အပူတပြင်းတိုက်ပွဲ
Vol. 8 Ch. 789
ထျန်းတိကျန်းက ဘုရင့်နေပြည့်တော်သို့ပြန်သွားပြီး ရှင်သန်စေခြင်းကျောင်းတော်၏ ဂိုဏ်းချုပ်ပြောပြသမျှ အကြောင်းများကို ဆန်းလျန်ကို ပြန်ပြောပြလိုက်သည်။
အမှန်တော့ သူပြန်ပြောမပြလည်း ဆန်းလျန်က သူ၏စိတ်ကိုဖတ်ပြီးထားပြီဖြစ်သည့်အတွက် သိပြီးသား ဖြစ်လေသည်။ သို့သော်… ထျန်းတိကျန်းက သူ့အပေါ် ကွယ်ဝှက်ထားခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောပြသည့် အတွက်ကျေနပ်သွားမိသည်။
ကြာပန်းနှလုံးသား မရှိတော့သည့်အတွက် စုနီမှာတော့ နတ်ဘုရားတစ်ပါးကဲ့သို့ တန်ခိုးစွမ်းအားများ မရှိတော့ပေ။ သို့သော်… သူမ၏ ပင်ကိုယ်အစွမ်းအစများ ပြန်လည်ပေါ်ထွက်လာခဲ့လေသည်။ သူမ၏ ပင်ကိုယ်အစွမ်းအစ များမှာလည်း နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်နိုင်ရန် ပါရမီအပြည့်ရှိနေသည်ကို အံ့သြဖွယ်ရာ တွေ့လိုက်ရသည်။ ထိုသို့ ဖြစ်လိမ့်မည်ဟု သူမကိုယ်တိုင်ပင် ထင်မထားမိပေ။
ထို့ကြောင့် ဆန်းလျန်ကို ကျေးဇူးတင်ရမည်လား ၊ ဒေါသထွက်ရမည်လား မဝေခွဲတတ် ဖြစ်နေတော့သည်။ ဆန်းလျန်က သူမအပေါ် ကောင်းခဲ့သည်လား ၊ ဆိုးခဲ့သည်လား မသေချာပေ။ သို့သော်… သူမအပေါ်တွင် သိပ်တော့စေတနာထားသူတစ်ယောက်မဟုတ်ဟု သူမက တွေးထားလေသည်။
စုနီမည်သို့တွေးပါစေ ဆန်းလျန်က အရေးမစိုက်ပေ။ ဆန်းလျန်သည် အခြားသူများ သူ့အပေါ် မည်သို့ ထင်မြင်သည်ကို အစကတည်းက အရေးစိုက်တတ်သူမှ မဟုတ်ပေပဲ။
သေစေခြင်းကျောင်းတော်မှ ကျန်ရှိခဲ့သည့် ကျင့်စဉ်များ ရှာဖွေခြင်းနှင့် ရွှီချင်းဟွမ်နောက်သို့လိုက်သည့် ကိစ္စများကို ရွှင်ယောင်းက လုပ်ဆောင်ရမည်ဖြစ်လေသည်။ ဆန်းလျန်ကလည်း သူ့ကို တတ်နိုင်သမျှ ထောက်ပံ့ကူညီပေးလေ သည်။
ရွှင်ယောင်း ထိုအလုပ်များ မလုပ်ခင် ဆန်းလျန်က သူ့တွင်ကျန်ရှိသည့် နောက်ဆုံး နတ်မက်မွန်သီးကို ရွှင်ယောင်း အတွက်အသုံးပြုလိုက်သည်။ ဆန်းလျန်က နတ်မက်မွန်သီးကို အရက်ဖြင့်ရောကာ ရွှင်ယောင်းကိုတိုက်လိုက်လေ သည်။
ရွှင်ယောင်းမှာ ဟိုင်သန်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။
