ဟွမ်ထင်ကျမ်းစာရွတ်ပြရာဝယ်
Vol. 8 Ch. 793
ဆန်းလျန်က ထိုအဖြစ်အပျက်များကိုကြည့်နေရင်း ခပ်ပါးပါးလေးတစ်ချက် ပြုံးလိုက်လေသည်။
ထို့နောက် ဆန်းလျန်က သူ့ကိုယ်သူ သစ်ခုတ်သမားတစ်ယောက်အဖြစ် ဖန်ဆင်းလိုက်ပြီး ထင်းစည်းတစ်စည်းကို ထမ်းကာလမ်းအတိုင်းလျှောက်လာခဲ့သည်။
လမ်းလျှောက်လာရင်း ဆန်းလျန်က သီချင်းတစ်ပုဒ်ကို သီဆိုလိုက်လေသည်။ ထိုအခါ… ဆန်းလျန်၏ သီချင်းသံသည် ဆူညံနေသည့်လူအုပ်ကြီး၏အသံကို ဖုံးလွှမ်းသွားလေသည်။
"နတ်ဘုရားများရဲ့ စစ်တုရင်ကစားပွဲကိုကြည့်ရင်း အေးချမ်းစွာ ထင်းခွေ… တိမ်ကိုစီးကာ ခရီးနှင်ရင်း … ရတဲ့ပိုက်ဆံနဲ့အရက်သောက်ရင်း ပျော်ရွှင်စွာရယ်မောလို့… တာအိုလမ်းစဉ်က မြင့်မားလွန်းတယ်… နံနက်အရုဏ်တက်တဲ့အခါ လရောင်က အနောက်ဆီမှာ ပျောက်ကွယ်… လောကမှာ အရာအားလုံးက ခြားနားမှုမရှိဘဲ တူညီနေ… နတ်ဘုရားများကတော့ 'ဟွမ်ထင်' ကျမ်းစာအကြောင်းဆွေးနွေးနေ…"
ထိုသီချင်း၏အမည်မှာ "ထင်ဖန်" ဟူ၍ ဖြစ်လသည်။
ဆန်းလျန်၏ သီချင်းသံကို ကြားလိုက်ရသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး အေးချမ်းတိတ်ဆိတ်သွားသလို ခံစားလိုက်ကြရလေသည်။
သူက ရုတ်တရက်ပင် ထင်းစည်းကို တံငါသည်များနံဘေးတွင် ပစ်ချလိုက်သည်။
ထို့ကြောင့် မိန်းမပျိုကိုအာရုံစိုက်နေကြသည့် တံငါသည်များမှာ ဆန်းလျန်ကို အာရုံစိုက်လာကြလေသည်။
တံငါသည်မိန်းမပျိုက မိုးနတ်သူဇာအလား လှပလွန်းသည်ဆိုလျှင် ဆန်းလျန်ကတော့ ခွန်စန်းတောင်မှ ကျောက်စိမ်းရတနာအလား ခန့်ညားလွန်းလှလေသည်။
သို့သော်… တံငါသည်မိန်းကလေးက ဆန်းလျန်ကို လှမ်းကြည့်ခြင်းမရှိသလို ဆန်းလျန်ကလည်း တံငါသည်မိန်းကလေးကို တစ်ချက်ပင် လှမ်းမကြည့်ပေ။
တံငါသည်တစ်ယောက်က…
"သစ်ခုတ်သမား… ထင်းစည်းကို ဘာလို့ ဒီနေရာမှာ လာပစ်ချရတာလဲ…"
ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း…
"ဒီနေရာက အများပိုင်နေရာပဲ ၊ ထင်းစည်းပစ်မချရဘူးလို့ ဘယ်သူက အမိန့်ထုတ်ထားလို့လဲ…"
နောက်ထပ်တစ်ယောက်က လေသံခပ်မာမာဖြင့်…
"အဲဒီ ထင်းစည်းဘယ်လောက်လဲ ၊ ကျုပ်ဝယ်မယ်…"
ဆန်းလျန်က တံငါသည်မိန်းကလေး၏ ငါးခြင်းတောင်းအတွင်းမှ ရွှေငါးကြီးကို တစ်ချက်လှမ်းကြည့်လိုက်ရင်း…
