ပျံသန်းသွားသည့်တည်းခိုဆောင်
Vol. 31 Ch. 430
အခန်း (၄၃၀) ပျံသန်းသွားသည့်တည်းခိုဆောင်
ရန်ကျောက်ကဲက ကောင်းဖန်ကို ကြည့်ရင်း...
“နှင်းကြိုးကြာဂိုဏ်းက လွန်ခဲ့တဲ့ (၁၀)နှစ်က တည်ထောင်ခဲ့တာဆိုတာ့... လက်ရှိ နှင်းကြိုးကြာဂိုဏ်းချုပ်က ဂိုဏ်းတည်ထောင်သူလား ၊ အဲဒီလူအကြောင်း မင်းတို့ ဘယ်လောက်သိလဲ ၊ သူ့ရဲ့ ပုံတူပန်းချီလေးဘာလေးရော မရှိဘူးလား”
ကောင်းဖန်က ခေါင်းခါယမ်းရင်း...
“သူ့ ပုံတူပန်းချီတွေတော့ ပျံ့နှံ့နေတာပါပဲ ၊ ဒါပေမဲ့ ငါတို့လက်ထဲမှာတော့ မရှိဘူး ၊ သူက မိန်းကလေးတစ်ယောက်ပါ ၊ ဒါပေမဲ့ သူ့အမျိုးသားကတော့ မိစ္ဆာသွေးကျင့်ကြံသူတစ်ယောက်ဖြစ်ပေမယ့် သူ့ထက်စွမ်းအားနည်းပါးတယ်”
စာပေသမားက...
“ငါကြားဖူးတာတော့... အဲဒီမိန်းကလေးက အရင်တုန်းက ထိပ်တန်းအဆင့်ပညာရှင်တစ်ယောက်ဆီမှာ အစေခံလုပ်ဖူးတယ်တဲ့ ၊ အဲဒီထိပ်တန်းအဆင့်ပညာရှင်က သူ့ကို ပညာသင်ပေးခဲ့တယ်လို့ ပြောတာပဲ ၊ အဲဒီပုဂ္ဂိုလ်က အရမ်းလျှို့ဝှက်ဆန်းကျယ်ပေမယ့် ဒီကမ္ဘာမှာ နောက်ထပ်တစ်ခါမှထွက်ပေါ် မလာတော့ဘူး ၊ ပြီးတော့ နှင်းကြိုးကြာဂိုဏ်းချုပ်ကလည်း အဲဒီထိပ်တန်းအဆင့်ပညာရှင်ဆီမှာ အချိန်အတိုင်းအတာတစ်ခုအထိပဲ ပညာသင်ယူခဲ့တာပါ ၊ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက အတော်လေး ခိုင်မာခဲ့တယ်”
သူက ဆက်ပြောသည်။
“နှင်းကြိုးကြာဂိုဏ်းချုပ်က ဒီအကြောင်းကို မပြောဆိုကြဖို့ တားမြစ်ထားပေမယ့် သူကိုယ်တိုင်က အဲဒီကိစ္စနဲ့ပတ်သက်ပြီး အတော်လေး ဂုဏ်ယူဝင့်ကြွားတဲ့ပုံပါပဲ ၊ အဲဒါကြောင့် သူ့နောက်ကွယ်က ထိပ်တန်းအဆင့်ပညာရှင်နဲ့ပတ်သက်ပြီး လူတိုင်းက သိချင်ကြတယ် ၊ ဒါတောင်မှ အဲဒီပုဂ္ဂိုလ်အကြောင်း နည်းနည်းပါးပါးပဲ သိခဲ့ကြရတယ်”
ရန်ကျောက်ကဲက မျက်လုံးများကို မှေးစင်းရင်း...
“အဲဒီ ထိပ်တန်းအဆင့်ပညာရှင်က ယောကျ်ားလေးလား မိန်းကလေးလား”
“ပြောကြတာတော့ မိန်းမပျို တစ်ယောက်တဲ့”
ရန်ကျောက်ကဲက...
