← Chapters

ဉာဏ်အထက်ဆုံးသူတွေ

Vol. 8 Ch. 796

ဉာဏ်အထက်ဆုံးသူတွေ

Vol. 8 Ch. 796

ဆန်းလျန်သုံးလိုသည့် "သူ" ဆိုသည့်အသုံးအနှုန်းသည် နတ်ဘုရားများကို အလေးထားသည့် အနေဖြင့် သုံးနှုန်းသည့် အသုံးအနှုန်းတစ်ခုဖြစ်လေသည်။

အားလော်ဟယ်ဆိုသည့်ဖန်ဆင်းရှင်ကို ဆန်းလျန်က လေးစားသည့်အနေဖြင့် ထိုနမ်စားကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ရွှမ်ဝူရေကန်နံဘေးတွင် ကြာပန်းဖြူနှင့် ဆန်းလျန်တို့ ဘေးချင်းယှဉ်ရပ်နေကြလေသည်။ သူတို့ (၂)ယောက်၏ ဝိညာဉ်များက တစ်သားတည်း ပေါင်းစပ်သွားလေသည်။

နတ်ဘုရားများ၏ ဝိညာဉ်များ အပြည့်အဝပေါင်းစပ်သွားပါက မိုးနှင့်မြေတွင် စွမ်းအားအမြင့်မားဆုံးအနေအထားသို့ ရောက်ရှိသွားမည် ဖြစ်သည်။

သူတို့ (၂)ယောက် သိရှိကြခြင်းမှာ သိပ်မကြာသေးသည့်တိုင် သူတို့ (၂)ယောက်၏ အပြန်အလှန်နားလည်မှုကတော့ တာအိုလက်တွဲဖော်များထက်ပင် သာလွန်သေးသည်။ ထိုအချက်က အနည်းငယ်အံ့သြစရာကောင်းနေသည့်တိုင် သဘာဝကျသည်ကတော့ အမှန်ပင် ဖြစ်သည်။

သူတို့ (၂)ယောက်၏ ဝိညာဉ်များပေါင်းစပ်သွားသည့်အတွက် ပြောင်းလဲသွားသည့် တန်ခိုးစွမ်းအားများက အံ့သြစရာကောင်းလောက်အောင် မြင့်မားလျှက်ရှိသည်။

သူတို့ကို မယ်တော်ဝမ်မူနှင့် နန်းတော် (၃)ခု ၊ နတ်ဘုရားကျောင်းတော်ကြီး (၄)ခုတို့မှ နတ်ဘုရားများသာ အနည်းငယ် ရိပ်မိလိုက်ကြသည်။

သို့သော်… သူတို့က ဆန်းလျန်နှင့်ကြာပန်းဖြူအနားသို့ မသွားဘဲ အဝေးမှသာ တိတ်တဆိတ်လေ့လာနေခဲ့ ကြလေသည်။

အဘယ်ကြောင့်ဆိုသော်… ဆန်းလျန်နှင့် ကြာပန်းဖြူဆီမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများသည် ခန့်မှန်းနိုင်ခြင်း မရှိလောက်အောင် မြင့်မားပြီး အန္တရယ်များလွန်းသောကြောင့် ဖြစ်သည်။

ကောင်းကင်တွင် ကြယ်စင်များက မှိတ်တုပ်မှတ်တုပ်လင်းလက်နေပြီး လမင်းကတော့ အနောက်ဆီသို့ ဝင်သွားခဲ့လေပြီ။

အလှနတ်သမီးကြယ်စင် လင်းလက်စွာတောက်ပလာပြီး အရှေ့ဆီမှ ရောင်နီထွန်းလင်းလာပြီ ဖြစ်လေသည်။

ဆန်းလျန်နှင့် ကြာပန်းဖြူသည် တစ်ညလုံး ရေကန်နံဘေးတွင် ရပ်နေခဲ့ကြလေသည်။ သို့တိုင်အောင်… သူတို့၏ အင်္ကျီစများတွင် နှင်းစများ ဆွတ်စိုနေခြင်း အလျဉ်းမရှိပေ။

နံနက်ခင်း၏ ပထမဆုံးနေရောင်ခြည်က သူတို့ရှိရာသို့ စတင်ဖြန်းပက်လာသည့်အချိန်တွင် သူတို့ (၂)ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့၏ တန်ခိုးစွမ်းအားများက အဆက်မပြတ် ပျံ့နှံ့နေပြီး အနောက်ဆီသို့ ချက်ချင်း လွင့်မျောသွားလေသည်။

