← Chapters

တံငါသည်မိန်းမပျို

Vol. 8 Ch. 792

တံငါသည်မိန်းမပျို

Vol. 8 Ch. 792

ဘုရင့်နေပြည်တော်၏ တိမ်တိုက်များထက်တွင်တော့ နန်စန်းကျီနှင့် ယင်ရှန်းကျွင်းတို့ ရပ်နေကြလေသည်။

သူတို့၏အဝတ်အစားများက လေထဲတွင် လွင့်ပျံနေပြီး သူတို့က အောက်သို့ငုံ့ကာကြည့်နေကြသည်။ သူတို့က ရွှီချင်းဟွမ်နှင့် ကုချန်စန်းတို့၏ အခြေအနေကို လေ့လာနေကြခြင်း ဖြစ်လေသည်။

နန်စန်းကျီနှင့် ယင်ရှန်းကျွင်းတို့မှာ စစ်မှန်သည့် တာအိုလမ်းစဉ်ကို လိုက်ခဲ့ကြသည့် နတ်ဘုရားများ ဖြစ်ကြလေရာ အမြင်အာရုံအလွန်မှ စူးရှထက်မြက်ကြလေသည်။ ထို့ကြောင့် ရွှီချင်းဟွမ်၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ပြင်းထန်လွန်းသည့် သက်ဖြတ်လိုသည့်အငွေ့အသက်များကို မျက်ဝန်းထင်ထင် တွေ့မြင်နေကြရသည်။

ရွှီချင်းဟွမ်ကဲ့သို့သော လူငယ်လေးမျိုးသည် နှစ်ပေါင်းတစ်သောင်းတွင် တစ်ယောက်ထွက်ပေါ်လာရန်ပင် ခဲယဉ်းသည့် ပါရမီရှင်တစ်ယောက် ဖြစ်လေသည်။

သို့သော်… မည်မျှပင် ပါရမီထူးသူဖြစ်ပါစေ ရွှီချင်းဟွမ်သည် လမ်းမှားကိုလျှောက်ခဲ့ပြီ ဖြစ်သည့်အတွက် မိစ္ဆာတစ်ယောက် ဖြစ်လာတော့မည့်ဟန် ရှိလေသည်။

နန်စန်းကျီက…

"ခင်ဗျားရဲ့တပည့် ကုချန်စန်းက ကျင့်စဉ်လမ်းအဆင့်တက်သွားပေမယ့် နတ်ဘုရားတစ်ပါးတော့ မဟုတ်သေးဘူး ၊ သူလည်း ရွှမ်နွီနန်းတော်က မိန်းကလေးနောက်လိုက်သွားမှာ စိတ်ပူမိတယ်…"

ယင်ရှန်းကျွင်းက အေးဆေးသည့်လေသံဖြင့်…

"သေခြင်းရှင်ခြင်းဆိုတာ ကံတရားအတိုင်းပါပဲ ၊ နတ်ဘုရားတစ်ပါးဖြစ်လာဖို့ဆိုတာလည်း ကံတရားနဲ့ပဲဆိုင်တယ် ၊ ကုချန်စန်းက ကံကောင်းတဲ့သူတစ်ယောက်ပါ ၊ သူက အဲဒီ မိစ္ဆာကောင်ကိုနှိမ်နင်းပြီး သေစေခြင်းကျောင်းတော်က ကျင့်စဉ်တွေကို ဆောင်ယူလာပေးမယ်လို့ ကျုပ်တော့မျှော်လင့်မိတယ်…"

နန်စန်းကျီက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး…

"ခင်ဗျားတို့ ချင်းယန်ကျောင်းတော်က ဒီတစ်ခါတော့ သေစေခြင်းကျောင်းတော်နဲ့ ပတ်သက်မိတော့မယ် ထင်တယ်…"

