← Chapters

ပင်းကျယ်

Vol. 8 Ch. 790

ပင်းကျယ်

Vol. 8 Ch. 790

ရွှီချင်းဟွမ်မှာ အရင်ကနှင့်လုံးဝမတူတော့ဘဲ ဝိညာဉ်စွမ်းအားများ မြင့်မားလာသည့်တိုင် ဆန်းလျန်က သူ့ကို တိတ်တဆိတ်ကြည့်နေသည်ကိုတော့ သိရှိနိုင်ခြင်း မရှိပေ။

ရွှီချင်းဟွမ်၏ ကျင့်ကြံခြင်းအဆင့်များ အဆက်မပြတ်တိုးတက်လာပြီး မိစ္ဆာနတ်ဘုရားတစ်ပါးဖြစ်လာပါစေ ဆန်းလျန်ကိုမီနိုင်ရန်မှာတော့ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်သေးပေ။

လက်ရှိအချိန်တွင် ရွှီချင်းဟွမ်အတွက် အရေးအကြီးဆုံးအလုပ်မှာ ကျီးယင်ကို သတ်ဖြတ်ပစ်ပြီး သူ၏ တန်ခိုးစွမ်းအားများ ပြန်လည်ရရှိရန်အတွက် သွေးဖြင့် ယာဇ်ပူဇော်ရန် ဖြစ်လေသည်။

ယခုတော့ ကျီးယင်က ရွှီချင်းဟွမ်အသုံးပြုလိုက်သည့် သွေးမိစ္ဆာတန်ခိုးစွမ်းအားကို ဖျက်စီးပစ်လိုက်ပြီး နဝမမှော်မီးတောက်ဖြင့် သူမတစ်ကိုယ်လုံးကို ဒိုင်းတစ်ခုအလား ကာရံထားလေသည်။

နဝမမှော်မီးတောက်ကို အသုံးပြုခြင်းက သူမ၏ တန်ခိုးစွမ်းအားများကို လျော့နည်းစေလေသည်။

သို့သော်… တကယ်တမ်းအန္တရယ်နှင့်ရင်ဆိုင်ရသည့်အခါ သူမ၏နှလုံးသားက မီးတောက်ကို အစဉ်မပြတ်လောင်ကျွမ်းနေစေရန် ဖိအားများထွက်ပေါ်လာလေသည်။

ကျီးယင်က နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်သည်။

ရွှီချင်းဟွမ်ကို လိုချင်သူမှာ သူမတို့ ရွှမ်နွီနန်းတော်တစ်ခုတည်းမှ မဟုတ်ပေ။ မကြာမီတွင် အခြားသူများ ရောက်ရှိလာနိုင်လေသည်။ ထို့ကြောင့် သူမက တိုက်ပွဲကို အမြန်အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။

သူမက ကျောက်တုံးကိုမှီကာထိုုင်နေသည့် ရွှီချင်းဟွမ်ရှိရာသို့ အရှိန်ဖြင့်ဝင်ရောက်ကာ ရွှီချင်းဟွမ်ကို ဖမ်းစီးလိုက်လေသည်။

ရွှီချင်းဟွမ်ကလည်း တန်ခိုးစွမ်းအားများ လျော့နည်းနေသည့်တိုင် ခေသူတစ်ယောက်မဟုတ်ပေ။

သူက ဉာဏ်များသူတစ်ယောက်ဖြစ်လေရာ ကျီးယင်တိုက်ခိုက်လာသည်နှင့် ချက်ချင်းပင် ရှောင်တိမ်းလိုက်သည်။

ကျီးယင်က လက်ဖျောက်တစ်ချက်တီးလိုက်လေရာ စီးဆင်းနေသည့် စမ်းရေများ ချက်ချင်းမြင့်တက်လာပြီး လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ကျီးယင်က လေဆင်နှာမောင်းထိပ်တွင် မတ်တတ်ရပ်နေပြီး ရှောင်တိမ်းထွက်ပြေးသွားသည့် ရွှီချင်းဟွမ်နောက်သို့ လေဆင်နှာမောင်းက အဆက်မပြတ်တိုက်ခတ်လိုက်ပါသွားလေသည်။