အနောက်ဆီတွင် မည်သည့်အရာများ ရှိပါသနည်း။

အနောက်ဆီတွင် ကောင်းချီးမင်္ဂလာများနှင့်ပြည့်ဝလျှက်ရှိသည့် ကောင်းကင်တိုင်းပြည် တည်ရှိလေသည်။

ဆန်းလျန်နှင့် ကြာပန်းဖြူတို့သည် ကောင်းကင်တိုင်းပြည်သို့ တစ်ခါမှ မရောက်ဖူးကြပေ။ သို့သော်… ထိုနေရာတွင် ကောင်းကင်တိုင်းပြည်တည်ရှိသည်ကိုတော့ သူတို့ (၂)ယောက်လုံး ချွင်းချက်မရှိ သိရှိထားလေသည်။

ကောင်းကင်တိုင်းပြည်ဆိုသည်က မြင့်မြတ်ပြီး တောက်ပနေသည့် နေရာတစ်ခုဖြစ်သည်။ လူ့လောကရှိ မည်သည့် နေရာနှင့်မှ နှိုင်းဆမရနိုင်အောင် ခမ်းနားလှပလွန်းသည်။

ထိုနေရာတွင် အဆိုးမရှိ။ ကောင်းမြတ်ခြင်းများသာလျှင် ရှိသည်။ အားလော်ဟယ်ကို ယုံကြည်ကိုးကွယ်ကြသူများသာ ထိုနေရာတွင် ထာဝရနေထိုင်နိုင်ကြလေသည်။

သို့သော်… ကောင်းကင်တိုင်းပြည်တွင် အားလော်ဟယ်နှင့်အတူ ထာဝရနေထိုင်အသက်ရှင်သွားကြသည့် လူသားများသည် ဆန်းလျန်၏ မျက်လုံးထဲတွင်တော့ အဓိပ္ပါယ်ကင်းမဲ့လျှက်ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် သူတို့၏ ဘဝတစ်ခုလုံးကို အားလော်ဟယ်ကို ပေးဆပ်ထားကြသူများ ဖြစ်သောကြောင့်ပင်။

သူတို့သည် ကောင်းကင်တိုင်းပြည်တွင် အားလော်ဟယ်နှင့်အတူ နေထိုင်ကြသည်။ အားလော်ဟယ်ကို ကိုးကွယ်ကြသည်။ သို့သော်… သူတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်တို့ကတော့ ပျောက်ဆုံးလျှက်ရှိကြသည်။

ဆန်းလျန် သက်ပြင်းတစ်ချက်ချလိုက်မိသည်။

လူအများဆိုသည်က ကိုယ်ယုံကြည်ရာဖြင့် ပျော်ရွှင်နေကြသူများဖြစ်လေရာ ထိုသူများအနေဖြင့်လည်း သူတို့ဘဝကို သူတို့ ကျေနပ်ကြမည် ထင်ပါသည်။

သို့သော်… ဆန်းလျန်ကတော့ ထာဝရအသက်ရှင်သန်ရန်အတွက် ဖြတ်လမ်းနည်းလိုက်ခြင်းမှာ ကြေကွဲစရာ ကောင်းလွန်းသည်ဟု ထင်မြင်မိသည်။

ဆန်းလျန်နှင့် ကြာပန်းဖြူ ကောင်းကင်တိုင်းပြည်ရှိရာသို့ ပျံသန်းထွက်ခွာသွားကြလေသည်။ စိမ်းလန်းသည့် တောတောင်များ ၊ မြက်ခင်းပြင်များနှင့် စပျစ်ဥယျာဉ်များက သူတို့ (၂)ယောက်ကို ဆွဲဆောင်လျှက်ရှိကြသည်။

ရုတ်တရက်…

စပျက်နွယ်ပင်များ ဘေးသို့ အသာရွေ့လျားသွားပြီး စပျစ်ဥယျာဉ်အတွင်းသို့ ဝင်နိုင်ရန် တံခါးတစ်ခုအလား လှစ်ဟ ပေးလိုက်လေသည်။

