ပန်ပန်၏ဝိတ်လျှော့လေ့ကျင့်ခန်း
Vol. 31 Ch. 431
အခန်း (၄၃၁) ပန်ပန်၏ဝိတ်လျှော့လေ့ကျင့်ခန်း
ဦးခေါင်းသုံးလုံးမြင်းကြီးက လေထဲသို့ ဒေါသတကြီးခုန်ဝင်သွားပြီး ရန်ကျောက်ကဲနှင့်အခြားသူများကို တိုက်ခိုက်လိုက်သည်။
ဖုရန်တိုင်းပြည် ဘုရင်မင်းမြတ်က တံခါးပိတ်ကျင့်ကြံနေသော်လည်း ပြင်းထန်သောတိုက်ပွဲကို အာရုံခံမိသည့်အတွက် ကျင့်ကြံရာမှထွက်လာပြီး ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းဖြစ်၏။ သူ လှုပ်ရှားလိုက်သည်နှင့် ခန်းဟယ်မြို့တော် ပင်မအစီအရင်သည်လည်း သက်ဝင်နိုးထလာသည်။
ဤသည်ကိုမြင်တော့ ကျိယွီအိမ်ရှေ့စံမှာ ကျောထဲပင်စိမ့်သွားရသည်။
“ဒါက အုပ်စုလိုက်တိုက်ခိုက်တဲ့ တိုက်ပွဲအစီအရင်မဟုတ်ဘူး ၊ ပထဝီဝင်အနေအထားအရ တည်ဆောက်ထားတဲ့ အစီအရင်တစ်ခုပဲ ၊ ဖုရန်တိုင်းပြည်က ဒီလိုမျိုး အစီအရင်တွေကိုတောင် လျှို့ဝှက်ပြီးတော့ လုပ်ဆောင်နိုင်နေပြီလား”
“ငါတို့ ကျိယွီသာ ဖုရန်ကို စစ်ချီတိုက်ခိုက်မယ်ဆိုရင်... သူတို့ဘက်က နယ်မြေအားသာချက်ရှိသလို ဒီလိုမျိုး အစီအရင်တွေနဲ့ဆိုရင် ငါတို့ဘက်က အလွယ်လေးရှုံးနိမ့်သွားမှာပဲ”
“ဒီတစ်ခေါက် ခရီးထွက်လာတာ ဖုရန်တိုင်းပြည်အကြောင်း အတော်သိလိုက်ရတယ် ၊ တကယ်ကို အလဟသမဖြစ်ဘူးပဲ”
သူတွေးနေစဉ်မှာပင် ကောင်းကင်ထက်သို့ အနက်ရောင်မုန်တိုင်းနှင့်အတူ ပျံသန်းသွားသည့် တည်းခိုဆောင်အတွင်းမှ ခပ်မှိန်မှိန် ဓားအလင်းရောင်တစ်ချက် ထွက်ပေါ်လာသည်။
ထိုဓားအလင်းတန်းက ဦးခေါင်းသုံးလုံးမြင်းကြီး၏ လည်ပင်းထံသို့ ကျရောက်သွားပြီး ထိုသတ္တဝါကြီးထံမှ ညည်းတွားသံတစ်သံ ထွက်ပေါ်လာသည်။
တည်းခိုဆောင်ကို လွှမ်းခြုံထားသော အနက်ရောင်မုန်တိုင်းက မှိန်ဖျော့သောဓားဝိညာဉ်ဖြင့် ပေါင်းစပ်သွားပြီး ပိုမိုပြင်းထန်လာကာ မုန်တိုင်းအတွင်းထဲတွင် တည်ရှိနေသော တည်းခိုဆောင်ကိုပင် တွေ့မြင်နိုင်ရန် ခဲယဉ်းသွားသည်။
အနက်ရောင်မုန်တိုင်းထဲတွင် ဓားဝိညာဉ်ကတောက်ပနေလေရာ တိုင်ခတ်နေသည့်မုန်တိုင်းကြီးက ဓားသွားအလားထက်ရှလာသည်။
“ပုန်ကန်တဲ့သူတွေ... မင်းတို့ လုပ်ရဲသလား”
ဖုရန်တိုင်းပြည်ဘုရင်က ဒေါသတကြီးကြုံးဝါးလိုက်၏။
တစ်ဆက်တည်းပင် ဦးခေါင်းသုံးလုံးမြင်းကြီးက တစ်ချက်ဟီလိုက်ပြီး ပါးစပ်ထဲမှ တောက်ပသောမီးတောက်များကို မှုတ်ထုတ်လိုက်သည်။
မီးတောက်များက အနက်ရောင်မုန်တိုင်းနှင့် ရိုက်ခတ်မိပြီး မီးပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ တည်းခိုဆောင်တစ်ခုလုံးကို ဝန်းရံဖုံးအုပ်သွားသည်။
တည်းခိုဆောင်ထဲတွင် အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း ရန်ကျောက်ကဲကို လှည့်ကြည့်သည်။
“အာ... သခင်လေး ၊ ကြည့်ရတာ ကျွန်တော်တို့ တည်းခိုဆောင်ကို ဖျက်ဆီးပစ်ရတော့မယ်ထင်တယ်”
ရန်ကျောက်ကဲက သူ့ကိုစောင်းငဲ့ကြည့်ရင်း...