သူမ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် နဝမမှော်မီးတောက်များသည် လေဆင်နှာမောင်းတစ်ခုလုံးတွင် ပျံ့နှံ့သွားလေသည်။ ထိုအခါ လေဆင်နှာမောင်းကြီးတစ်ခုလုံးမှာ မီးနဂါးကြီးတစ်ကောင်အလား ထင်မှတ်ရသည်။

ရေကမီးကို မငြိမ်းသတ်သည့်အပြင် ရေက မီးကို ထောက်ပံ့ပေးထားလေသည်။ ထိုသို့ဖြစ်ခြင်းမှာ ဒြပ်စင်ငါးပါး၏ ပုံမှန်သဘောတရားများကို ဆန့်ကျင်နေလေသည်။

ရွှီချင်းဟွမ်ကတော့ သဘာဝကိုဆန့်ကျင်နေသည့် ရေနှင့်မီးပေါင်းစပ်ထားသည့် နဂါးကြီးကို စိုက်ကြည့်နေလေသည်။

သူက အံ့သြစရာကောင်းလောက်အောင် မြင့်မားနေသည့် ဝိညာဉ်စွမ်းအားများဖြင့် ရေနှင့်မီးတောက် ပေါင်းစပ်နေခြင်းကို လေ့လာတွက်ချက်ကြည့်လိုက်သည်။ သူက ရေနှင့်မီးကို ရှင်းရှင်းလင်းလင်း ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်သည်။

ရေက မီးကို မငြိမ်းသတ်ဘဲ အဘယ့်ကြောင့် ထောက်ပံ့ပေးနေရပါသနည်း။

အဘယ်ကြောင့်ဆိုသော် နဝမမှော်မီးတောက်နှင့်ထိတွေ့သည့်အခါ ရေသည် ဓာတ်ငွေ့ (၂)မျိုးအဖြစ် ပြိုကွဲသွားပြီး ထိုဓာတ်ငွေ့များက မီးတောက်ပိုမိုလောင်ကျွမ်းလာစေရန် ထောက်ပံ့ပေးနေခြင်း ဖြစ်လေသည်။

မကြာမီပင် မီးတောက်များ အလွန်ပြင်းထန်လာပြီး အပြာရောင်မီးတောက်များအဖြစ် ပြောင်းလဲသွားလေသည်။ အပြာရောင်မီးတောက်နဂါးကြီးမှာ အစွန်းရောက်လောင်ကျွမ်းနေလေ၏။

ကျီးယင်၏ ချောမောလှပသည့်မျက်နှာသည် အပြာရောင်မီးတောက်အောက်တွင် ပုံမှန်မဟုတ်စွာဖြင့် ပြာလဲ့ တောက်ပနေလေသည်။

အပြာရောင်မီးနဂါးကြီးက ပါးစပ်ကိုဖွင့်ဟလိုက်သည့်အချိန်တွင် ကျီးယင်၏ဓားသွားအလား ထက်မြက်နေသည့် လက်ချောင်းများက ရွှီချင်းဟွမ်၏ ဦးခေါင်းကို ထိုးကုတ်ဆွဲလိုက်လေသည်။

ရွှီချင်းဟွမ်၏ ဝိညာဉ်စွမ်းအားများက အဆက်မပြတ်မြင့်တက်လာလေသည်။ ချက်ချင်းပင် သူမည်သူဖြစ်သည်ကို မေ့လျော့သွားပြီး ခံစားချက်များအားလုံးလည်း ပြတ်တောက်သွားလေသည်။

သူ့ထံသို့ဝင်ရောက်လာသည့် နဂါးပါးစပ်ကြီးကို သူ၏စိတ်အာရုံထဲတွင် အနှေးပြကွက်အလား နှေးကွေးစွာ တွေ့မြင် နေရလေသည်။

သူ၏တန်ခိုးစွမ်းအားမြင့်တက်လာမှုကို သူကိုယ်တိုင်ပင် နားမလည်နိုင်တော့ပေ။ အချိန်ကိုပင် နှေးကွေးပစ်နိုင်စွမ်း ရှိနေပြီ ဖြစ်လေသည်။

အပြာရောင်မီးတောက်များကြောင့် ရွှီချင်းဟွမ်တစ်ကိုယ်လုံး အပူလောင်သည့်ဒဏ်ရာများ ရရှိနေပြီ ဖြစ်လေသည်။