သို့သော်… ဆန်းလျန်နှင့်ကြာပန်းဖြူတို့က စပျစ်နွယ်ပင်များ လှစ်ဟပေးသည့် တံခါးမှ ဥယျာဉ်အတွင်းသို့ မဝင်ဘဲ စပျစ်နွယ်ပင်များထက်မှ ပျံသန်းကာ ဥယျာဉ်အတွင်းသို့ ဝင်လိုက်ကြသည်။

နေရောင်ခြည်သည် ကျောက်တုံးများထက်သို့ ဖြာကျနေပြီး တောက်ပလင်းလက်နေလေသည်။

ကျောက်တုံးပလ္လင်တစ်ခုထက်တွင် ကျိုင်းတံတစ်ခုကိုကိုင်ဆောင်ထားပြီး ရာဇဣန္ဒြေအပြည့်အဝရှိသည့် အဘိုးအိုတစ်ယောက် ထိုင်နေလေ၏။ သူ့ရှေ့တွင် စပျစ်ဝိုင်ထည့်ထားသည့် ဖန်ခွက်တစ်ခု ချထားသည်။

ထိုသူကို တွေ့မြင်ရသည့်အခါ ကြာပန်းဖြူ၏ရင်ထဲတွင် တစ်ချက် တုန်လှုပ်သွားလေသည်။ သူမ၏ရင်ထဲတွင် ကြောက်စိတ်များ ရုတ်တရက် ဖုံးလွှမ်းလာပြီး ထိုသူကို တိုက်ခိုက်လိုစိတ်များ ချက်ချင်းပျောက်ကွယ်သွားလေသည်။

ထိုအချိန်မှာပင်…  ဆန်းလျန်၏လက်များက သူမ၏လက်များကို ဆုပ်ကိုင်လာလေရာ တုန်လှုပ်နေသည့် သူမ၏ စိတ်နှလုံးမှာ ပြန်လည်တည်ငြိမ်သွားရသည်။ စစ်မှန်သည့် တာအိုစိတ်ထားကို သူမ ပြန်လည်ရရှိသွားလေသည်။

အဘိုးအို၏မျက်နှာထက်တွင် မုတ်ဆိတ်မွှေးများရှိနေလေသည်။ ဆံပင်ကတော့ အနည်းငယ်တိုပြီး အခွေအလိပ်များနှင့် လှုင်းတွန့်ပုံသဏ္ဍန်ဖြစ်လေသည်။ ဆံပင်နှင့်မုတ်ဆိတ်များက အနက်ရောင်မဟုတ်ဘဲ ရွှေရောင် တောက်ပနေလေသည်။

စိတ်ဝင်စားစရာ အကောင်းဆုံးမှာ ထိုသူ၏ မျက်ဝန်းများဖြစ်လေသည်။ ထိုမျက်ဝန်းများသည် အကြင်နာတရားများဖြင့် ပြည့်ဝနေပြီး လူသားများ၏နှလုံးသားမှ အပြစ်တရားမှန်သမျှကို စင်ကြယ်အောင် သန့်စင်ပေးနိုင်စွမ်း ရှိဟန်တူလေသည်။

သူ၏ကျက်သရေရှိမှုကို ချီးကျူးရန် မည်သည့်စကားလုံးနှင့်မှ နှိုင်းယှဉ်၍မရနိုင်ပေ။ လူ့လောကရှိ အတော်ဆုံးကဗျာဆရာတစ်ယောက်ပင်လျှင် သူ၏ ခမ်းနားမှုကို ဖော်ကျူးနိုင်ရန် အစွမ်းရှိမည် မဟုတ်ပေ။

ထိုသူ့ထံတွင် တဖြည်းဖြည်းပျော်ဝင်ကြီးထွားနေသည့် ဖြစ်တည်မှုကို ဆန်းလျန် တွေ့မြင်ရလေသည်။

ထိုသူမှာ "အားလော်ဟယ်" ပင် ဖြစ်လေသည်။

ထိုက်စန့်တာအိုဆရာသခင် ပြောဖူးသည်မှာ …

"တာအိုက တစ်ခုကို မွေးဖွားပေးသည် ၊ တစ်ခုက နှစ်ခုကို မွေးဖွား ၊ နှစ်ခုက သုံးခုကိုမွေးဖွား ၊ သုံးခုမှ အရာအားလုံးဖြစ်တည်လာသည်…"