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းခန့်က သေစေခြင်းကျောင်းတော်တွင် ဓားနတ်သမီးဖန်းယန်ယင်းဆိုသည့် ဘိုးဘေးဆရာတစ်ယောက်ရှိခဲ့ဖူးလေသည်။ ဓားနတ်သမီးဖန်းယန်ယင်းက ထိုက်စန့်လောင်ကျွင်း၏ ထိုက်စန့်စက္ခုတန်ခိုးကျင့်စဉ်ကို လေ့လာခဲ့ပြီး ထိုက်စန့်ဓားသိုုင်းကို တီထွင်ခဲ့လေသည်။ ထိုက်စန့်ဓားသိုင်းသည် သေစေခြင်းကျောင်းတော်၏ အခြေခံကျင့်စဉ်တစ်ခု ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်ခန့်က ဘေးအန္တရယ်ဆိုးကြီးတစ်ခု ကျရောက်ခဲ့ပြီး တာအိုကျမ်းစာများစွာ လည်းပျောက်ပျက်ခဲ့ရလေသည်။ သို့သော်… ထိုက်စန့်ဓားသိုင်းကတော့ ကံကောင်းစွာဖြင့်ပင် သေစေခြင်းကျောင်းတော်တွင် ကျန်ရစ်နေခဲ့လေသည်။

ချင်းယန်ကျောင်းတော်သည် ဘုရင်ရှစ်ပါးနန်းတော်မှ ဆင်းသက်လာသည့် တာအိုကျောင်းတော်တစ်ခု ဖြစ်လေသည်။

ဘုရင်ရှစ်ပါးနန်းတော်ဆိုသည်မှာ ထိုက်ချင်တာအိုဆရာသခင်၏ အနွယ်တော်များနေထိုင်သည့် နန်းတော် ဖြစ်လေသည်။ ဘုရင်ရှစ်ပါးနန်းတော်မှ ရွှမ်တုတောက်ကျွင်း၏ ကျင့်စဉ်အမွေကိုဆက်ခံသည့် ချင်းယန်ကျောင်းတော်သည်ပင်လျှင် ထိုက်စန့်စက္ခုတန်ခိုးကျဉ့်စဉ်ကို ဆက်ခံနိုင်ခဲ့ခြင်း မရှိပေ။

ထိုက်စန့်စက္ခုတန်ခိုးကျဉ့်စဉ်မှာ ထိုက်ချင်တာအိုဆရာသခင်၏ အခြေခံကျမ်းစာတစ်ခုဖြစ်သည့်တိုင် ချင်းယန်ကျောင်းတော်တွင်ပျောက်ဆုံးနေခဲ့လေသည်။ ထိုကျမ်းစာမရှသည့်အတွက် ချင်းယန်ကျောင်းတော်မှ ကျမ်းစာများမှာ ပြည့်စုံခြင်းမရှိဖြစ်ခဲ့ရသည်။

ထို့ကြောင့် ယခုတော့ ချင်းယန်ကျောင်းတော်အနေဖြင့် သေစေခြင်းကျောင်းတော်မှ ထိုက်စန့်ဓားသိုုင်းကို ရယူလိုခဲ့လေသည်။ ထို့ကြောင့် ကုချန်စန်းက ရွှီချင်းဟွမ်နှင့်တိုက်ခိုက်နေရခြင်း ဖြစ်လေ၏။

ကံသာမကောင်းပါက ကုချန်စန်းအနေဖြင့် အသက်ပေးသွားရနိုင်ဖွယ်ရှိသည်။

သို့သော်… ဆိုရိုးစကားတစ်ခု ရှိလေသည်။

"ယနေ့ ငါ မင်းကို ကူညီလျှင် နောက်တစ်နေ့ မင်းငါ့ကို ပြန်ကူညီရမည်"

