← Chapters

သူ

Vol. 8 Ch. 795

သူ

Vol. 8 Ch. 795

ဆန်းလျန် ရွှမ်ဝူရေကန်နံဘေးတွင် ရှိနေချိန်တွင် ဘုရင့်နေပြည်တော်မှ ရွှီချင်းဟွမ်နှင့် ကုချန်စန်းတို့၏ တိုက်ပွဲမှာလည်း အဆုံးသတ်ခါနီးပြီ ဖြစ်လေသည်။

သူတို့ (၂)ယောက်၏ တိုက်ပွဲမှာ လောကတစ်ခုလုံးကို တုန်လှုပ်စေသည့်တိုက်ပွဲတစ်ခု မဟုတ်သည့်တိုင် စိတ်ဝင်စားစရာကောင်းသည့် တိုက်ပွဲတစ်ခု ဖြစ်လေသည်။ သူတို့ (၂)ယောက်၏ တိုက်ပွဲကို ဆန်းလျန်သည်ပင်လျှင် အနည်းငယ် စိတ်ဝင်စားနေခဲ့သည် မဟုတ်ပါလား။

ကုချန်စန်း၏ ဓားသိုင်းပညာမှာ အလွန်ပင် ထက်မြက်လေသည်။ လောကနတ်ဘုရားတစ်ပါးထက်ပင် သာလွန်သည်ဟု ဆိုနိုင်သည်။

သို့သော်… ရွှီချင်းဟွမ်၏ ဓားသိုင်းက ပိုပြီး စွမ်းအားမြင့်မားလေသည်။ တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ ရွှီချင်းဟွမ်က ကုချန်စန်း၏ ဓားသိုင်းမှ ဟာကွက်များကို တွေ့မြင်လာပြီး မိုးကြိုးတံခိုးစွမ်းအားကို အသုံးပြုကာ ကုချန်စန်းကို တိုက်ခိုက်လိုက်သည်။

မိုးကြိုးဖြင့် ပစ်ခတ်ခံလိုက်ရသည့်အတွက် ကုချန်စန်း၏ဓားမှာ (၂)ပိုင်းကျိုးသွားသည်။သို့သော်… ကုချန်စန်းက စိတ်ပျက်သွားခြင်းမရှိပေ။ သူက ထိုက်ပေတန်ခိုးစွမ်းအားကို ထုတ်ဖော်ကာ ပြိုင်ဘက်ကင်း ဓားသိုင်းတစ်ခုကို ထပ်မံထုတ်ဖော် အသုံးပြုလိုက်လေသည်။

ကုချန်စန်းအသုံးပြုလိုက်သည့်ဓားသိုင်းမှာ ရှေးဟောင်းဓားသိုင်းတစ်မျိုးဖြစ်သည့် ပျံသန်းဓားဝိညာဉ်ပညာဖြစ်သည်။

ယခု ကုချန်စန်းအသုံးပြုလိုက်သည့် ပျံသန်းဓားဝိညာဉ်မှာ ရှေးဟောင်းဓားသိုင်းပညာများကို ကောင်းကောင်းယှဉ်နိုင် သည့် မှော်ဝင်စွမ်းအားများဖြင့် ပြည့်ဝနေလေသည်။ ထို့ပြင် ဓားသိုင်းအဆင့်အတန်းကလည်း မခန့်မှန်းနိုင်အောင် မြင့်မားလွန်းသည်။

ကုချန်စန်းမှာ ဓားသိုင်းပညာတွင် အဆင့်မြင့်အောင်မြင်မှုတစ်ခုကို ရရှိထားသူတစ်ယောက်အဖြစ် ချီးကျူးထိုက်ဖွယ် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။

အခြားသူများဆိုလျှင် ကုချန်စန်း၏ ဓားသိုင်းကို တွေ့မြင်လိုက်သည်နှင့် ထိတ်လန့်တုန်လှုပ်သွားနိုင်လေသည်။ သို့သော်… ရွှီချင်းဟွမ်ကတော့ တစ်စက်ကလေးပင် ထိတ်လန့်သွားခြင်း မရှိပေ။ သူ၏ နှလုံးသားမှာ သံမဏိအလား မာကျောအေးစက်လျှက် ရှိသည်။