သို့တိုင်အောင် သူက တစ်ချက်လေးပင် မတုန်လှုပ်ဘဲ နဂါးကြီးကို မည်သို့ထိုးစစ်ဆင်ရမည်ကို တွက်ချက်နေလေ သည်။

ကျီးယင်၏ ဓားသွားအလားထက်မြက်သည့် စွန်ကုပ်လက်သည်းများဖြင့် တိုက်ခိုက်မှုကို ရွှီချင်းဟွမ်က ခန္ဓာကိုယ်ကို နောက်သို့ လှန်ချလိုက်ပြီး ရှောင်တိမ်းပေးလိုက်သည်။

သူ့စိတ်အာရုံထဲတွင် မြင်ကွင်းများက ပိုပြီး နှေးကွေးလာသည်။ သို့သော်… သူ၏ လှုပ်ရှားမှုကတော့ လွန်မြန်လွန်း သည့်အတွက် သာမန်မျက်စိဖြင်ပင် တွေ့မြင်နိုင်မည် မဟုတ်ပေ။

နဂါးကြီး၏ လှုပ်ရှားမှုကလည်း အလွန်ပြင်းထန်မြန်ဆန်လွန်းသည်။ နဂါးဦးခေါင်းထက်တွင် ရပ်နေသည့် ကျီးယင်က စွန်ကုန်လက်သည်းဖြင့် ရွှီချင်းဟွမ်ကို ထပ်မံတိုက်ခိုက်လိုက်သည့်အခါ ရွှီချင်းဟွမ် ရွှီချင်းဟွမ် ရှောင်တိမ်းနိုင်ခြင်း မရှိတော့ဘဲ မျက်လုံးတစ်ဖက် ပေါက်ထွက်သွားလေသည်။

ကျီးယင်၏ အနက်ရောင်ဆံပင်များမှာ အနီရောင်သို့ ကူးပြေင်းသွားပြီး သူမ၏ မျက်ဝန်းများကလည်း မီးဝင်းဝင်း တောက်နေလေသည်။

သူမ၏ တန်ခိုးစွမ်းအားများကလည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး သာမန်လောကနတ်ဘုရားတစ်ပါးပင်လျှင် သူမကို ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။

ရွှီချင်းဟွမ်ကို အနိုင်ယူတိုက်ခိုက်ပြီး သေစေခြင်းကျောင်းတော်မှ ကျင့်စဉ်များကို ယူဆောင်လာရန်အတွက် ရွှမ်နွီနန်းတော်က သူမကို စေခိုင်းလိုက်ခြင်း ဖြစ်လေသည်။ သူမအနေဖြင့် စေခိုင်းလိုက်သည့်တာဝန်ကို သေချာပေါက် ကျေပွန်အောင် ဆောင်ရွက်ရပေမည်။

ဆန်းလျန်ကတော့ ကျီးယင်ကိုလည်း တိတ်တဆိတ်လေ့လာနေလေသည်။

ကျီးယင်သည် နတ်ဘုရားတစ်ပါး မဟုတ်သေးပေ။ သို့တိုင်အောင် အဘယ့်ကြောင့် ထိုမျှ တန်ခိုးစွမ်းအားမြင့်မား နေရပါသနည်း။

အဘယ်ကြောင့်ဆိုသော်… သူမ၏ခန္ဓာကိုယ်ထဲတွင် မွေးရာပါ မီးဝိညာဉ်ပါရှိသောကြောင့် ဖြစ်လေသည်။

ထိုမီးဝိညာဉ်သည် မီးတန်ခိုးစွမ်းအားကိုကျင့်ကြံထားသည့် နတ်ဘုရားတစ်ပါး သို့မဟုတ် နတ်မိစ္ဆာတစ်ပါး၏ အမြုတေတစ်ခု ဖြစ်နိုင်လေသည်။

မီးဝိညာဉ်က ကျီးယင်၏ တာအိုတန်ခိုးစွမ်းအားများကို အဆမတန်မြင့်တက်အောင် ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး ထိုမီးဝိညာဉ်၏ တန်ခိုးစွမ်းအား မည်မျှမြင့်မားသည်ကို မည်သူမှ မသိနိုင်ပေ။