ဟူ၍ ဖြစ်လေ၏။

ထို့ကြောင့် လောကတွင် တစ်ယောက်ကိုတစ်ယောက် အကူအညီကို ရှာဖွေကြလေ့ ရှိလေသည်။ ကျင့်ကြံသူလောကတွင်လည်း ထိုသို့ တစ်ယောက်ကိုတစ်ယောက် ကူညီခြင်းက ကံကောင်းခြင်းကို ဦးတည်စေ နိုင်လေ၏။

"လောကကြီးက သာတူညီမျှဖြစ်ပြီး သူရဲကောင်းဖြစ်လင့်ကစား မည်သည့်အခါမှ လွတ်လပ်မည် မဟုတ်ပေ"

ဟူသည့် ရှေးဟောင်းအဆိုအမိန့်လည်း ရှိလေ၏။

ထို့ကြောင့် ကျင့်ကြံသူများအနေဖြင့် အစစ်ဆေးခံရခြင်းများကို ရင်ဆိုင်ကြရမည်ပဲ ဖြစ်လေသည်။

သို့ရာတွင် ကံကောင်းပါက အစစ်ဆေးခံရမှုများကို ကျော်လွှားနိုင်မည် ဖြစ်လေသည်။ ကံကောင်းခြင်းကိုသာ ပိုင်ဆိုင်ထားပါက အစစ်ဆေးခံရမှုတွင် ကျဆုံးခဲ့သည့်တိုင် နောင်ဘဝအတွက် အခွင့်အရေးရှိမည် ဖြစ်လေသည်။

ကျင့်ကြံသူတစ်ယောက် သေဆုံးသွားပြီး လူပြန်ဝင်စားပြီးသည့်နောက် ယခင်ဘဝက သူကျင့်ကြံခဲ့သည့် ကျင့်ကြ့သူ ဂိုဏ်းတွင်ပင် တပည့်အဖြစ် ပြန်လည်ဝင်ရောက်နိုင်လေသည်။ ထို့နောက် နတ်ဘုရားတစ်ပါးဖြစ်သည်အထိ ဆက်လက်ကျင့်ကြံနိုင်မည် ဖြစ်သည်။

ကျီးယင်က သူမဘဝကို ပင်းကျယ်နည်းလမ်းဖြင့် အဆုံးသတ်ပေးရန်အတွက် ရွှင်ယောင်းကို အကူအညီတောင်းခဲ့ သည်။

နောင်ဘဝတွင်လည်း သူမအနေဖြင့် ရွှမ်နွီနန်းတော်တွင်ပင် ပြန်လည် ပညာသင်ကြားရန် အခွင့်အရေး ရကောင်းရမည် ဖြစ်လေသည်။ သို့သော်… နောင်ဘဝတွင် သူမက သာမန်လူတစ်ယောက်အဖြစ်သာ ဘဝကို လျှောက်လှမ်းမည်ဆိုလျှင်တော့ သူမ၏ ကျင့်ကြံခြင်းအထုံပါရမီက ပျောက်ဆုံးသွားမည် ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ အရင်ဘဝက ကျင့်ကြံခဲ့သည့် ဂိုဏ်းတွင်ပင် ကျင့်ကြံရန်အခွင့်အရေးရပါက ကျင့်စဉ်များမှာ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည့်အတွက် အောင်မြင်ရန် နီးစပ်လေသည်။

သေစေခြင်းကျောင်းတော်က ဖျက်စီးခံလိုက်ရပြီ ဖြစ်လေသည်။ သို့သော်… သေစေခြင်းကျောင်းတော် နှစ်ပေါင်းများစွာ စုဆောင်းခဲ့သည့် တာအိုကျမ်းစာများကို ရရှိရန်အတွက် ရွှီချင်းဟွမ်က ပစ်မှတ်ဖြစ်ခဲ့ရသည်။

ထို့ကြောင့် ရွှီချင်းဟွမ်သည် အားလုံးက ဝိုင်းပြီးမျက်စိကျနေသည့် အနေအထားကို ရောက်ရှိနေပြီး ကျင့်ကြံခြင်းလောက၏ လိုချင်တပ်မက်သည့်စိတ်များကို နှိုးစွပေးနေသလို ဖြစ်နေရလေသည်။

