← Chapters

ကွမ်ရင်မယ်တော်

Vol. 8 Ch. 794

ကွမ်ရင်မယ်တော်

Vol. 8 Ch. 794

ထင်းစည်းက သူမရှေ့တွင် ကာဆီးထားသည့်အခါ တံငါသည်မိန်းကလေးသည် ဆက်ပြီး မသွားရဲတော့ပေ။

သူမ၏ ခြေထောက်အောက်မှ ရွှေရောင်ငါးကြီးမှာလည်း ဆက်မသွားဘဲ ငြိမ်သက်နေလေသည်။

ဆန်းလျန်ကလည်း ဟွမ်ထင်ကျမ်းစာကို အဆက်မပြတ်ဆက်လက်ရွတ်ဖတ်နေလေသည်။

ဟွမ်ထင်ကျမ်းစာသည် လူသားတို့အား ကျင့်စဉ်လမ်းကိုလျှောက်လှမ်းနိုင်ရန်အတွက် ကူညီပေးနိုင်သည့် လျှို့ဝှက်ချက်များ ပါဝင်လေသည်။ သို့သော်… တံငါသည်မိန်းကလေးအတွက်တော့ ညှင်းပန်းနှိပ်စက်သည့်အလား ခံစားရလေသည်။

ဟွမ်ထင်ကျမ်းစာကို ကြားနေရသည့်အခါ သူမ၏ မျက်နှာမှာ ခရမ်းရောင်နှင့် အနီရောင်တစ်လှည့်စီပြောင်းသွား လေသည်။ သို့သော်… သူမ စီးနင်းထားသည့် ရွှေငါးကြီးကတော့ ဘာမှ ခံစားရသည့်ဟန် မရှိပေ။

နောက်ဆုံးတော့ မိန်းကလေးမှာ သည်းမခံနိုင်တော့ဘဲ ငါးခြင်းတောင်းဖြင့် ဆန်းလျန်ကို ပစ်ပေါက်လိုက်လေသည်။

ငါးခြင်းတောင်းသည် လေထဲသို့ လွင့်မျောသွားပြီး သူမရှေ့မှ အရာအားလုံးကို စုပ်ယူပစ်လိုက်လေသည်။ သူမကို တားဆီးထားသည့် ထင်းစည်းကိုပါ စုပ်ယူပစ်လိုက်လေသည်။

ထို့နောက်… သူမသည် မဟန်နိုင်တော့ဘဲ သွေးများ အန်ချလိုက်လေသည်။ သူမ၏ သွေးများနှင့် ထိတွေ့သည့်မြေပြင်မှာ အနီရောင်ကျောက်တစ်ခုအလား ပြောင်လက်ကြည်လင်သွားလေသည်။

ထို့နောက် သူမသည် ထိုနေရာတွင် ဆက်မနေရဲတော့ဘဲ ထွက်ပြေးသွားလေတော့သည်။

ဆန်းလျန်က သူမကို တားဆီးခြင်းမပြုတော့ဘဲ ဟွမ်ထင်ကျမ်းစာကိုသာ ဆက်ပြီး ရွတ်ဖတ်နေလေသည်။

တံငါသည်မိန်းကလေးသည် အလျှင်မြန်ဆုံးခြေလှမ်းများဖြင့် ထွက်ပြေးလာခဲ့လေသည်။ သို့သော်… ဆန်းလျန်၏ ဟွမ်ထင်ကျမ်းစာရွတ်ဖတ်သံက သူမနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာလေသည်။ ကျမ်းစာရွတ်သံကို ကြားရလေလေ သူမစိတ်များ ပျံ့လွင့်လာလေလေ ဖြစ်လေ၏။

နောက်ဆုံးတွင်တော့ သူမ အသိစိတ်လုံးလုံးကင်းလွတ်ကာ မြေပြင်ထက်တွင် လဲကျသတိလစ်သွားလေတော့သည်။

သူမထွက်ပြေးခဲ့သည်မှာ အတော်ပင် ခရီးရောက်နေပြီ ဖြစ်လေသည်။ သူမလဲကျသွားသည့်နေရာသည် ချင်ပြည်နယ်မြို့တော်နှင့်အလွန်နီးနေပြီ ဖြစ်သည့် ပိုင်ကျားမြို့လေးတွင် ဖြစ်လေသည်။

"ဆရာတော်… ဆိုင်ရှေ့မှာ လူတစ်ယောက်လဲကျသွားတယ်ထင်တယ်…"