ထို့ကြောင့်ပင် ရွှီချင်းဟွမ်မှာ ကျီးယင်ကို မည်သို့မှ မယှဉ်နိုင် ဖြစ်နေရသည်။

ရွှီချင်းဟွမ်၏ မျက်လုံးတစ်လုံးမှာ ပေါက်ထွက်နေပြီး တစ်ကိုယ်လုံးတွင်လည်း မီးလောင်ဒဏ်ရာများဖြင့် ပြည့်နေလေသည်။ သို့တိုင်အောင်… သူ၏ စိတ်ကတော့ တည်ငြိမ်နေဆဲဖြစ်သည်။

မီးလောင်ဒဏ်ရာများက မည်မျှင် နာကျင်နေပါစေ ရွှီချင်းဟွမ်၏ ကြည်လင်နေသည့် ဝိညာဉ်စွမ်းအားများ အပေါ်တွင်တော့ သက်ရောက်နိုင်ခြင်း မရှိပေ။ သူက အထက်အောက် ယိမ်းနွဲ့လှုပ်ရှားကာ လောင်ကျွမ်းနေသည့် မီးတောက်များကို ကြည့်နေလေသည်။

သူ ကြည့်နေစဉ်မှာပင် နဂါးပါးစပ်ကြီး ပွင့်ဟလာပြီး ရွှီချင်းဟွမ်အနားသို့ တဖြည်းဖြည်း တိုးကပ်လာလေသည်။

ပေါက်ထွက်နေပြီဖြစ်သည့် ရွှီချင်းဟွမ်၏မျက်လုံးဒဏ်ရာနှင့် ဆံပင်များအားလုံးကို မီးများလောင်ကျွမ်းသွား လေသည်။

သို့တိုင်အောင် သူက တစ်ချက်လေးပင် မတွန့်ဆုတ်ဘဲ နဂါးပါးစပ်ကြီးရှိရာသို့ ခုန်ဝင်လိုက်လေသည်။ ရွှီချင်းဟွမ်မှာ နဂါးဦးခေါင်းထက်တွင်ရပ်နေသည့် ကျီးယင်အနားသို့ ရောက်ရှိရန် ခြေလှမ်း (၅)လှမ်းခန့်သာ လိုတော့သည်။

ရုတ်တရက်…

ရွှီချင်းဟွမ်က ကျီးယင်ကို ရယ်ပြလိုက်သည်။

အပြာရောင်မီးတောက်အောက်တွင် ရွှီချင်းဟွမ်၏ သွားစွယ်ဖွေးဖွေးများပေါ်လာပြီး သူ၏ ပုံစံက ထိတ်လန့် ခြောက်ခြားစရာကောင်းလှသည်။

နဂိုက ချောမောလှလွန်းသူဖြစ်သည့်တိုင် မျက်စိတစ်ဖက်ပေါက်ထွက်နေပြီး ၊ တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများဖြင့် ပြည့်နေလေကာ ဆံပင်များလုံးဝမရှိတော့သည့် လူတစ်ယောက်က ရယ်ပြသည်ဆိုသည်မှာ ကျက်သရေရှိလှသည့် မြင်ကွင်းတော့ မဟုတ်ပေ။

အဘယ့်ကြောင့် ရွှီချင်းဟွမ်က သူမကို လာရယ်ပြေနေရသနည်းဆိုသည်ကို ကျီးယင် နားမလည်ပေ။ သူမက မီးနဂါးကြီး၏ ဦးခေါင်းထက်တွင် မတ်တတ်ရပ်နေရင်း ထက်ရှသည့် စွန်ကုပ်လက်သည်းများဖြင့် ရွှီချင်းဟွမ်ကို တိုက်ခိုက်လိုက်သည်။

သို့သော်… သူမ ခေါင်းထဲတွင် မိုက်ခနဲ တစ်ချက် ဖြစ်သွားလေသည်။

အဘယ်ကြောင့်ဆိုသော်… ရွှီချင်းဟွမ်၏ လက်တစ်ဖက်က သူမ၏ လည်ပင်းကို လာရောက် ဖြစ်ညှစ်ထားလိုက်သောကြောင့် ဖြစ်လေ၏။

ရွှီချင်းဟွမ်၏ လက်က သူမ၏လည်ပင်းကို ညှစ်ထားလိုက်သည်နှင့် သူမတစ်ကိုယ်လုံးမှ တန်ခိုးစွမ်းအားများသည် တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။

