက် အကဲခတ်လိုက်ရင်း မေးခွန်းထုတ်လိုက်သည်။
"ဘာများဖြစ်လို့လဲ…ဂိုဏ်းချုပ်…"
ထျန်းတိကျန်း၏ အမေးကိုကြားသည့်အခါ တာအိုဆရာလူငယ်က တစ်ချက်ပြုံးလိုက်လေသည်။
ထို့နောက် ရှေးဟောင်း မိုးမခပင်အိုကြီးတစ်ပင်၏ ပင်စည်အလယ်ကို လက်နှစ်ချေင်းဖြင့် အသာထိုးညွှန်လိုက်ရာ ပင်စည်အလယ်တွင် တံခါးတစ်ခုပွင့်လာလေသည်။
တာအိုဆရာလူငယ်က ထျန်းတိကျန်းကိုခေါ်ကာ တံခါးအတွင်းသို့ ဝင်လိုက်သည်။
မိုးမခပင်စည်အိုကြီးအတွင်းတွင် မှောင်မိုက်နေခြင်းမရှိပေ။ မှောင်မိုက်ခြင်းမရှိသည့်အပြင် လင်းထိန်တောက်ပ နေလေသည်။ သို့သော်… အလင်းရောင်က မည်သည့်နေရာမှ ထွက်ပေါ်နေခြင်း မသိရပေ။
မိုမခပင်စည်အတွင်းတွင် တာအိုတန်ခိုးစွမ်းအားများနှင့် ပြည့်ဝနေသည်။ ထို့ကြောင့် အထဲသို့ ဝင်လိုက်သည်နှင့် ထျန်းတိကျန်းမှာ သက်သောင့်သက်သာခံစားလိုက်ရပြီး စိတ်များလည်း ကြည်ကြည်လင်လင်ဖြစ်လာလေသည်။
ရှင်သန်စေခြင်းကျောင်းတော်တွင် ဤကဲ့သို့ လျှို့ဝှက်ဆန်းကျယ်သည့် နေရာတစ်ခု ရှိနေသည့်အတွက် ထျန်းတိကျန်း အလွန်အံ့အားသင့်သွားခဲ့ရသည်။ ထို့ပြင် မိုးမခပင်အတွင်းမှ တာအိုတန်ခိုးစွမ်းအားများသည် ဂျင်ဆင်းဆေးမြစ်စားရခြင်းလောက် မကောင်းသည့်တိုင် အလွန်အဖိုးတန်သည့် တန်ခိုးစွမ်းအားများ ဖြစ်သည်ကို ထျန်းတိကျန်း ခန့်မှန်းမိလေသည်။
တာအိုဆရာလူငယ်နှင့် ထျန်းတိကျန်းတို့သည် အပေါ် ၊ အောက် ၊ ဘယ် ၊ ညာ အချိုးအကွေ့များစွာ လမ်းလျှောက်လာကြလေသည်။ တစ်နေရာအရောက်တွင်တော့ သူတို့သည် မိုးနှင့်မြေမှ ကင်းလွတ်သွားသည့် နေရာတစ်ခုကို ရောက်ရှိသွားသည့်အလား ခံစားလိုက်ကြရသည်။
သူတို့ရှေ့ရှိ ဗလာနယ်ထဲတွင် ကျောက်စာတစ်ချပ် ပျံသန်းနေပြီး ကျောက်စာ ဘေးတွင် ဆပ်ပြာပူဖောင်းများကဲ့သို့ ကြည်လင်သည့် ပူပေါင်းလေးများ များစွာ ပျံသန်းနေကြသည်။
ကျောက်စာချပ်က အထီးကျန်စွာ လွတ်လပ်စွာ ပျံသန်းနေပြီး ထိုကျောက်စာပေါ်တွင် စာကြောင်း (၂)ကြောင်း ရေးသားထားလေသည်။ စာကြောင်း (၂)ကြောင်းကို ရှေးဟောင်းလက်ရေးများဖြင့် ရေးသားထားခြင်း ဖြစ်ပြီး ပျံသန်းနေသည့် နဂါး (၂)ကောင်အလား ထင်မှတ်ရသည်။
ထျန်းတိကျန်းက ဗဟုသုတပြည့်ဝသူတစ်ယောက် ဖြစ်လေရာ ထိုစာကြောင်းများထဲတွင် မဟာတာအိုလမ်းစဉ်၏ အငွေ့အသက်များ ပါဝင်နေသည်ကို ချက်ချင်း သတိပြုလိုက်မိလေသည်။