"ကျုပ်ရဲ့ထင်းစည်းက ရောင်းဖို့ မဟုတ်ဘူး ၊ မင်းတို့သာ ဒီထင်းစည်းကို 'မ' နိုင်မယ်ဆိုရင် ယူသွားလို့ရတယ် ၊ ပိုက်ဆံပေးစရာ မလိုဘူး…"
ပြောပြီးသည်နှင့် ဆန်းလျန်က လက်နှစ်ဖက်ကိုနောက်ပစ်ကာ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်လေသည်။
သူ၏မျက်ဝန်းများက နူးညံ့သိမ်မွေ့သည့်တိုင် လူအားလုံးကို အသိတရားရအောင် လှုပ်နှိုးလိုက်သကဲ့သို့ ရှိလေသည်။
တံငါသည်များမှာ ကာယလုပ်သားများဖြစ်ကြလေရာ အများစုမှာသန်စွမ်းကြံ့ခိုင်သူများ ဖြစ်ကြလေသည်။ ထို့ကြောင့် ဆန်းလျန်ယူဆောင်လာသည့် ထင်းစည်းကို မ 'မ' နိုင်ဘူးဆိုသည်မှာမည်သို့ ဖြစ်နိုင်ပါမည်နည်း။
ပခုံးကျယ်ကျယ် ၊ ရင်အုပ်ကားကားနှင့်တံငါသည်လူငယ်တစ်ယောက်က ရှေ့သို့ထွက်လာပြီး အသံကျယ်ကျယ်ဖြင့် ဆန်းလျန်ကို မေးလိုက်သည်။
"မင်း တကယ်ပြောတာလား…"
ဆန်းလျန်ကဲ့သို့ ပိန်ပိန်ပါးပါးနှင့် တင့်တယ်ချောမောသော လူငယ်လေးပင်လျှင် ထင်းစည်းကို သယ်လာနိုင်သေးလျှင် သူကရော အဘယ့်ကြောင့် ထင်းစည်းကို မသယ်နိုင်ရှိရပါမည်နည်း။
ထိုသူက သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နှင့် ဖြစ်လေသည်။
ဆန်းလျန်က အေးဆေးသည့်လေသံဖြင့်…
"တကယ်ပေါ့ ၊ ကျုပ်က ဘာဖြစ်လို့ ညာပြောရမှာလဲ…."
"ကောင်းပြီ…"
စကားဆုံးသွားသည်နှင့် ထိုသူက ထင်းစည်းကို ကောက် 'မ' လိုက်သည်။
သို့သော်… ထင်းစည်းကို 'မ' မရသည့်အပြင် ထိုသူမှာ မြေပြင်ထက်သို့ ဖင်ထိုင်ရက် လဲကျသွားလေသည်။ ထင်းစည်းလေးတစ်စည်းက ထိုမျှလေးလံနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ထိုသူက မကျေမနပ်ဖြင့် ထပ်ပြီး 'မ' ကြည့်ပြန်သည်။ သို့သော်… ထင်းစည်းက နေရာမှ တစ်ချက်ပင် မရွေ့ပေ။ နောက်ဆုံး ထိုသူ၏လက်တွင် သွေးများပင်ထွက်လာလေသည်။
ထိုသူက ရှက်ကိုးရှက်ကန်းဖြင့်…
"မင်းရဲ့ ထင်းစည်းက ဘယ်လိုဖြစ်လို့ ဒီလောက်လေးနေရတာလဲ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"လေးရင်လည်း တောင်တစ်တောင်လောက်လေးလိမ့်မယ် ၊ ပေါ့ရင်လည်း ငှက်မွှေးလေးလိုပဲ ပေါ့ပါးလိမ့်မယ်…"
ထိုသူက….