သူ့အနေဖြင့် ပုရွှီးအဆင့်နှင့် ဖော့ဝမ်းအဆင့်ကိုရောက်ရှိရန် အရိုးကျေကျေ အရည်ခမ်းခမ်း ကြိုးစားရဦးမည် ဖြစ်သည်။
သို့သော်… ဆန်းလျန်တိုက်သည့် နတ်မက်မွန်သီးအရက်ကို သောက်လိုက်ပြီးသည်နှင့် ရွှင်ယောင်းမှာ ညတွင်းချင်းပင် ဖော့ဝမ့်အဆင့်သို့ ရောက်ရှိသွားလေသည်။
ထို့ပြင် ဖော့ဝမ့်အဆင့်ကိုကျော်ဖြတ်ကာ နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်နိုင်ရန်မှာလည်း ခြေတစ်လှမ်းသာ လိုတော့သည်။
ထိုမျှ မြန်ဆန်လှစွာ ကျင့်စဉ်လမ်းအဆင့်တက်သွားခြင်းမှာ မိုးမြေကို တုန်လှုပ်စေမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်… ဆန်းလျန် ကူညီပေးခဲ့သည့်အတွက် ရွှင်ယောင်းမှာ အခက်အခဲများကို သိပ်ပြီး မခံစားလိုက်ရပေ။
ထို့ပြင် သူ၏ကိုယ်ထဲမှ တန်ခိုးစွမ်းအားများမှာလည်း သန့်စင်သွားပြီး ပျက်စီးယိုယွင်းနေမှုများပင်လျှင် ပြန်လည် ကောင်းမွန်လာခဲ့လေသည်။
ယခုတော့ ဆန်းလျန်သည်လည်း မေနန့်စန်း၏ အိမ်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
သို့သော်… ဆန်းလျန်က ပုံပြောဆရာအဘိုးအိုအဖြစ် ပုံစံပြန်ပြောင်းထားပြီဖြစ်သည့်အတွက် မေနန့်စန်းက သူ့ကို မှတ်မိခြင်း မရှိပေ။ ပုံပြောဆရာအဘိုးအိုမှာ ပိုင်ကျားမြို့မှ ဆန်းလျန်ဖြစ်သည်ကိုသာ မေနန့်စန်းသိရှိသွားပါက သေချာပေါက်အံ့သြသွားမည်မှာ အမှန်ပင်ဖြစ်သည်။
ထို့ပြင် မေနန့်စန်းက ပုံပြောစရာအဘိုးအိုကို နတ်ဘုရားတစ်ပါးဟုလည်း သိရှိထားခြင်း မရှိပေ။ သို့သော်… ပုံပြောဆရာသည် အင်မတန်မှ တန်ခိုးစွမ်းအားမြင့်မားသည်ကိုတော့ သူ ရိပ်မိထားလေသည်။ ထို့ကြောင့် သူက ပုံပြောဆရာကို အလွန်ပင် လေးလေးစားစား ဆက်ဆံလေ၏။
အချိန် (၅)ရက် ကြာပြီးသည့်နောက်တွင်တော့…
တန်ခိုးစွမ်းအားများ အလျှင်အမြန်တိုးတက်လာသည့် ရွှင်ယောင်းမှာ အနည်းငယ် တည်ငြိမ်စပြုလာပြီ ဖြစ်လေသည်။
ဆန်းလျန်၏ အကူအညီမပါဘဲ ကျင့်ကြံမည်ဆိုလျှင် ယခုကဲ့သို့ တန်ခိုးစွမ်းအားများကို နှစ်ပေါင်း(၅၀)ကျင့်ကြံ လျှင်ပင် ရရှိရန် ခဲယဉ်းမည်ဖြစ်သည်။ သို့သော်… ယခုတော့ ဆန်းလျန်က (၅)ရက်အတွင်း ရရှိအောင် ကူညီပေးခဲ့လေသည်။