ထိုစကားကိုပြောလိုက်သူမှာ 'သောက်ပြီးရင်ပြန်မလာနဲ့တော့' စားသောက်ဆိုင်ထဲမှ ပိုင်ရှောက်ယွီ ဖြစ်လေသည်။

ပိုင်ရှောင်ယွီက ဆိုင်အပြင်သို့ထွက်လိုက်ရင်း…

"ဒီနေ့ နေလည်းသိပ်မပြင်းပါဘူး ၊ ဘယ်သူက လာပြီး မူးလဲနေရတာလဲ…"

ပိုင်ရှောက်ယွီက လဲကျနေသူအနားသို့ တိုးကပ်ပြီး ကြည့်လိုက်သည့်အခါ လဲကျနေသူမှာ မိန်းကလေးတစ်ယောက် ဖြစ်သည်ကို သိလိုက်ရလေသည်။

မိန်းကလေးမှာ ပြောစမရှိအောင် အလွန်တရာချောမောလှပသူတစ်ယောက်ဖြစ်လေသည်။ မျက်လုံးလေးများ မှေးမှိတ်ကာ သတိလစ်လဲကျနေဟန်မှာပင် အလွန်မှ သနားစရာပုံလေးဖြစ်နေလေသည်။

ကျွယ်ရှင်းကလည်း ဆိုင်ထဲမှ ထွက်လာပြီး…

"ဘာလုပ်မှာလဲ ၊ သူ့ကို အရေးစိုက်မနေနဲ့…"

ပိုင်ရှောက်ယွီက…

"ဆရာတော်က တော်တော်အကြင်နာတရားမရှိတာပဲ ၊ ဒီမိန်းကလေးကို ကြည့်ပါဦး ဘယ်လောက် သနားစရာကောင်းလဲ ၊ ကျုပ်တို့သာ သူ့ကို မကယ်ရင် လူဆိုးတွေနဲ့ တွေ့သွားရင် ဘယ်လိုလုပ်မလဲ…"

ကျွယ်ရှင်းက ရယ်မောလိုက်ရင်း…

"ကျုပ်ဘုန်းကြီးကတော့ စိတ်မဝင်စားဘူး…"

ပိုင်ရှောက်ယွီက…

"ဆရာတော် မကယ်လည်းနေပေါ့ ၊ ကျုပ်ကယ်လိုက်မယ်…"

ကျွယ်ရှင်းက…

"မင်းကတော့ တကယ်ပဲ မှိုင်းမိနေပြီ ၊ မင်း သူ့ဘေးနားက ငါးခြင်းတောင်းကို မတွေ့ဘူးလား…"

ပုင်ရှောက်ယွီက…

"ဘာဖြစ်လို့လဲ…"

ကျွယ်ရှင်းက…

"အဲဒီခြင်းတောင်းထဲက ရွှေငါးကိုကြည့်လိုက် ၊ အခုမှ ရေထဲကဖမ်းလာသလိုမျိုး လတ်ဆတ်နေတာပဲ ၊ ဒါပေမဲ့ အဲဒီငါး အဲဒီခြင်းတောင်းထဲမှာ ရှိနေတာ ဘယ်လောက်ကြာပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ၊ ရေထဲကနေ ထွက်လာတာ ဘယ်လောက်ကြာပြီဆိုတာလဲ မသိနိုင်ဘူး…."

ပိုင်ရှောက်ယွီက ကျွယ်ရှင်း၏စကားကြောင့် ခြင်းတောင်းထဲမှ ရွှေငါးကြီးကို သေသေချာချာကြည့်လိုက်လေသည်။

ရွှေငါးကြီးကလည်း သူ့ကိုပြန်စိုက်ကြည့်နေလေသည်။ လူသားတစ်ယောက်က သူ့ကိုကြည့်နေသည့်အလား ကြည့်နေခြင်း ဖြစ်လေသည်။ ကျွယ်ရှင်းပြောသည်မှာ မှန်လေသည်။ ထိုရွှေငါးကြီးက အလွန်မှ ထူးခြားလေသည်။

ပိုင်ရှောက်ယွီမှာ ယခင်ကကဲ့သို့ ခပ်တုံးတုံးကောင်လေးတစ်ယောက်မဟုတ်တော့ပါ။ နတ်မိစ္ဆာများနှင့် နတ်ဘုရား များအကြောင်းကို ကောင်းကောင်း နားလည်သိရှိနေပြီ ဖြစ်လေသည်။