"မင်းပြောချင်တာ ဘာအဓိပ္ပါယ်လဲ…"
ဆန်းလျန်က…
"နတ်ဘုရားတစ်ပါးက 'မ' ရင် ဒီထင်းစည်းက ငှက်မွှေးလေးလိုပဲ ပေါ့ပါးနေလိမ့်မယ် ၊ သာမန်လူတစ်ယောက်က 'မ' မယ်ဆိုရင်တော့ ဒီထင်းစည်းက တောင်တစ်တောင်လိုပဲ လေးလံနေလိမ့်မယ်… ၊ ကျုပ်ပြောတာ ရှင်းပြီလား…"
ထိုသူက ဆန်းလျန်၏စကားကို လက်မခံဘဲ အခြေအတင် ငြင်းခုန်ရန် ဟန်ပြင်လိုက်သည်။
သို့သော်… သူ့ကိုစိုက်ကြည့်နေသည့် ဆန်းလျန်၏ နွေးထွေးလှသောမျက်ဝန်းများကို တွေ့မြင်လိုက်ရသည့်အခါ အနည်းငယ်ကြောက်ရွံ့သွားမိလေသည်။ ထို့ကြောင့် ဆန်းလျန်နှင့် ငြင်းခုန်ခြင်းမပြုတော့ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက်တွင်တော့ အခြားသူများကလည်း ထင်းစည်းကို 'မ' ကြည့်ကြလေသည်။ သို့သော်… မည်သူမှ ထင်းစည်းကို 'မ' နိုင်ခြင်း မရှိကြပေ။
ထိုအခါမှ ဆန်းလျန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းတစ်ချက်ခါယမ်းလိုက်ရင်း…
"ကြည့်ရတာ မင်းတို့အားလုံးက သာမန်လူတွေပဲထင်တယ် ၊ ဘယ်လိုလုပ် လောကရဲ့ အလှနတ်သမီးလေးနဲ့ ထိုက်တန်မှာတဲ့လဲ…"
ဆန်းလျန်က စကားတစ်ခွန်းတည်းဖြင့် တံငါသည်အုပ်စုကို သရော်လိုက်လေသည်။
တံငါသည်များမှာ ဆန်းလျန်၏ စကားကြောင့် ဒေါသထွက်သွားကြသော်လည်း ဆန်းလျန်မှာ လူထူးလူဆန်းတစ်ယောက် ဖြစ်သည်ကို ရိပ်မိသည့်အတွက် ဒေါသကို မြိုချလိုက်ကြလေသည်။ သူတို့က ဆန်းလျန်ကို ကြောက်ရွံ့နေကြသည့်အတွက် မည်သူမှ စကားပြန်ပြောဆိုရဲခြင်း မရှိကြပေ။
ထိုအချိန်မှာပင်… တံငါသည်မိန်းမပျိုက…
"လောကမှ လူသားအားလုံးက အတူတူပါပဲ ၊ ဘာလို့ နတ်ဘုရား သာမန်လူဆိုတာတွေကို ခွဲခြားနေမှာလဲ ၊ ဒီကအစ်ကိုပြောတဲ့စကားက တရားမျှတမှု မရှိဘူး…"
သူမ၏အသံလေးက နူးညံ့သိမ်မွေ့ပြီး ဂီတသံထက်ပင် သာယာလွန်းလှလေသည်။
ထို့ပြင် သူမပြောသည့်စကားမှာလည်း ကျိုးကြောင်းစီလျော်သည့်အတွက် တံငါသည်များက ခေါင်းညိတ်ထောက်ခံ လိုက်ကြသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"သူတို့လိုသာမန်လူတွေက မင်းကို ဝိုင်းပြီး လက်ထပ်ခွင့်တောင်းနေကြတာ မင်း စိတ်မညစ်ဘူးလား…"
ဆန်းလျန်၏ အမေးစကားကြောင့် တံငါသည်မိန်းမပျို၏ မျက်ဝန်းများထဲတွင် မကျေနပ်သည့်အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။
"မညစ်ပါဘူး… ပြီးတော့ ကျွန်မကို လက်ထပ်ခွင့်တောင်းတဲ့သူတွေများလွန်းလို့ ကျွန်မက ဘယ်သူ့ကိုရွေးရမှန်းမသိ ဖြစ်နေတာ…"
မိန်းမပျို၏ စကားသံကိုကြားသည်နှင့် အရှက်မရှိလှသော ယောကျ်ားပျိုများက တစ်ယောက်တစ်ပေါက် ထပြီး အော်ဟစ်ကြလေသည်။
"ကျုပ်ကိုရွေးပါ…"
"ငါ့ကို ရွေး…"
"ကျွန်တော့ကို ရွေးပါ… ကျွန်တော့်ကို…"
ယောကျ်ားလေးများ ဝိုင်းဝန်းအော်ဟစ်ကြသည့်အတွက် တံငါသည်မိန်းကလေးက ရှက်သွေးဖြာသွားခြင်းမျိုး မရှိပေ။
သူမက…
"ကျွန်မ ရှင်တို့နားထောင်ဖို့ ကျမ်းစာတစ်ပုဒ်ရွတ်ပြမယ် ၊ ကျွန်မ ရွတ်ပြတာကို တစ်ခါတည်းနဲ့ အလွတ်မှတ်မိသွားတဲ့ သူရှိရင် အဲဒီသူကို ကျွန်မ လက်ထပ်မယ်…"
လူတစ်ယောက်က ဆန်းလျန်ကို မေးငေါ့ပြလိုက်ရင်း…
"ဟို သစ်ခုတ်သမား မှတ်မိနေရင် ဘယ်လိုလုပ်မလဲ ၊ ပြီးတော့ လူအများကြီးက ကျမ်းစာကို မှတ်မိနေရင်ရော ဘယ်လိုလုပ်မလဲ…"
တံငါသည်မိန်းမပျိုက…
"အဲဒီလိုဆိုရင် ကျမ်းစာကို ပထမဆုံး အလွတ်ရွတ်ပြနိုင်တဲ့သူကို ကျွန်မ လက်ထပ်မယ်…."