အရာအားလုံးမှာ သူတော်လွန်းသောကြောင့် မဟုတ်ဘဲ ဆန်းလျန်၏ ကျေးဇူးကြောင့်သာ ဖြစ်လေသည်။
စုနီကလည်း ဆန်းလျန်ကို ပြဿနာရှာခဲ့ခြင်း မရှိပေ။ သူမ အမှန်ကို ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ မဟုတ်ပါက သူမသည်လည်း ကုချန်စန်းကဲ့သို့ သေချာပေါက် အပြစ်ပေးခံရမည် ဖြစ်လေသည်။ ကြာပန်းနှလုံးသားကို သူမဆီမှ ခွဲထုတ်ပေးခဲ့သည့်အတွက် သူမအနေဖြင့် ဆန်းလျန်ကိုပင် ကျေးဇူးတင်သင့်သေးသည် မဟုတ်လား။
…………
ယနေ့တွင်တော့…
ရွှီချင်းဟွမ်ကို အကျဉ်းထောင်မှ ထုတ်လာမည့်နေ့ဖြစ်လေသည်။
သူ့ကို မြို့တော်အနောက်တံခါးမှ ထုတ်ပြီး ခေါင်းဖြတ်ကွက်မြက်ရန် ဘုရင်မကြီးက အမိန့်ချမှတ်ထားလေသည်။ သို့သော်… ရွှီချင်းဟွမ်ကတော့ ကွက်မျက်ခံရတော့မည်ကို မသိသေးပေ။
ဘုရင်မကြီးကလည်း အမိန့်ကို လျှို့ဝှက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး သူမ၏ အမိန့်ကို နန်းတော် (၃)ခုနှင့် နတ်ဘုရားကျောင်းတော်ကြီး (၄)ခုမှ လူများသာလျှင် သိရှိကြလေသည်။
ဘုရင်မကြီး၏ အကြံအစည်က ရှင်းလေသည်။ သူမက ရွှီချင်းဟွမ်ကို ငါးစာအဖြစ် အသုံချလိုခြင်း ဖြစ်သည်။ ငါးစာကို ဝိုင်းလုကြသည့် ငါးများ အချင်းချင်း သတ်ဖြတ်ကြသည်ကို သူမက ပျော်ပျော်ကြီး ထိုင်ကြည့်မည် ဖြစ်လေသည်။
ရွှီချင်းဟွမ်ဆိုသည့် ငါးစာရှိနေသရွေ့ သေစေခြင်းကျောင်းတော်မှ ကျင့်စဉ်များကို လိုချင်သူများက သူ့ထံသို့ ရောက်လာကြမည် ဖြစ်လေသည်။
မေနန့်စန်းကတော့ ဘုရင်မကြီး၏ အကြံအစည်များကို အများကြီး ရိပ်မိခြင်း မရှိပေ။ သို့သော်… သူကလည်း သေစေခြင်းကျောင်းတော်မှ ကျင့်စဉ်များကို ရယူနိုင်ရန် အခွင့်အရေးကို စောင့်နေသူဖြစ်လေရာ ယခု သူစောင့်နေသည့် အခွင့်အရေးရရှိလာပြီ ဖြစ်သည့်အတွက် လက်လွှတ်မခံချင်ဘဲ စိတ်အားထက်သန်နေမိသည်။
ရွှင်ယောင်းကလည်း သူ့ကို ကူညီပေးရန် သဘောတူထားသည် မဟုတ်ပါလား။
ရွှီချင်းဟွမ် မြင်းလှည်းတစ်စီးထက်တွင် ရှိနေလေသည်။ မြင်းလှည်းမှာ အလွန်မှ သက်သောင့်သက်သာရှိပြီး ဇိမ်ကျလှသည်။
နန်းတွင်းသူလေး (၂)ယောက်ကလည်း သူ့ဘေးတစ်ဖက်တစ်ချက်တွင်ထိုင်ကာ သူ့ကို ပြုစုနေလေသည်။