“သူက ဘယ်လောက် စွမ်းအားမြင့်မားလဲ”
ကောင်းဖန်နှင့် စာပေသမားတို့ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာပေ။
သူတို့က ခဏမျှ အနေရခက်သွားဟန်ဖြင့်...
“တကယ်တော့ အဲဒီပုဂ္ဂိုလ်အကြောင်းကို ဘယ်သူမှ နားမလည်ကြပါဘူး ၊ လက်ရှိ နှင်းကြိုးကြာဂိုဏ်းချုပ်ရဲ့စွမ်းအားကို အခြေခံပြီး ခန့်မှန်းကြည့်ရုံပဲ တတ်နိုင်တာပါ”
ရန်ကျောက်ကဲက...
“အဲဒီပုဂ္ဂိုလ် နောက်ဆုံးထွက်ပေါ်လာတာ ဘယ်အချိန်လောက်ကလဲ”
ကောင်းဖန်က ခဏမျှစဉ်းစားရင်း...
“လွန်ခဲ့တဲ့အနှစ် (၃၀) လောက်ကပါ”
ရန်ကျောက်ကဲက...
“အဲဒီနောက်ရော နောက်တစ်ခါ ပေါ်လာသေးလား”
စာပေသမားက...
“သူ နောက်တစ်ကြိမ် ထွက်ပေါ်လာတယ်လို့ မကြားမိတော့ဘူး”
ရန်ကျောက်ကဲက ပြုံးရင်း...
“နောက်ဆုံးမေးခွန်း... နဂါးစိမ်းတောင် ၊ နှင်းကြိုးကြာဂိုဏ်းနဲ့ သွေးနီတိမ်တိုက်ဂိုဏ်းတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုရှိလဲ”
ထိုမေးခွန်းကြောင့် ကောင်းဖန်နှင့် စာပေသမားတို့၏ မျက်နှာများ တင်းမာခက်ထန်သွားကြသည်။
သို့သော် သူတို့အဖြေမပေးခင်မှာပင် အပြင်ဘက်မှ မိစ္ဆာသွေးစွမ်းအားများ ပြင်းထန်စွာ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရ၏။
သွေးနီလှံရှည်တပ်ဖွဲ့၏ မဟာသွေးနီလှံရှည်တိုက်ပွဲအစီအရင်က ချက်ချင်းပင် အမြင့်ဆုံးအဆင့် လှည့်ပတ်သွားပြီး တစ်ချိန်တည်းမှာပင် မိစ္ဆာသွေးစွမ်းအားများကလည်း ပိုမိုပြင်းထန်လာသည်။
ရန်ကျောက်ကဲက ကောင်းဖန်နှင့် စာပေသမားကိုကြည့်ကာ ရယ်မောလိုက်ရင်း...
“မင်းတို့ မဖြေချင်လည်း ကိစ္စမရှိဘူး ၊ ငါ အခု သိသွားပြီ”
ရန်ကျောက်ကဲက နှင်းကြိုးကြာဂိုဏ်းမှမဟုတ်ကြောင်း ငြင်းဆိုလိုက်သော်လည်း ‘ရုန်ကျီး’ ကတော့ သူတို့အုပ်စုက ထိုဂိုဏ်းနှင့်ဆက်စပ်နေသည်ဟု ယုံကြည်နေဟန်ပင်။ အမှန်တော့ ထိုအဘိုးကြီး ခန့်မှန်းသည်ကလည်း မှားယွင်းသည်မဆိုသာပေ။
သူက ရွှီဖေးနှင့် အခြားသူများကို လှည့်ကြည့်ရင်း...