ပိုင်ရှောက်ယွီက …

"ဒါဖြင့် ဆရာတော်ပြောချင်တာ ဒီမိန်းကလေးက လူမဟုတ်ဘူးပေါ့…"

ကျွယ်ရှင်းက…

"သေချာပေါက် လူမဟုတ်ဘူး…"

ပိုင်ရှောက်ယွီက…

"လူမဟုတ်လည်း ကယ်တော့ကယ်ရမှာပဲ…"

ကျွယ်ရှင်းက ပိုင်ရှောက်ယွီခေါင်းကို ဂေါက်ခနဲနေအောင် တစ်ချက်ခေါက်လိုက်ရင်း…

"မင်းဟာလေ… တကယ် သောက်သုံးမကျတဲ့ငတုံးကောင် ၊ သခင်လေးက မင်းကို ဘာလို့ ကျင့်စဉ်တွေ သင်မပေးလဲဆိုတာ မအံ့သြတော့ပါဘူး ၊ ဒီမိန်းကလေးက လူမဟုတ်ဘူး ၊ အဲဒီတော့ ပြဿနာအကြီးအကျယ် တက်လာနိုင်တယ် ၊ သူ ငါးခြင်းတောင်းထဲမှာ ရွှေငါးကြီးထည့်ပြီး ဘာဖြစ်လို့ ဒီလိုလျှောက်သွားနေလဲ မသိနိုင်ဘူး ၊ အကြောင်းတစ်ခုခုတော့ရှိမှာပဲ…"

ပိုင်ရှောင်ယွီက…

"ကြည့်ရတာ တံငါသည်မိန်းကလေးတစ်ယောက်များလား…"

ကျွယ်ရှင်းက…

"ဒီပိုင်ကျားမြို့နဲ့ မိုင်တစ်ရာပတ်လည်အတွင်းမှာ ငါးဖမ်းရလောက်တဲ့ မြစ်ချောင်းအင်းအိုင် ဘယ်မှာ ရှိလို့လဲ ၊ ပြီးတော့ ခြင်းတောင်းထဲက ရွှေငါးကလည်း ထူးခြားတယ် ၊ ဒါကြောင့် ဒီမိန်းကလေးက ပြဿနာရှိနိုင်တယ်…"

ပိုင်ရှောက်ယွီ၏ စိတ်ထဲတွင်လည်း ကျွယ်ရှင်းပြောသည်က အကျိုးအကြောင်းညီညွတ်သည်ဟု ထင်လိုက်မိသည်။

သို့သော်… မိန်းကလေး၏ လှပသည့်မျက်နှာလေးကို ကြည့်မိပြန်တော့လည်း လူဆိုးတစ်ယောက်မဖြစ်နိုင်ဟု ထင်မိပြန်လေသည်။

ပိုင်ရှောက်ယွီက…

"သူက လူမဟုတ်ဘူးဆိုရင်တောင်မှ လူဆိုးတစ်ယောက်တော့ မဟုတ်လောက်ပါဘူး…"

ကျွယ်ရှင်းက…

"အေး… ဟုတ်ချင်လည်းဟုတ်မှာပေါ့ ၊ ကယ်ချင်လည်း မင်းဟာမင်းသာ ကယ်ပေတော့ ၊ ကျုပ်ဘုန်းကြီးတော့ မင်းကို မကူညီနိုင်ဘူး…"

ကျွယ်ရှင်း၏စကားကြောင့် ပိုင်ရှောက်ယွီ အနည်းငယ် တုံ့ဆိုင်းသွားလေသည်။

သို့သော်… သတိလစ်လဲကျနေသည့် တံငါသည်မိန်းကလေးကို ကြည့်လိုက်မိပြန်တော့ သနားစိတ်များ တဖွားဖွား ဖြစ်ပေါ်လာပြန်လေသည်။

နောက်ဆုံးတွင်တော့…

"သူ့ကို ကျုပ် ကယ်မယ်…"

ဟု ပြောလိုက်လေတော့သည်။

ကျွယ်ရှင်းက ပိုင်ရှောက်ယွီကို ကြည့်ပြီး တစ်ချက်ပြုံးလိုက်ရင်း ခေါင်းခါယမ်းလိုက်လေသည်။ ထို့နောက်… လဲကျနေသည့် မိန်းကလေးကို ပိုင်ရှောက်ယွီထူနေသည်ကို ကျွယ်ရှင်းက ကြည့်နေလိုက်သည်။

