← Chapters

တိုင်းပြည်တစ်ခုမှာမွှေနှောက်ခဲ့

Vol. 31 Ch. 432

တိုင်းပြည်တစ်ခုမှာမွှေနှောက်ခဲ့

Vol. 31 Ch. 432

အခန်း (၄၃၂) တိုင်းပြည်တစ်ခုမှာမွှေနှောက်ခဲ့

ပန်ပန်က လက်သည်းများကို ပြန်လည်ရုတ်သိမ်းလိုက်သည့်အခါ ဦးခေါင်းသုံးလုံးမီးတောက်သားရဲကြီး၏ ခေါင်းတစ်လုံးက မြေပြင်ထက်ပြုတ်ကျသွားပြီး သားရဲကြီးမှာ တိုက်ခိုက်ရန်မဆိုထားနှင့် ပန်ပန်လက်မှလွတ်မြောက်ရန်ပင် မနည်းရုန်းကန်နေရသည်။

ပြတ်ထွက်သွားသည့်ဦးခေါင်းကြီးက အဝေးဆီသို့လွင့်ထွက်သွားပြီး မြေပြင်ထက်သို့ ဝုန်းကနဲ လေးလံစွာ ကျဆင်းသွားသည်။

အဝေးတစ်နေရာရှိ ဖုရန်နန်းတော်ထက်တွင် မတ်တတ်ရပ်နေသော ဖုရန်ဘုရင်၏မျက်နှာက စိတ်မသက်မသာ ဖြစ်သွားဟန်ပင်။

ပန်ပန်က ဦးခေါင်းသုံးလုံးမီးတောက်သားရဲကို စုတ်ဖြဲပစ်လိုက်သည့်အခါ ဖုရန်အိမ်ရှေ့စံမင်းသား ၊ စစ်သေနာပတိ’လျန်ဟန်’ နှင့် အခြားသူများမှာ မိဘများဆုံးပါးသွားသည့်ပမာ ကြေကွဲခံစားလိုက်ကြရသည်။

သို့ပေသိ ဖုရန်တိုင်းပြည်ဘုရင်ကတော့ ထူးထူးခြားခြား တည်ငြိမ်နေပြီး သူ့မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုအရိပ်အမြွက်ကိုပင် ယောင်ဝါးဝါးတွေ့မြင်ရသည်။

ထို့နောက် ဖုရန်ဘုရင်က လက်ဖဝါးများကို အလျားလိုက်ရှေ့သို့တွန်းထုတ်လိုက်ပြီး ခပ်တိုးတိုး ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်သည်။ ထိုအခါ ခန်းဟယ်မြို့တော်ကို ဖုံးလွှမ်းထားသည့် ဝိညာဉ်သင်္ကေတများက ဒီရေအလားမြင့်တက်လာပြီး ဦးခေါင်းသုံးလုံးမီးတောက်သားရဲ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

သို့သော် ပန်ပန်က ကြုံးဝါးသံတစ်ချက်ပြုလုပ်ရင်း ဦးခေါင်းသုံးလုံးမီးတောက်သားရဲကြီးကို လက်သည်းဖြင့် ထပ်မံကုတ်ခြစ်ချလိုက်ရာ ထိုသတ္တဝါကြီးကိုလွှမ်းခြုံထားသည့် ဝိညာဉ်သင်္ကေတများ ချက်ချင်းပင် အက်ကွဲပျောက်ကွယ်သွား၏။

ထိုမြင်ကွင်းကိုတွေ့သည်နှင့် ဖုရန်ဘုရင် မျက်နှာပျက်သွားပြီး နန်းတော်မှ အလျှင်အမြန်ထွက်ခွာသွားသည်။ သူ ဦးတည်ရာက ပန်ပန်နှင့် ဦးခေါင်းသုံးလုံးမီးတောက်သားရဲကြီး တိုက်ခိုက်နေသည့်နေရာဆီသို့ ဖြစ်သည်။