ကျောက်ပြားထက်တွင်ရေးသားထားသည့် စာကြောင်း (၂)ကြောင်းမှာ…
"ကောင်းကင်ဘုံမှာ ပိုင်ယွိကျင်း ၊ လူ့လောကမှာ ဆန်းချင်းရှ…"
ဟူ၍ ဖြစ်လေ၏။
စကားလုံးများက ကာရံညီသည့်တိုင် ထိုစာကြောင်းကို တွေ့မြင်လိုက်သည်နှင့် ဝမ်းနည်းသလို ခံစားလိုက်ကြရလေ သည်။
တာအိုဆရာလူငယ်က ပြုံးလိုက်ရင်း…
"ကြေးမုံမှန်ဘိုးဘိုး ၊ ဒီနေရာက ဘယ်နေရာလဲ သိလား…"
ထျန်းတိကျန်းကအတန်ကြာတိတ်ဆိတ်နေပြီးမှ…
"မသိဘူး…"
တာအိုဆရာလူငယ်က တိုးတိတ်သည့်လေသံဖြင့်…
"အဲဒီနေရာက ကျွန်တော်တို့ ရှင်သန်စေခြင်းကျောင်းတော်ရဲ့ ကျမ်းစာတွေထားတဲ့ ခန်းမဆောင်ပဲ…"
ထျန်းတိကျန်းက အံ့သြသွားပြီး…
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ ကျမ်းစာတွေထားတဲ့ ခန်းမဆောင်ကို ကျုပ်လည်း ရောက်ဖူးတာပဲ ၊ ဒီနေရာကို တစ်ခါမှ မတွေ့ဖူးဘူး ၊ လျို့ဝှက်တံခါးတွေ ဘာတွေလည်း မရှိပါဘူး…"
တာအိုဆရာလူငယ်က နူးညံ့စွာပြုံးလိုက်ရင်း…
"ဒီနေရာက တကယ်ပဲ ကျမ်းစာတွေထားတဲ့ ခန်းမဆောင်ပါပဲ ၊ ဒါပေမဲ့ ကျွန်တော်တို့ ဂိုဏ်းက ကျမ်းစာတွေ ထားတဲ့ခန်းမဆောင်နဲ့ အချိန်လည်းမတူသလို နေရာလည်း မတူဘူး ၊ အခု ကျွန်တော်တို့ တွေ့မြင်နေရတာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ရှင်သန်စေခြင်းကျောင်းတော်ရဲ့ အဆင့်အမြင့်ဆုံး ကျမ်းစာတွေထားတဲ့ ခန်းမဆောင်ပါပဲ…"
ထျန်းတိကျန်းက…
"အဲဒါ ဘာအဓိပ္ပါယ်လဲ…"
တာအိုဆရာလူငယ်က…
"တိတိကျကျပြောရရင် ဒီ ကျမ်းစာတွေထားတဲ့ ခန်းမဆောင်ဟာ အချိန်စီးဆင်းမှုထဲက ဖယ်ထုတ်ဖြတ်တောက်ခံ လိုက်ရတာ ကြာပါပြီ ၊ မထင်မှတ်ဘဲ ကျွန်တော့်ရဲ့ ဆရာက ဒီနေရာကို ရှာတွေ့သွားခဲ့တယ် ၊ ဟိုမှာ ပူဖောင်းလေးတွေကို တွေ့ရတယ်မဟုတ်လား ၊ အဲဒီ ပူပေါင်းလေးတွေက အချိန်စီးဆင်းမှုထဲက ဖြတ်တောက်ခံလိုက်ရတဲ့ ကျမ်းစာခန်းမဆောင်ထဲက ကျမ်းစာတိုင်းကိုကိုယ်စားပြုတယ် ၊ စုစုပေါင်း အဓိကကျင့်စဉ် (၁၀၈)မျိုးနဲ့ အခြား တန်ခိုးစွမ်းအားကျင့်စဉ်တွေ အများကြီးရှိတယ် ၊ သိပ်ကို ထင်ရှားပြီး နာမည်ကျော်တဲ့ ကျမ်းစာတွေပါပဲ ၊ ကျွန်တော်တို့ ရှင်သန်စေခြင်းကျောင်းတော်က အဲဒီကျမ်းစာတွေကို အမွေဆက်ခံထားခဲ့တာ ပေါ့…"
ထျန်းတိကျန်းက…