သို့သော်… ချင်းယန်နန်းတော်ကတော့ ထိုက်စန့်စက္ခုတန်ခိုးကျမ်းစာကိုလေ့လာနိုင်ရန်အတွက် ထိုက်စန့်ဓားသိုင်းကို ရရှိရန် အပြင်းအထန် လိုအပ်နေလေသည်။ ထို့ကြောင့် ကုချန်စန်းအနေဖြင့် ရွှီချင်းဟွမ်ကို အနိုင်ရရန် လိုအပ်လေသည်။

ကုချန်စန်းမှာ ဆရာဖြစ်သူပေးအပ်သည့် တာဝန်ကို ပခုံးပေါ်တွင် ထမ်းထားရလေသည်။

ထို့ကြောင့် သူက တစ်ချက်တုံ့ဆိုင်းခြင်းမရှိဘဲ ရွှီချင်းဟွမ်ကို ရင်ဆိုင်လိုက်သည်။

သူသာ ရွှီချင်းဟွမ်ကို အနိုင်ရခဲ့လျှင် ချင်းယန်ကျောင်းတော်မှ ဂုဏ်ပြုခြင်းကို ခံရမည်ဖြစ်သည်။ ထို့ပြင် အစစ်ဆေးခံရခြင်းကို ကျော်လွှားနိုင်ပြီး နတ်ဘုရားတစ်ပါးအဖြစ် တက်လှမ်းနိုင်ရန်လည်း အခွင့်အရေးရမည် ဖြစ်လေသည်။

ရွှီချင်းဟွမ်၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များက ကုချန်စန်းကို ဖိနှိပ်ထားလေသည်။

ကုချန်စန်းက ထိုင်နေရာမှ ထလိုက်ပြီး သူ၏ ခန္ဓာကိုယ်က မုန်တိုင်းထဲမှ မိန်းမပျိုလေး တစ်ယောက်အလား ယိမ်းယိုင်နေလေသည်။ သူက ရွှီချင်းဟွမ်၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များကြားတွင် အလိုက်သင့်စီးမျောနေ လေသည်။

ကုချန်စန်းမှာ လှိုင်းလေထန်သည့်မြစ်ထဲတွင် ကူးခတ်နေသည့် ငါးတစ်ကောင်အလား ဖြစ်လေသည်။ ငါးတစ်ကောင်ဖြစ်သည့်အတွက် ရေထဲတွင် ရှင်သန်နိုင်မည်ဖြစ်သော်လည်း လွယ်ကူမည်တော့ မဟုတ်ပေ။  သတိမထားလျှင် ရေစီးထဲတွင် မျောပါသွားမည် ဖြစ်လေသည်။

နေက်ဆုံးတွင်တော့ ကုချန်စန်းသည် ရွှီချင်းဟွမ်၏ သတ်ဖြတ်လိုသည့် အငွေ့အသက်များကို တင်းခံထားနိုင်ခြင်း မရှိတော့ဘဲ သူ့လက်ထဲမှ ဓားကို ဆွဲထုတ်လိုက်လေသည်။

ဓားရောက်တစ်ချက်လက်ခနဲဖြစ်သွားပြီး ရွှီချင်းဟွမ်၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာ ချက်ချင်းပင် ကစဉ့်ကလျားဖြစ်ကုန်ကြလေသည်။

ကုချန်စန်း၏ ဓားသိုင်းမှာ အလွန်အဆင့်မြင့်ပြီး ဓားကွက်များကလည်း လျှို့ဝှက်နက်ရှိုင်းလေသည်။