ထိုခဏမှာပင် ပန်ပန်က မြေပြင်ထက်မတ်တတ်ရပ်လျှက် သူ၏ရှေ့လက်နှစ်ဖက်ကိုမြှောက်ကာ ဦးခေါင်းသုံးလုံးမီးတောက်သားရဲ၏ ကျန်ရှိသောခေါင်းနှစ်လုံးကို ထပ်မံကုတ်ခြစ်ပစ်ရန် ဟန်ပြင်လိုက်သည်။

ပန်ပန်၏လက်ထဲပိတ်မိနေပြီး မလှုပ်ရှားနိုင်တော့သော မိစ္ဆာသားရဲကြီးမှာ နာကျင်စွာဖြင့် ရှည်လျားသော ဟီသံကြီးတစ်ချက်ကို ထုတ်လွှတ်လိုက်၏။

ထိုအချိန် ခန္ဓာကိုယ်တစ်ခုလုံးအား ဦးခေါင်းသုံးလုံးမြင်းကြီးတစ်ကောင်၏ပုံရိပ်လွှမ်းခြုံထားသော ဖုရန်တိုင်းပြည်ဘုရင်က လေပမာလျှင်မြန်သောအရှိန်ဖြင့် ပန်ပန်နှင့် မိစ္ဆာသားရဲကြီးအနားသို့ ရောက်ရှိလာသည်။

ဒါကိုမြင်တော့ အနက်ရောင်မုန်တိုင်းအတွင်းရှိ တည်းခိုဆောင်ထဲတွင်ရှိနေသော ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“မင်းတို့တွေက ဘာဖြစ်ချင်မှန်း နားမလည်ပေမယ့်... ငါတို့ကတော့ မင်းတို့နဲ့ ဆက်မကစားပေးနိုင်တော့ဘူး”

ဖုရန်ဘုရင်ဝင်ရောက်လာသည်ကိုတွေ့သည်နှင့် ပန်ပန်က ဒေါသတကြီးကြုံးဝါးလိုက်ပြီး သူ၏ အနက်ရောင်ရေစွမ်းအားကို ထုတ်ဖော်လိုက်သည်။ များပြားလှစွာသော အနက်ရောင်ရေများမြင့်တက်လာပြီး ခိုင်မာတောင့်တင်းသော တံတိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ ဖုရန်တိုင်းပြည်ဘုရင်လာရာလမ်းကို ပိတ်ဆို့ထားလိုက်၏။

ဖုရန်ဘုရင်ကို လွှမ်းခြုံထားသော ကြီးမားသော ဦးခေါင်းသုံးလုံးမြင်းကြီး၏ပုံရိပ်က အနက်ရောင်ရေတံတိုင်းကြီးကို ထိပ်တိုက်ဝင်စောင့်လိုက်သည်။ သို့သော် ညည်းတွားအော်ြမည်သံတစ်ချက်ထွက်ပေါ်လာပြီး ဦးခေါင်းသုံးလုံးမြင်းပုံရိပ်ကြီး အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားကာ ရေတံတိုင်းကြီးကို ဖြိုမချနိုင်ခဲ့ပေ။

တစ်ချိန်တည်းမှာပင် ပန်ပန်က မိစ္ဆာသားရဲကြီးကို ခြေထောက်ဖြင့်ဆောင့်နင်းလိုက်ရာ ပြင်းထန်လှသောစွမ်းအားများကြောင့် မြေပြင်ထက်အက်ကွဲကြောင်းများထင်ဟပ်သွားသည်။ ထိုအပ်ကွဲကြေင်းများက အရပ်မျက်နှာအသီးသီးသို့ မရပ်မနားပျံ့နှံ့သွားလေသည်။

ခြေဖြင့်ဆောင့်နင်းခံရသည့်အတွက် ဦးခေါင်းသုံးလုံးမီးတောက်သားရဲကြီးမှာ နံရိုးများကျိုးသွားပြီး ကျန်ရှိသည့်ဦးခေါင်းနှစ်ခုမှလည်း သွေးများစီးကျလာကာ သူ့ခန္ဓာကိုယ်တွင် တောက်လောင်နေသည့် မီးတောက်များလည်း ငြိမ်းသတ်သွားရသည်။

အားဟူက...