“စောစောကပဲ မင်း အရမ်းလန်းနေတာလေ ၊ အခု မရတော့ဘူးလား”
အားဟူက ရိုးရှင်းစွာရယ်မောရင်း...
“ဒါတွေအားလုံးက သခင်လေးဆီက သင်ယူခဲ့တာတွေလေ”
ရန်ကျောက်ကဲက သူ့ကိုယ်သူလက်ညှိုးထိုးရင်း...
“ဟမ်... ငါက အဲဒီလိုမျိုး ဟုတ်လို့လား”
ဘာမှမသိနားမလည်ဟန်ရှိသော ဟန်လုန်အာမှလွဲပြီး ဖန်းယွင်ရှန်း ၊ အားဟူနှင့် ရွှီဖေးတို့အားလုံးက ရန်ကျောက်ကဲကိုကြည့်ရင်း တစ်ညီတစ်ညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။
ရန်ကျောက်ကဲက ခေါင်းတစ်ချက်ခါယမ်းပြီးမှ စကားဆက်ပြော၏။
“ငါတို့တွေ လေပေါ်ပျံနေပြီဆိုတော့... တည်းခိုဆောင်ကိုဖြိုလိုက်ရင် အဆင်မပြေလောက်ဘူး
ရန်ကျောက်ကဲက ခဏမျှစဉ်းစားနေပြီးနောက် လက်ခုပ်တစ်ချက်တီးလိုက်သည်။
ထို့နာက် သူက အရိပ်ကျုံ့အိတ်ကိုဖွင့်လိုက်ပြီး အတွင်းမှ ခပ်တိုတို ကျောက်သားတုတ်တိုတစ်ချောင်းကို ထုတ်ယူလိုက်သည်။ အပြင်သို့ရောက်သည်နှင့် ထို ကျောက်သားတုတ်တိုက တဖြည်းဖြည်းကြီးမားလာပြီး ကောင်းကင်ဘုံနန်းတော်ထောက်တိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲက ကောင်းကင်ဘုံနန်းတော်ထောက်တိုင်၏ အရွယ်အစားကို ထိန်းညှိလိုက်သည်။ တိုင်လုံးက ကြမ်းပြင်ထက်တွင်ထောင်မတ်လျှက် တည်းခိုဆောင်မျက်နှာကြက်ကို ထောက်ပံ့ပေးထားပြီး တည်းခိုဆောင်တစ်ခုလုံးနှင့် တစ်သားတည်းကျသွားသည်။
တည်းခိုဆောင်က သိမ့်ခနဲတစ်ချက်တုန်ခါသွားပြီး ပြန်လည်ငြိမ်သက်သွားသည်။ စောစောက အားဟူ၏ ကြယ်တာရာချီစွမ်းအားများအပေါ် အပြည့်အဝ မှီခိုနေခဲ့သော တည်းခိုဆောင်သည် ယခုတော့ ကောင်းကင်ဘုံနန်တော်ထောက်တိုင်၏ စွမ်းအားများဖြင့် တည်ငြိမ်သွားပြီး မည်သို့သောဘေးအန္တရယ်ကြုံတွေ့ရပါစေ ပျက်ဆီးနိုင်မည် မဟုတ်တော့ပေ။
ထိုခဏတွင် တည်းခိုဆောင်တစ်ခုလုံးသည်ပင် ပြောင်းလဲသွားသည့်အလား ခံစားလိုက်ကြရ၏။
ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...