“မထင်မှတ်ဘဲ သဲလွန်စတစ်ခုတော့ ရပြီ ၊ ဒါပေမဲ့ သောက်ပြဿနာကလည်း တက်နေတယ်”
သူ့စကားအဆုံးတွင် ကြောက်မက်ဖွယ်ရာ မိစ္ဆာသွေးစွမ်းအားတစ်ခုက တည်းခိုဆောင် ခေါင်မိုးထက်သို့ ပြင်းထန်စွာကျဆင်းလာသည်။
ကြီးမားသော ‘သွေးနီမျက်လုံးရွှေသိမ်းငှက်ကြီး’ တစ်ကောင်က ကောင်းကင်အမြင့်တွင် ပျံသန်းနေပြီး သူ၏ အမွှေးများက သွေးနီရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ထက်ရှသောလက်သည်းကြီးများဖြင့် တည်းခိုဆောင်ခေါင်မိုးပွင့်ထွက်သွားအောင် ကုန်ခြစ်လိုက်သည်။
ကျိယွီတိုင်းပြည်မှ အိမ်ရှေ့စံမင်းသားက လက်နှစ်ဖက်နောက်ပစ်လျှက် တိုက်ပွဲကို တည်ငြိမ်စွာကြည့်နေသည်။ သူ့မျက်ဝန်းများက တည်ကြည်လေးနက်နေ၏။
“ဖုရန်တိုင်းပြည်ရဲ့ သွေးနီလှံရှည်တပ်ဖွဲ့က တကယ့်ကို နာမည်ကျော်ထိုက်ပါပေတယ်”
“မိစ္ဆာတစ်ပိုင်းကျင့်ကြံသူတွေပဲ မိစ္ဆာသားရဲအသွင်အပြင်ကို ထုတ်ဖော်နိုင်တာ ၊ ဒါပေမဲ့ သွေးနီလှံရှည်တပ်ဖွဲ့ကတော့ သွေးစွမ်းအားကို အကန့်အသတ်ကျော်လွန်တဲ့အထိ အသုံးမပြုဘဲ ‘သွေးနီမျက်လုံးရွှေသိမ်းငှက်’ သဏ္ဌန်ကို ထုတ်ဖော်ပြနိုင်တယ် ၊ ဒါက အတော်ထူးခြားတာပဲ”
ထိုသို့တွေးမိသည်နှင့် ကျိယွီအိမ်ရှေ့စံမှာ အပြင်ပန်းတည်ငြိမ်နေသော်လည်း ကျောရိုးထဲစိမ့်သွားသလို ခံစားလိုက်ရသည်။
“စစ်သေနာပတိ’လျန်ဟန်’ တင်မကဘူး... သူ့တပ်ဖွဲ့တစ်ခုလုံးက အရေအတွက်ရော အရည်အချင်းပါ အတော်လေး မြင့်မားတာပဲ”
သူက ရွှေရောင်သိမ်းငှက်ကြီး၏ခြေသည်းများဖြင့် ကုတ်ခြစ်အဖွင့်ခံနေရသော တည်းခိုဆောင်ကိုကြည့်ရင်း...
“မင်းတို့တွေကွာ... ဒီ ဖုရန်တိုင်းပြည် ၊ သွေးနီလှံရျည်တပ်ဖွဲ့ရဲ့ ဒီလိုခမ်းနားတဲ့စွမ်းအားမျိုးကို တွေ့မြင်ရတာ... သေရမယ်ဆိုရင်တောင် တန်ပါတယ်”
ကျိယွီအိမ်ရှေ့စံ အတွေးမဆုံးခင်မှာပင် သူ၏မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ထီးတည်းတည်ရှိနေသော တည်းခိုဆောင်အတွင်းမှ အနက်ရောင်မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး တည်းခိုဆောင်တစ်ခုလုံးကို လွှမ်းခြုံသွားသောကြောင့်ပင်။
အနက်ရောင်မုန်တိုင်းကြောင့် ဧရာမသိမ်းငှက်ကြီးမှာ လွင့်ထွက်သွားပြီး အနားသို့ပြန်မကပ်နိုင်တော့ပေ။ ထို့ပြင် မုန်တိုင်းဒဏ်ကြောင့် သူ၏ခြေသည်များမှာလည်း ပြတ်ထွက်လုနီးပါး ဖြစ်သွားရသည်။
ကျိယွီအိမ်ရှေ့စံမင်းသား အံ့အားသင့်သွားရသည်။
လျန်ဟန်ကတော့ မျက်လုံးများ ကျွတ်ထွက်လုမတတ်ပင်။
ဖုရန်အိမ်ရှေ့စံမင်းသားကတော့ မျက်နှာတစ်ခုလုံး မဲမှောင်သွား၏။
သွေးနီတိမ်တိုက်ဂိုဏ်းမှ အကြီးအကဲ’ရုန်’ သည်ပင် မျက်မှောင်ကြုံ့လိုက်မိလေသည်။
တည်းခိုဆောင်ထဲတွင်တော့ အားဟူက ရန်ကျောက်ကဲကို မေးလိုက်သည်။
“သခင်လေး... ဒီ ဖုရန်တိုင်းပြည်မှာ ကျွန်တော်တို့ ဆက်နေဖို့ မလိုတော့ဘူးမလား”
ရန်ကျောက်ကဲက...