နန်းတွင်းသူလေးများက ချောမောလှပသူလေးများဖြစ်ကြလေသည်။ သို့သော်… ရွှီချင်းဟွမ်မှာ မိန်းကလေးဆန်စွာ အလွန်တရာချောမောလှပသူ ဖြစ်လေရာ မိန်းကလေး အတော်များများမှာ သူနှင့်ယှဉ်လိုက်လျှင် မှေးမှိန်သွားကြရသည်ပဲ ဖြစ်လေသည်။
ထို့ကြောင့် နန်းတွင်းသူလေး (၂)ယောက်မှာ လှပကြသည်ဆိုစေကာမူ ရွှီချင်းဟွမ်၏ အလှတရားအောက်တွင် မှေးမှိန်သွားကြရလေသည်။
ရွှီချင်းဟွမ်၏ မျက်ဝန်းလေးများမှာ ရေကဲ့သို့ စိမ်းလဲ့ကြည်လင်လျှက်ရှိလေသည်။ မျက်ခုံးလေးများကလည်း မိုးမခ အကိုင်းအခက်လေးများပမာ လှပလွန်းလှသည်။ ရေကဲ့သို့ ကြည်လင်သည့်မျက်ဝန်းလေးများနှင့် မိုးမခကိုင်းပမာ မျက်ခုံးလေးများ ပေါင်းစပ်လိုက်သည့်အခါ လောကတွင် ပြိုင်ဘက်မရှိသည့် အလှတရားတစ်ခု ဖြစ်တည်လာတော့ သည်။
သူ့ဘေးနားမှ နန်းတွင်းသူလေးများမှာ သူ့ကိုငေးမကြည့်ဘဲ မနေကြပေ။
နန်းတွင်းသူလေးတစ်ယောက်က ရွှီချင်းဟွမ်၏ ပခုံးကို အသာဖက်လိုက်ပြီး နမ်းတော့မည့်အလား ရွှီချင်းဟွမ်၏ နှုတ်ခမ်းများအနားသို့ တိုးကပ်လာလေသည်။
သူမက အချစ်များဖြင့်ပြည့်နေသည့် မျက်ဝန်းဖြင့် ရွှီချင်းဟွမ်ကို ကြည့်လိုက်လေသည်။
ရွှီချင်းဟွမ်ကတော့ ထိုနန်းတွင်းသူကို စိတ်မဝင်စားပေ။ သူ့နှလုံးသားက ဆောင်းရာသီတွင်နှင်းပွင့်များထက်ပင် အေးစက်လွန်းလေရာ ထိုသို့သော သာမန်နန်းတွင်းသူတစ်ယောက်ကို အဘယ်မှာ စိတ်ဝင်စားပါမည်နည်း။
သို့သော်… ရွှီချင်းဟွမ်က တစ်ချက်ပြုံးလိုက်ရင်း မေးခွန်းထုတ်လိုက်လေသည်။
"ဘုရင်မကြီးကိုတွေ့ရဖို့ ဘယ်လောက်ကြာကြာသွားရဦးမှာလဲ…"
အခြားနန်းတွင်းသူလေးတစ်ယောက်က ရွှီချင်းဟွမ်၏ လက်များကို အသာဆုပ်ကိုင်လိုက်ရင်း…
"အကြာကြီးသွားရဦးမှာ ၊ ရှင် ကျွန်မတို့ကို တစ်ခုခု မလုပ်တော့ဘူးလား…"
ရွှီချင်းဟွမ်က မပြုံးချင်ပြုံးချင်ဖြင့် တစ်ချက်ပြုံးလိုက်ရင်း…
"တကယ်ဆို ကျုပ်က အပြစ်သားတစ်ယောက်ပါ ၊ ဒါပေမဲ့ ကျုပ်ကို ခေါ်ထုတ်လာတော့ အာဏာသားတွေက နူးညံ့ပြီး မွှေးပျံ့တဲ့ ကျောက်စိမ်းနံ့သာကို ပေးလိုက်တယ် ၊ အဲဒီလောက် သဘောကောင်းကြမယ်လို့တောင် မထင်ထားဘူး… ၊ မဟုတ်မှလွဲ…."
နန်းတွင်းသူလေးတစ်ယောက်က…
"မဟုတ်မှလွဲ ဘာဖြစ်လဲဟင်…."