“ကဲ... ပြီးသွားပြီ...”
အားဟူက ဝမ်းသာအားရဖြင့်...
“... သခင်လေး အတော်ဆုံးပဲ”
အဲဒီနောက်မှာတော့ အလယ်ဆင့်မှော်ဝင်လက်နက်ဖြစ်သော ‘နေစင်ဓားဝှက်ဓား’ က တည်းခိုဆောင်အတွင်းမှ ထွက်ခွာသွားပြီး အနက်ရောင်မုန်တိုင်းကိုဖြတ်ကျော်ကာ ကြီးမားသော ဦးခေါင်းသုံးလုံးမြင်းကြီးကို ပြင်းပြင်းထန်ထန် ထိုးခုတ်ပစ်လိုက်သည်။
အလွန်တရာကြီးမားလှသော ဦးခေါင်းသုံးလုံးမြင်းကြီးမှာ ဓားချက်ထိမှန်ခံရပြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။
အနက်ရောင်မုန်တိုင်းက သိမ့်ခနဲတစ်ချက်လှုပ်ခတ်သွားသော်လည်း တည်းခိုဆောင်ကို ပျက်ဆီးစေခြင်းမရှိဘဲ လေထဲတွင် တည်ငြိမ်စွာ ဆက်လက်ပျံသန်းနေသည်။
ဦးခေါင်းသုံးလုံးမြင်းကြီးနှင့် နေစင်ဓားဝှက်ဓားရိုက်ခတ်မိရာမှ ဖြစ်ပေါ်လာသော စွမ်းအားအတက်အကျမှတစ်ဆင့် ခန်းဟယ်မြို့တော် ပင်မအစီအရင်၏စွမ်းအားကို ဖန်းယွင်ရှန်းက တိတ်တဆိတ်အာရုံခံလိုက်သည်။
“အဲဒီအစီအရင်က အရမ်းကြီးထူးခြားတယ်လို့တော့ မခံစားရပါဘူး”
ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...
“အမှန်ပဲ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာကလူတွေက တိုက်ပွဲအစီအရင်ကိုပဲ အသုံးပြုသင့်တယ် ၊ ပတ်ဝန်းကျင်မြေအနေအထားကို အခြေခံပြီး ဒီလိုမျိုး ကြီးမားတဲ့ အစီအရင်တွေကို တည်ဆောက်တာက သူတို့ကျွမ်းကျင်တဲ့အလုပ် မဟုတ်ဘူး”
ခဏနားပြီးမှ သူက ဆက်ပြောသည်။
“ထားပါ... ဒါက ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာ အမြင်နဲ့ ပြောတာပါ ၊ သူတို့ မျောလွင့်ဝိညာဉ်ကမ္ဘာက လူတွေအချင်းချင်း တိုက်ခိုက်ကြရင်တော့ ဒီလိုအစီအရင်မျိုးကို လူသတ်လက်နက်အဖြစ် အသုံးပြုလို့ ရနိုင်ပါတယ်”
ဦးခေါင်းသုံးလုံးမြင်းကြီး အစိတ်စိတ်အမွှာမွှာအက်ကွဲသွားသည်ကို တွေ့ရသည့်အခါ ဖုရန်အိမ်ရှေ့စံနှင့် စစ်သေနာပတိ’လျန်ဟန်’ တို့နှစ်ယောက်လုံး မှင်တက်သွားကြသည်။
အကြီးအကဲ’ရုန်’ နှင့် ကျိယွီအိမ်ရှေ့စံတို့မှာလည်း မချိတင်ကဲဖြစ်သွားကြရ၏။
အဝေးတစ်နေရာရှိ ဖုရန်နန်းတော်ထက်တွင် အနက်ရောင်မုန်တိုင်းကြီးကို သည်းမခံနိုင်စွာ စူးစိုက်ကြည့်နေသော လူရွယ်တစ်ယောက် ရှိနေသည်။ ထိုသူက နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော ဘုရင်တစ်ပါးပင်။
သူက အေးစက်စွာနှာတစ်ချက်မှုတ်ရင်း လက်ဝါးနှစ်ဖက်ကိုယှက်လိုက်သည်။ ထို့နောက် နန်းတော်အောက်ဘက် တည်နေရာသို့ ဖြည်းဖြည်းချင်း လက်ဝါးဖြင့်တွန်းထုတ်လိုက်၏။
ဒါကိုမြင်တော့ လျန်ဟန် အလွန်တရာ တုန်လှုပ်သွားပြီး...