ထို့နောက်တွင်တော့ တံငါသည်မိန်းမပျိုက ကျမ်းစာကို စတင် ရွတ်ဆိုလေသည်။
သူမရွတ်ဖတ်သည့်ကျမ်းစာမှာ တာအိုကျမ်းစာလည်းမဟုတ်သလို ဗုဒ္ဓဘာသာ ကျမ်းစာလည်း မဟုတ်ပေ။
ထိုကျမ်းစာမှာ လောကကြီးတစ်ခုလုံးကို ဖန်ဆင်းခဲ့သည့် ဖန်ဆင်းရှင်ဟုဆိုကြသည့် အားလော်ဟယ်အကြောင်း ကျမ်းစာဖြစ်လေသည်။
ဖန်ဆင်းရှင်အကြောင်း ရေးသားထားသည့် ကျမ်းစာမှာ တာအိုကျမ်းစာ ၊ ဗုဒ္ဓဘာသာကျမ်းစာများနှင့် မတူကွဲပြား သော်လည်း သာမန်လူတို့ဖြင့် ပိုပြီး နီးစပ်မှု ရှိလေသည်။
မိန်းမပျို ရွတ်ပြသည့် ကျမ်းစာက အလွန်ရှည်လေ၏။
မိန်မပျိုက ကျမ်းစာကို (၃)ကြိမ်တိတိ ရွတ်ပြပြီးသည့်အခါတွင်တော့ ညနေစောင်းပြီ ဖြစ်လေသည်။ အနောက်ဆီမှာပင် နေဝင်တော့မည်။ သို့သော်… မည်သူမှ ကျမ်းစာကို မှတ်မိကြခြင်း မရှိပေ။
တံငါသည်မိန်းမပျိုက…
"စိတ်မပူကြပါနဲ့ ၊ မနက်ဖန်ကျရင်လည်း ကျွန်မ နောက်ထပ် (၃)ကြိမ် ရွတ်ပြပါဦးမယ်…"
နေညိုချိန်ရောက်ပြီ ဖြစ်သဖြင့် တံငါသည်များ အိမ်သို့ အသီးသီးပြန်သွားကြလေသည်။
သူတို့က မိန်းမပျိုကို လက်ထပ်ယူလိုသည့်အတွက် မိန်းမပျို ရွတ်ပြသည့် ကျမ်းစာကို မှတ်မိသလောက် ရွတ်ဖတ်ရင်း အိမ်သို့ ပြန်သွားကြလေသည်။
ဆန်းလျန်ရှိသေးသည်ဆိုသည်ကိုပင် မေ့လျော့သွားကြပြီဖြစ်သည်။ ဆန်းလျန်ကတော့ တံငါသည်များထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာဖြင့် ကြည့်နေခဲ့လေသည်။
တံငါသည်များ ထွက်ခွာသွားကြသည့်နောက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ လေအဝှေ့တွင် ကန်ရေပြင်တွင် လှိုင်းနုလေးများ ထာလသော်လည်း လေငြိမ်သွားသည့်အချိန်တွင် ကန်ရေပြင် ငြိမ်သက်သွားသည့် အလားပင် ဖြစ်လေ၏။
တံငါသည်များအားလုံးထွက်ခွာသွားကြတော့မှ ဆန်းလျန်က မိန်းကလေးကို ပြောလိုက်သည်။
"မင်းရွတ်ပြတဲ့ကျမ်းစာကို ကျုပ်က မမှတ်မိဘူးလို့ မပြောရသေးဘူးနော်…"
တံငါသည်မိန်းမပျိုက ပြုံးလိုက်ရင်း…
"ဒါဖြင့် ကျွန်မကို အလွတ်ရွတ်ပြပါ ၊ ကျွန်မရှင့်ကို အခုချက်ချင်း လက်ထပ်ပါ့မယ် ၊ ဒါပေမဲ့ ရှင်က ကျွန်မကို လက်ထပ်ရဲမှာ မဟုတ်ပါဘူး…"
ဆန်းလျန်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…
"ကျုပ်က မိန်းကလေးအစစ်မဟုတ်တဲ့သူတွေကို စိတ်မဝင်စားဘူး…"
တံငါသည်မိန်းမပျိုက…
"ကျွန်မက ဘာလို့ မိန်းကလေးအစစ်မဟုတ်ရမှာလဲ…"
ဆန်းလျန်က….
