ထူးခြားတဲ့ရုပ်ခန္ဓာပိုင်ဆိုင်တဲ့သိုင်းကျင့်ကြံသူ
Vol. 31 Ch. 433
အခန်း (၄၃၃) ထူးခြားတဲ့ရုပ်ခန္ဓာပိုင်ဆိုင်တဲ့သိုင်းကျင့်ကြံသူ
ဖုရန်တိုင်းပြည်မြို့တော် ခန်းဟယ်တွင် ဖြစ်ပေါ်ခဲ့သော ကြီးမားသည့်ပြဿနာကြီးကြောင့် သွေးနီတိမ်တိုက်ဂိုဏ်းတစ်ခုလုံး အလွန်တရာ ထိတ်လန့်တုန်လှုပ်ကြရသည်။ မဟာကပ်ဘေးကြီးမတိုင်ခင်က တည်ရှိခဲ့သော ဒဏ္ဍာရီလာဖီရှိုးသတ္တဝါမှာလည်း ဤကမ္ဘာတွင် ပထမဆုံးအကြိမ် ပြန်လည်ထွက်ပေါ်လာခဲ့သည် မဟုတ်လား။
ဤသတင်းများ ပျံ့နှံ့သွားပြီးနောက် မျောလွင့်ဝိညာဉ်ကမ္ဘာ၏ စွမ်းအားစုများစွာက ရန်ကျောက်ကဲတို့အုပ်စုကို အလွန်အာရုံစိုက်လာခဲ့ကြသည်။
သွေးနီတိမ်တိုက်ဂိုဏ်းက မျော်လွင့်ဝိညာဉ်ကမ္ဘာ တောင်ပိုင်းဒေသတွင် သြဇာလွှမ်းမိုးပြီး နဂါးစိမ်းတောင်ကတော့ မျောလွင့်ဝိညာဉ်ကမ္ဘာ၏ အနောက်ဘက်ခြမ်းဒေသများကို လွှမ်းမိုးအုပ်ချုပ်သည်။
နှင်းကြိုးကြာဂိုဏ်းက အနောက်ဘက်တောင်တန်းများရှိ ‘နှင်းကျောက်စိမ်းတောင်တန်း’ ထက်တွင်တည်ရှိပြီး ဂိုဏ်းစတင်တည်ထောင်ကတည်းက ထိုနေရာတွင် အခြေစိုက်ခဲ့သည်ပင်။
ဂိုဏ်းတည်ထောင်ခဲ့သည်မှာ အချိန် (၁၀)နှစ်ကျော်သာ ရှိသေးသော်လည်း မျောလွင့်ဝိညာဉ်ကမ္ဘာတွင် ထင်ရှားသောဂိုဏ်းတစ်ခုအဖြစ် နာမည်ကျော်ကြားလေ၏။
နှင်းကြိုးကြာဂိုဏ်းချုပ် ‘ကျောက်စိမ်းကြိုးကြာ’ စူးယွင်၏ သမီးဖြစ်သူက နဂါးစိမ်းဂိုဏ်းချုပ်၏သားနှင့် လက်ဆက်ခဲ့သည့်အပြင် စူးယွင်ကိုယ်တိုင်ကလည်း အလွန်တရာ စွမ်းအားမြင့်မားသူဖြစ်လေရာ ပတ်ဝန်းကျင်ရှိ စွမ်းအားစုတိုင်းက သူမကို အထင်ကြီးလေးစားကြသည်။
ရန်ကျောက်ကဲတို့အုပ်စုကတော့ နှင်းကျောက်စိမ်းတောင်တန်းတည်ရှိရာ အနောက်မြောက်ဘက်သို့ အလျှင်အမြန် ဦးတည်ခရီးနှင်လာခဲ့ကြသည်။
ရွှီဖေးက...