ထိုအချိန်မှာပင် အပြင်ဘက်ဆီမှ ရေစီးဆင်းသံများကြားလိုက်ရလေသည်။
ဖြည်းဖြည်းမှန်မှန်သွားနေသည့် မြင်းလှည်းက စမ်းချောင်းတစ်ခုကို ဖြတ်သန်းဆောက်လုပ်ထားသည့် ကျောက်ဖြူတံတားတစ်စင်းပေါ်သို့ ဖြတ်သန်းသွားသောကြောင့် ဖြစ်လေသည်။
ရွှီချင်းဟွမ်က နန်းတွင်းသူလေး၏ အမေးကို ပြန်ဖြေလိုက်လေသည်။ သူ၏ အသံက ကျောက်ဖြူတံတားအောက်မှ စီးဆင်းနေသည့် စမ်းချောင်းသံထက်ပင် ပို၍သာယာသေးသည်။
"မဟုတ်မှလွဲရော ကျုပ်ကို သေမိန့်ချတော့မလို့ထင်တယ် ၊ ဘုရင့်နေပြည်တော်မှာ သေမိန့်ကျခံရတဲ့ အပြစ်သား တွေကို အာဏာပိုင်တွေက နောက်ဆုံးအကြိမ်အဖြစ် ကောင်းကောင်းဆက်ဆံတယ်မဟုတ်လား…"
နန်းတွင်းသူလေးတစ်ယောက်က…
"ရှင်က တကယ်ဉာဏ်ကောင်းတာပဲ ၊ ကျွန်မတို့အားလုံး ဘယ်သူမှ မင်းမိန့်ကို မလွန်ဆန်နိုင်ကြပါဘူး ၊ ဒါပေမဲ့ ရှင့်လိုလူတစ်ယောက်ကိုသာ ပိုင်ဆိုင်ရမယ်ဆိုရင် မင်းမိန့်ကိုဆန့်ကျင်ရလည်း တန်ပါတယ်လေ…"
သူမပြောသည်မှာ အမှန်တရားဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် နန်းတွင်းသူများဆိုသည်က နန်းတော်ထဲတွင် တာဝန်ထမ်းဆောင်ရင်း မိန်းကလေး ၊ ယောကျ်ားလေးများနှင့် ပတ်သက်ရခြင်းမရှိဘဲ ပျော်ရွှင်မှု ပျောက်ဆုံးနေကြရသူများ ဖြစ်သည်။
ထို့ပြင် ရွှီချင်းဟွမ်ကဲ့သို့ အလွန်တရာချောမောလှပလွန်းလေသူ ယောကျ်ားပျိုတစ်ယောက်နှင့် တွေ့ဆုံရန်မှာလည်း မဖြစ်နိုင်လောက်အောင် ခက်ခဲသည့်ကိစ္စဖြစ်လေ၏။
ရွှီချင်းဟွမ်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ကံဆိုးတာက မင်းတို့တွေ နောက်ဘဝမှပဲ ကျုပ်နဲ့ ဆုံနိုင်ကြတော့မယ်…"
စကားဆုံးသွားသည်နှင့် ရွှီချင်းဟွမ်၏ ခန္ဓာကိုယ်က မယုံကြည်နိုင်စရာကောင်းလောက်သည့်အရှိန်ဖြင့် တစ်ပတ်လည်သွားလေသည်။
ထိုအချိန်မှာပင်…
ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှီချင်းဟွမ်စီးနင်းလာသည့် မြင်းလှည်းကို တိုက်ခိုက်လိုက်လေရာ မြင်းလှည်းမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားလေ၏။
မြင်းများမှာ မြေပြင်ထက်တွင် လဲကျကုန်ကြပြီး သွေးများ အိုင်ထွန်းနေလေသည်။
မြင်းလှည်းအတွင်းတွင်တော့ သွေးများစွန်းထင်းနေသည့် နန်းတွင်းသူ မိန်းကလေး (၂)ယောက်၏ အလယ်တွင် ရွှီချင်းဟွမ် ရှိနေလေသည်။