ဟူ၍ဖြစ်သည်။

ထိုစကားသည် အားလော်ဟယ်အတွက် ပြီးပြည့်စုံသည့် စကားတစ်ခု ဖြစ်လေသည်။

အချိန်ကာလစီးဆင်းမှုတစ်လျှောက်တွင် မိုးနှင့်မြေထက် သာ၍ကြီးမြတ်သူများ ရှိနိုင်ပါသေးသလား။

ရှိပါ၏…။

သို့သော်… ထိုသူများကို မြင်တွေ့နိုင်ခြင်း မရှိကြတော့ပေ။

ထို့ကြောင့် မြင်တွေ့နိုင်ကြသူများထဲတွင် အားလော်ဟယ်က အကြီးမြတ်ဆုံး ဖြစ်လေသည်။ အားလော်ဟယ်ကို မြင်တွေ့ကြသူတိုင်းက ကြီးမြတ်ခြင်း ၊ ခမ်းနားခြင်း ၊ ကျက်သရေရှိခြင်းများကို ခံစားကြရမည် ဖြစ်သည်။

ဥယျာဉ်ထဲတွင် သာယာသည့် တေးသံသာများ ထွက်ပေါ်နေလေသည်။

တေးသံသာကိုတီးခတ်နေသူမှာ အတောင်ပံများကိုပိုင်ဆိုင်ထားသည့် မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။

အားလော်ဟယ်က…

"သူတီးခတ်နေတဲ့ တူရိယာကို စန္ဒရားလို့ခေါ်တယ် ၊ ဒါနဲ့ စန္ဒရားရဲ့ မူလအစကို မင်းတို့ သိကြသလား…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ဖန်ဆင်းရှင် ပြောပြပေးပါ…"

အားလော်ဟယ်၏ နက်ရှိုင်းသည့်အကြည့်က ဆန်းလျန်ကို တစ်ချက်ပင် မတုန်လှုပ်စေခဲ့ပေ။ သို့သော်… ထိုအကြည့်များထဲတွင် ကြင်နာမှု ၊ လွမ်းဆွတ်မှုနှင့် မရှိမှုတရားများကို တွေ့မြင်ရလေသည်။

အားလော်ဟယ်က…

"ကျုပ်မြင်ဖူးတဲ့ ရှေးအကျဆုံး ဗျပ်စောင်းက တာ့စန့်ယီယင်းပဲ ၊ အဲဒါက ကြာခဲ့ပါပြီလေ… ၊ အဲဒီဗျပ်စောင်းကို ပိုင်ဆိုင်တဲ့သူက ဖူရှီးဆိုတာတောင် ကျုပ်မှတ်မိနေသေးတယ် ၊ ကျုပ်တို့ ဂီတပညာအကြောင်း အတူတူ ဆွေးနွေးခဲ့ကြသေးတယ် ၊ သူပြောတာတော့ တာ့စန့်ယီယင်းက လောကမှာ အပြည့်စုံဆုံး တူရိယာပဲတဲ့ ၊ အဲဒါကို ယှဉ်နိုင်တဲ့ တူရိယာ လောကမှာ မရှိဘူးတဲ့…"

"ကျုပ်ကလည်း သူ့ကိုပြိုင်မငြင်းပေမယ့် သူ့စကားကို မယုံကြည်ပါဘူး ၊ နောက်တော့ စန္ဒရားကို ကျုပ်သေသေချာချာ အားစိုက်ပြီး တီထွင်ခဲ့တယ် ၊ စန္ဒရားက လောကတစ်ခုလုံးက အသံပေါင်းများစွာကို ဖော်ထုတ်နိုင်တယ်ဆိုတာ မင်းတို့သိရဲ့လား ၊ စန္ဒရားကို ဖန်ဆင်းနိုင်ခဲ့တာ ကျုပ်သိပ်ပြီး ဂုဏ်ယူခဲ့တယ် ၊ ပြီးတော့ ဒီလောက်ပြီးပြည့်စုံတဲ့ တူရိယာဖြစ်တဲ့ စန္ဒရားကို ဖူရှီကို သွားပြချင်လို့ လိုက်ရှာခဲ့သေးတယ် ၊ ဒါပေမဲ့ အဲဒီအချိန်မှာ သူမရှိတော့ဘူးလေ…"

ဆန်းလျန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"အင်း… စိတ်မကောင်းစရာပါပဲ…"