"ကျုပ်နားလည်ပါပြီ ၊ တကယ်တော့ ရှင်သန်စေခြင်းကျောင်းတော်ဆိုတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်း ကျော်က နတ်ဘုရားကျောင်းတော်ကြီးတစ်ခုရဲ့ တာအိုကျင့်စဉ်တွေကို အမွေဆက်ခံထားခဲ့တယ်ဆိုတာ ကျုပ်လည်း သိပါတယ် ၊ ကျုပ်ကိုယ်တိုင်ကလည်း အဲဒီနတ်ဘုရားကျောင်းတော်ကြီးက ကျန်ရစ်ခဲ့တဲ့ မှော်ဝင်ရတနာတစ်ပါးပဲ မဟုတ်လား ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းကျော်က လောကကြီးတစ်ခုလုံး ကြီးမားတဲ့ အဖြစ်အပျက်ကြီးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ် ၊ ဒါပေမဲ့ အဲဒီအကြောင်းတွေက ကျုပ်ရဲ့ ကြေးမုံပြင်မှာတောင် ပုံရိပ်တစ်ခုတစ်လေ ထင်ကျန် မနေခဲ့ဘူး ၊ ဒါပေမဲ့ ချင်းယန်ကျောင်းတော်မှာတော့ မှတ်တမ်းတွေ ကျန်ဦးမယ်ထင်တယ် ၊ အင်း… ဒီနေရာကတော့ ကျုပ်တို့ရဲ့ တာအိုအမွေအနှစ်တွေ ဘယ်လောက် ကြွယ်ဝခဲ့သလဲဆိုတာ ဖော်ပြနိုင်တဲ့ နေရာ တစ်ခုပါပဲ…"
တာအိုဆရာလူငယ်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း...
"အမှန်ပဲ... ၊ အဲဒီကျမ်းစာတွေက ကျွန်တော်တို့ ရှင်သန်စေခြင်းကျောင်းတော်ရဲ့ အရင်းအမြစ်ပါပဲ... ၊ ဆရာက အချိန်အကြာကြီးနေမှ ဒီနေရာကို ရှာတွေ့ခဲ့တာ ၊ ကြည့်ရတာ အရင်က ဒီနေရာမှာ လူတစ်ယောက် နေထိုင်ခဲ့ပုံရတယ် ၊ အဲဒီကျောက်စာပေါ်မှာ ရေးထိုးထားတဲ့စာက အဲဒီလူ ရေးသွားခဲ့တာ ဖြစ်နိုင်တယ်…"
ထျန်းတိကျန်းက....
"ကောင်းကင်ဘုံမှာ ပိုင်ယွိကျင်း ၊ လူ့လောကမှဆန်းချင်းရှ… အဲဒါ ဘာအဓိပ္ပါယ်လဲ..."
လူငယ်တာအိုဆရာက သက်ပြင်းချလိုက်ရင်း...
"ကောင်းကင်ဘုံမှာ ပိုင်ယွိကျင်းဆိုတဲ့ စာသားက တကယ်တော့ ရှေးဟောင်း ကဗျာတစ်ပုဒ်က စာသားပါ ၊ ပိုင်ယွိကျင်းဆိုတာ ကောင်းကင်ဘုံက နေရာတစ်ခုပဲ ၊ အဲဒီနေရာမှာ ရှိနေတဲ့ တာအိုကျင့်စဉ်တွေ ၊ တန်ခိုးစွမ်းအားကျင့်စဉ်တွေက သာမန်လူတွေကိုတောင် နတ်ဘုရားတစ်ပါးဖြစ်လာဖို့ လမ်းညွှန်ပေးနိုင်တယ်လို့ အဆိုရှိတယ်လေ ၊ လူ့လောကမှာ ဆန်းချင်းရှဆိုတဲ့ အဓိပ္ပါယ်ကတော့ ဆန်းချင်းရှဟာ ပိုင်ယွိကျင်းနဲ့ အဆင့်အတန်း တူညီတယ်လို့ ပြသလိုက်တာပဲ ၊ ကြည့်ရတာ ဆန်းချင်းရှက နတ်ဘုရားတစ်ပါး ဖြစ်ပုံရတယ် ၊ ဒီကျောက်စာကို ရေးခဲ့တဲ့သူအပေါ်မှာလည်း အတော်လေးလွှမ်းမိုးမှုရှိပုံရတယ် ၊ ဒါမှမဟုတ် ကျွန်တော်တို့ မသိနိုင်တဲ့ တခြားအကြောင်းတွေလည်း ရှိနိုင်သေးတာပဲလေ…"
ထျန်းတိကျန်းက....
