အားကြီးသူကကျရှုံး အားနွဲ့သူကအနိုင်ယူ
Vol. 8 Ch. 791
တိုင်းပြည်ဘုရင်မကြီးနေရာကိုယူထားသည့် မယ်တော်ဝမ်မူသည် ဘုရင့်နန်းတော် စာကြည့်ဆောင်ထဲတွင် ထိုင်နေလေသည်။
ယခု သူမသည် တာ့ကျောက်ပြည်၏ ဘုရင်မကြီဖြစ်နေပြီး သူမကို ဆန့်ကျင်သူမှန်သမျှ သေလမ်းသို့ မြန်းရမည် ဖြစ်သည်။
လောကတွင် အာဏာကိုရယူနိုင်သူများမှာ အလွန်မှ ချီးကျူးဖွယ်ရာကောင်းလှသည်။ သို့သော်… သူမကတော့ အရေးမစိုက်ပေ။ သူမက ကစားပွဲတစ်ခုကို ကစားနေခြင်းသာဖြစ်ပြီး ကစားပွဲကို စိတ်ဝင်စားစရာကောင်းအောင် မည်သို့လုပ်ရမည်ကို စဉ်းစားနေလေသည်။ ထို့ပြင် သူမကစားနေသည့် ကစားပွဲကို ပြီးဆုံးအောင် ကစားရန်လည်း လိုအပ်သည်။
ထိုအချိန်မှာပင်…
ဘုရင်မကြီး၏ဘေးနားသို့ လွိလော်ရောက်လာလေသည်။
ယခုတော့ လွိလော်မှာ နန်းတော်တစ်ခုလုံးတွင် အာဏာအရှိဆုံး နန်းတွင်းအရာရှိတစ်ယောက်ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ဘုရင်မကြီးနှင့်လွိလော်သည် အခြားသူများနှင့်မတူ ရင်းနှီးသော ဆက်ဆံရေးရှိလေသည်။ ထို့ပြင် မိန်းကလေးတစ်ယောက် ဖြစ်သည့်တိုင် လွိလော်သည် ဘုရင့်နန်းတော်ထဲတွင် အရာရှိအဖြစ် ရာထူးခန့်အပ် ခံထားရလေသည်။ ထို့ကြောင့် နန်းတွင်းမှလူများနှင့် အချို့သောပြည်သူများက လွိလော်ကို ဘုရင်မကြီး၏ အချစ်တော်မိန်းကလေးဟု တိတ်တဆိတ်သမုတ်ကြလေသည်။
သို့သော်… ဘယ်သူတွေ ဘယ်လိုပဲပြောကြပါစေ ဘုရင်မကြီးနှင့် လွိလော်က အရေးမစိုက်ပေ။ အရေးကြီးသည့်အချက်မှာ ဘုရင်မကြီးနှင့် လွိလော်ကြားတွင် စိတ်ရှင်းလျှင် ရပြီ ဖြစ်လေသည်။
လွိလော်က လက်ဖက်ရည်ကြမ်းပန်းကန်လေးကို ဘုရင်မကြီးဘေးနားသို့ အသာချထားပေးလိုက်သည်။
ထိုလက်ဖက်ရည်သည် သာမန်မဟုတ်ပေ။ ကျောက်စိမ်းရေကန်ဥယျာဉ်မှ ယူဆောင်လာသည့် နတ်လက်ဖက်ရည် ဖြစ်ပြီး နတ်ရေစင်ဖြင့် ကျိုချက်ထားခြင်း ဖြစ်လေသည်။
ဘုရင်မကြီးက လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရင်း…
"ဒီကောင်စုတ်လေးရွှီချင်းဟွမ်က သိပ်တော့မတုံးဘူးပဲ…"
လွိလော်က…
"မယ်တော် ၊ မယ်တော်က သူ့ကို ဘယ်လိုဖြစ်စေချင်တာလဲ…"