"မင်းက မိန်းကလေးလည်းမဟုတ် ၊ ယောကျ်ားလေးလည်း မဟုတ်ပဲလေ…"
တံငါသည်မိန်းမပျိုက ပြုံးလိုက်ရင်း…
"ရှင်က နတ်ဘုရားတစ်ပါးမဟုတ်လား ၊ ဒါဆိုရင် ရှင်လည်း မိန်းကလေးမဟုတ် ၊ ယောကျ်ားလေးမဟုတ်ပဲပေါ့…"
ဆန်းလျန်က သူမကို နက်ရှိုင်းသည့်အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ရင်း…
"လောကမှာ ဘာမှမဟုတ်ရင် ဘာအမှားမှ မရှိတော့ဘူးပေါ့ ၊ မင်းက တခြားသူတွေနဲ့ မတူပေမယ့် အာရုံခံစားမှုတော့ ရှိတယ်မဟုတ်လား ၊ မင်းက ကျုပ်ကို ယောကျ်ားမဟုတ် မိန်းမမဟုတ်လို့ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ…"
ဆန်းလျန်၏ စကားကြောင့် မိန်းကလေး တစ်ချက် လှုပ်ရှားသွားပြီး…
"ရှင် ဘယ်သူလဲ…"
ဆန်းလျန်က…
"ကျုပ်ဘယ်သူလဲ ဟုတ်လား ၊ မင်းမေးတိုင်း ကျုပ်က ဘာလို့ ဖြေရမှာလဲ ၊ ပြီးတော့ မင်းရွတ်ပြတဲ့ ကျမ်းစာတွေကို ကျုပ်အလွတ်ရွတ်ပြမယ် ၊ ဒါပေမဲ့ မင်းက ကျုပ်ကို လက်ထပ်စရာမလိုပါဘူး ၊ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ကျုပ်ရွတ်ပြမယ့် ကျမ်းစာတစ်ပုဒ်ကိုလည်း မင်းနားထောင်ပေးရမယ်…"
တံငါသည်မိန်းမပျိုက…
"ရှင်က ဘာကျမ်းစာကို ရွတ်ပြမှာလဲ…"
ဆန်းလျန်က တည်ငြိမ်သည့်လေသံဖြင့်…
"ဟွမ်ထင်ကျမ်းစာ…"
တံငါသည်မိန်းမပျိုက…
"ကျွန်မက နတ်ဘုရားတစ်ပါးမဟုတ်သလို တာအိုကျင့်ကြံသူလည်း မဟုတ်ဘူး…"
ဆန်းလျန်က…
"ဒီလိုစကားမျိုးပြောတဲ့သူက မင်းတစ်ယောက်တည်း မဟုတ်ပါဘူး…"
ပြောပြီးသည်နှင့် ဆန်းလျန်က မိန်းကလေးရွတ်ပြခဲ့သည့် ကျမ်းစာများကို တစ်လုံးမကျန် အကုန်အလွတ်ရွတ်ပြ လိုက်လေသည်။
ကျမ်းစာများကို ရွတ်ပြီးသွားသည့်အခါ ဆန်းလျန်က ဟွမ်ထင်ကျမ်းစာကို ဆက်ပြီး ရွတ်ပြလေသည်။
ဟွမ်ထင်ကျမ်းစာဆိုသည်က အခြေခံကျသည့် တာအိုကျမ်းစာတစ်ခု ဖြစ်လေသည်။ ဆန်းလျန်ကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်က ဟွမ်ထင်ကျမ်းစာကို ရွတ်ဖတ်လိုက်သည့်အခါတွင်တော့ ထိုကျမ်းစာသည် စစ်မှန်သည့် မဟာတာအိုလမ်းစဉ်အထိ အဓိပ္ပါယ်သက်ရောက်သွားလေသည်။
ကျင့်ကြံခြင်းအဆင့် နက်ရှိုင်းလေ ၊ ကျမ်းစာကိုရွတ်ဖတ်ရခြင်း၏ အကျိုးသက်ရောက်မှုက ပိုမိုများပြားလေ ဖြစ်လေသည်။