"ဒါဖြင့်.... အဲဒီကျောက်စာက စုနီနဲ့ ဘယ်လိုပတ်သက်တာလဲ..."
လူငယ်တာအိုဆရာက....
"ဆရာက ဒီနေရာကို ရှာတွေ့ခဲ့တဲ့အချိန်မှာ အဲဒီကျောက်စာနဲ့အတူ ကြာပန်းနှလုံးသားတစ်ခုကိုလည်း ရှာတွေ့ခဲ့တယ် ၊ ကြေးမုံမှန်ဘိုးဘိုးလည်း သိမှာပါ၊ ဒဏ္ဍာရီထဲက ပွင့်ချပ်ကိုးခုပါတဲ့ ကြာပန်းအကြောင်းလေ ၊ အဲဒီကြာပန်းက နတ်ဘုရားတွေအတွက်တော့ ရတနာတစ်ပါးပဲ ၊ ကျွန်တော့်အထင် ပြောရရင် ဆရာက ကြာပန်းနှလုံးသားကို အဲဒီလို ရတနာပစ္စည်းထင်လို့ ယူလာခဲ့တာ ၊ ဒါပေမဲ့ အဲဒီကြာပန်းနှလုံးသားက မှော်ဝင်ရတနာပစ္စည်းတစ်ခုထက် မကဘူး စွမ်းအားကြီးမားလွန်းတယ် ၊ ပြီးတော့ ဘယ်နေရာမှာမှလည်း အမြစ်မတွယ်ခဲ့ဘူး…"
"နောက်တော့ ကျောင်းတော်ကို စုနီရောက်လာခဲ့တယ် ၊ စုနီက ကျင့်စဉ်လမ်းကို စပြီး လျှောက်လှမ်းကတည်းက ကြာပန်းနှလုံးသားနဲ့ ရင်းနှီးတယ်လို့ ခံစားရတယ် ၊ နောက်ဆုံးကြာပန်းနှလုံးသားက သူနဲ့တစ်သားတည်း ပေါင်းစပ် သွားပြီး သူ့ကို နတ်ဘုရားတစ်ပါးလို တန်ခိုးစွမ်းအားတွေ ရရှိစေတယ် ၊ ဒါပေမဲ့ ကြာပန်းနှလုံးသားက သူ့ဆီမှာ အမြစ်တွယ်သွားခဲ့တယ် ၊ သူက နတ်ဘုရားတစ်ပါးလို ခြေတစ်လှမ်းလှမ်းရုံနဲ့ မိုးပေါ်ပျံတက်သွားနိုင်ပေမယ့် တကယ်တမ်းမှာ အဲဒါက သူ့ရဲ့တန်ခိုးစွမ်းအားမဟုတ်ဘူး ၊ ကြာပန်းနှလုံးသားရဲ့ တန်ခိုးစွမ်းအားတွေကြောင့် အဲဒီလို ဖြစ်နေရတာ ၊ ကြေးမုံမှန်ဘိုးဘိုးလည်း သိတာပဲလေ ၊ သူ ဒီလောက် နှစ်တွေအကြာကြီး ကျင့်ကြံခဲ့တာတောင် သူ့မှာ ဘာတန်ခိုးစွမ်းအားမှ မရှိဘူး ၊ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က သာမန်အဆင့်ပဲရှိတယ် ၊ အဲဒီလိုဖြစ်ရတာ သူ မကြိုးစားလို့မဟုတ်ဘူး ၊ ကြာပန်းနှလုံးစားက သူ့ရဲ့ ကျင့်စဉ်လမ်းကို တားဆီးထားတာ..."