ကုချန်စန်းက သူ၏ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်လေရာ…

တောင်တစ်တောင်၏ ပုံရိပ်ထွက်ပေါ်လာလေသည်။ တောင်ပေါ်တွင် စမ်းချောင်းလေးများ လှည့်ပတ်စီးဆင်းနေပြီး ရေတံခွန်များကလည်း အလွန်လှပစွာ ဖြာဆင်းနေလေသည်။ တောင်ပေါ်တစ်လျှောက်တွင် သာယာသည့် နတ်တေးဂီတများလည်း ပျံ့လွင့်လျှက် ရှိလေ၏။

ကောင်းကင်တိမ်တိုက်များထက်မှ အောက်သို့ ငုံ့ကြည့်နေသည့် နန်စန်းကျီက…

"လော်ဖူ…"

ဟုရေရွတ်လိုက်လေသည်။

ကုချန်စန်းအသုံးပြုလိုက်သည့် ဓားသိုင်းမှာ "လော်ဖူ" ကို ဖန်ဆင်းပြလိုက်ခြင်း ဖြစ်လေသည်။

လော်ဖူဆိုသည်မှာ တောင်တစ်တောင်၏ အမည်ဖြစ်လေသည်။ ခွန်လွန်တောင်နှင့် လင်စန်းတောင်ပြီးလျှင် အလွန် ထင်ရှားကျော်ကြားသည့် နတ်ဘုရားတောင်တစ်တောင် ဖြစ်လေသည်။

သို့သော်… ထိုနေရာတွင် တာအိုကျင့်ကြံသူများ နေထိုင်ကြခြင်း မရှိပေ။

နတ်ဘုရားများသာ အေးဆေးစွာ နေထိုင်ကြသည့် နေရာတစ်ခုဖြစ်သည်။ ထိုနေရာတွင် နေထိုင်သည့် နတ်ဘုရားများက ပြဒါးကိုသန့်စင်ရန်ဖိုထိုးသည့်အလုပ် ၊ နတ်ဆေးပင်များ ရှာဖွေစုဆောင်းသည့်အလုပ် ၊ တာအိုတရားနှင့် တန်ခိုးစွမ်းအားကျင့်စဉ်များအကြောင်းကို ဆွေးနွေးသည့်အလုပ်များကို ပြုလုပ်ရင်း အေးချမ်းစွာ နေထိုင်ကြလေသည်။

နှစ်ပေါင်းများစွာကြာလာသည့်အခါ လော်ဖူတောင်ပေါ်တွင်နေထိုင်သည့်နတ်ဘုရားများ၏ တန်ခိုးစွမ်းအားများကြောင့် တောင်တစ်ခုလုံးတွင် မြူခိုးများ အုံ့ဆိုင်းလာလေသည်။ ထို့နောက် လော်ဖူတောင်သည် စကြာဝဠာအတွင်းသို့ လွင့်မျောသွားသည့် ထူးဆန်းသည့် တောင်တစ်တောင် ဖြစ်လာလေတော့သည်။

ကျင့်ကြံသူတစ်ယောက်သာ လော်ဖူတောင်ကို ရောက်ရှိသွားမည်ဆိုပါက မရေမတွက်နိုင်အောင်များပြားသည့် နတ်ဘုရားဆေးဝါးများ ၊ များပြားလှစွာသည့် မှော်ဝင်စွမ်းအားများနှင့် ထင်ရှားသည့် နတ်ဘုရားကျင့်စဉ်ပေါင်းများစွာကို တွေ့ရှိရမည် ဖြစ်သည်။

ယခုတော့ ကုချန်စန်းသည် ဓားသိုင်းတစ်ကွက်တည်းဖြင့် လော်ဖူတောင်ကို ဖန်ဆင်းပြခဲ့ပြီ ဖြစ်လေသည်။ ၌သည်ကို ကြည့်ခြင်းအားဖြင့် သူ၏တာအိုတန်ခိုးစွမ်းအားများ မည်မျှ နက်ရှိုင်းသည်ကို သိရှိနိုင်လေသည်။