ရွှီချင်းဟွမ်၏ ဓားဝိညာဉ်က ကုချန်စန်း၏ ပျံသန်းဓားဝိညာဉ်ကို ထိုးခွင်းဖျက်စီးပစ်လိုက်ပြီး ကုချန်စန်းအနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားလေသည်။ နောက်ဆုံးတွင် ကုချန်စန်းထံမှ ထွက်ပေါ်နေသည့် ထိုက်ပေတန်ခိုးစွမ်းအားများ ပျောက်ကွယ်သွားလေသည်။

တိုက်ပွဲကိုကြည့်နေကြသူအားလုံးမှာ ကုချန်စန်း ရှုံးနိမ့်တော့မည်ဟု ထင်လိုက်ကြသည်။

သို့သော်… ကုချန်စန်းက အားလုံး အံ့အားသင့်သွားစေမည့် လှည့်ကွက်တစ်ခုကို ပြုလုပ်လိုက်လေသည်။

ကုချန်စန်းက လက်တစ်ဖက်ဝှေ့ယမ်းလိုက်လေရာ သူ၏ အင်္ကျီလက်အတွင်းမှ များပြားလှစွာသော အင်းသင်္ကေတများ ထွက်ပေါ်လာသည်။

ထိုအင်းသင်္ကေတများအားလုံးမှာ ကုချန်စန်းရေးဆွဲထားသည့် အင်းသင်္ကေတများဖြစ်ပြီး ကုချန်စန်း၏ ခန္ဓာကိုယ်နှင့် တစ်သားတည်းကျနေကာ လိုသလို အသုံးပြု၍ရလေသည်။

တိုက်ပွဲကိုကြည့်နေကြသူများမှာ တစ်ချက်လေးပင် မျက်တောင်မခတ်ဘဲ စိတ်ဝင်တစားကြည့်နေကြလေသည်။

ကုချန်စန်းမှာ မည်သို့သော လူစားမျိုး ဖြစ်ပါသနည်း။ ဓားသိုင်းပညာလည်းတော်လွန်းသလို အင်းပညာတွင်လည်း တော်လွန်းလှသည်။

မည်သို့ပင်ဖြစ်စေ… ရွှီချင်းဟွမ်က သူ့ထက်သာလေသည်။ ရွှီချင်းဟွမ်၏ ဆန္ဒကင်းမဲ့ပြီး သွေးအေးရက်စက်တတ်သည့် နှလုံးသားကို ကုချန်စန်း မည်သည့်နည်းနှင့်မှ မယှဉ်နိုင်ပေ။ ရွှီချင်းဟွမ်သည် တစ်ချက်ပင် သွေဖည်ခြင်းမရှိဘဲ အမှန်ကန်ဆုံး ရွေးချယ်မှုကို ပြုလုပ်နိုင်သူ ဖြစ်လေသည်။

ရွှီချင်းဟွမ်မည်မျှရက်စက်သည်ကို အားလုံးလည်း သိရှိထားပြီးသားပင် ဖြစ်သည်။

နောက်ဆုံးတွင်တော့ ကုချန်စန်း၏ နောက်ဆုံးကျန်ရှိသည့် တန်ခိုးစွမ်းအားဖြင့် ဖန်ဆင်းထားသည့် အင်းသင်္ကေတများကို ရွှီချင်းဟွမ်က ချိုးဖျက်ပစ်လိုက်သည်။

ကုချန်စန်း မဟန်နိုုင်စွာ စြင်္ကန်လမ်းဘေးရှိ စင်မြင့်တစ်ခုကို မှီးပြီး ရပ်နေလေသည်။ သူ၏နဖူးထက်မှ ချွေးသီးချွေးပေါက်များ ကျလျှက်ရှိသည်။

ကုချန်စန်းက မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း…

"ကျုပ်အနိုင်ရဖို့ နည်းနည်းလေးလိုသွားတယ်… ဟုတ်တယ်မလား…"

ရွှီချင်းဟွမ်က ခိုင်မာသည့်ခြေလှမ်းများဖြင့် ကုချန်စန်းရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားလေသည်။

သူက ကုချန်စန်းအနားသို့ တဖြည်းဖြည်းတိုးကပ်လာပြီး ကိုယ်ကိုအသာကိုင်းညွှတ်လိုက်ရင်း…

"အမှန်ပဲ ၊ မင်း နည်းနည်းလေးပဲ ကပ်ပြီး ရှုံးသွားတာပါ…"