"ဆရာက သူ့ကိုယ်ထဲက ကြာပန်းနှလုံးသားကို ဖယ်ထုတ်ပြီး သူ့ရဲ့ မူလ တန်ခိုးစွမ်းအားတွေကို ပေါ်လွင်စေချင်းပေမယ့် ဘယ်လိုပဲ ကြိုးစားကြိုစား မအောင်မြင်ခဲ့ဘူး ၊ ကျွန်တော်လည်း ဂိုဏ်းချုပ်ဖြစ်လာတော့ သူ့ အခြေအနေကို စောင့်ကြည့်နေတာ ၊ တောင်အောက်ကို ရောက်ရင် သူ့အတွက် အခွင့်အလမ်းတစ်ခုတစ်လေများ ရမလားလို့ ကျွန်တော်က ကြေးမုံမှန်ဘိုးဘိုးနဲ့အတူ တောင်အောက်ကို သွားခွင့်ပြုလိုက်တာ ၊ အခုလို အခွင့်အရေးမျိုးကြုံရမယ်လို့ မထင်မိဘူး...."
ထျန်းတိကျန်းက...
"အင်း... ဒါလည်း သူ့ရဲ့ကံတရားပဲပေါ့... ၊ ဂိုဏ်းချုပ်ပြောမှ တစ်ခုသတိရသွားတယ် ၊ အဲဒီဆရာကြီးနာမည်က ဆန်းလျန်တဲ့ ၊ သူက ဆန်းမျိုးနွယ်ပဲ ၊ ဒီကျောက်စာထဲက ဆန်းချင်းရှနဲ့များ တစ်ခုခု ပတ်သက်နေမလားပဲ ၊ ဒါမှမဟုတ် ဆန်းအစ်ကိုကြီးနဲ့ ဆန်းချင်းရှဟာ တစ်ယောက်တည်းများလား..."
ထျန်းတိကျန်းစကားဆုံးသည်နှင့် တာအိုဆရာလူငယ်၏ ခန္ဓာကိုယ်မှာ တစ်ချက်တောင့်တင်းသွားလေသည်။
ထို့နောက် ချောင်းများဆိုးလာကာ သွေးများအန်ချလိုက်ပြီး မျက်နှာမှာလည်း ဖြူဖပ်ဖြူလျော် ဖြစ်သွားလေသည်။
သူက ချက်ချင်းပင် အနီရောင်ဆေးလုံတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်သည်။ အတန်ကြာသည့်အခါတွင်တော့ အနည်းငယ်သက်သာသွားဟန် ရှိလေသည်။
"တယ်တော်တဲ့ငါပါလား…"
တာအိုဆရာလူငယ်က တစ်ချက်ရေရွတ်လိုက်ပြီး တန်ခိုးစွမ်းအားများကို ခန္ဓာကိုယ်တွင် တစ်ချက်လှည့်ပတ်ကြည့် လိုက်လေသည်။
ဒဏ်ရာမပြင်းထန်သည်မှာ သေချာတော့မှ တာအိုဆရာလူငယ်က စကားပြောလိုက်သည်။
"ခရမ်းရောင်အဏုမြူပညာကို အသုံးပြုပြီး တွက်ချက်ကြည့်လိုက်တာ ၊ အဲဒီသူက တကယ်အစွမ်းထက်တဲ့သူပဲ ၊ ကျွန်တော် နှစ်ပေါင်းတစ်ရာ ကျင့်ကြံထားတဲ့ တန်ခိုးစွမ်းအားတွေ ပျက်စီးသွားရပြီ ၊ ဒါပေမဲ့ သဲလွန်စ တစ်ခုကိုတော့ သိလိုက်ရတယ် ၊ အင်း… ကြေးမုံမှန်ဘိုးဘိုးပြောတဲ့ ဆန်းလျန်ဆိုတဲ့သူက ဆန်းချင်းရှ မဖြစ်နိုင်ဘူး… ၊ ဒါပေမဲ့…."
ထျန်းတိကျန်းက...
"ဒါပေမဲ့ ဘာဖြစ်လဲ..."
တာအိုဆရာလူငယ်က…
"ဘာမှ မဖြစ်ပါဘူး ၊ ကျွန်တော့် တွက်ချက်မှုက မှန်ချင်မှလည်း မှန်မှာပါ ၊ ကဲပါလေ… ကြေးမုံမှန်ဘိုးဘိုး ပြောစရာ ကိစ္စမရှိတော့ဘူးဆိုရင် ဘုရင့်နေပြည့်တော်ကို ပြန်ပြီး သေစေခြင်းကျောင်းတော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို လုပ်ဆောင်ပေးပါဦး ၊ ကျွန်တော်တို့ တိုက်ခိုက်သင့်ရင်လည်း တိုက်ခိုက်ကြတာပေါ့...."