ရွှီချင်းဟွမ်က သူမ၏ တန်ခိုးစွမ်းအားများကို စုပ်ယူစားသုံးပစ်လိုက်ခြင်းပင် ဖြစ်တော့၏။

ကျီးယင်၏ တန်ခိုးစွမ်းအားများကို စုပ်ယူလိုက်သည်နှင့် ဒဏ်ရာပရပွနှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် ရွှီချင်းဟွမ်၏ခန္ဓာကိုယ်မှာ ချက်ချင်းပင် အကောင်းပကတိအတိုင်း ဖြစ်သွားလေသည်။

မီးကျွမ်းနေသည့် အမဲရောင်အနာဖေးများ ကွာကျသွားပြီး ဖြူဖွေးနူးညံ့သည့် အသားအရေများ ချက်ချင်းပြန်ပေါ်လာလေသည်။

ပေါက်ထွက်နေသည့်မျက်လုံးမှာလည်း အကောင်းပကတိအတိုင်းပြန်ဖြစ်သွားပြီး အနက်ရောင်ဆံနွယ်များလည်း ဦးခေါင်းထက်မှ ပြန်လည် ထွက်ပေါ်လာလေသည်။

ကျီးယင်မှာတော့ တန်ခိုးစွမ်းအားများအားလုံး စုပ်ယူခံလိုက်ရသည့်အတွက် သူမဖန်ဆင်းထားသည့် မီးနဂါးကြီးမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သူမသည် တိုက်ပွဲတွင် အရှုံးကြီးရှုံးခဲ့လေပြီ။

ရွှီချင်းဟွမ်၏ လက်တစ်ဖက်က ကျီးယင်၏ လည်ပင်းကို ညှစ်ထားပြီး နောက်လက်တစ်ဖက်က ကျီးယင်၏ နှလုံးသား တည်ရှိရာ  ညာဘက်ရင်အုံကို ထိုးစိုက်လိုက်သည်။

ရွှီချင်းဟွမ် လက်ကိုပြန်ဆွဲထုတ်လိုက်သည့်အခါ ကျီးယင်၏ နှလုံးသားက ရွှီချင်းဟွမ်လက်ထဲတွင် ပါလာလေသည်။ သူမ၏နှလုံးသားမှာ မီးဝိညာဉ်နှင့်ပေါင်းစပ်ထားသည့်အတွက် သွေးနီရောင်တောက်ပနေပြီး ရွှီချင်းဟွမ်၏ လက်ထဲတွင် တဒိတ်ဒိတ်ခုန်နေလေ၏။

"လက်စသတ်တော့ ဒီမီးဝိညာဉ်ကြောင့် မင်းက သိပ်အစွမ်းထက်နေတာကိုး…"

ပြောပြီးသည်နှင့် ရွှီချင်းဟွမ်က ကျီးယင်၏ နှလုံးသားကို မျိုချပစ်လိုက်လေသည်။

ရွှီချင်းဟွမ်၏ သွေးကြောဆုံချက် (၇)နေရာမှ အခိုးအငွေ့များ ချက်ချင်းထွက်လာပြီး သူ့တစ်ကိုယ်လုံး သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားတော့သည်။

ရွှီချင်းဟွမ်က ကျီးယင် သေလား ရှင်လား တစ်ချက်ပင် အရေးမစိုက်တော့ဘဲ ကျီးယင်၏ ခန္ဓာကိုယ်ကို မြေပြင်ထက်သို့ ပစ်ချလိုက်လေသည်။

ထို့နောက်… စမ်းချောင်းလေးအထက်ပိုင်းဆီသို့ ပျံသန်းထွက်ခွာသွားလေတော့သည်။

ရွှီချင်းဟွမ်ထွက်ခွာသွားပြီး သိပ်မကြာမီပင် ထိုနေရာသို့  ရွှင်ယောင်းနှင့် မေနန့်စန်းတို့ ရောက်ရှိလာကြလေသည်။

နှလုံးသားတစ်ခုလုံး ဖောက်ထုတ်ခံလိုက်ရပြီး မြေပြင်ထက်တွင်လဲကျနေသည့် ကျီးယင်ကို တွေ့လိုက်ရသည့်အခါ ရွှင်ယောင်းမှာ အလွန်အမင်း အံ့သြထိတ်လန့်သွားတော့သည်။