မယ်တော်ဝမ်မူက ပြုံးလိုက်ရင်း…
"ငါက ယွမ်ကျိုးနယ်ကြီးတစ်ခုလုံးကို ညီညွတ်စေချင်တာ ၊ ယွမ်ကျိုးနယ်မညီညွတ်ရတဲ့အဓိကအကြောင်းက အခြားမဟုတ်ဘူး ၊ နန်းတော် (၃)ခုနဲ့ နတ်ဘုရားကျောင်းတော် (၄)ခု ကြောင့်ပဲ ၊ ပြီးတော့ ငါက တန်ခိုးစွမ်းအားအရမ်းမြင့်မားတယ်ဆိုပေမယ့် နန်းတော် (၃)ခုနဲ့ နတ်ဘုရားကျောင်းတော် (၄)ခုကို ရင်ဆိုင်ဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူး ၊ သူတို့က ဇာစ်မြစ်လည်းကောင်းကြသလို သူတို့နောက်ကွယ်မှာလည်း ရှေးဟောင်း နတ်ဘုရားတွေ ရှိနေကြတယ် ၊ ပြီးတော့ သူတို့ကလည်း ငါ့ကို အကောင်းမြင်တယ်များထင်နေသလား ၊ အခွင့်အရေးရတာနဲ့ ငါ့ကို ပညာပေးဖို့ စောင့်နေကြတာ…"
"ဒါပေမဲ့ ငါက သူတို့ပညာပေးတာတော့ ခံမယ့်သူမျိုး မဟုတ်ဘူး ၊ အဲဒီတော့ ရွှီချင်းဟွမ်ကို အကြောင်းပြပြီး သူတို့အချင်းချင်း သတ်ကြဖြတ်ကြအောင် အကွက်ဆင်လိုက်တာပဲ ၊ နန်းတော် (၃)ခုနဲ့ နတ်ဘုရားကျောင်းတော်ကြီး (၄)ခုက လူတွေ ဘယ်လောက်ပဲ အင်အားကြီးပါစေ ၊ ရွှီချင်းဟွမ်နောက်ကို လိုက်ကြရင်းနဲ့ အချင်းချင်းတိုက်ခိုက်ကြပြီး အရည်အချင်းရှိတဲ့သူတွေ အတော်များများ ဆုံးရှုံးသွားကြလိမ့်မယ် ၊ ဒါဆို ငါ့ကိုပဲ သူတို့က ပညာပေးနိုင်မလား ၊ ငါကပဲ သူတို့ကို ပညာပေးနိုင်မလားဆိုတာ ကြည့်ကြတာပေါ့ ၊ ဒါပေမဲ့ ငါ သူတို့နဲ့ သဘောတူထားတဲ့ အချက်တစ်ခုရှိတယ် ၊ အဲဒါကြောင့် ငါတို့ကစားပွဲမှာ အဆင့်မြင့်နတ်ဘုရားတွေကတော့ ပါဝင်လာကြမယ် မထင်ဘူး ၊ မဟုတ်ရင်လည်း သူတို့တွေ နောင်တရကြလိမ့်မယ်…"
ရွှီချင်းဟွမ်ကို ငါးစာအဖြစ်အသုံးပြုကာ ဘုရင်မကြီးက ပထမဆုံး အကွက်ရွှေ့လိုက်ခြင်း ဖြစ်လေသည်။ ဘုရင်မကြီး၏ ကစားကွက်ကို လွိလော် ကောင်းကောင်း နားလည်လိုက်သည်။
အမှန်တော့ ယနေ့သည် ရွှီချင်းဟွမ်ကို သေဒဏ်ချမှတ်ခဲ့သည့်နေ့ ဖြစ်လေ၏။
ရွှီချင်းဟွမ်သည် ဘုရင်မကြီးအတွက်တော့ မည်သည့်အဓိပ္ပါယ်မှ မရှိပေ။ သို့သော် နန်းတော် (၃)ခုနှင့် နတ်ဘုရား ကျောင်းတော်ကြီး (၄)ခု အတွက်တော့ အဓိပ္ပါယ်ရှိလေသည်။