“မင်းကြီး... ဒီလိုလုပ်လို့မဖြစ်ဘူး”
ဖုရန်အိမ်ရှေ့စံလည်း မျက်နှာပျက်သွားပြီး...
“ခမည်းတော်...”
ကျယ်လောင်သော အော်မြည်သံတစ်သံနှင့်အတူ ဖုရန်နန်းတော်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ အဆုံးမရှိသော မီးတောက်များ တောက်လောင်လာပြီး ဦးခေါင်းသုံးလုံးရှိသော မြင်းကြီးတစ်ကောင် ဒေါသတကြီးဖြင့် ပြေးထွက်လာသည်ကို တွေ့မြင်ရသည်။
ထိုမြင်းကြီး၏ဦးခေါင်းတွင် မီးများတောက်လောင်နေပြီး ခန္ဓာကိုယ်ကကြီးမားက အရပ်က အမြင့်ပေ (၃၀)ကျော်ခန့် ရှိသည်။ ဦးခေါင်းတစ်ခုချင်းစီတိုင်းက အိမ်ငယ်တစ်ခုပမာ ကြီးမားပြီး မျက်ဝန်းများထဲတွင် မိစ္ဆာဆန်သော အလင်းရောင်များ တဖျတ်ဖျတ်လင်းလက်နေ၏။
ထိုကြောက်မက်ဖွယ်ရာသတ္တဝါက ဒေါသတကြီးဖြင့် ကောင်းကင်ထက်သို့ ခုန်ဝင်သွားလေရာ ပတ်ဝန်းကျင်မိုးမြေတစ်ခုလုံး တုန်ခါသွားသည်။
“ဦးခေါင်းသုံးလုံးမီးတောက်သားရဲ...”
ကျိယွီအိမ်ရှေ့စံ ပင့်သက်တစ်ချက်ရှိုက်ရင်းတွေးလိုက်သည်။
“ဒီမိစ္ဆာသားရဲက ဖုရန်တိုင်းပြည်မှာ ရောက်နေတာကိုး ၊ ဒီကောင်ကြီးကို လွှတ်ပေးဖို့လွယ်ပေမယ့် ပြန်ဖမ်းဖို့က အတော်လေး ခက်လိမ့်မယ် ၊ ဒီကောင်ကြီးကြောင့် ခန်းဟယ်မြို့တစ်ဝက်လောက်တောင် ပျက်ဆီးသွားနိုင်တယ်”
ဒါကိုမြင်တော့ သွေးနီတိမ်တိုက်ဂိုဏ်းမှ အကြီးအကဲ’ရုန်’ က ရန်ကျောက်ကဲတို့အုပ်စုနောက်သို့ လိုက်ပါသွားသည်။
မီးတောက်များက လေထဲတွင် အရှိန်အဟုန်ပြင်းပြင်းဖြင့် အဆက်မပြတ် ခုန်ပျံလျှက်ရှိလေသည်။
မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများက တစ်မြို့လုံးကို လွှမ်းခြုံထားပြီး ခန်းဟယ်မြို့တော် ပင်မအစီအရင်ကြီးက လင်းလက်တောက်ပလာသည်။ စောစောက ရန်ကျောက်ကဲတို့ကိုဝင်ရောက်တိုက်ခိုက်သည့် အလွန်တရာကြီးမားသော ခေါင်းသုံးလုံးမြင်း ပုံရိပ်ကြီးက နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာပြီး “ဦးခေါင်းသုံးလုံးမီးတောက်သားရဲ” နှင့် တစ်သားတည်း ပေါင်းစပ်သွားသည်။
ခန်းဟယ်မြို့တော်ပင်မအစီအရင်ကြောင့် ဦးခေါင်းသုံးလုံးမီးတောက်သားရဲမှာ အဆင့်မြင့်တက်သွားပြီး စွမ်းအားများပိုမိုမြင့်မားလာကာ ကျယ်လောင်စွာ တစ်ချက်ဟီလိုက်သည်။