ဟွမ်ထင်ကျမ်းစာကို ကြားလိုက်ရသည်နှင့် တံငါသည်မိန်းမပျို၏ နှလုံးသားထဲတွင် မရေမတွက်နိုင်အောင် များပြားသည့် အလင်းတန်းများ လင်းလက်သွားသလို ခံစားလိုက်ရသည်။ ထိုအလင်းတန်းများမှာ ပြောမပြနိုင်လောက်အောင် လျှို့ဝှက်နက်နဲလွန်းသည့် တာအိုအလင်းတရားများပင ်ဖြစ်သည်။
ထိုအချိန်မှာပင်… သူမ၏ စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံတစ်ချက် ထွက်ပေါ်လာလေသည်။ သူမက နေရာမှ ချက်ချင်း ထွက်ခွာသွားရန် ပြင်ဆင်လိုက်သည်။
သို့သော်… သူမ ထွက်ပြေးရန် ကြိုးစားလိုက်သည်နှင့် ဆန်းလျန်ယူဆောင်လာသည့် ထင်းစည်းက သူမရှေ့တွင် တောင်ကြီးတစ်လုံးအလား ကာဆီးနေလေသည်။ ထို့ကြောင့် သူမ ရှေ့သို့ ဆက်မသွားနိုင်ဖြစ်နေရသည်။
တံငါသည်မိန်းကလေးက သူမ၏ ငါးခြင်းတောင်းထဲမှ ရွှေရောင်ငါးကြီးကို တစ်ချက်ကြည့်လိုက်ပြီး…
"ငါးနတ်မင်းကြီး… ကျွန်မကို ဒီနေရာက ခေါ်ထုတ်သွားပေးပါ…."
ငါးခြင်းတောင်းထဲမှ ရွှေငါးကြီးမှာ မိန်းကလေး၏ စကားသံကို ကြားသည်နှင့် ခြင်းတောင်းအပြင်ဘက်သို့ ခုန်ထွက်လိုက်ပြီး မိန်းကလေးကို သူ၏ကျောပေါ်တွင် တင်ဆောင်ကာ ရွှမ်ဝူရေကန်ထဲသို့ ခုန်ဝင်လိုက်လေသည်။
မိန်းကလေးကလည်း ငါးခြင်းတောင်းကို ကိုင်ဆောင်ကာ ရွှေငါးကြီး၏ ကျောပေါ်တွင် လိုက်ပါသွားလေတော့သည်။
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"ကျုပ် ဟွမ်ထင်ကျမ်းစာ ရွတ်ပြနေတာ မပြီးသေးဘူးလေ ၊ မိန်းကလေးက ဘာလို့ အလျှင်လိုနေရတာလဲ…"
တံငါသည်မိန်းကလေးက….
"ကျွန်မ ဘယ်သူလဲဆိုတာ ရှင်သိရဲ့လား ၊ ရှင်သာ ကျွန်မအနားမှာ ရှိနေရင် ကျွန်မ စိတ်သက်သာရာ မရနိုင်ဘူး…"
ဆန်းလျန်က…
"ဒီလောကကြီးမှာ စိတ်သက်သာရာ ရနိုင်တဲ့နေရာ ဘယ်မှာများ ရှိလို့လဲ ၊ မရဘူး… ကျုပ် ကျမ်းစာရွတ်တာ မပြီးမချင်း မင်းကို သွားခွင့်မပြုနိုင်ဘူး…"
ထို့နောက် ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ ထင်းစည်းသည် ငှက်မွှေးလေးကဲ့သို့ လေထဲသို့ ပျံတက်သွားပြီး တံငါသည်မိန်းကလေး၏ သွားရာလမ်းကို တားဆီးထားလိုက်လေတော့သည်။
***