“သွားကြစို့...”

အနက်ရောင်မုန်တိုင်းကြီးက ပန်ပန်ကို လေထဲပြန်လည်ဆွဲခေါ်သွားသည်။

ပန်ပန်က မျက်တောင်တစ်ချက်ခတ်လိုက်လေရာ သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးက ပြန်လည်ကျုံ့ဝင်သွားပြီး မုန်တိုင်းကြီးအတွင်း လျှင်မြန်စွာ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ဖုရန်ဘုရင်၏မျက်နှာက ဒေါသကြောင့်နီရဲနေသည့်တိုင် ဦးခေါင်းသုံးလုံးမီးတောက်သားရဲကြီးနံဘေးသို့ အလျှင်အမြန်သွားရောက်ပြီး သတ္တဝါကြီးကို ကယ်တင်ပေးရန် အစွမ်းကုန်ကြိုးစားလိုက်သည်။

ရန်ကျောက်ကဲတို့နောက်သို့လိုက်လာသော အကြီးအကဲ’ရုန်’မှာလည်း ဆက်မလိုက်နိုင်တော့ဘဲ အနက်ရောင်မုန်တိုင်းကြီး ပျောက်ကွယ်သွားသည်အထိသာ ငေးကြည့်ရုံသာ တတ်နိုင်တော့သည်။

ဖုရန်အိမ်ရှေ့စံမင်းသားနှင့် စစ်သေနာပတိ ‘လျန်ဟန်’ တို့မှာတော့ အကြီးအကျယ် မျက်နှာပျက်လျှက်ရှိကြသည်ပင်။

ထိုသူများက သွေးနီလှံရှည်တပ်ဖွဲ့၏ တိုက်ပွဲအစီအရင်ကို ချိုးဖျက်နိုင်ခဲ့ရုံသာမက ဖုရန်တိုင်းပြည်ဘုရင်ကိုယ်တိုင် တံခါးပိတ်ကျင့်ကြံရာမှထွက်လာပြီး ခန်းဟယ်မြို့တော် ပင်မအစီအရင်ကို အသက်ဝင်စေခဲ့သည့်တိုင် သူတို့ကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

သူတို့တိုင်းပြည်တွင်ဖမ်းဆီးထားသော ဦးခေါင်းသုံးလုံးမီးတောက်သားရဲကြီးကိုစေလွှတ်တိုက်ခိုက်သည့်တိုင် တစ်ဖက်မှ ဖီရှိုးသတ္တဝါ၏ တိုက်ခိုက်မှုကိုခံရပြီး အသက်မျော့မျော့သာ ကျန်ခဲ့ရသည်။

ဖုရန်တိုင်းပြည်က ကြေကွဲဖွယ်ရာဆုံးရှုံးမှုများကို ခံစားခဲ့ရသည့်တိုင် ထိုသူများကတော့ ဆံချည်တစ်မျှင်ပင်မထိခိုက်ဘဲ ထွက်ခွာသွားကြသည်။

ဤအဖြစ်အပျက်ကြောင့် ဖုရန်တိုင်းပြည်မှလူများအားလုံး မကျေမနပ်ဖြစ်ကြရသလို အဖြစ်မှန်၏နောက်ကွယ်တွင် ကြောက်ရွံ့မှုကိုလည်း စတင်ခံစားလာကြရသည်။

သနားစရာ ခန်းဟယ်မြို့တော်၏အခြေအနေကိုကြည့်ရင်း ကျိယွီအိမ်ရှေ့စံမင်းသားမှာ စိတ်ထဲက ကြိတ်ပျော်နေမိသည်။ သို့သော် သူ့ရင်ထဲတွင် လေးလံလို့နေပေ၏။