ထိုအချိန်မှာပင်…

သူ့နားထဲတွင် ဆန်းလျန်၏ အသံကို ကြားလိုက်ရသည်။

"အဲဒီမိန်းကလေးကို ချင်းရှကျောင်းတော်ကို ပို့ပေးလိုက်…"

ဆန်းလျန်၏ အသံကိုကြားသည်နှင့် ကျွယ်ရှင်းက တည်ငြိမ်စွာပင် ခေါင်းတစ်ချက် ညိတ်လိုက်လေသည်။

ဆန်းလျန်က ပိုင်ရှောက်ယွီကို စကားမပြောခဲ့ဘဲ အမှန်တရားကို နီးစပ်အောင် ခန့်မှန်းနိုင်သည့် ကျွယ်ရှင်းကိုသာ သူ၏ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။

ကျွယ်ရှင်းက သတိမေ့နေသည့်မိန်းမပျိုသည် ဆန်းလျန်နှင့် မည်သို့ ပတ်သက်သည်ကို သိချင်နေမိလေသည်။

ပိုင်ရှောက်ယွီက မိန်းကလေးကို ပွေ့ထူလိုက်လေသည်။ မိန်းကလေး၏ခန္ဓာကိုယ်မှာ သွယ်လျပေါ့ပါးပြီး လှပလွန်းလှသည်။ သူမ၏ခန္ဓာကိုယ်မှာ ငါးညှီနံ့ရနေသည့်တိုုင် ထိုရနံ့က ချိုမြနေသလို ခံစားရသည်။

ပိုင်ရှောက်ယွီက ဘာလုပ်ရမှန်းမသိဘဲ ကျွယ်ရှင်းကို လှမ်းမေးလိုက်လေသည်။

"ဆရာတော်… ကျုပ်သူ့ကို ဘယ်ခေါ်သွားရမလဲ…"

မေးပြီးမှ ပိုင်ရှောက်ယွီ အနည်းငယ်နောင်တရသွားလေသည်။

အဘယ်ကြောင့်ဆိုသော် ကျွယ်ရှင်းက ကူညီချင်သူမှ မဟုတ်ပေပဲ။

သို့သော်… ကျွယ်ရှင်း၏ တုံ့ပြန်လာသည့်စကားသံကြောင့် ပိုင်ရှောက်ယွီ အံ့သြသွားရလေသည်။

"ချင်းရှကျောင်းတော်ကိုခေါ်သွားလိုက်…"

ပိုင်ရှောက်ယွီက ခေါင်းကိုတစ်ချက်ပွတ်လိုက်ရင်း…

"ကောင်းပြီ… ချင်းရှကျောင်းတော်ကိုပဲ သွားလိုက်မယ်…"

ချင်းရွှမ်ကျောင်းတော်မှ မိန်းမပျိုသည် ပိုင်ကျားမြို့တွင် နတ်ဘုရားတ်စပါးအဖြစ် လူသိများသူ ဖြစ်လေသည်။

ပိုင်ရှောက်ယွီသိသလောက် ဆန်းလျန်ပင်လျှင် ထိုမိန်းကလေးကို လေးလေးစားစားဆက်ဆံလေသည်။

သတိလစ်မေ့မျောနေသည့် တံငါသည်မိန်းကလေးမှာလည်း ထူးခြားသူတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူမကို သာမန်လူများက ဆေးကုသပေးနိုင်မည် မဟုတ်ပေ။ ချင်းရွှမ်ကျောင်းတော်မှ မိန်းကလေးကသာ ဆေးကုသ ပေးနိုင်မည် ဖြစ်လေသည်။

ဆန်းလျန်သာ ရှိနေလျှင် အကောင်းဆုံးဖြစ်မည်ဟု ပိုင်ရှောက်ယွီ တွေးလိုက်မိသည်။

ပိုင်ရှောက်ယွီမှာ မည်သည့်ကျင့်စဉ်ကိုမှ မကျင့်ကြံသည့်တိုင် စားသောက်ဆိုင်တွင်နေထိုင်သည့်နှစ်များအတွင်း သိသိသာသာ ကျန်းမာသန်စွမ်းလာလေသည်။ ထို့ကြောင့် တံငါသည်မိန်းကလေးကို ပွေ့ချီရခြင်းသည် သူ့အတွက် အခက်အခဲမရှိပေ။

သူက အနည်းငယ် ချီတုံချတုံဖြစ်နေပြီးမှ တံငါသည်မိန်းကလေးကိုပွေ့ချီကာ ကျွယ်ရှင်းနှင့်အတူ ချင်းရှတောင်သို့ ထွက်ခွာလာခဲ့လေတော့သည်။