ပင်မအစီအရင်မှ ဝိညာဉ်သင်္ကေတများမှအလင်းရောင်က မီးတောက်များနှင့် ရောထွေးလျှက် ဦးခေါင်းသုံးလုံးမီးတောက်သားရဲကြီးက ချက်ချင်းပင် အနက်ရောင်မုန်တိုင်းအနားသို့ ရောက်ရှိလာသည်။ ထိုသတ္တဝါကြီး ရောက်လာသည်နှင့် အနက်ရောင်မုန်တိုင်းကြီး တစ်ချက်တုန်ခါသွားသည်။
ထိုမိစ္ဆာသားရဲကြီးက အနက်ရောင်မုန်တိုင်းအတွင်းသို့ ဒေါသတကြီးခုန်ဝင်သွားပြီး ချက်ချင်းပင် နောက်ခွာများထောက်လျှက် ပတတ်ရပ်ကာ ရှေ့ခွာများကို လေထဲသို့ မြှောက်လိုက်သည်။ ထိုအခါ ရန်ကျောက်ကဲတို့အုပ်စုမှာ ထိုက်စန်းတောင်ကြီးပြိုကျလာသည့်အလား ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ကြရ၏။
တည်းခိုဆောင်ထဲတွင်တော့ ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ဖန်းယွင်ရှန်းရင်ခွင်ထဲမှ ပန်ပန်ကို လှမ်းယူလိုက်သည်။
ပန်ပန်က ဘာမှနားမလည်ဟန်ဖြင့် မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်ပြသည်။
ရန်ကျောက်ကဲက ရယ်မောရင်း...
“မင်းနော်... တစ်ချိန်လုံး စားလိုက် အိပ်လိုက်နဲ့ ၊ အခု ဝတုတ်ကြီးဖြစ်နေပြီ ၊ အဲဒီတော့ လေ့ကျင့်ခန်းလေးဘာလေးလည်း လုပ်ဦး”
ပြောပြီးသည်နှင့် ပန်ပန်ကို တည်းခိုဆောင်အပြင်ဘက်သို့ ပစ်လွှတ်လိုက်လေ၏။
ဒါကိုမြင်တော့ ကောင်းဖန်နှင့် စာပေသမားထိတ်လန့်သွားကြသည်။
“ဒီ ဖီရှိုးက သာမန်မဟုတ်ပေမယ့် သားပေါက်လေးပဲ ရှိသေးတာ မဟုတ်ဘူးလား ၊ သူက အဆင့် (၄) ရှိတဲ့ မိစ္ဆာသားရဲတစ်ကောင်ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ ၊ ‘ဦးခေါင်းသုံးလုံးမီးတောက်သားရဲ’ က အထွတ်ထိပ်အဆင့်ကိုရောက်နေပြီ ၊ ဒီအကောင်လေးတော့ သေသွားတော့မှာပဲ”
သို့သော် နောက်ပိုင်းတွေ့မြင်ရသော မြင်ကွင်းများကြောင့် သူတို့နှစ်ယောက်မှာ မျက်လုံးများကျွတ်ထွက်မတတ် အံ့အားသင့်ခဲ့ကြရသည်။
ပန်ပန်တစ်ကောင် တည်းခိုဆောင်အပြင်သို့ ရောက်သွားလေသည်။ သူ့ခန္ဓာကိုယ်လေးက ဦးခေါင်းသုံးလုံးမီးတောက်သားရဲနှင့်ယှဉ်လျှင် မြူမှုံငယ်လေးပမာဖြစ်နေလေသည်။ မိစ္ဆာသားရဲကြီးက ပန်ပန်ရှေ့တွင် နေကိုဖုံးလွှမ်းထားသော အရိပ်ကြီးတစ်ရိပ်ပမာ ကြီးမားစွာတည်ရှိနေသည်။