“ဒီ မျောလွင့်ဝိညာဉ်ကမ္ဘာက ဝိညာဉ်စွမ်းအားစီးဆင်းမှုတွေက မတည်ငြိမ်တော့ ငါတို့လို သိုင်းကျင့်ကြံသူတွေအတွက် ချီစွမ်းအားစုပ်ယူကျင့်ကြံဖို့ မသင့်တော်ဘူး ၊ ဒီကမ္ဘာမှာ အဲဒီလိုနည်းလမ်းနဲ့ကျင့်ကြံမယ်ဆိုရင် အောင်မြင်မှုလုံးဝမရနိုင်ဘူးလို့ မဆိုနိုင်ပေမယ့် အဆပေါင်းများစွာကြိုးစားဖို့တော့ လိုအပ်တယ် ၊ လူသားတွေရဲ့သက်တမ်းက အကန့်အသတ်ရှိတယ်လေ ၊ အချိန်မီ မအောင်မြင်နိုင်ရင် အဆုံးသတ်မှာ အသက်ကြီးလာပြီး သေသွားရမှာပဲ မဟုတ်လား”
ပြောရင်းသူက သက်ပြင်းချလိုက်၏။
“ဒါပေမဲ့ ’စူး’ ဂိုဏ်းချုပ်ကတော့ အံ့သြစရာကံကြမ္မာတစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရတဲ့သူ မဟုတ်ရင် တကယ့်ကို ဒဏ္ဍာရီဆန်တာပဲ ၊ ကောင်းကင်ဘုံကို အံတုနိုင်တဲ့ ပါရမီရှင်လို့တောင် ပြောလို့ရတယ်”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက ပြုံးရင်း...
“သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ရှိလဲ မသိရသေးဘူးလေ”
ရွှီဖေးက...
“ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အရမ်းမနိမ့်လောက်ဘူး ၊ ဒီမျောလွင့်ဝိညာဉ်ကမ္ဘာက ကျင့်ကြံရ ဒီလောက်ခက်ခဲတာတောင် သူက လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်ကတည်းက အောင်မြင်မှုရရှိခဲ့တာလေ”
သူက ဆက်ပြောသည်။
“ပြီးတော့ နှင်းကြိုးကြာဂိုဏ်းက တခြားသူတွေဆိုရင် ကျင့်ကြံခြင်းမှာ ထူးထူးခြားခြား အောင်မြင်တာ မရှိဘူးလို့ပြောကြတယ် ၊ သူတို့နဲ့ ယှဉ်လိုက်ရင် ‘စူး’ ဂိုဏ်းချုပ်က ပိုပြီးတော့ ထူးထူးခြားခြား ဖြစ်နေတယ်လို့ မခံစားရဘူးလား”
အားဟူ ၊ ဖန်းယွင်ရှန်းနှင့် ယင်လုန်ထူတို့မှာလည်း ယေယူယျ အခြေအနေကို နားလည်နေကြပြီ ဖြစ်၏။
ဖန်းယွင်ရှန်းက...
“ဟုတ်တယ် ၊ သာမန်ကျင့်ကြံသူတွေအတွက်တော့ ဒီလိုကမ္ဘာမျိုးမှာကျင့်ကြံတာက သိပ်ပြီးတိုးတက်မှုရှိမှာမဟုတ်ဘူး”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
ရန်ကျောက်ကဲက ခဏမျှစဉ်းစားရင်း...
“အစွန်းရောက်ရှစ်ပါးကမ္ဘာမှာတော့ တစ်ခါမှမတွေ့ဖူးပေမယ့်... မဟာကပ်ဘေးကြီးမတိုင်ခင်က မှတ်တမ်းတွေအရ ထူးခြားတဲ့ရုပ်ခန္ဓာတစ်ခု ရှိတယ် ၊ အဲဒီရုပ်ခန္ဓာကို “သက်ရှိရင်းမြစ်ရုပ်ခန္ဓာ” လို့ ခေါ်တယ် ၊ ပြီးတော့... ‘အဆုံးမရှိရင်းမြစ်ခန္ဓာ ၊ ‘ပင်လယ်ပမာရုပ်ခန္ဓာ’ လို့လည်း ခေါ်သေးတယ်”
ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် အခြားသူများစိတ်ဝင်စားသွားကြပြီး ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲက...