“ဖုရန်တိုင်းပြည်ရဲ့ အင်အားက ငါတို့ထင်ထားတာထက် ကြီးမားတာပဲ ၊ တကယ်လို့ ဘယ်ကမှန်းမသိရောက်လာတဲ့ ဒီလူထူးလူဆန်းတွေကြောင့်သာမဟုတ်ရင် ဒီအကြောင်းတွေ သိရမှာမဟုတ်ဘူး ၊ တကယ်လို့ ဖုရန်နဲ့ ကျိယွီစစ်ဖြစ်ခဲ့ရင် ဒီပုံစံအတိုင်းဆို ငါတို့ဘက်က ရှုံးမှာသေချာတယ်”

“ပြီးတော့ ဒီလူထူးလူဆန်းတွေရဲ့ ဇာစ်မြစ်က ဘာများလဲ ၊ သူတို့က နှင်းကြိုးကြာဂိုဏ်းနဲ့ တကယ်ပဲပတ်သက်နေတာလား ၊ ဒါပေမဲ့ နှင်းကြိုးကြာဂိုဏ်းက ဒီလောက်စွမ်းအားမြင့်မားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး”

“ခမည်းတော်ကို အမြန်ဆုံးအကြောင်းကြားရမယ် ၊ ဒီ လူထူးလူဆန်းတွေက သွေးနီတိမ်တိုက်ဂိုဏ်းနဲ့ ရန်ငြိုးဖွဲ့ခဲ့ကြပြီဆိုတော့... ငါတို့ ကျိယွီတိုင်းပြည်လည်း သတိထားရမယ် ၊ သူတို့ကို သွေးနီတိမ်တိုက်ဂိုဏ်းက မသုတ်သင်နိုင်ခင်မှာ ငါတို့ ကျီယွိတိုင်ပြည်လည်း သူတို့နဲ့ ပြဿနာမဖြစ်အောင် နေထိုင်ရမယ် ၊ ပြဿနာဖြစ်လို့ကတော့ အခု ဖုရန်တိုင်းပြည်ဒုက္ခရောက်သွားတာက သက်သေပဲ”

ကျီယွိအိမ်ရှေ့စံမင်းသား စဉ်းစားနေရင်း ယခင်ကထက် များစွာအိုစာသွားပုံရသော အကြီးအကဲ’ရုန်’ သူတို့ရှေ့မှ ဖြတ်လျှောက်သွားသည်ကို တွေ့ရသည်။

ထိုခဏတွင် သူ့ခေါင်းထဲ အတွေးတစ်ချက်ဝင်လာလေ၏။

“သွေးနီတိမ်တိုက်ဂိုဏ်းကရော ဒီလူထူးလူဆန်းတွေကို သုတ်သင်ပစ်နိုင်ပါ့မလား”

***

ခန်းဟယ်မြို့တော်မှ ထွက်ခွာလာပြီးနောက် ရန်ကျောက်ကဲ ရုတ်တရက် ‌နောက်သို့လှည့်ကြည့်လိုက်သည်။

ကောင်းကင်ထက်သို့ပစ်လွှတ်လိုက်သည့်အနီရောင်အလင်းတန်းတစ်ခုကိုတွေ့မြင်ရပြီး ထိုအလင်းတန်းက လေထဲတွင် မီးရှူးမီးပန်းပမာ ပေါက်ကွဲထွက်သွားသည်။

ရန်ကျောက်ကဲက ရယ်မောရင်း...

“ဘာလဲ... ဒါက သွေးနီတိမ်တိုက်ဂိုဏ်းကလူတွေ အနီးပတ်ဝန်းကျင်က သူတို့လူတွေကို စစ်ကူတောင်းနေတာလား”

သူ့ရှေ့တွင်ရှိနေသော ကောင်းဖန်နှင့် စာပေသမားတို့မှာ ရန်ကျောက်ကဲကို အတော်လေးဖျားနေပြီး ကြောက်ရွံ့လွန်းသဖြင့် တစ်ကိုယ်လုံး ထုံကြဉ်နေကြပေပြီ။

သူတို့တွေးထင်ခဲ့သမျှ အရာအားလုံးသည် အစကပင် လုံးလုံးလျားလျား လွဲမှားနေခဲ့သည် မဟုတ်လား။