“မလိုတော့ဘူး ၊ ပြီးတော့ ငါတို့မှာလည်းအချိန်မရှိဘူး ၊ ဒီနေရာက အမြန်ထွက်သွားကြစို့”
“ကောင်းပါပြီ သခင်လေး ၊ ကဲ... ကောင်းကောင်းထိုင်နေကြ ကိုယ့်လူတို့”
ပြောပြီးသည်နှင့် အားဟူက သွားဖြဲကာပြုံးလိုက်ပြီး သူ့နောက်ကျောမှ အမတကြိုးကြာတောင်ပံများကို ဖြန့်ကားလိုက်ရာ အလင်းတန်းများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လင်းထိန်တောက်ပသွားသည်။
သူ့ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားများ မြင့်တက်လာပြီး ကြောက်မက်ဖွယ်ရာ အနက်ရောင်ဟာရီကိန်းမုန်တိုင်းကြီးက တည်းခိုဆောင်တစ်ခုလုံးကို လွှမ်းခြုံသွားကာ အုတ်မြစ်မှကော်ထုတ်သွားတော့၏။
အနက်ရောင်မုန်တိုင်းကြီး အထက်သို့မြင့်တက်သွားသည်နှင့်အမျှ အတောင်များဖြန့်ကားထားသော အမတကြိုးကြာပုံရိပ်တစ်ခုက မုန်တိုင်းအလယ်တွင် တောက်ပလျှက် ပျံသန်းသွားသည်ကို တွေ့မြင်ကြရသည်။
အဆောင်ထဲတွင်တော့ ရန်ကျောက်ကဲက အားဟူကို လက်ညှိုးထိုးကာ ဝမ်းသာအားရ ရယ်မောလိုက်သည်။
“ဟေ့ကောင်... မင်းက တကယ်ကြီးနော် ၊ ဒီလိုပျံသန်းဖို့ဆိုတာ နှေးလည်းနှေးသလို စွမ်းအားလည်းအများကြီးကုန်မှာ”
အပြင်ဘက်မှာတော့...