ပြောပြီးသည်နှင့် ရွှီချင်းဟွမ်၏ လက်တစ်ဖက်က ကုချန်စန်း၏ နှလုံးသားနေရာကို ထိုးဖောက်လိုက်သည်။

ကုချန်စန်း၏ ခန္ဓာကိုယ်ထဲမှ သွေးစက်များ ဖြာထွက်လာပြီး ရွှီချင်းဟွမ်၏ လက်တစ်ခုလုံး ရွှဲရွှဲစိုသွားလေသည်။

ကုချန်စန်းက…

"ကျုပ်မှာ နောက်ဆုံးတိုက်ကွက်တစ်ခု ရှိပါသေးတယ်…"

ပြောပြီးသည်နှင့် ကုချန်စန်းက ဂါထာတစ်ပုဒ်ရွတ်လိုက်သည်။

ထိုဂါထာမှာ အလွန်ရှေးကျသည့် မှော်ဂါထာတစ်ပုဒ် ဖြစ်သည်။

ထို့နောက် ကုချန်စန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အခိုးအငွေ့များထွက်ပေါ်လာပြီး သူ၏ ဝိညာဉ်မှာလည်း စတင် အငွေ့ပျံနေပြီ ဖြစ်သည်။

သူ၏ဆံပင်များမှာ ချက်ချင်းပင်ဖြူဖွေးသွားပြီး မျက်လုံးထောင့်တွင် အရေးအကြောင်းနှင့် မှဲ့ချောက်များ ဖြစ်ပေါ်လာသည်။ သူ့ပုံစံမှာ နှစ်ပေါင်းများစွာ အသက်ကြီးရင့်သွားသည့်အလား ထင်မှတ်ရသည်။

လေထဲတွင် အလင်းရောင်တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ယင်ရှန်းကျွင်း၏ အသံထွက်ပေါ်လာလေသည်။

"ချန်စန်း…. မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ…"

ကုချန်စန်းက ကြာမြင့်စွာပျောက်ဆုံးနေပြီဖြစ်သည့် စုန်းကျိန်စာဂါထာကို အသုံးပြုပြီး သူ၏သွေးနှင့်ဝိညာဉ်ကို စတေးခံကာ သူ့ကို တိုက်ခိုက်လိမ့်မည်ဟု ရွှီချင်းဟွမ် ထင်မထားခဲ့ပေ။

စုန်းကျိန်စာဂါထာကို အသုံးပြုလိုက်သည့်အတွက် ကုချန်စန်း၏ နတ်ဘုရားတစ်ပါး ဖြစ်လုနီးပါး ကျင့်ကြံခြင်းအားလုံး ကုန်ဆုံးသွားရပြီ ဖြစ်သည်။ နှမျောစရာ ကောင်းလွန်းလှသည်။

ကုချန်စန်း၏ ဝိညာဉ်သာ သာမန်ထက်ပိုပြီး သိပ်သည်းခြင်းမရှိလျှင် သူသည် ချက်ချင်းပင် ပျောက်ကွယ်မည် ဖြစ်လေသည်။

သို့သော်… ယခု သူ၏ ဝိညာဉ်စွမ်းအားမြင့်မားလွန်းသည့်အတွက် ကြာရှည်စွာ တွေ့မြင်နေရခြင်း ဖြစ်လေသည်။

စကြာဝဠာတစ်ခုလုံးတွင် ထိုက်ချင်တာအိုဆရာသခင်သည် အကြင်နာတရား အကင်းမဲ့ဆုံး တာအိုဆရာသခင်ကြီး တစ်ပါးဖြစ်လေသည်။ လမ်းစဉ်သည် ယနေ့ထိတိုင်အောင် ထိပ်တန်းလမ်းစဉ်တစ်ခုအဖြစ် ရပ်တည်နေခဲ့ခြင်း ဖြစ်သည်။

ထိုက်ချင်တာအိုဆရာသခင်၏ အကြင်နာကင်းမဲ့မှုများကို ဓားနတ်သမီးဖန်းယန်ယင်း၏ ထိုက်စန့်ဓားသိုင်းတွင် တွေ့မြင်နိုင်လေသည်။