ရွှီချင်းဟွမ် ဒဏ်ရာအနည်းငယ်ရထားသည့်တိုင် သာမန် ပွန်းရုံ ပဲ့ရုံ ဒဏ်ရာမျှသာဖြစ်ပြီး သိပ်ပြီး မပြင်းထန်လှပေ။
ထိုအချိန်မှာပင်…
ရွှီချင်းဟွမ်၏ဘေးမှ နန်းတွင်းသူလေး (၂)ယောက်၏ နွေးထွေးသော ခန္ဓာကိုယ်လေးများမှာ တစ်ချက်တုန်ခါသွားလေသည်။ ရွှီချင်းဟွမ်က စိတ်သက်သာရာရသွားသည့်အနေဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
သူက နန်းတွင်းသူ မိန်းကလေး (၂)ယောက်ထံမှ အသက်ဓာတ်စွမ်းအားများကို စုပ်ယူလိုက်ခြင်း ဖြစ်လေသည်။ အကျဉ်းထောင်ထဲတွင်ရှိစဉ်က သူ့ကို တန်ခိုးစွမ်းအားများ ဖျက်စီးထားကြသဖြင့် သူ့တွင် တန်ခိုးစွမ်းအားများ သိပ်မရှိတော့ပေ။
ယခုတော့ တန်ခိုးစွမ်းအားများ အတန်အသင့်ပြန်လည်ရရှိလာသည့်အတွက် နန်းတွင်းသူလေး (၂)ယောက်ကို ကျေးဇူးတင်ရမည် ဖြစ်သည်။
နန်းတွင်းသူလေး (၂)ယောက်ကတော့ သူတို့ဘ၀ ထိုသို့ အဆုံးသတ်ကြရလိမ့်မည်ဟု တွေးထင်ထားခဲ့ကြမည် မဟုတ်ပေ။
ရွှီချင်းဟွမ်မှာတော့ ကြာကြာစဉ်းစားနေရ အချိန်မရှိပေ။ စဉ်းစားရန်ကို မပြောပါနှင့်။ သက်ပြင်းချရန်ပင် အချိန်မရှိပေ။ သူက အချိန်တိုအတွင်းမှာပင် အမှန်ကန်ဆုံးအလုပ်တစ်ခုကို လုပ်လိုက်ခြင်းသာ ဖြစ်လေသည်။
ထိုအချိန်မှာပင်…
ရွှေရောင်အလင်းတန်းများက တစ်ခုပြီးတစ်ခု သူ့ကို ဝင်ရောက်တိုက်ခိုက်ကြလေရာ ရွှီချင်းဟွမ်မှာ မြေပြင်ထက်တွင် ကိုယ်ကိုလှိမ့်ပြီး အသဲအသန် ရှောင်တိမ်းနေရတော့သည်။
နောက်ဆုံးတွင်တော့ ရွှီချင်းဟွမ်က စမ်းချောင်းလေးနံဘေးမှ ကျောက်တုံးတစ်တုံးနောက်တွင် အသာမှီပြီး ထိုင်လိုက်ရင်း သူ့ရှေ့တွင် စီးဆင်းနေသည့် စမ်းရေများကိုကြည့်ကာ တစ်ချက်ပြုံးလိုက်လေသည်။
"ရွှမ်နွီနန်းတော်က ရွှေဆံထိုးအလင်းတန်း တန်ခိုးစွမ်းအားက တကယ်ကြောက်စရာ ကောင်းတာပဲ ၊ အခု ကျုပ်ကို တိုက်ခိုက်တာ ဘယ်သူများလဲ သိပါရစေ…"
သူ၏ အမေးစကားဆုံးသွားသည်နှင့် စမ်းချောင်းအတွင်းမှ စမ်းရေများ ဝုန်းကနဲ ပေါက်ကွဲထွက်သွားပြီး မိန်းကလေးတစ်ယောက် ထွက်ပေါ်လာလေသည်။
"ကျီးယင်…"
ဟယ်စူးရင်း၏ ဆရာဒေါ်လေးဖြစ်ပြီး သူမ၏ ဂိုဏ်းတူအစ်မအတွက် ကျီးစစ်ကျွင်းကို ကောင်းကောင်း ပညာပေးခဲ့လေသူ ရွှမ်နွီနန်းတော်မှ အဆင့်မြင့် ကျင့်ကြံသူ "ကျီးယင်" ပင် ဖြစ်လေသည်။
ရွှီချင်းဟွမ်က…