“ပုံမှန်ဆိုရင်တော့ ‘သက်ရှိရင်းမြစ်ရုပ်ခန္ဓာ’ က ဘာမှမထူးခြားပါဘူး”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ချီစွမ်းအား လုံးဝမရှိအောင်နည်းပါးတဲ့ ကမ္ဘာတစ်ခု ၊ ဒါမှမဟုတ် ချီစွမ်းအား စုပ်ယူသန့်စင်ကျင့်ကြံလို့မရနိုင်တဲ့ နေရာမျိုးမှာဆိုရင်လည်း ‘သက်ရှိရင်းမြစ်ရုပ်ခန္ဓာ’ ပိုင်ဆိုင်ထားတဲ့သူက ပုံမှန်အတိုင်း ဆက်ပြီးကျင့်ကြံနိုင်တယ် ၊ ခြောက်သွေ့နေတဲ့လယ်မြေထဲကို မြစ်ရေတွေစီးဆင်းဝင်ရောက်လာသလို သူ့ခန္ဓာကိုယ်မှာ ချီစွမ်းအားက အလိုအလျောက် ပေါက်ဖွားလာလိမ့်မယ်”
“ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာဆိုရင်တော့ ‘သက်ရှိရင်းမြစ်ရုပ်ခန္ဓာ’ ပိုင်ဆိုင်တဲ့သူတစ်ယောက်က လုံးဝ သာမန်ပဲကွာ... ၊ သူ့ခန္ဓာကိုယ်ရဲ့စွမ်းအားကို အသုံးမပြုဘဲ ပတ်ဝန်းကျင်က ချီစွမ်းအားတွေကိုပဲ စုပ်ယူကျင့်ကြံနေမှာ ၊ တခြားစွမ်းရည်တွေကတော့ သူ့အရည်အချင်းအပေါ် မူတည်မှာပေါ့”
“ဒါပေမဲ့ အဲဒီလိုလူတစ်ယောက် ဒီ မျောလွင့်ဝိညာဉ်ကမ္ဘာမှာ ရှိနေရင်တော့ တခြားသူတွေ ခက်ခက်ခဲခဲ ကျင့်ကြံရပေမယ့် သူကတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ကျင့်ကြံနေသလိုမျိုး ဘာအခက်အခဲမှ ရှိမှာမဟုတ်ဘူး ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်တက်မှုက အစွန်းရောက်ရှစ်ပါးကမ္ဘာက ကျင့်ကြံသူတွေထက်လည်း လျော့နည်းမှာ မဟုတ်ဘူး”
ထိုစကားကိုကြားတော့ အားလုံး အံ့သြတကြီးဖြင့် စုပ်သတ်လိုက်မိကြသည်။
ရွှီဖေးက...
“ကမ္ဘာပေါင်းအသင်္ချေမှာ သြဖွယ်ရာတွေက ကုန်နိုင်တယ်မရှိဘူး ၊ နက်နဲမှုတွေကလည်း ဘယ်တော့မှ အဆုံးသတ်မယ် မထင်ဘူး”
သူက ဆက်ပြောသည်။
“’စူး’ ဂိုဏ်းချုပ်က’သက်ရှိရင်းမြစ်ရုပ်ခန္ဓာ’ ပိုင်ရှင်လို့ မင်းထင်နေတာလား”
ရန်ကျောက်ကဲက...
“ဖြစ်နိုင်ခြေရှိတယ်လို့ပဲ တွေးမိတာပါ ၊ ‘စူး’ ဂိုဏ်းချုပ်က ငါတို့တွေးနိုင်တာထက် အဆပေါင်းများစွာ အရည်အချင်းရှိတဲ့ ပါရမီရှင်တစ်ယောက်လည်း ဖြစ်နိုင်တာပါပဲ ၊ သူ့မှာ ကောင်းကင်ဘုံကိုတောင် အံတုနိုင်တဲ့ စွမ်းရည်မျိုးတွေလည်း ရှိကောင်းရှိနိုင်ပါတယ်”
သူတို့အုပ်စု စကားပြောဆိုရင်း ရှည်လျားသော ခရီးလမ်းများကို ဖြတ်သန်းလာခဲ့ကြသည်။
နောက်ဆုံး သူတို့မျက်စိရှေ့တွင် ရှည်လျားသော နှင်းတောင်တန်းတစ်ခုကို တွေ့မြင်လိုက်ကြရ၏။
ရန်ကျောက်ကဲက ပတ်ဝန်းကျင်တစ်ခုလုံးကို အကဲခတ်ကြည့်လိုက်တော့ နှင်းများထူထပ်စွာကျဆင်းနေသော တောင်တန်းကြီးထက်တွင် လူများစွာ ရှိနေကြောင်း တွေ့လိုက်ရသည်။ ထိုသူများက တစ်စုံတစ်ခုကို စောင့်ဆိုင်းနေဟန်ပင်။
သေသေချာချာကြည့်လိုက်တော့ ထိုသူများက အဖြူရောင်သိုင်းကိုယ်ကြပ်ဝတ်စုံများကို တတ်ဆင်ထားပြီး ကြိုးကြာငှက်မွှေးဝတ်ရုံများကို ခြုံထားကြလေသည်။ သူတို့ကိုကြည့်ရသည်မှာ ပတ်ဝန်းကျင်နှင်းတောင်တန်းများနှင့် တစ်သားတည်းကျနေသည့်အလား ထင်မှတ်ရသည်။
ရုတ်တရက်ကြည့်မည်ဆိုလျှင် သူတို့ဝတ်ရုံများက နှင်းကြိုးကြာသဏ္ဌန်အလား ထင်မှတ်ရသည်။ ကြည့်လိုက်သည်နှင့် နှင်းကြိုးကြာဂိုဏ်းမှ တပည့်များဖြစ်ကြောင်း ချက်ချင်း သိရှိနိုင်သည်။
ထိုသူများကို အကဲခတ်ရင်း ရန်ကျောက်ကဲ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်သည်။ နှင်းကြိုးကြာဂိုဏ်းသားအများစုမှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင်သာရှိကြပြီး အချို့ကတော့ ကြယ်တာရာချီစွမ်းအား ရရှိသည်အထိ ကျင့်ကြံနိုင်ပြီး သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။
ရွှီဖေးနှင့် အားဟူတို့ကလည်း နှင်းတောင်များနှင့်တစ်သားတည်းကျနေသည့် သိုင်းသမားများကို အကဲခတ်နေသည်။
ရွှီဖေးက မျက်ခုံးတစ်ချက်ပင့်ရင်း...