သူတို့ဘက်မှ အစွမ်းရှိလျှင် ရှိသလို ရွှီချင်းဟွမ်ကို လွယ်လွယ်နှင့် မိအောင် ဖမ်းနိုင်ကြပေလိမ့်မည်။
ဘုရင်မကြီးက ရွှီချင်းဟွမ်၏ တန်ခိုးစွမ်းအားများကို ဖျက်စီးထားပြီး ဖြစ်လေသည်။ သို့သော်… ရွှီချင်းဟွမ်လိုလူမျိုးက လျှော့တွက်၍မရပေ။ တန်ခိုးစွမ်းအားများ ဖျက်စီးခံထားရလျှင်လည်း သူ့ကိုရင်ဆိုင်ရန်မှာ လွယ်ကူမည်တော့ မဟုတ်ပေ။
ထို့ပြင် ရွှီချင်းဟွမ်က တန်ခိုးစွမ်းအားများ ဖျက်စီးခံလိုက်ရပြီးမှ တန်ခိုးစွမ်းအားများ ပြန်လည်ရရှိအောင် ကြိုးစားနိုင်ပါက ပြန်လည်မွေးဖွားလာသူတစ်ယောက်ပမာ အစွမ်းအစများ ပိုပြီးကြီးမားလာမည် ဖြစ်လေသည်။
ယနေ့ ပွဲဦးထွက်မှာပင်လျှင် ရွှီချင်းဟွမ်က ရွှမ်နွီနန်းတော်မှ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် ကျီးယင်ကို ရက်ရက်စက်စက်အနိုင်ယူလိုက်ပြီ ဖြစ်သည်။ ထိုသို့ အနိုင်ယူလိုက်ခြင်းက နန်းတော် (၃)ခုနှင့် နတ်ဘုရားကျောင်းတော်ကြီး (၄)ခုကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
ရွှီချင်းဟွမ်သည် ငါးစာဖြစ်လေသည်။ ထို့ကြောင့် သူ့ကို သားကောင်ဟု သတ်မှတ်နိုင်လေသည်။ သို့သော်… ကျီးယင်ကို အနိုင်ယူလိုက်ပြီးသည့်နောက် ရွှီချင်းဟွမ်သည် သားကောင်မှ မုဆိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
နန်းတော် (၃)ခုနှင့် နတ်ဘုရားကျောင်းတော်ကြီး (၄)ခုမှ လူများမှာ သူ့ကို ပေါ့ပေါ့တန်တန် သဘောမထားရဲကြတော့ပေ။
ကျီးယင်သေဆုံးသွားရမှုသည် သူတို့အားလုံးကို သတိပေးသလို ဖြစ်သွားခဲ့လေသည်။ ထို့ပြင် သူတို့အားလုံးသည် ရွှီချင်းဟွမ်ကို မည်သည့်နည်းနှင့်မှ အလွတ်ပေးကြတော့မည် မဟုတ်ပေ။
လွိလော်က…
"ဒါပေမဲ့ ကျွန်မနားမလည်တာက ရွှီချင်းဟွမ်က ရွှီချင်းဟွမ်က ရွှမ်နီနန်းတော်က ကျီးယင်မိန်းကလေးကို ဘယ်လိုတန်ခိုးစွမ်းအားမျိုးနဲ့ အနိုင်ယူလိုက်တာလဲ…"
မယ်တော်ဝမ်မူက …