ကုချန်စန်း၏ ဓားသိုင်းမှာ မိုးကောင်းကင်နတ်ဘုရားတစ်ပါးကိုပင် ကောင်းကောင်း ရင်ဆိုင်နိုင်မည် ဖြစ်သည်။ သို့သော်… ရွှီချင်းဟွမ်ဆိုသည်ကလည်း သွေးအေးအေးဖြင့် ရက်စက်တတ်လွန်းသူတစ်ယောက် ဖြစ်လေရာ ကုချန်စန်းအနေဖြင့် ရွှီချင်းဟွမ်ကို အနိုင်ယူရန်မှာ ထင်သလောက် မလွယ်ကူလှပေ။

ဆန်းလျန်က ကုချန်စန်းနှင့် ရွှီချင်းဟွမ်၏ တိုက်ပွဲကို စိတ်ဝင်တစားဖြင့် တိတ်တဆိတ်စောင့်ကြည့်နေလေသည်။

ရုတ်တရက်…

ဆန်းလျန်၏ နတ်ဘုရားစိတ်အာရုံတစ်ချက်လှုပ်ရှားသွားလေသည်။

"အာ…"

ဆန်းလျန်က တစ်ချက်ရေရွတ်လိုက်ကာ ကုချန်စန်းနှင့် ရွှီချင်းဟွမ်တို့၏တိုက်ပွဲကို အာရုံမစိုက်တော့ဘဲ ရွှမ်ဝူရေကန်သို့ ထွက်ခွာလာခဲ့လေတော့သည်။

ရွှမ်ဝူရေကန်မှာ အလွန်ကြီးမားသည့် ရေကန်ကြီးတစ်ကန်ဖြစ်လေသည်။

ရေကန်ကြီးမှာ အလွန်ကြီးမားသည့်အတွက် ရေသတ္တဝါများ ၊ ငါးသတ္တဝါများ ပေါများလွန်းလေသည်။ ထို့ကြောင့် ရွှမ်ဝူရေကန်တွင် ငါးဖမ်းသမားတံငါသည်များဖြင့် အစဉ်အမြဲ စည်ကားလျှက်ရှိလေသည်။

ယနေ့တွင်လည်း…

ခါတိုင်းနေ့များကဲ့သို့ပင် ရွှမ်ဝူရေကန်တွင် တံငါသည်များ ငါးဖမ်းလျှက်ရှိကြလေသည်။

သို့သော်… ထူးဆန်းသည့်အချက်မှာ တံငါသည်များအလယ်တွင် ချောမောလှပသည့် တံငါသည်မိန်းမပျိုတစ်ယောက် ရောက်ရှိနေခြင်းပင်ဖြစ်သည်။

သူမသည် အသက် (၂၃)နှစ် ၊ (၂၄)နှစ်ခန့်ရှိပြီး တံငါသည်မိန်းကလေးတစ်ယောက်ဟု မထင်ရလောက်အောင် အလွန်တရာ ချောမောလှပလေသည်။

သူမ၏လက်ထဲတွင် ငါးခြင်းတောင်းတစ်လုံးကို ကိုင်ဆောင်ထားပြီး ငါးခြင်းတောင်းထဲတွင် ရွှေငါးကြီးတစ်ကောင် ရှိနေလေသည်။

တံငါသည်မိန်းကလေးမှာ အလွန်တရာချောမောလှပသည့်အတွက် အခြားသောတံငါသည်များက မျက်နှာလိုမျက်နှာရဖြင့် သူမ၏ ခြင်းတောင်းထဲမှ ရွှေငါးကို ဝိုင်းပြီး ဝယ်ယူနေကြလေသည်။

သို့သော်… တံငါသည်မိန်းမပျိုက…

"ဒီငါးက ရောင်းဖို့ မဟုတ်ပါဘူး ၊ ပြီးတော့… ဒီငါးက စားလို့လည်းမရဘူး ၊ အဖိုးတန်ရတနာငါးတစ်ကောင်ပဲ…"