"ဘယ်သူများလဲလို့ ၊ ရွှမ်နွီနန်းတော်က ကျီးယင်မိန်းကလေးကိုး ၊ နာမည် ကြားဖူးနေတာတော့ကြာပါပြီ ၊ ရွှမ်နွီနန်းတော်မှာ တန်ခိုးစွမ်းအား မြင့်မားတဲ့ကျင့်ကြံသူမိန်းမပျိုတွေ အများကြီးထဲမှာ ကျီးယင်မိန်းကလေးက ထိပ်တန်းအဆင့်လို့ ပြောကြတယ် ၊ ဒါပေမဲ့ ကျီးယင်မိန်းကလေးရဲ့ ဂိုဏ်းတူအစ်မကလည်း တော်တော် တော်တယ်လို့ ပြောတယ်နော် ၊ အခု သူရော ပါမလာဘူးလား…"
ကျီးယင်က…
"မင်းတစ်ယောက်လောက်ကတော့ ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ် ၊ ငါ့ရဲ့ဂိုဏ်းတူအစ်မကို ခေါ်လာဖို့ မလိုဘူး…"
ရွှီချင်းဟွမ်က အေးဆေးသည့်လေသံဖြင့်…
"ကျီးယင်မိန်းကလေးက ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးလွန်းနေပြီ…"
ရုတ်တရက်… ကျီးယင်၏ တစ်ကိုယ်လုံး ထုံကြဉ်သွားသလို ခံစားလိုက်ရသည်။
မြေပြင်ထက်တွင်သေဆုံးနေကြသည့် မြင်းများ၏ သွေးများ စုစည်းသွားပြီး သွေးလက်ကြီးတစ်ခု ဖြစ်တည်လာကာ ကျီးယင်၏ ခြေထောက်များကို ဖမ်းဆွဲချုပ်ထားလိုက်သောကြောင့် ဖြစ်လေသည်။
ကျီးယင်က အေးစက်သည့်လေသံဖြင့်…
"မိစ္ဆာပညာလေး ဒီလောက်တတ်တာနဲ့ ငါ့ကို လာခြိမ်းခြောက်နေသေးတယ်…"
ထို့နောက် ကျီးယင်၏ ခြေထောက်များမှ မီးတောက်များထွက်ပေါ်လာပြီး ထူးဆန်းသည့် သွေးလက်ကြီးမှာ အရည်ပျော်ကာ လွင့်စင်ပျောက်ကွယ်သွားရလေသည်။
ကျီးယင်အသုံးပြုလိုက်သည့် တန်ခိုးစွမ်းအားမှာ နဝမမှော်မီးတောက်တန်ခိုးစွမ်းအား ဖြစ်လေသည်။ ရွှမ်နွီနန်းတော်တွင် နဝမမှော်မီးတောက်တန်ခိုးစွမ်းအားကို ကျင့်ကြံအောင်မြင်သူ (၅)ယောက်သာရှိလေသည်။
သို့သော်… ကျင့်ကြံအောင်မြင်ခဲ့သူ (၄)ယောက်မှာ နတ်ဘုရားများအဖြစ် အဆင့်တက်ရောက်ပြီးမှ ထိုကျင့်စဉ်ကို အောင်မြင်ခဲ့ကြသူများ ဖြစ်သော်လည်း ကျီးယင်ကတော့ နတ်ဘုရားတစ်ပါးမဖြစ်ခင်အချိန်တွင် နဝမမှော်မီးတောက်ကို ကျင့်ကြံအောင်မြင်ခဲ့ သည့်တစ်ဦးတည်းသော ကျင့်ကြံသူ ဖြစ်လေသည်။
ထို့ကြောင့် သူမကို အလွန်ထူးခြားသည်ဟို ဆိုနိုင်လေ၏။
သို့သော်… ရွှီချင်းဟွမ်ကတော့ သူမကို ကြောက်ရွံ့ခြင်း လုံး၀ မရှိပေ။
သေစေခြင်းကျောင်းတော်တစ်ခုလုံးကို သတ်ဖြတ်ခဲ့ပြီးသည့်နောက် သူက ခံစားချက်ကင်းမဲ့သည့်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် သူ့တွင် အကြောက်တရား လုံး၀ မရှိတော့ပေ။