"ရွှီချင်းဟွမ်က သေစေခြင်းကျောင်းတော်က ထိပ်တန်းအဆင့် ဓားသိုင်းပညာတစ်ခုဖြစ်တဲ့ 'နတ်ဘုရားသုတ်သင်ခြင်း' ဓားကို ကျင့်ကြံထားတာ ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးထောင်လောက်က သေစေခြင်းကျောင်းတော်က ဘိုးဘေးတစ်ယောက်က အဲဒီဓားသိုင်းပညာနဲ့ နတ်မိစ္ဆာအဓိပတိနန်းတော်က လူတစ်ယောက်ကို တိုက်ခိုက်ဖူးတယ် ၊ ဒါပေမဲ့ အဲဒီဘိုးဘေးကို နတ်မိစ္ဆာအဓိပတိကြီးကိုတိုင် နှိမ်နင်းပစ်လိုက်တယ် ၊ နောက်ပိုင်းမှာ အဲဒီဓားသိုင်း ပျောက်ကွယ်သွားတော့တာပဲ ၊ ငါထင်တာက အဲဒီဓားသိုင်းပညာကို နတ်မိစ္ဆာအဓိပတိကြီးပဲ သိရှိနိုင်တော့မယ်ပေါ့ ၊ ဒါပေမဲ့ ရွှီချင်းဟွမ်က ဘယ်လိုလုပ် ဒီဓားသိုင်းကို ကျင့်ကြံခဲ့သလဲဆိုတာတော့ ငါလည်း မသိဘူး…"
မယ်တော်ဝမ်မူက ခဏနားပြီးမှ စကားဆက်ပြောလိုက်သည်။
"ကြည့်ရတာ နတ်မိစ္ဆာအဓိပတိနန်းတော်က လူတွေလည်း လူ့လောကထဲကို ထွက်လာကြပြန်ပြီထင်တယ်…"
နတ်မိစ္ဆာအဓိပတိနန်းတော်ဟု ကြားလိုက်သည်နှင့် လွိလော်၏မျက်ဝန်းများတွင် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်သွားလေသည်။
မိုးနတ်မင်း၏ ကောင်းကင်ဘုံနန်းတော် ပျက်စီးသွားပြီးသည့်နောက် ဝူကျွမ်းကျောင်းတော်နှင့် နတ်မိစ္ဆာအဓိပတိ နန်းတော်မှာ တန်ခိုးစွမ်းအားအမြင့်မားဆုံးနေရာများ ဖြစ်ကြလေသည်။
လောကတစ်ခုလုံးတွင် ပြောင်းလဲမှုများ ၊ ဘေးအန္တရယ်များ များစွာရင်ဆိုင်ခဲ့ကြရပြီးသည့်နောက် အားလော်ဟယ် ကဲ့သို့သော လူမျိုးပင်လျှင် နတ်မိစ္ဆာအဓိပတိကြီးနှင့် ဝူကျွမ်းကျောင်းတော်တို့ကို မလေးမစားမလုပ်ရဲပေ။
မယ်တော်ဝမ်မူ၏ ကျောက်စိမ်းရေကန်ဥယျာဉ်သည် ရှေးဟောင်းကျောက်စိမ်းရေကန်ဥယျာဉ်ကို ဆက်ခံထားခြင်း ဖြစ်လေသည်။ ကျောက်စိမ်းရေကန်ဥယျာဉ်ကို ဆက်ခံခဲ့ကြသည့် မယ်တော်အဆက်ဆက်သည် ကျင်းမူမယ်တော် အဆင့်သို့ရောက်ရှိအောင် ကျင့်ကြံလေ့ရှိကြလေသည်။
သို့သော်… လက်ရှိအချိန်တွင် မယ်တော်ဝမ်မူသည် ကျင့်မူမယ်တော်အဆင့်ကို တက်ရောက်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် သူမအနေဖြင့် နတ်မိစ္ဆာအဓိပတိနန်းတော်ကို မည်သည့်နည်းနှင့်မှ ယှဉ်နိုင်မည် မဟုတ်ပေ။
လွိလော်က…
"နတ်မိစ္ဆာအဓိပတိနန်းတော်ဆိုတာ နတ်မိစ္ဆာအဓိပတိကြီးကို ကိုယ်စားပြုတယ် ၊ မယ်တော်… ကိစ္စတွေက သူတို့နဲ့သာ ပတ်သက်နေတယ်ဆိုရင် အားလုံး ရှုတ်ကုန်တော့မှာပဲ…"