အားလော်ဟယ်က…

"ဟုတ်ပါလိမ့်မယ် ၊ ဒါပေမဲ့ ကျုပ်က စန္ဒရားတီးရတာ မကြိုက်ဘူး ၊ ဒါပေမဲ့ တစ်ခါတလေ နားထောင်ရတာ သဘောကျတယ် ၊ ဒါကြောင့်လည်း အယ်လီနာကို ဖန်ဆင်းခဲ့တာပေါ့…"

ကြာပန်းဖြူက…

"အဲဒီ အယ်လီနာက လူသားမဟုတ်ဘူး ၊ သူ့ရဲ့တည်ရှိမှုကလည်း ထူးဆန်းတယ် ၊ သူက ဘယ်လိုအရာမျိုးလဲ…"

အားလော်ဟယ်က….

"မင်းက တော်တော် အမြင်စူးရှတာပဲ ၊ တစ်ချက်ကြည့်လိုက်ရုံနဲ့ အယ်လီနာရဲ့ ထူးခြားချက်ကို တန်းပြီးသတိတယ် ၊ အယ်လီနာက ကျုပ်ဖန်ဆင်းထားတဲ့ အနုပညာတစ်ခုပဲ ၊ သူ့လိုမျိုး ကျုပ်ဖန်ဆင်းထားတဲ့သူတွေ အများကြီး ရှိတယ် ၊ ကျုပ်ကို ယုံကြည်ကိုးကွယ်ကြတဲ့သူတွေက သူတို့ကို အိန်ဂျယ်တွေလို့ ခေါ်ကြတယ် ၊ အိန်ဂျယ်တွေအားလုံးက ပြီးပြည့်စုံကြတယ် ၊ ဒါပေမဲ့ သူတို့က လူသားတွေလို စိတ်တွေ မရှုတ်ထွေးကြဘူး ၊ ပြီးတော့ မင်းတို့ ကျင့်ကြံသူတွေရဲ့ လောကနတ်ဘုရားတစ်ပါးနဲ့ညီတဲ့ တန်ခိုးစွမ်းအားမျိုးတွေကို ပိုင်ဆိုင်ထားကြတယ်…"

ခဏနားပြီးမှ အားလော်ဟယ်က ဆက်ပြောလေသည်။

"ကျုပ် သိပ်ကိုပြီးပြည့်စုံလွန်းတဲ့ အိန်ဂျယ်တစ်ပါးကို ဖန်ဆင်းခဲ့သေးတယ် ၊ သူ့ကိုလူစီဖာလို့ ခေါ်တယ် ၊ ကျုပ်က ကောင်းမြတ်ခြင်းတွေအကုန်လုံး သူ့ကိုပေးခဲ့တယ် ၊ ဒါပေမဲ့ နောက်ဆုံးတော့ ကျုပ်ကို သစ္စာဖောက်သွားတယ်လေ ၊ ကျုပ် ဒေါသထွက်လွန်းလို့ သူ့ကို နေ့ရော ညရော တိုက်ခိုက်ခဲ့တယ် ၊ နောက်ဆုံးတော့ သူက အသူရာချောက်ကို ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်… ၊ တကယ်တော့ ကျုပ်က သူ့ကို  ဒေါသထွက်ရုံပဲရှိတာပါ ၊ ဖျက်စီးမပစ်ချင်ပါဘူး ၊ ပြီးတော့ သူလည်း ကျုပ်လက်က မလွတ်နိုင်ပါဘူးလေ…"

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"ခင်ဗျားပြောတာတွေအားလုံးကို ကျုပ်သဘောတူပါတယ် ၊ ဒါပေမဲ့ နောက်ဆုံးတစ်ချက်တော့ သဘောမတူနိုင်ဘူး…"

အားလော်ဟယ်က…

"ဘာဖြစ်လို့လဲ…"

ဆန်းလျန်က…

"ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်းကင်တိုင်းပြည်က လူတွေနေထိုင်ဖို့ မသင့်တော်ဘူးလေ…"

အားလော်ဟယ်က…

"ကျုပ်က အလင်းဖြစ်စေဆိုရင် အလင်းဖြစ်လာရမှာပဲ ၊ ကျုပ်က လမ်းဖြစ်စေဆိုရင် လမ်းဖြစ်လာရမှာပဲ ၊ ကျုပ်က ဘာမှမရှိနဲ့ဆိုရင် ဘာမှ ရှိလာမှာ မဟုတ်ဘူး…"