အကြီးအကဲ’ရုန်’ အပါအဝင် ကြည့်နေကြသူအားလုံး စကားမပြောနိုင် ဆွံ့အသွားကြသည်။
ခဏကြာမှ အဘိုးအို’ရုန်ကျီး’ က မျက်ခုံးများကို တွန့်ချိုးရင်း တွေးလိုက်၏။
“ဒီ အဘိုးကြီး အမြင်မှားတာလား ၊ သူတို့က မိစ္ဆာတစ်ပိုင်းကျင့်ကြံသူတွေများလား ၊ ဒါပေမဲ့ မိစ္ဆာသွေးစွမ်းအားအတက်အကျကို လုံးဝ မခံစားရဘူး”
တွေးရင်းဖြင့်ပင် အဘိုးကြီး၏လှုပ်ရှားမှုကလည်း နှေးကွေးခြင်းမရှိပေ။ သူက အနက်ရောင်မုန်တိုင်းတည်ရှိရာသို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
လက်ဝါးရိုက်ချက်နှင့်အတူ အကြီးအကဲ’ရုန်’ ၏ ခန္ဓာကိုယ်မှ အလင်းသင်္ကေတများထွက်ပေါ်လာပြီး လက်ဖဝါးကြီးက ကြီးမားသောကျားခြေသည်းကြီးအဖြစ် ပြောင်းလဲသွားကာ ဝေဟင်ထက်မှ အနက်ရောင်မုန်တိုင်းကို ကုတ်ခြစ်ချလိုက်၏။
လျန်ဟန်၏မျက်နှာကတော့ ဒေါသမီးများတောက်လောင်နေသည့်အလား ရဲရဲနီလျှက် မျက်ဝန်းများက စူးရှနေသည်။ သူက မဟာသွေးနီလှံရှည်တိုက်ပွဲအစီအရင်၏စွမ်းအားကိုဆွဲငင်အသုံးပြုလိုက်ရာ ကြီးမားသော သိမ်းငှက်ကြီးက အတောင်များဖြန့်ကားလျှက် ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။
ထိုအခါ အနက်ရောင်မုန်တိုင်းအတွင်းမှ လေးလံပြီး ကြောက်မက်ဖွယ်ရာကောင်းသော ကြယ်တာရာချီစွမ်းအားများ ထွက်ပေါ်လာသည်။
ကြယ်တာရာချီစွမ်းအားများက ကြီးမားသောလက်ဖဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အကြီးအကဲ’ရုန်’ ၏ ကျားလက်သည်းများကို ထိပ်တိက်ရင်ဆိုင်လိုက်၏။
လက်ဝါးချင်းရိုက်မိသည်နှင့် အကြီးအကဲ’ရုန်’ မှာ ကြီးမားသောတောင်ကြီးတစ်လုံး ကျရောက်လာသည့်အလား ခံစားလိုက်ရပြီး ခက်ခက်ခဲခဲ ရုန်းကန်ရင်ဆိုင်လိုက်ရသည်။
ထိုလက်ဖဝါးကြီးမှစွမ်းအားက ရိုးရှင်းသော်လည်း အဆုံးမရှိပေ။ မဟာမြေကြီးအလား လေးလံကျယ်ပြန့်ပြီး တောင်တစ်လုံးပမာ မတုန်မလှုပ် တည်တံ့နေသည်။
တစ်ခဏအတွင်းမှာပင် အကြီးအကဲ’ရုန်’ ၏ ကျားခြေသည်းများမှာ လက်ဝါးရိုက်ချက်ထိမှန်ပြီး ကျိုးပဲ့ပျက်ဆီးသွားတော့၏။
အကြီးအကဲ’ရုန်’ ထိတ်လန့်တုန်လှုပ်သွားရသည်။ ထိုလက်ဖဝါးကြီးက သူ့ကို ထပ်မံတိုက်ခိုက်ခြင်းမရှိသဖြင့် ကံကောင်းသည်ဟု ဆိုရပေမည်။ ကျားလက်သည်းများကွဲကြေသွားသည်နှင့် ထိုလက်ဖဝါးကြီးက တစ်ဖက်မှဝင်ရောက်လာသော သိမ်းငှက်ကြီးကို ရိုက်ချလိုက်၏။
ကျယ်လောင်သောပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ငှက်မွှေးများက တစ်စစီပျံ့ကျဲသွားကာ အလင်းမှုံများက မြေပြင်ထက်သို့ ကျဆင်းလာသည်။