မယ်တော်ဝမ်မူက…
"လွိလော်… တစ်နေ့ကျရင် မင်းလည်း ငါ့လောက် ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိလာမှာပဲ ၊ အဲဒီအချိန်ကျရင် တာအိုမဟာလမ်းစဉ်ကို နားလည်လာလိမ့်မယ် ၊ အဲဒီအခါကျရင် ကျင့်စဉ်လမ်းကို လျှောက်လှမ်းတာဟာ နောက်ဆုတ်လို့မရဘူးဆိုတာ မင်းသိလာလိမ့်မယ် ၊ ဒါကြောင့် အခုအချိန်မှာ စိတ်ချမ်းချမ်းသာသာ နေလို့ရတုန်း နေထားဦးကွယ်…"
မယ်တော်ဝမ်မူ၏ စကားကိုကြားသည့်အခါ လွိလော်မှ ပြောစရာစကားများပင် ပျောက်ဆုံးသွားရသည်။
……………
ရွှီချင်းဟွမ်သည် ဘုရင့်နေပြည်တော်ထဲတွင် လမ်းသလားနေလေသည်။
သို့သော်… ရဲမက်များက သူ့ကို မြင်တွေ့နိုင်ခြင်း မရှိပေ။ သူကိုယ်တိုင်ကလည်း ရဲမက်များ သူ့ကိုမြင်တွေ့ခြင်း မရှိအောင် မည်သည့်တန်ခိုးစွမ်းအားမှ အသုံးပြုထားခြင်း မရှိပေ။ ရဲမက်များက သူ့ကို အလိုလိုနေရင်း မတွေ့မြင်နိုင် ဖြစ်နေကြဟန် တူလေ၏။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို မည်သူမှ မသိနိုင်ပေ။
သို့သော်… ရဲမက်များကသာ ရွှီချင်းဟွမ်ကို မတွေ့မြင်နိုင်ကြသည့်တိုင် ကျင့်ကြံသူများအားလုံးကတော့ ရွှီချင်းဟွမ်ကို တွေ့မြင်နေကြရလေသည်။ အဘယ်ကြောင့်ဆိုသော် ရွှီချင်းဟွမ်ဆီမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များသည် ကောင်းကင်တွင် နေမင်းကြီးထွန်းလင်းနေသည့်အလား မြင်သာထင်သာ ဖြစ်နေသောကြောင့်ပင် ဖြစ်လေ၏။ မျက်လုံးများကို မှိတ်ထားလျှင်တောင်မှ အငွေ့အသက်များ၏ ပူလောင်မှုကို ခံစားနေရမည် ဖြစ်လေသည်။
ဘုရင့်နေပြည်တော်တွင်ရောက်ရှိနေသည့် ကျင့်ကြံသူများအားလုံးမှာ ရွှီချင်းဟွမ်၏ တည်ရှိမှုကို ခံစားသိရှိနေကြသော်လည်း တကယ်တမ်းတွင် သူ့အနားသို့ မည်သူမှ ချဉ်းကပ်ဝံ့ခြင်း မရှိကြပေ။
ထို့ကြောင့် ရွှီချင်းဟွမ်မှာ မာန်တက်နေလေတော့သည်။
သူက အစကတည်းက အမှောင်ထဲတွင် ပုန်းကွယ်နေရသည့် မြားတစ်စင်းအလား အေးစက်တိတ်ဆိတ်စွာဖြင့် အသက်မရှင်လိုပေ။ ထို့ကြောင့် လက်ရှိအခြေအနေကို သဘောအကျကြီး ကျလျှက်ရှိနေလေတော့သည်။