ရန်ကျောက်ကဲကဲ့သို့ လူတစ်ယောက်သည် ဖုရန်အိမ်ရှေ့စံကို ခစားလိုပါမည်လား ၊ ဖုရန်ဘုရင်ကို သစ္စာစောင့်သိရန် ဆန္ဒရှိပါမည်လား။

သူတို့တွေးထင်ခဲ့သည်များက ဟာသပမာပင်။

ထိုကဲ့သို့ပုဂ္ဂိုလ်တစ်ယောက်ကို သွားရောက်ရန်စမိသည်ကို ပြန်စဉ်းစားရင်း နှစ်ယောက်သား လဲသေချင်စိတ်ပင် ပေါက်လျှက်ရှိ၏။

ထိုစဉ် ရန်ကျောက်ကဲက သူတို့ကို ပုံမှန်အတိုင်းပင်လှမ်းကြည့်လာပြီး မေးခွန်းထုတ်လိုက်သည်။

“ရုန်ကျီးဆိုတဲ့လူက သွေးနီတိမ်တိုက်ဂိုဏ်းမှာ ဘယ်အဆင့်ထိ စွမ်းအားမြင့်မားသလဲ”

ကောင်းဖန်နှင့် စာပေသမားမှာ ရုတ်တရက် လန့်သွားကြပြီးမှ တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေသည်။

“သွေးနီတိမ်တိုက်ဂိုဏ်းမှာ စွမ်းအားမြင့်မားတဲ့သူတွေ အများကြီးရှိတာဆိုတော့... ခန့်မှန်းလို့တော့မရဘူး ၊ ဒါပေမဲ့ အကြီးအကဲ’ရုန်’ က ကျွန်တော်တို့ထက်တော့ အများကြီးပိုပြီး စွမ်းအားမြင့်မားပါတယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့... သွေးနီတိမ်တိုက်ဂိုဏ်းမှာ အကြီးအကဲ’ရုန်’ ထက် စွမ်းအားမြင့်မားတဲ့သူ နည်းနည်းပဲရှိတယ်ဆိုတာ သေချာပါတယ်”

ရန်ကျောက်ကဲက ပြုံးရင်း...

“ကောင်းပြီ... မင်းတို့သိတာအကုန်ပြောပြကြ ၊ မင်းတို့တွေ ငါ့ကိုတော လိမ်မပြောရဲဘူး မဟုတ်လား”

ဖမ်းဆီးခံထားရသူနှစ်ယောက်မှာ မချိပြုံးပြုံးလိုက်ကြပြီး ခေါင်းတွင်တွင် ညိတ်လိုက်မိကြသည်။

အတန်ကြာ မေးခွန်းများမေးမြန်းပြီးနောက် ရန်ကျောက်ကဲမျက်နှာက ထူးဆန်းသွားသည်။

“နည်းနည်းတော့ လွဲနေသလိုပဲ”

သူ ရေရွတ်လိုက်၏။

ထို့နောက် ရန်‌ကျောက်ကဲက အတွေးများကိုရပ်တန့်လိုက်ပြီး အားဟူကိုလှမ်းကြည့်လိုက်သည်။

“တည်းခိုဆောင်ကြီးသယ်ပြီး မုန်တိုင်းတိုက်ရင်းပျံသန်းနေရတာ ဘယ်လိုခံစားရလဲ”

အားဟူက ရိုးရှင်းစွာပင် ရယ်မောရင်း...

“အချိန်အကြာကြီးဆိုရင်တော့ အရမ်းပင်ပန်းမှာပဲ”

ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းရင်း...