“ဒီကောင်တွေ ငါတို့ကို စောင့်နေကြတာများလား”
သူက ဆက်ပြောသည်။
“သွေးနီတိမ်တိုက်ဂိုဏ်းက ရုန်ကျီးက ငါတို့ကို နှင်းကြိုးကြာဂိုဏ်းနဲ့ ပတ်သက်နေနိုင်တယ်လို့ မှတ်ချက်ပေးခဲ့တယ် ၊ ဘာလို့ သူ ဒီလိုပြောလဲဆိုတာ မသိနိုင်ပေမယ့် သတင်းတွေကတော့ ပျံ့နှံ့သွားမှာပဲ မဟုတ်လား”
ဖန်းယွင်ရှန်းက...
“ဂိုဏ်းတူအစ်ကို’ရွှီ’ ဆိုလိုတာက နှင်းကြိုးကြာဂိုဏ်းက ကျွန်မတို့ရဲ့ နောက်ခံနဲ့ ရည်ရွယ်ချက်ကို မသိတဲ့အတွက် ကျွန်မတို့ရောက်လာမှာကို သတိထားနေတယ်ဆိုတဲ အဓိပ္ပါယ်လား”
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...
“ဒါပေမဲ့ သူတို့က အခုမှ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာ ကျွန်တော်တို့ကို ဘယ်လိုလုပ်တိုက်ခိုက်နိုင်မှာလဲ ၊ ကျင့်ကြံခြင်းအဆင့်က အရမ်းကွာခြားတာဆိုတော့... ကျွန်တော်တို့ သူတို့အနားက ဖြတ်လျှောက်သွားရင်တောင် သိလိုက်ကြမှာ မဟုတ်ဘူး”
သူက ဆက်ပြောသည်။
“ကျွန်တော်တို့ ဖုရန်တိုင်းပြည်ကိုတောင် အသာလေးနဲ့ မွှေနှောက်လာတာ... ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေလောက်ကတော့ အသာလေးပဲဆိုတာ သူတို့အနေနဲ့ သိသင့်တာပေါ့”
ရန်ကျောက်ကဲက ခဏမျှစဉ်းစားကာ ပြုံးလိုက်ရင်း...
“လမ်းရှာချင်လို့ ခဲ နဲ့ပေါက်တာပေါ့ကွာ ၊ သူတို့က ငါတို့ဘယ်သူမှန်းမသိဘူးလေ ၊ ဒီ ဒီခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေက ငါတို့ကို တိုက်ခိုက်ဖို့ စောင့်နေတာမဟုတ်ဘူး ၊ ငါတို့ဘက်က သူတို့ကိုရှာတွေ့နိုင်ဖို့ အသင့်စောင့်ပေးနေတာ”
ဖန်းယွင်ရှန်းက...
“အင်း... သူတို့နဲ့အရင်ဆက်သွယ်ပြီးမှ နှင်းကြိုးကြာဂိုဏ်းချုပ် စူးယွင်နဲ့ တွေ့ခွင့်ရမယ်ဆိုတဲ့ သဘောပေါ့”
ရွှီဖေးက ခေါင်းညိတ်ရင်း...
“အမှန်ပဲ... ငါတို့ရောက်လာတာ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ဖြစ်စေ ၊ ဆိုးတဲ့ရည်ရွယ်ချက်နဲ့ဖြစ်စေ နှင်းကြိုးကြာဂိုဏ်းကတပည့်တွေနဲ့ မလွဲမသွေအဆက်အသွယ်လုပ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့”
ရန်ကျောက်ကဲက ရယ်မောရင်း...