သူက အသစ်ပြန်လည်မွေးဖွားလာသည့်အလား ခံစားနေရလေသည်။ လက်ရှိ သူ့အခြေအနေသည် အလွန်အန္တရယ်များသည့်တိုင် သူက ဘုရင့်နေပြည်တော်ရှိ လမ်းမထက်တွင် အေးဆေးသက်သာစွာ လမ်းလျှောက်နေခဲ့လေသည်။
ဘုရင့်နေပြည်တော်ကို ကာရံထားသည့် အနီရောင် တံတိုင်းကြီးများနောက်တွင် အနောက်တံခါး တည်ရှိလေသည်။ အနောက်တံခါးသို့ သွားရာ စြင်္ကန်လမ်းထက်တွင် ရွှီချင်းဟွမ် လမ်းလျှောက်နေလေ၏။
ထိုအချိန်…
ရွှီချင်းဟွမ်၏ ရှေ့တည့်တည့်ရှိစြင်္ကန်လမ်းထက်တွင် အနီရောင်ဝတ်ဆင်ထားသည့် လူတစ်ယောက် စိတ်အေးလက်အေး ထိုင်နေသည်ကို တွေ့မြင်လိုက်ရလေသည်။
ထိုသူက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတွင်လည်း မိန်းကလေးများလိမ်းခြယ်လေ့ရှိသည့် မျက်နှာချေများကို ထူထဲစွာ လိမ်းခြယ်ထားလေ သည်။ သို့သော်… ထိုသူက မိန်းကလေးတစ်ယောက်မဟုတ်ဘဲ ယောကျ်ားလေးတစ်ယောက် ဖြစ်လေ၏။ သူ့ပုံစံက နူးညံ့သိမ်မွေ့ဟန်ရှိသည့်တိုင် သူ့လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ဆောင်ထားလေသည်။
ထိုလူငယ်က မြင်သူတကာ ငေးရလောက်အောင် ချောမောလှပသူတစ်ယောက် မဟုတ်သော်လည်း သူ့ပုံစံက မိန်းကလေး တစ်ယောက်ထက်ပင် နူးညံ့သိမ်မွေ့နေလေရာ လမ်းသွားလမ်းလာများက သူ့ကို သတိထားမိကြလေ သည်။
ရွှီချင်းဟွမ်က ထိုသူကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများကို အသာမှေးစင်းလိုက်ရင်း…
"မင်းက ဘယ်သူလဲ…"
မျက်နှာချေများ ထူထပ်စွာလိမ်းချယ်ထားသည့် လူငယ်က…
"ကုချန်စန်း…"
ရွှီချင်းဟွမ်က…
"ချင်းယန်ကျောင်းတော်က ကုချန်စန်းလား ၊ မင်းကဘယ်လိုဖြစ်လို့ သရဲရုပ်ထွက်နေရတာလဲ…"
ကုချန်စန်းက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ယင်နဲ့ယန် ဘက်ညီနေတာကို မင်းနားမလည်နိုင်ပါဘူး ၊ ဒါပေမဲ့ အခု ကျုပ်ရဲ့ဘဝကို ကျုပ် ကျေနပ်ပါတယ်…"
ရွှီချင်းဟွမ်က စိတ်မဝင်စားသည့်ဟန်ဖြင့်…
"နေပါဦး… မင်းဟာမင်း ကျေနပ်နပ် မနပ်နပ် အရေးမစိုက်ပါဘူး ၊ ကျုပ် ရွှမ်နွီနန်းတော်က မိန်းကလေးကို ဘယ်လို သတ်ပစ်လိုက်လဲ မင်းသိပါတယ်နော် ၊ မင်းလည်း နတ်ဘုရားမဖြစ်ခင် ကျုပ်လက်ထဲမှာ သေချင်လို့လား…"