ဆန်းလျန်က…

"ကျုပ်ကတော့ မယုံပါဘူး…"

အားလောဟယ်က…

"တစ်ချိန်ကျရင် မင်းယုံကြည်လာမှာပါ ၊ ဒါပေမဲ့ အဲဒီအချိန်ကျရင် မင်းအတွက် အချိန်သိပ်နောက်မကျနေဖို့ပဲ မျှော်လင့်ပါတယ်…"

အားလော်ဟယ်မှာ ထူးခြားဆန်းကျယ်သူတစ်ယောက်ဖြစ်သည့်တိုင် ဆန်းလျန်က တော့ ကြောက်ရွံ့ခြင်း မရှိပေ။

အတိတ်မေ့နေသည့်တိုင် သူ့ဘဝတွင် အားလော်ဟယ်ထက် ကြောက်မက်ဖွယ်ရာကောင်းသူများနှင့် ရင်ဆိုင်ခဲ့ရဖူးဟန် ရှိလေသည်။ သူသည် ဆယ်ကြိမ်မက သေဆုံးခဲ့ရုံသာမက ဘဝတစ်ခုလုံး ပျောက်ဆုံးခဲ့ရသည့် အခြေအနေများကိုပင် ရင်ဆိုင်ခဲ့ရဟန် ရှိသည်။

ထို့ကြောင့် လောကတွင် ကြောက်မက်ဖွယ်ရာကောင်းသူ မည်သူမဆို ဆန်းလျန်ကိုတော့ ကြောက်ရွံ့အောင် လုပ်နိုင်ကြမည် မဟုတ်ပေ။

ထို့ပြင်… မည်မျှကြောက်မက်ဖွယ်ကောင်းသူများနှင့် ရင်ဆိုင်ခဲ့ရပါစေ သူကတော့ ယခုအချိန်ထိ အသက်ရှင်နေဆဲ ဖြစ်လေသည်။ ထို့ကြောင့် လောကတွင် မည်မျှ တန်ခိုးစွမ်းအားမြင့်မားပါစေ သူ့ကိုတော့ ဖျက်စီးနိုင်စွမ်းမရှိကြသည် မှာအသေအချာပင် ဖြစ်လေသည်။

ဆန်းလျန်က သူ့ဘေးနားတွင်ရပ်နေသည့် ကြာပန်းဖြူကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ရင်း…

"ကျုပ်တို့ အနိုင်မယူနိုင်ဘူးလို့ ထင်တဲ့အရာတွေကို အနိုင်ယူလိုက်နိုင်ရင် ကျုပ်တို့ပိုပြီး အားကောင်းလာမှာပဲ မဟုတ်လား ၊ မင်းရော ဘယ်လိုထင်လဲ…"

ကြာပန်းဖြူက ဆန်းလျန်၏ စကားကို နူးညံ့စွာပင် ခေါင်းတစ်ချက်ညိတ်သဘောတူလိုက်လေသည်။ ထို့နောက် သူမက ဆန်းလျန်ကို လှပစွာ ပြုံးပြလိုက်လေသည်။

ဆန်းလျန်၏ စကားကြောင့် အားလော်ဟယ်က ဒေါသထွက်သွားခြင်း မရှိပေ။

အားလော်ဟယ်က…

"လောကမှာ ကျုပ်ကို လက်မခံတဲ့သူတွေ အများကြီးပါပဲလေ … ဒါပေမဲ့ မင်းတို့ကတော့ အတုံးဆုံးပဲ…"

ဆန်းလျန်က…

"မဟုတ်ရပါဘူးဗျာ ၊ ကျုပ်တို့က ဉာဏ်အထက်ဆုံးသူတွေပါ…"

ဆန်းလျန်စကားဆုံးသွားသည်နှင့် စတင်တိုက်ခိုက်လိုက်သူက ကြာပန်းဖြူဖြစ်လေသည်။

ကြာပန်းဖြူက သူမ၏ လက်နှစ်ဖက်ကို အသာအယာပင် ဝှေ့ယမ်းလိုက်လေရာ သူမရှေ့ရှိ စပျစ်ဥယျာဉ်မြေပြင်ထက်တွင် အက်ကြောင်းများ ထင်လာလေတော့သည်။

***

All Chapters