မိန်းမပျိုက ရွှေငါးကြီးကို မရောင်းသည့်အတွက် တံငါသည်များကလည်း ဆက်လက်ဝယ်ယူခြင်း မပြုလုပ်ကြတော့ပေ။

သို့သော်… မိန်းကလေးမှာ လှပလွန်းလေရာ ရွှေငါးကြီးကို မဝယ်ယူကြသည့်တိုင် မိန်းကလေးအနားမှ မခွာနိုင်ဘဲ ရှိနေကြလေသည်။

ထိုအချိန်မှာပင် တံငါသည်တစ်ယောက်က မေးလိုက်လေသည်။

"မိန်းကလေး… မင်းမှာ အိမ်ထောင်ရှိသလား…"

တံငါသည်မိန်းကလေးက ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး ချစ်စရာကောင်းလှစွာ တစ်ချက်ပြုံးလိုက်ရင်း…

"ကျွန်မ လက်မထပ်ရသေးပါဘူး…"

မိန်းကလေး၏အဖြေက တံငါသည် ယောကျ်ားပျိုများကို မျှော်လင့်ချက်ပေးသလို ဖြစ်သွားလေသည်။

နောက်ထပ် ယောကျ်ားပျိုတစ်ယောက်က…

"ဒါဖြင့် ကျုပ်ကို လက်ထပ်ပါလားဗျ…"

ထိုသူ၏စကားကြောင့် အခြားသူများက ဝိုင်းဝန်း ရယ်မောလိုက်ကြလေသည်။

ထိုသူမှာ မိန်းကလေးတစ်ယောက်ကို မပြောသင့်သည့်စကား ပြောလိုက်ခြင်း ဖြစ်သော်လည်း အမှန်တကယ်ပင် မိန်းမပျိုကို လက်ထပ်လိုခြင်း ဖြစ်လေသည်။ သူက အခြားသူများထက်ပိုပြီး ရဲရင့်စွာဖြင့် မိန်းမပျိုကို လက်ထပ်ခွင့် တောင်းလိုက်ခြင်း ဖြစ်လေသည်။

ထို့နောက်တွင်တော့…

တံငါသည်များက တစ်ယောက်ပြီးတစ်ယောက် မိန်းကလေးကို ချစ်ခွင့်ပန်ကာ လက်ထပ်ခွင့်တောင်းကြလေတော့သည်။

သူတို့ စုဆောင်းထားကြသည့် အဖိုးတန်ပစ္စည်းလေးများကိုပင် မိန်းကလေးကို ချစ်သက်လက်ဆောင်အဖြစ် ပေးအပ်ကြလေသည်။

မိန်းကလေးကလည်း ပေးသည့်လက်ဆောင်များကို မငြင်းပယ်ဘဲ လက်ခံယူကာ ငါးခြင်းတောင်းထဲသို့ ထည့်လိုက်လေသည်။

သို့သော်… များပြားလှစွာသည့် လက်ဆောင်ပစ္စည်းများကို ထည့်လိုက်သည့်တိုင် ငါးခြင်းတောင်းမှာ ပြည့်လျှံသွားခြင်းမျိုး မရှိပေ။ ထို့ပြင် ငါးခြင်းတောင်းထဲမှ ရွှေရောင်ငါးကြီး၏ အကြေးခွံများဆီမှ ရွှေရောင်များ တလက်လက်တောက်ပလာလေသည်။

သို့ရာတွင်… မိန်းမပျို၏ အလှတရားတွင် နစ်မျောနေသည့် တံငါသည်များမှာတော့ ထိုသို့သော ထူးဆန်းသည့် အဖြစ်အပျက်များဖြစ်ပျက်နေခြင်းကို သတိထားမိခြင်း မရှိခဲ့ကြပေ။

***

All Chapters