ရွှီချင်းဟွမ်က သေစေခြင်းကျောင်းတော်မှ တပည့်တစ်ယောက်ဖြစ်ပြီး အကြင်နာကင်းမဲ့သည့် ထိုက်စန့်ဓားသိုင်းကို ကျင့်ကြံထားသူ ဖြစ်လေသည်။ ထို့ကြောင့် ထိုက်စန့်ဓားကို အနိုင်ယူရန် တစ်နည်းသာရှိသည်။

စုန်းကျိန်စာဂါထာကိုအသုံးပြုကာ ရွှီချင်းဟွမ်၏ ဝိညာဉ်ကို ကျိန်စာတိုက်လိုက်သည့် နည်းလမ်းပင် ဖြစ်သည်။

မည်သည့်ရွေးချယ်မှုကိုပင် ပြုလုပ်ပါစေ ပေးဆပ်ရမည့် တန်ဖိုးကတော့ ရှိပြီးသားပင်။ ယခုတော့ သူတို့ (၂)ယောက်လုံးအတွက် အချိန်သိပ်မရှိတော့ပေ။

ကုချန်စန်း၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်သည် တဖြည်းဖြည်း အငွေ့ပျံပျောက်ကွယ်နေပြီဖြစ်သည်။

ကျိန်စာမိသွားသည်ကို သိရှိလိုက်သည်နှင့် ရွှီချင်းဟွမ်က စြင်္ကန်လမ်းထက်တွင် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်ချ လိုက်သည်။

သူ့ကို ချောင်းမြောင်းတိုက်ခိုက်ရန် ကြံစည်နေကြသည့် ရန်သူများကို ရွှီချင်းဟွမ် ကြောက်ရွံ့ခြင်းမရှိသလို အရေးလည်း မစိုက်ပေ။ သူက အဆုံးမရှိသည့် အချိန်ကို ရေတွက်နေလေသည်။ ယခုတော့ သူ၏ အဆုံးသတ်မှာ မလှမပဖြစ်ရတော့မည် ဖြစ်သည်။

ရွှီချင်းဟွမ်သည် စြင်္ကန်လမ်းထက်တွင်ထိုင်ကာ မျက်လုံးများကို မှိတ်ထားလေသည်။ စုန်းကျိန်စာဂါထာသည် သူမဖြေရှင်းနိုင်သည့် ကျိန်စာတစ်ခုဖြစ်သည်။ သူသည် ထိုင်နေရင်းနှင့်ပင် တစ်ကိုယ်လုံးလှုပ်ရှားလို့မရသည့် အခြေအနေသို့ ရောက်ရှိသွားလေသည်။

သူ့၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့်အငွေ့အသက်များက နဂါးတစ်ကောင်အလား ထွက်ပေါ်နေပြီး သူ့တစ်ကိုယ်လုံးကို ဝန်းရံထားသည်။

မေနန့်စန်းက အခြေအနေကို တိတ်တဆိတ်ကြည့်နေပြီး သူ့ဘေးနားမှ ရွှင်ယောင်းကို ပြောလိုက်သည်။

"အစ်ကို (၃) ၊ ဘာမှမလုပ်နဲ့ဦး ၊ ကျွန်တော်တို့ စောင့်ကြည့်ရအောင်…"

ရွှင်ယောင်းက…

"ဘာဖြစ်လို့လဲ…"

မေနန့်စန်းက…

"သူ အခု မလှုပ်နိုင်တော့ဘူး ၊ ဒါပေမဲ့ သူ့ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေဖြစ်နေတယ် ၊ ကျွန်တော်တို့ စိတ်ရှည်ရှည်စောင့်ကြည့်ဖို့လိုတယ် ၊ မလှုပ်နိုင်တဲ့အနေအထားကနေ သေချင်လည်းသေသွားနိုင်တယ် ၊ စိတ်ရှည်ရှည်နဲ့စောင့်လိုက်ရင် ကျွန်တော်တို့အတွက် အခွင့်အရေးရချင် ရလာမှာပါ…"

……………

ရွှင်ယောင်းနှင့် မေနန့်စန်း စောင့်နေလေသည်။

ဆန်းလျန်သည်လည်း စောင့်နေလေ၏။

အနောက်ဆီသို့ နေဝင်သွားပြီ…။ လရောင်က ကောင်းကင်ထက်တွင် ထွန်းလင်းလာလေသည်။

ရွှမ်ဝူရေကန်မှရေများ ရုတ်တရက်လှိုင်းထန်လာပြီး နောက်ဆုံးတွင်တော့ ဆန်းလျန်စောင့်မျှော်နေသူ ရောက်ရှိလာလေသည်။

သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ညစ်ပေခြင်းအလျဉ်းမရှိ သန့်ရှင်းဖြူစင်လွန်းလှသည်။

သူမသည်ကား ကြာပန်းဖြူပင်ဖြစ်လေ၏။

ဆန်းလျန်က သူမကိုကြည့်လိုက်ရင်း…

"မင်း ပြောင်းလဲသွားတယ်…"

ကြာပန်းဖြူက…

"လောကမှာ အရာအားလုံးက ပြောင်းလဲနေတာပဲ ၊ ကျွန်မ နည်းနည်းလောက်ပြောင်းလဲသွားတာ ဘာများ ထူးဆန်းလို့လဲ…"

ဆန်းလျန်က …

"မင်းဆီက အငွေ့အသက်တွေက ဘုရင့်နေပြည်တော်က ဟိုကောင်လေးနဲ့ သွားတူနေပါလား…"

ကြာပန်းဖြူက မျက်နှာကိုတစ်ချက် မော့လိုက်ရင်း…

"ဟုတ်လား…"

ဆန်းလျန်က ပြုံးရုံသာပြုံးနေလိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။

"ကွမ်ယင်မယ်တော်ရဲ့ မိန်းကလေး ဘယ်ရောက်သွားပြီလဲ…"

ကြာပန်းဖြူက ပြုံးလိုက်ရင်း…

"အဲဒီမိန်းကလေးက ကျွန်မနဲ့ ပေါင်းစပ်သွားပြီ ၊ အခု ရှင့်မျက်စိရှေ့မှာပဲလေ…"

ဆန်းလျန်က…

"ငါးခြင်းတောင်းကရော…"

ပိုင်လျန်ဟွားက ခေါင်းတစ်ချက်ငုံ့လိုက်ပြီး ကန်ရေပြင်တွင် အရိပ်ထင်နေသည့် လမင်းကို ငုံ့ကြည့်လိုက်သည်။ လရောင်တောက်ပနေသည့် ကန်ရေပြင်ထဲမှ ငါးခြင်းတောင်းထွက်ပေါ်လာလေသည်။ ထိုငါးခြင်းတောင်းသည် တံငါသည်မိန်းကလေးကိုင်ဆောင်ထားသည့် ငါးခြင်းတောင်းနှင့် တစ်ပုံစံတည်း ဖြစ်သည်။

ဆန်းလျန်က…

"မနက်ဖန်တိုက်ပွဲက အရေးကြီးတယ် ၊ မင်းရှုံးသွားရင် ဒီလောကကနေ ပျောက်ကွယ်သွားရလိမ့်မယ်… ၊ မင်း နားလည်တယ်မဟုတ်လား…"

ကြာပန်းဖြူက…

"အစကတည်းက ကျွန်မဆိုတာ လောကမှာ မရှိသင့်တဲ့ လူတစ်ယောက်ပဲ ၊ ကျွန်မ ပျောက်ကွယ်သွားတော့ရော ဘာဖြစ်သေးလဲ…"

ဆန်းလျန်က…

"ဒါပေမဲ့ ကျုပ်ကတော့ မင်းကို ဆက်ပြီး ရှိစေချင်မိတယ်…"

ကြာပန်းဖြူက…

"ဘာဖြစ်လို့လဲ…"

ဆန်းလျန်က သူမ၏အမေးစကားကို မဖြေဘဲ ပြုံးရုံသာပြုံးနေလိုက်သည်။

ကြာပန်းဖြူက တိတ်ဆိတ်ငြိမ်သက်နေလေသည်။

သူမနှင့်ဆန်းလျန် တိုက်ပွဲတစ်ခုကို အတူတူ ရင်ဆိုင်ကြရမည်။

တံငါသည်မိန်းကလေးနှင့်ပတ်သက်သည့် ကိစ္စများကလည်း ရှင်းလင်းသွားပြီ ဖြစ်သည်။ တံငါသည်မိန်းကလေးသည် ကွမ်ယင်မယ်တော်၏ ငါးခြင်းတောင်းမှ အသွင်ပြောင်းထားသည့် ကွမ်ယင်မယ်တော်၏ ကိုယ်ခွဲတစ်ခု ဖြစ်လေသည်။သူမသည် ကွမ်ယင်မယ်တော်၏ ဖန်ဆင်းခြင်း (၃၂)မျိုးတွင် တစ်မျိုး အပါအဝင် ဖြစ်သည်။