ချင်းရှကျောင်းတော်သို့တက်သည့် ကျောက်တုံးလှေကားထစ်များရှိရာသို့ သူတို့ရောက်လာသည့်အခါ လူတစ်ယောက်က သူတို့ရှေ့သို့ရောက်လာလေသည်။ ထိုသူက ကျွယ်ရှင်းနှင့် ပိုင်ရှောက်ယွီ ချင်းရှကျောင်းတော်သို့ သွားမည့်လမ်းကို တားဆီးလိုခြင်း ဖြစ်သည်။

ထိုသူက အခြားသူမဟုတ်။ ဆန်းလျန် ကောင်းကောင်း ပညာပေးထားသည့် ရဲ့မော်ထျန်းပင် ဖြစ်လေသည်။

သို့သော်… ကျွယ်ရှင်းနှင့် ပိုင်ရှောက်ယွီထံမှ အငွေ့အသက်တစ်ခုကို ခံစားမိသည့်အခါ ရဲ့မော်ထျန်း ချက်ချင်းထိတ်လန့်သွားပြီး နောက်သို့ ဆုတ်သွားလေသည်။ ကျွယ်ရှင်းနှင့် ပိုင်ရှောက်ယွီထံမှ အငွေ့အသက်များက ဆန်းလျန်ထံမှ အငွေ့အသက်များနှင့် ဆင်တူလွန်းသောကြောင့် ဖြစ်လေသည်။

ရဲ့မော်ထျန်းကဲ့သို့သော လူသန်ကြီးတစ်ယောက်က သူတို့ကို အလိုလိုကြောက်လန့်ကာ နောက်ဆုတ်သွးသည့်အတွက် ပိုင်ရှောက်ယွီ အနည်းငယ် ထူးဆန်းသလိုဖြစ်သွားသည်။ သို့သော်… သူ့ကို ရဲ့မော်ထျန်းက ကြောက်လန့်ဟန်ပြနေသည့်အတွက် အတော်လေးလည်း ကျေနပ်သွားလေသည်။

သူက ရဲ့မော်ထျန်းကို အရေးမစိုက်သည့်ဟန်ဖြင့် ကျောက်တုံးလှေကားထစ်များအတိုင်း တောင်ပေါ်သို့ တက်သွားလိုက်သည်။

ရဲ့မော်ထျန်း သူတို့ကို ဒုက္ခမပေးနိုင်သည်မှာ ဆန်းလျန်၏ အရှိန်အဝါကြောင့် ဖြစ်သည်ကို ပိုင်ရှောက်ယွီ သိလိုက်သည်။

သို့သော်… သူကိုယ်တိုင်သာ နတ်ဘုရားကျင့်စဉ်များကို ကျင့်ကြံနိုင်မည် အခြားသူများ၏ လေးစားကြောက်ရွံ့ခြင်း ခံရလျှင် မည်မျှ ကောင်းမည်နည်းဟု ပိုင်ရှောက်ယွီ မျှော်လင့်လိုက်မိလေသည်။

ပိုင်ရှောက်ယွီနှင့်ကျွယ်ရှင်းတို့ ကျောက်သားလှေကားထစ်များအတိုင်းတက်လာကြပြီး လှေကားထစ်များ အဆုံးတွင်တော့ ဝါးရုံတောလေးတစ်ခု ရှိနေလေသည်။

ဝါးရုံတောလေးကိုဖြတ်ကျော်ပြီးသည့်အခါ သူတို့ရှေ့တွင် ချင်းရှကျောင်းတော်ကို တွေ့မြင်လိုက်ရသည်။

ပြီးတော့ ကျောင်းတော်တံခါးချပ် (၂)ချပ်တွင် ကဗျာ (၂)ကြောင်း ရေးသားထားလေသည်။

"ဝါးတောလေးက စမ်းချောင်းလေးစီးဆင်းနေတာကို တားဆီးနိုင်မှာတဲ့လား…

တောင်မြင့်ကြီးကရော ပျံသန်းနေတဲ့တိမ်တိုက်တွေကို တားဆီးနိုင်မှာတဲ့လား…"

ကျွယ်ရှင်းမှာ ချင်းရှကျောင်းတော်သို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်ပြီး သူ၏ခြေထောက်အောက်တွင် ကြီးမားသည့် ဝိညာဉ်စွမ်းအား သွေးကြောကြီး စီးဆင်းနေသည့်အလား ခံစားလိုက်ရလေသည်။ သူ၏ ရုပ်ခန္ဓာရော စိတ်ဝိညာဉ်ပါ အားအင်များ ပြည့်ဝလာသလို ခံစားလိုက်ရသည်။