သူက ကျီးယင်၏ မီးတောက်များထဲမှ ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခုကို ခံစားလိုက်ရလေသည်။
ထိုစွမ်းအားမှာ အလွန်မှ အံ့သြဖွယ်ရာ ဖြစ်လေ၏။
သူက သေစေခြင်းကျောင်းတော်မှ လူများကိုတစ်ယောက်မကျန် အကုန်သတ်ဖြတ်ပစ်ခဲ့စဉ်ကကဲ့သို့ ကျီးယင်ကို လည်း သတ်ဖြတ်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်နေလေသည်။
သေစေခြင်းကျောင်းတော်တစ်ခုလုံးကိုသတ်ဖြတ်ခဲ့စဉ်က သေစေခြင်းကျောင်းတော်မှ ဆရာသခင်များမှာ ကျီးယင်ထက် တန်ခိုးစွမ်းအားမြင့်မားသူများ ဖြစ်ကြလေသည်။
သို့သော်… သေစေခြင်းကျောင်းတော်ကို တိုက်ခိုက်စဉ်က သူ၏တန်ခိုးစွမ်းအားများက ယခုထက်ပိုပြီး မြင့်မားလေသည်။ ယခု သူက တန်ခိုးစွမ်းအားများ ဖျက်စီးခံထားရသည့်အတွက် တန်ခိုးစွမ်းအားများ လျော့နည်း နေချိန်ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ… အားနည်းချက်နှင့် အားသာချက်များကတော့ ရှိစမြဲပင် ဖြစ်သည်။
လက်ရှိအချိန်တွင် ရွှီချင်းဟွမ်၏တန်ခိုးစွမ်းအားများ နည်းပါးနေသော်လည်း သူ၏ဝိညာဉ်စွမ်းအားများက ရေစင်ကဲ့သို့ ကြည်လင်နေပြီး ကျီးယင်၏ တိုက်ခိုက်မှုတိုင်းကို ရောင်ပြန်ဟပ်ကာ မြင်တွေ့နေရလေသည်။
ကျီးယင်က သူ့ကို မည်မျှမြင့်မားသည့် တန်ခိုးစွမ်းအားများနှင့် တိုက်ခိုက်နေပါစေ မည်သို့ ပြန်လည်ခုခံရမည်ကို ရွှီချင်းဟွမ် ရှင်းရှင်းလင်းလင်း သိမြင်နေလေသည်။
အမှားတစ်စုံတရာမရှိသည့် စစ်မှန်တိကျသည့် ကျင့်ကြံသူတစ်ယောက်အလား သူ့နှလုံးသားက ကြည်လင်လျှက် ရှိလေသည်။
လောလောဆယ်အချိန်တွင် ဆန်းလျန်သည် ဘုရင့်နေပြည်တော်တွင် ရှိမနေပေ။
သို့သော်… ရွှီချင်းဟွမ်နှင့် ကျီးယင်တို့၏ တိုက်ပွဲကို သူ၏ မျက်ဝန်းများထဲတွင် တွေ့မြင်နေရလေသည်။
သူက ရွှီချင်းဟွမ်ကို အနည်းငယ် စိတ်ဝင်စားနေမိသည်။
ဆန်းလျန်၏ "သောက်ပြီးရင်ပြန်မလာနဲ့တော့" စားသောက်ဆိုင်သို့ ရွှီချင်းဟွမ် တစ်ခေါက် ရောက်လာခဲ့ ဖူးလေသည်။ ထိုစဉ်က သူ၏ တန်ခိုးစွမ်းအားများက ယခုလောက်မြင့်မားခြင်း မရှိသေးပေ။
ယခု အဘယ့်ကြောင့် တန်ခိုးစွမ်းအားများ ရုတ်တရက် မြင့်တက်သွားရပါသနည်း။
ထို့ကြောင့် ဆန်းလျန်သည် ရွှီချင်းဟွမ်ကို အာရုံစိုက်နေမိခြင်း ဖြစ်လေသည်။
***