ဧရာမသိမ်းငှက်ကြီးက စူးစူးဝါးဝါးအော်မြည်လိုက်ပြီး အကြောများဆွဲကာ ရုန်းကန်လျှက်ရှိသည်။
လျန်ဟန်နှင့် သွေးနီလှံရှည်တပ်သားများမှာ တုန်လှုပ်သွားပြီး သူတို့နှုတ်ခမ်းများမှ သွေးများအန်ထွက်လာကြသည်။
သို့သော် ဧရာမသိမ်းငှက်ကြီးက ဇွဲမလျှော့ဘဲ အတောင်များကို ခါယမ်းလျှက် အနက်ရောင်မုန်တိုင်းဆီသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားပြန်၏။
ရလဒ်ကတော့ ကြီးမားသည့်လက်ဝါးကြီးက တောင်ကိုခွင်း ၊ မြစ်ကိုချိုးဖျက်မည့်စွမ်းအားများဖြင့် သိမ်းငှက်ကြီးကို ထပ်မံရိုက်ချလိုက်ခြင်းပင်။ သိမ်းငှက်ကြီးမှာ မည်သို့မှမတတ်နိုင်ဘဲ မြေပြင်ထက်ပြုတ်ကျသွားတော့သည်။
လျန်ဟန်နှင့် သူ့တပ်သားများအားလုံး သွေးများထပ်မံအန်ထုတ်လိုက်ကြပြီး စစ်သူကြီးများနှင့် တပ်သားများမှာ မထိန်းနိုင်တော့ဘဲ မြေပြင်ထက်သို့ လဲကျကုန်ကြသည်။ လျန်ဟန်ကတော့ အနည်းငယ်ထိန်းနိုင်သဖြင့် မြေပြင်ထက် ဒူးတစ်ဖက်ထောက်လျှက်သာ ကျသွား၏။
ပျံသန်းသွားသည့် တည်းခိုဆောင်ထဲတွင်တော့...
ရွှီဖေးက သူ၏ မဟာမိုးမြေလက်ဝါးသိုင်းကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ထိုင်ခုံတွင် ပြန်ထိုင်လိုက်လေသည်။
ကောင်းဖန်နှင့် စာပေသမားတို့မှာ အားဟူနှင့် ရွှီဖေးတို့ကို တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။
ရန်ကျောက်ကဲကတော့ တစ်စုံတစ်ခုကိုတွေးနေသည့်အလား မေးစေ့ကိုပွတ်သပ်နေသည်။
ခန်းဟယ်မြို့သူမြို့သားများကတော့ အနက်ရောင်မုန်တိုင်းဖြတ်သန်းတိုက်ခတ်သွားစဉ် အိမ်တစ်လုံးလေထဲပျံသန်းသွားသော ထူးဆန်းသည့်မြင်ကွင်းကို တွေ့မြင်လိုက်ကြရသည်။
ထိုစဉ်...
အဝေးတစ်နေရာရှိ ဖုရန်နန်းတော်မှ အားကောင်းသော စွမ်းအားအတက်အကျများ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင်...
“ငါကိုယ်တော်ရဲ့ ဖုရန်တိုင်းပြည်မှာ ဘယ်သူက ပြဿနာရှာရဲတာလဲ”
သြဇာအာဏာနှင့်ပြည့်ဝသောအသံတစ်သံကပဲ့တင်ထပ်ထွက်ပေါ်လာ၏။
ထို့နောက် မရေမတွက်နိုင်သော အလင်းသင်္ကေတများက ဘုရင့်နန်းတော်ကိုဗဟိုပြုပြီး ခန်းဟယ်မြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
မြို့တော်ကောင်းကင်ယံထက်တွင် ကြီးမားသောပုံရိပ်ကြီးတစ်ခုထွက်ပေါ်လာပြီး ကောင်းကင်တစ်ဝက်နီးပါးကို ဖုံးလွှမ်းသွားသည်။
ထိုပုံရိပ်က ဦးခေါင်း (၃)လုံးရှိသော မြင်းတစ်ကောင်၏ ပုံရိပ်ဖြစ်ပြီး ရန်ကျောက်ကဲတို့အုပ်စုရှိရာသို့ ဒေါသတကြီး ပြေးဝင်သွားသည်ကို တွေ့လိုက်ကြရလေသည်။