ထျန်းတိကျန်းက ဒဏ်ရာအနည်းငယ်ရပြီး ဖြူဖပ်ဖြူလျော်ဖြစ်နေသည့် တာအိုဆရာလူငယ်ကို တစ်ချက်ကြည့်လိုက်သည်။
သူက စိတ်ပူပန်စွာဖြင့်….
"ဂိုဏ်းချုပ် ဒဏ်ရာရထားတာပဲ ၊ ကျုပ် ဂိုဏ်းချုပ်ကိုကာကွယ်ဖို့ တောင်ပေါ်မှာပဲ နေလိုက်မယ်လေ ၊ ဂိုဏ်းချုပ် ဒဏ်ရာ သက်သာမှပဲ ပြန်သွားတော့မယ်…"
တာအိုဆရာလူငယ်က…
"ရပါတယ် ၊ ကျွန်တော်က တောင်ပေါ်မှာနေတာပဲ ၊ ဘာအန္တရယ်မှ မရှိနိုင်ပါဘူး…"
တာအိုဆရာလူငယ်က တွင်တွင်ငြင်းဆန်နေသည့်အတွက် ထျန်းတိကျန်းလည်း မည်သို့မှ မတတ်သာတော့ဘဲ ဘုရင့်နေပြည်တော်သို့ ပြန်လာခဲ့ရလေသည်။
ထျန်းတိကျန်းထွက်ခွာသွားတော့မှ တာအိုဆရာလူငယ်က ကြမ်းပြင်ထက်တွင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ဒဏ်ရာကို ကုသလိုက်သည်။
ထျန်းတိကျန်းကို ပြောရန်ဟန်ပြင်ပြီးမှ မပြောလိုက်ရသည့်စကားမှာ ခရမ်းရောင်အဏုမြူပညာဖြင့်ကြည့်လိုက်သည့် အခါ သူ၏အမြင်အာရုံထဲတွင်တွေ့မြင်လိုက်ရသည့်မြင်ကွင်း ဖြစ်လေသည်။ သူ၏အမြင်အာရုံထဲတွင် ဆန်းလျန်ဆို သူက ရှင်သန်စေခြင်းကျောင်းတော်တစ်ခုလုံးကို မိုးနှင့်မြေမှ ပျောက်ကွယ်သွားအောင် ဖျက်စီးပစ်လိုက်သည်ကို တွေ့မြင်လိုက်ရလေသည်။
သူမြင်လိုက်ရသည့်မြင်ကွင်းသည် ခဏလေးမျှသာဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားလေ သည်။ ထို့ကြောင့် သူတွေ့မြင်လိုက်ရသည့်သူမှာ ထျန်းတိကျန်းပြောသည့် ဆန်းလျန်ဆိုသူ ဟုတ်မဟုတ် သိပ်ပြီး မသေချာလှပေ။
သို့မဟုတ် သူတွက်ချက်ကြည့်လိုက်သည့် ခရမ်းရောင်အဏုမြူပညာ မှားယွင်းသွားခြင်းလည်း ဖြစ်နိုင်လေသည်။
အမှန်တော့… ခရမ်းရောင်အဏုမြူပညာဖြင့် သူတွက်ချက်ကြည့်လေတိုင်း မှန်သည်ကများလေသည်။ မှားယွင်းသည်ဆိုသည်က မရှိသလောက်ပင်။
သို့သော်… ထျန်းတိကျန်း၏ပြောပုံအရဆိုလျှင် ဆန်းလျန်ဆိုသူ၏အဆင့်သည် မိုးကောင်းကင်နတ်ဘုရားတစ်ပါး ထက်ပင်ကျော်လွန်နေပြီ ဖြစ်လေသည်။ ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားတစ်ပါးပင် ဖြစ်နိုင်လေ၏။
ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားများကို ခရမ်းရောင်အဏုမြူပညာဖြင့် ခန့်မှန်းတွက်ချက်ကြည့်ခြင်းက မှားနိုင်ခြေရာခိုင်နှုန်း ပိုများလေသည်။ ထိုသို့သော နတ်ဘုရားများမှာ ခန့်မှန်းရခက်လှပြီး ခန့်မှန်းကြည့်လိုက်မိသည့် သူကိုယ်တိုင်ပင်လျှင် ဒဏ်ရာရသွားခဲ့သည် မဟုတ်ပါလား။
***