မေနန့်စန်းက ကျီးယင်အနားသို့ လျှောက်သွားကာ စမ်းသပ်ကြည့်လိုက်သည်။

"အစ်ကို (၃) ၊ သူ မသေသေးဘူး…"

ရွှင်ယောင်းက ချက်ချင်းပင် ဆေးလုံးတစ်လုံး ထုတ်ယူလိုက်ပြီး ကျီးယင်ပါးစပ်နားတွင် တေ့ပေးလိုက်သည်။

ရွှင်ယောင်းက ခပ်တိုးတိုးလေသံဖြင့်…

"ဒီဆေးက မင်းကို အသက်ဆက်ပေးနိုင်လိမ့်မယ် ၊ ဒါပေမဲ့ ဒီလိုပုံစံနဲ့ မင်းအသက်ဆက်ရှင်ချင်ပါတော့မလားတောင် မသိဘူး…"

ကျီးယင်က တစ်ချက်တုံ့ဆိုင်းနေပြီးမှ ခေါင်းတစ်ချက်ခါယမ်းလိုက်ရင်း…

"ရှင်သန်စေခြင်းကျောင်းတော်က ဂိုဏ်းတူမောင်လေး ၊ ကျွန်မကို ပင်းကျယ်နည်းလမ်းနဲ့ အဆုံးသတ်ပေးလိုက်ပါတော့…"

တာအိုကျင့်ကြံသူများ သေလုမျောပါး ဖြစ်သည့်အချိန်တွင် ပင်းကျယ်နည်းလမ်းဖြင့် ဘဝကူးပြောင်းပေးလေ့ ရှိကြလေသည်။

ရေဖြင့် ဘဝကူးပြောင်းပေးပါက စွေကျယ် ၊ မီးဖြင့်ဘဝကူးပြောင်းပေးပါက ဟော်ကျယ် ၊ တုတ်ဖြင့်ဘဝကူးပြောင်းပေးပါက ကျန့်ကျယ် ၊ ဓားဖြင့် ဘဝကူးပြောင်းပေးပါက ပင်းကျယ် ဟူ၍ ခေါ်ဆိုကြသည်။

ကျင့်ကြံသူများ အန္တရယ်များကို မရှောင်လွှဲနိုင်၍ဖြစ်စေ ၊ အစစ်ဆေးခံရမှုများကို မကျော်လွှားနိုင်တော့လျှင်ဖြစ်စေ လက်ရှိဘဝကို ဇီဝိန်ချုပ်လိုက်ကြပြီး ဝိညာဉ်က နောင်ဘဝတွင် လူပြန်ဝင်စားနိုင်ရန် ပြုလုပ်ပေးသည့် နည်းလမ်း ပင်ဖြစ်လေသည်။

ဝိညာဉ်က နောင်ဘ၀ မည်သည့်ဘဝသွားမည်ကို မရွေးခြယ်နိုင်ခင် ပျောက်ကွယ်မသွားစေရန် အတွက် မှော်ဝင် လက်နက်တစ်ခု စီရင်ရလေသည်။

တန်ခိုးစွမ်းအားမြင့်မားသည့် အဆင့်မြင့်ကျင့်ကြံသူများက ကိုယ်သေရတော့မည့်အချိန်ကို ကြိုတင်သိမြင်ကြလေ သည်။ ထိုအခါ ပင်းကျယ်ပြုလုပ်နိုင်ရန်အတွက် မှော်ဝင်ဓားများကို သီးသန့် သန့်စင်ပြုလုပ်ထားလေ့ရှိကြလေသည်။

ကျီးယင်၏ မီးဝိညာဉ်ကို ရွှီချင်းဟွမ်က မြိုချလိုက်ပြီ ဖြစ်သည့်အတွက် ကျီးယင်တစ်ဘဝလုံး ကျင့်ကြံခဲ့သမျှ ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။

ရွှင်ယောင်းတိုက်သည့်ဆေးဖြင့် သူမ အသက်ဆက်နိုင်ခဲ့လျှင်တောင် သူမသည် ဒုက္ခိတဘဝဖြင့် တစ်သက်လုံး အသုံးမကျသူတစ်ယောက်အဖြစ် အသက်ရှင်ရတော့မည်ဖြစ်သည်။ သူမအနေဖြင့် ကျင့်စဉ်လမ်းကို ဆက်ပြီး လျှောက်လှမ်းနိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် သူမက နောက်ဘဝသို့ ကူးပြောင်းလိုခြင်း ဖြစ်လေသည်။