ယခုတော့ တံငါသည်မိန်းကလေး၏ ခန္ဓာကိုယ်ထဲတွင် ကွမ်ယင်မယ်တော်ထည့်သွင်းပေးထားသည့် အမြုတေကို ကြာပန်းဖြူက ထုတ်ယူခဲ့ပြီး သူမ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လိုက်လေသည်။

ထိုသို့ပြုလုပ်လိုက်သည့်အတွက် ကွမ်ယင်မယ်တော်၏ ငါးခြင်းတောင်းနှင့် ကြာပန်းဖြူသည် ကံတရားအကြောင်းအကျိုးအရ ပတ်သက်ဆက်နွယ်သွားပြီ ဖြစ်သည်။

တံငါသည်မိန်းကလေးက အားလော်ဟယ်အကြောင်း ကျမ်းစာကို တံငါသည်များကို ဟောပြောခဲ့သည်။ သူမကို ကွမ်ယင်မယ်တော်ဖန်ဆင်းခဲ့သည်မှာ ထိုအလုပ် ပြုလုပ်ရန်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်…

တံငါသည်မိန်းကလေး၏တာဝန်မှာ အားလော်ဟယ်ကို တရားပြရန်ဖြစ်သည်။ ထို့ကြောင့် သူမက အားလော်ဟယ်၏ အာရုံစိုက်မှုကို ရရှိရန်အတွက် အရင်ဦးဆုံး အားလော်ဟယ်အကြောင်းကို အခြားသူများကို ဟောပြောရခြင်း ဖြစ်သည်။

ကွမ်ယင်မယ်တော်၏ မြင့်မားလွန်းသည့် ဗုဒ္ဓဘာသာတန်ခိုးစွမ်းအားများဖြင့် အားလော်ဟယ်ကို အနိုင်ယူနိုင်ရန် အစပြုလုပ်ဆောင်ခြင်းဖြစ်သည်။ သို့သော်.... တံငါသည်မိန်းကလေးအနေဖြင့် အဆင့်အတန်းမြင့်မားလွန်းသည့် အားလော်ဟယ်ကို အနိုင်ယူရန်မှာ အဆုံးမရှိခက်ခဲလေသည်။

သို့သော်… တံငါသည်မိန်းကလေး၏ကိုယ်ထဲမှ ကွမ်ယင်မယ်တော်၏ အမြုတေသည် ကြာပန်းဖြူနှင့် ပေါင်းစပ်သွားသည့်အခါ အားလော်ဟယ်ကို အနိုင်ယူရန် အခွင့်အရေး ရသွားမည်ဖြစ်သည်။

ဤအချက်များမှာ ကြာပန်းဖြူ စဉ်းစားနိုင်သမျှသော အချက်အလက်များသာ ဖြစ်သည်။ သို့သော်… ဆန်းလျန်၏ စိတ်ထဲတွင်တော့ မည်သို့ နားလည်မည်ကို သူမ မသိရှိပေ။

သို့သော်… ဆန်းလျန်ကတော့ ထိုအကြောင်းများကို သိပ်ပြီး မသိရှိပေ။ သူက ကံကြမ္မာပြဌာန်းသည့်အတိုင်း လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။

တကယ်တမ်းတွင် ဤတိုက်ပွဲကိုရင်ဆိုင်ရန်အတွက် သူ့တွင် ရွေးခြယ်စရာမရှိပေ။ ဤတိုက်ပွဲသည် သူ၏ကံတရား ၊ သူရင်ဆိုင်ရမည့် အစစ်ဆေးခံရမှုပင် ဖြစ်သည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။

ဆန်းလျန်က အနောက်ဆီသို့ လက်ညှိုးတစ်ချက် ညွှန်ပြလိုက်ရင်း…

"မနက်ဖန် အရုဏ်တက်တာနဲ့ 'သူ' ရောက်လာလိမ့်မယ် ၊ အဲဒီအချိန်ကျရင် ဒီ ရွှမ်ဝူရေကန်လည်း ပျောက်ကွယ်သွားရလိမ့်မယ်…"

***

All Chapters