ဖီရှိုးငယ်လေးက ခေါင်းမော့ကြည့်လိုက်တော့ ဦးခေါင်းသုံးလုံးမီးတောက်သားရဲ၏ မြင်းခွာကြီးနှစ်ခုက တောင်တစ်တောင်ပမာ အောက်သို့ ဖိနှိပ်ချနေသည်ကို တွေ့မြင်ရသည်။
မထုံတက်တေးပုံစံရှိနေသောပန်ပန်က ချက်ချင်းပင် ကျယ်လောင်စွာကြုံးဝါးသံပြုလိက်ရာ ဦးခေါင်းသုံးလုံးမီးတောက်သားရဲ၏ မြင်းဟီသံကြီးကို ဖုံးလွှမ်းသွားသည်။
ဘောလုံးလေမှုတ်လိုက်သည့်ပမာ ပန်ပန်၏ခန္ဓာကိုယ်က ချက်ချင်းပင် ကြီးမားလာပြီး နောက်ဆုံး မူလပုံစံအတိုင်း ကြီးမားလာတော့၏။
ပန်ပန်၏ ခန္ဓာကိုယ်ကြီးက ပေ (၃၀)ကျော်ခန့်မြင့်မားလာပြီး သူက နောက်ခြေနှစ်ချောင်းကိုထောက်လျှက် မတ်တတ်ရပ်လိုက်သည်။ သူက ဦးခေါင်းသုံးလုံးမီးတောက်သားရဲထက် အနည်းငယ်သေးသော်လည်း စွမ်းအားကတော့ ပိုမိုမြင်မားသည်။
ဖုရန်တိုင်းပြည်ဘုရင်နှင့် အခြားသူများအားလုံး မှင်တက်သွားကြသည်။
ပန်ပန်က ရှေ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကောင်းကင်ဘုံအရှင်က စေတီငယ်ကို ဆုပ်ကိုင်လိုက်သည့်ပမာ ဦးခေါင်းသုံးလုံးမီးတောက်သားရဲ၏ ရှေ့ခြေနှစ်ဖက်ကို စွမ်းအားအပြည့်ဖြင့် ဆုပ်ကိုင်လိုက်သည်။
ကြီးမားသော သားရဲကြီးနှစ်ကောင် အတူတကွ တုံ့ဆိုင်းသွားပြီးနောက် မြေပြင်ထက်သို့ ဆင်းသက်လာကြသည်။ မြေပြင်ထက်သို့ ခြေချမိသည်နှင့် ပန်ပန်၏ နောက်ခြေနှစ်ချောင်း၏ ပြင်းထန်သောစွမ်းအားကြောင့် မြေကြီးသည်ပင် ကျွံဝင်သွားသည်။
ထို့နောက် ပန်ပန်က ရှေ့လက်နှစ်ဖက်ကိုအသုံးပြုပြီး ဦးခေါင်းသုံးလုံးမီးတောက်သားရဲ၏ ရှေ့ခြေများကို ဆွဲဖြဲကာ လေထဲသို့လွှင့်ပစ်လိုက်လေရာ မိစ္ဆာသားရဲကြီးမှာ မည်သို့မျှမတတ်နိုင်စွာ မြေပြင်ထက်လဲကျသွားတော့၏။
ထိုခဏမှာပင် အကြမ်းတမ်းဆုံးသားရဲများထက်ပင် ပိုမိုရက်စက်ကြမ်းတမ်းသော ပန်ပန်၏ အသွင်အပြင် ထွက်ပေါ်လာသည်။
သူက ကြုံးဝါးသံပြုရင်း ရှေ့သို့တိုးသွားပြီး ကြီးမားသောလက်သည်းကြီးများဖြင့် မိစ္ဆာသားရဲကြီး၏ ဦးခေါင်းတစ်လုံးကို ခုတ်ဖြတ်ချလိုက်လေတော့၏။