ရွှင်ယောင်းက…

"ဒါဆိုရင်လည်း ကျုပ်ကူညီပါ့မယ်…"

ရွှင်ယောင်းက ဓားမြှောင်တစ်လက်ကိုထုတ်ယူလိုက်ပြီး ဓားမြှောင်ပေါ်တွင် လျှို့ဝှက်နက်နဲသည့် အင်းသင်္ကေတ တစ်ခုကို ရေးသားလိုက်သည်။

ထို့နောက် ဓားမြှောင်ဖြင့် ကျီးယင်၏လည်ပင်းမှ သွေးကြောကို ဖြတ်တောက်လိုက်လေသည်။ ကျီးယင်က တစ်ချက်ရယ်မောလိုက်ပြီး သူမ၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တစ်ခု လက်ခနဲထွက်ပေါ်လာကာလေသည်။ ထိုအလင်းတန်းမှာ ကျီးယင်၏ ဝိညာဉ်ဖြစ်လေသည်။

ကျီးယင်၏ ဝိညာဉ်အလင်းတန်းက ရွှင်ယောင်း၏ ခန္ဓာကိုယ်ကို အသိအမှတ်ပြုကျေးဇူးတင်သည့်အနေဖြင့် (၃)ပတ် ပတ်လိုက်ပြီးနောက် ဘုရင့်နေပြည်တော်မှ ထွက်ခွာသွားလေတော့သည်။

ရွှင်ယောင်းက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ကျုပ်တို့လို ကျင့်ကြံသူတွေ ဘာဖြစ်လို့များ လူ့လောကမှာ ဒုက္ခခံနေကြရသေးတာလဲ ၊ ပေးဆပ်ရတာ မတန်လိုက်တာ…"

မေနန့်စန်းက တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့်…

"တောင်ပေါ်မှာနေလည်း ဘာမှ မထူးပါဘူး…"

ရွှင်ယောင်းက တစ်ချက်ပြုံးလိုက်ရင်း…

"တောင်ပေါ်မှာကတော့ မတူဘူးပေါ့ကွာ…"

ထို့နောက် သူတို့ (၂)ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြလေသည်။

မေနန့်စန်းက…

"သွားကြရအောင် ၊ ရွှီချင်းဟွမ်က တဖြည်းဖြည်းပိုပြီး ရက်စက်လာသလိုပဲ ၊ ဘုရင့်နေပြည်တော်မှာတောင် ဒီလိုအလုပ်မျိုး လုပ်ရဲတယ်…"

ရွှင်ယောင်းက…

"ငါလည်းမသိဘူး ၊ မင်းသူနဲ့တွေ့ရင်တော့ သိသွားမှာပေါ့…"

………

သူက မုဆိုးလား သားကောင်လား…။

ရွှီချင်းဟွမ် အခြေအနေများကို နောက်ဆုံးတော့ သဘောပေါက်သွားပြီဖြစ်သည်။

ဘုရင်မကြီးက သူ့ကို သေမိန့်ချလိုက်ခြင်းမှာ တကယ်တမ်းတော့ ရယ်စရာဟာသတစ်ခုသာ ဖြစ်လေသည်။ ဘုရင်မကြီးက သူ့ကို ယခုအချိန်ထိ အသက်ရှင်ခွင့်ပေးထားသည်မှာ အခြားသူများအတွက် ငါးစာသက်သက် ပြုလုပ်ထားခြင်း ဖြစ်လေသည်။

ကျင့်ကြံသူလောကမှ အခြားသူများ သူ့ကို လိုက်လံဖမ်းဆီးစေရန် တမင်သက်သက် အကွက်ဆင်ထားခြင်း ဖြစ်သည်။

ဤသို့ဆိုလျှင် သူကလည်း ဘုရင်မကြီးနှင့် သေချာပေါက် ပူးပေါင်းဆောင်ရွက်ပေမည်ပေါ့ဟု ရွှီချင်းဟွမ် တွေးလိုက်ရင်း မဲ့ပြုံးတစ်ချက် ပြုံးလိုက်လေတော့သည်။

***

All Chapters