“မင်းပင်ပန်းတာ အရေးမကြီးဘူး ၊ အခုလိုပျံနေတာက အရမ်းနှေးလွန်းတယ် ၊ လောလောဆယ် ငါတို့မှာ အချိန်မရှိဘူးလေကွာ”

ထိုစကားကြားတော့ အားဟူက ချက်ချင်းပင် ကြမ်းပြင်ထက် ခြေတစ်ချက်စောင့်နင်းလိုက်ရာ တည်းခိုဆောင်တစ်ခုလုံး တုန်လှုပ်ပြီး အလယ်မှနှစ်ပိုင်းကွဲထွက်သွားသည်။

ရန်ကျောက်ကဲကလည်း အိမ်ကိုထောက်ပံ့ပေးထားသော ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

အားဟူက အလွန်တရာ ထိတ်လန့်တုန်လှုပ်နေဟန်ရှိသော ကောင်းဖန်နှင့် စာပေသမားကို လှမ်းကြည့်လိုက်ပြီး...

“သခင်လေး... ဒီနှစ်ယောက်ကို ဘယ်လိုလုပ်မှာလဲ”

ရန်ကျောက်ကဲက...

“မင်း အဆင်ပြေသလိုသာ ကြည့်လုပ်လိုက်”

အားဟူက ခေါင်းညိတ်လိုက်ပြီး ထိုနှစ်ယောက်ကို တစ်ယောက်တစ်ဖက်ဆွဲခေါ်ကာ အဝေးဆီသို့ ထွက်ခွာသွားသည်။ အချိန်အတန်ကြာမှ သူက ရန်ကျောက်ကဲတို့ အုပ်စုထံသို့ ပြန်ရောက်လာ၏။

ရွှီဖေးက...

“အခု ငါတို့တွေ နှင်းကြိုးကြာဂိုဏ်းကို ခရီးဆက်ကြမှာလား”

ရန်ကျောက်ကဲအကြောင်းသိရှိထားကြသော ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် အခြားသူများက နှင်းကြိုးကြာဂိုဏ်းကို  အတော်လေး စိတ်ဝင်စားနေကြသည်။

ရန်ကျောက်ကဲက...

“ဟုတ်တယ် ၊ နောက်ထပ်အစီအစဉ်တွေမလုပ်ခင် အဲဒီဂိုဏ်းကို အရင်လေ့လာကြည့်ကြတာပေါ့”

ကောင်းဖန်နှင့် စာပေသမားကို မေးမြန်းစစ်ဆေးပြီးသည့်နောက် နှင်းကြိုးကြာဂိုဏ်းနှင့် နဂါးစိမ်းတောင်တည်ရှိရာ နေရာကို သိရှိထားပြီးဖြစ်သည်။ နှစ်ဂိုဏ်းလုံးက ဖုရန်တိုင်းပြည် မြောက်ပိုင်းတွင် တည်ရှိကြသည်။ သို့သော် လမ်းခရီးက အလွန်ဝေးကွာလေရာ လမ်းတစ်လျှောက် တိုင်းပြည်များစွာ ၊ နယ်မြေများစွာကို ဖြတ်ကျော်ရပေမည်။

ရန်ကျောက်ကဲတို့အုပ်စု မြန်နိုင်သမျှမြန်မြန် အရှိန်အဟုန်ပြင်းစွာဖြင့် အနောက်မြောက်ဘက်သို့ ခရီးနှင်လာခဲ့ကြသည်။

ခန်းဟယ်မြို့တော်တွင် ဖြစ်ပျက်သမျှကို သွေးနီတိမ်တိုက်ဂိုဏ်းက လျှို့ဝှက်ဖုံးကွယ်ထားခဲ့သော်လည်း သတင်းက အလွန်လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်ပင်။

အဖြစ်အပျက်များကို သိရှိပြီးနောက် သွေးနီတိမ်တိုက်ဂိုဏ်းဌာနချုပ်က ထိပ်တန်းအဆင့်သိုင်းသမားအများအပြား စေလွှတ်ပြီး ရန်ကျောက်ကဲတို့အုပ်စုကို ခြေရာခံ ရှာဖွေကြသည်။

နဂိုကပင် မတည်မငြိမ်ဖြစ်နေသော ‘မျောလွင့်ဝိညာဉ်ကမ္ဘာ’ တွင် ယခုတော့ ပြဿနာတိမ်တိုက်များက ပိုမိုမြင့်တက်လွှမ်းခြုံလာခဲ့ပြီ ဖြစ်လေ၏။

All Chapters