“အမှန်ပဲ ... ၊ ကဲ သွားကြစို့”
သူတို့အားလုံး အကြည့်ချင်းဖလှယ်ကာ ရယ်မောလိုက်ကြပြီး ဝေဟင်ထက်မှ နှင်းတောင်တန်းများဆီသို့ ဆင်းသက်လိုက်ကြသည်။
ထို့နောက် ရန်ကျောက်ကဲတို့အုပ်စု နှင်းတောင်များထက် အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့ကြသည်။ သူတို့သွားလာသည့်လမ်းကြောင်းကို ဖုံးကွယ်မထားသလို သူတို့ရောင်ဝါကိုလည်း လျှို့ဝှက်ထားခြင်း မရှိခဲ့ပေ။
မကြာမီ အသင့်စောင့်နေသော နှင်းကြိုးကြာဂိုဏ်းသားများနှင့် တွေ့ဆုံကြတော့သည်။
ဂိုဏ်းသားတစ်ယောက်က...
“ဒီ နှင်းကျောက်စိမ်းတောင်တန်းက ငါတို့ နှင်းကြိုးကြာဂိုဏ်းရဲ့ ပိုက်နက်ပဲ ၊ မင်းတို့ဘယ်သူတွေလဲဆိုတာ ပြောပြကြပါ”
ရန်ကျောက်ကဲက ညင်သာစွာပြုံးရင်း...
“ကျေးဇူးပြုပြီး ငါတို့ရောက်လာတာကို ‘စူး’ ဂိုဏ်းချုပ်ဆီ အကြောင်းကြားပေးပါ ၊ လွန်ခဲ့တဲ့အတိတ်က အသိမိတ်ဆွေတစ်ယောက်ရဲ့ မျိုးဆက်က လာရောက်လည်ပတ်တယ်လို့ ပြောပြပေးပါ”
စကားခဏနားပြီးမှ ရန်ကျောက်ကဲက ဆက်ပြောသည်။
“လွန်ခဲ့တဲ့ အနှစ် (၃၀)ကျော်က အသိမိတ်ဆွေတစ်ယောက်ပေါ့...”
နှင်းကြိုးကြာဂိုဏ်းတပည့်များ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး အဘိုးအိုတစ်ယောက်က ရှေ့ထွက်လာသည်။
“ဧည့်သည့်တော်များ ၊ ခဏစောင့်ကြပါ”
ပြောပြီးသည်နှင့် သူက ဘေးသို့လှည့်ကြည့်လိုက်ရာ ဂိုဏ်းသားတစ်ယောက်က ခေါင်းညိတ်ပြပြီး ချက်ချင်းထွက်ခွာသွားသည်။
ဒါကိုမြင်တော့ ရွှီဖေးက...
“ကြည့်ရတာ... ‘စူး’ ဂိုဏ်းချုပ်က ဒီအနီးအနားမှာ ရှိနေတဲ့ပုံပဲ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ငါတို့ ဖုရန်တိုင်းပြည်ကနေ နှင်းတောင်တွေဘက် ခရီးထွက်လာတယ်လို့ သတင်းရကတည်းက စောင့်နေတာ ဖြစ်လောက်တယ်”
ဖန်းယွင်ရှန်းက...
“ဒါဆို နဂါးစိမ်းတောင်က ဒီသတင်းကို ခဏလေးနဲ့ ရသွားတာပေါ့”
ရန်ကျောက်ကဲက...
“သိပ်တော့ မကြာလောက်သေးဘူး ၊ နှင်းကျောက်စိမ်းတောင်တန်းက နဂါးစိမ်းဂိုဏ်း နယ်မြေထဲမှာပဲ ရှိနေတာလေ ၊ နှင်းကြိုးကြာဂိုဏ်းဆိုတာလည်း သူတို့လက်အောက်ခံသဘောမျိုးပဲဆိုတော့ သတင်းစီးဆင်းတာတော့ မြန်မှာပေါ့”
ရန်ကျောက်ကဲက နှင်းကြိုးကြာဂိုဏ်းမှ သိုင်းလေ့ကျင့်သူများကို စူးစိုက်ကြည့်ရင်း...
“အဲဒါတွေ ထားလိုက်ပါ ၊ လောလောဆယ် ငါ တခြားဟာတွေကို ပိုပြီးစိတ်ဝင်စားနေတယ်”
ထို့နောက် ရန်ကျောက်ကဲမျက်ဝန်းများ တစ်လက်လက်တောက်ပသွားပြီး...
“ဒီနေရာမှာ မဟာဝိညာဉ်ကျောက်တုံးတွေ အများကြီးရှိနေတာပဲ”