ချင်းရှကျောင်းတော်တံခါးပွင့်သွားပြီး မိန်းကလေးတစ်ယောက်ထွက်လာသည်။

"ပိုက်ရှောက်ယွီ ၊ ကျွယ်ရှင်း… ရှင်တို့နှစ်ယောက်လုံး အထဲဝင်ခဲ့ပါ…"

ပိုင်ရှောက်ယွီက…

"မင်းက ဘယ်လိုလုပ် ကျုပ်တို့ကို သိနေတာလဲ…"

မိန်းကလေးက ဂုဏ်ယူသည့်လေသံဖြင့်…

"ရှင်တို့နှစ်ယောက် ရောက်လာမယ်ဆိုတာ ကျွန်မတို့ သခင်မလေးက ကြိုသိပြီးသားပါ…"

ကျွယ်ရှင်းက ခပ်တိုးတိုးလေသံဖြင့် ပိုက်ရှောက်ယွီကို ပြောလိုက်သည်။

"ဒီ ချင်းရှကျောင်းတော်က မိန်းကလေးက တကယ်ထူးဆန်းတာပဲ…"

ကျွယ်ရှင်းက မိုးနှင့်မြေတွင် သဲလွန်စမကျန်အောင် သွားလာနိုင်သည့် မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံထားသူဖြစ်လေရာ သူရောက်လာမည်ကို ခန့်မှန်းနိုင်သူမှာ တော်ရုံလူတစ်ယောက်တော့ မဖြစ်နိုင်ပေ။

ပိုင်ရှောက်ယွီနှင့် ကျွယ်ရှင်းတို့ ချင်းရှကျောင်းတော်ခန်းမဆောင်အတွင်းသို့ လှမ်းဝင်လိုက်ကြသည်။

ချင်းရှကျောင်းတော်ခန်းမဆောင်ထဲတွင် ကြာပန်းဖြူထိုင်နေလေသည်။

သူမ၏ စိတ်အာရုံထဲတွင် ဆန်းလျန်ကို တွေ့မြင်လိုက်ရပြီး ဆန်းလျန်သည် သူမကို အခွင့်အရေးတစ်ခု ပေးလိုဟန် ရှိလေသည်။

………….

ဆန်းလျန်သည် ရွှမ်ဝူရေကန်နံဘေးတွင် ရှိနေဆဲ ဖြစ်လေသည်။

သူက ကန်ရေပြင်ကို တိတ်ဆိတ်စွာ ငေးကြည့်နေသည်။

တံငါသည်မိန်းကလေးသည် အားလော်ဟယ်အကြောင်း ရေးသားထားသည့်ကျမ်းစာကို အဘယ့်ကြောင့် တံငါသည်များကို ရွတ်ဖတ်ပြရပါသနည်း။

ဆန်းလျန်၏အမြင်အရဆိုလျှင်…

တံငါသည်မိန်းကလေးသည် ဖန်ဆင်းခံကိုယ်ခွဲတစ်ခုဖြစ်လေသည်။ သူမ၏လက်ထဲမှ ငါးခြင်းတောင်းနှင့် ရွှေရောင်ငါးကြီးကို ကြည့်ခြင်းအားဖြင့် သူမသည် တာအိုဆရာချီဟန်ဆိုသည့် ကွမ်ယင်မယ်တော်နှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေဟန် ရှိလေသည်။

ဒဏ္ဍာရီထဲမှ ကြီးမြတ်လှသော ကွမ်ရင်မယ်တော်နှင့် ထိုမိန်းကလေးမှာ မည်သို့ ပတ်သက်နေသည်ကို ဆန်းလျန်လည်း သိရှိခြင်း မရှိပေ။

သို့သော်… ဆန်းလျန်က အဘယ့်ကြောင့် ထိုမိန်းကလေးကို ကြာပန်းဖြူထံသို့ ပို့ပေးခဲ့ပါသနည်း။ အဘယ်ကြောင့်ဆိုသော်… ယခု သူတို့ရင်ဆိုင်ရမည့်တိုက်ပွဲသည် ကြာပန်းဖြူအတွက် အခွင့်အရေးတစ်ခုဖြစ်လာနိုင်သောကြောင့် ဖြစ်လေသည်။

***

All Chapters