ကုချန်စန်းက…
"မင်းစကားတွေကြားရတာ ကြောက်လိုက်တာကွာ…"
ကုချန်စန်း၏ ပုံစံက တကယ်ပင် ကြောက်ရွံ့နေဟန် ရှိလေသည်။
ကြောက်လွန်းသောကြောင့် ယုန်လေးတစ်ကောင်အလားပင် တုန်ယင်နေလေသည်။ သူ့လက်များကတော့ ဓားကို တင်းကျပ်စွာစုပ်ကိုင်ထားလေသည်။
သို့သော်… ရွှီချင်းဟွမ်က သူ့ကို ကိုက်စားတော့မည့်အလား ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်နေလေသည်။
ရွှီချင်းဟွမ်က…
"လူတစ်ယောက်ဟာ သေသွားရင် အလကားပဲ ၊ အသက်ရှင်နေသေးရင်တော့ ရှေ့ဆက်ပြီး ကြိုးစားလို့ရသေးတယ် ၊ ဒါပေမဲ့ ပန်းဆိုတာက နူးညံ့ပေမယ့် ပွင့်ပြီးရန်ကြွေကျညှိုးနွမ်းသွားမှာပဲ ၊ သန်မာတဲ့စစ်သည်တော်တွေကျတော့ လည်း သိပ်ပြီးစွမ်းအားကြီးလာရင် အသတ်ခံကြရမှာပဲ ၊ ဘယ်အရာမှ ထာဝရ မတည်ရှိနိုင်ပါဘူးလေ… ၊ မင်းတို့ ချင်းယန်ကျောင်းတော်က ထိပ်တန်းအဆင့် နတ်ဘုရားဂိုဏ်းကြီးတစ်ဂိုဏ်းပဲ ၊ ပြီးတော့ မင်းကလည်း ချင်းယန်ကျောင်းတော်က ကျင့်ကြံသူတစ်ယောက်ဆိုတော့ ပျော့ပြောင်းနူးညံ့ခြင်းနဲ့ သန်မာခွန်အားကြီးခြင်းဆိုတဲ့ အချက်တွေကို ကောင်းကောင်းသိမှာပါ ၊ ဒါပေမဲ့ မင်း ကျုပ်ကိုလာပြီး စိန်ခေါ်မှတော့ ကံဆိုးသွားပြီလို့သာ မှတ်လိုက်တော့ ၊ ကျုပ်က မြင့်မြတ်တဲ့မျိုးရိုးက ဆင်းသက်လာတဲ့သူတစ်ယောက် မဟုတ်ပေမယ့် ကျုပ်လိုက်ခဲ့တဲ့ လမ်းစဉ်က ဘယ်လောက်ရက်စက်တဲ့လမ်းစဉ်လဲဆိုတာ အားလုံးကို သက်သေပြခဲ့ပြီးပြီပဲလေ… ဒီတော့ ဒီနေ့ မင်းလည်း သေရတော့မှာပဲ…"
ရွှီချင်းဟွမ်က သူ၏ ရက်စက်မှုကိုပေါ်လွင်စေရန်အတွက် တာအိုတေချင်ကျမ်းမှ စာသားများကိုပင် ကိုးကားပြီး ပြောဆိုနေလေသည်။
ထို့ပြင် ရွှီချင်းဟွမ်၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့်အငွေ့အသက်များက ပြင်းပြင်းထန်ထန်ထွက်ပေါ်နေပြီး ကုချန်စန်းကို လေပွေအလား လှည့်ပတ်လျှက်ရှိလေသည်။
ကုချန်စန်းမှာ မုန်တိုင်းကြားမှ မြက်ပင်လေးတစ်ပင်အလား ကူရာကယ်ရာမဲ့နေပြီး မကြာမီပင် အမြစ်မှ ပြုတ်ထွက်တော့မည့်အလား ဖြစ်နေရလေတော့သည်။
***