ကျင့်ကြံခြင်း
Vol. 8 Ch. 797
အားလော်ဟယ်က လေးစားသည့်အကြည့်တစ်ချက်ဖြင့် ကြာပန်းဖြူကို ကြည့်လိုက်လေသည်။
"အင်း… ကျုပ်နောက်ဆုံးအကြိမ် ဝူရှန်သိုင်းကွက်ကို ရင်ဆိုင်ခဲ့ရတုန်းက စကြာဝဠာကြီးတောင် ဖြစ်တည်မလာသေးဘူး…"
ကြာပန်းဖြူအသုံးပြုလိုက်သည့် ဝူရှန်သိုင်းကွက်တွင် တန်ခိုးစွမ်းအား အပြည့်အ၀ အသုံးပြုထားခြင်း မရှိပေ။ သို့တိုင်အောင် ကောင်းကင်တိုင်းပြည်၏မြေပြင်တွင် အက်ကြောင်းများ ထင်သွားစေလေသည်။
ကြာပန်းဖြူသည် အားလော်ဟယ်နှင့်ယှဉ်လျှင် တန်ခိုးစွမ်းအားအရာတွင် လုံး၀ ယှဉ်နိုင်ခြင်း မရှိသေးပေ။ သို့သော်… အားလော်ဟယ်၏ နှိမ်နင်းခြင်းကို ခံရလောက်အောင် ကြာပန်းဖြူ၏ အစွမ်းကလည်း နိမ့်ကျနေခြင်း မရှိပေ။ ထိုအချက်က တစ်လောကလုံးကို တုန်လှုပ်သွားစေသည့် အချက်ဖြစ်လေသည်။
ကြာပန်းဖြူသာ လူ့လောကတွင် တရားဟောမည်ဆိုပါက သေချာပေါက် အောင်မြင်သည့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာမည်မှာအမှန်ပင် ဖြစ်သည်။
ထိုအချိန်မှာ… ဆန်းလျန်က ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်လေသည်။ ထိုအခါ ကောင်းကင်တိုင်းပြည်တစ်ခုလုံး ကျွံကျသွားသည့်အလား ခံစားလိုက်ရသည်။
စပျစ်ဥယျာဉ်အတွင်းမှ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာလေသည်။ စန္ဒရားသံကလည်း ပိုပြီး ကြည်လင်စွာ ထွက်ပေါ်လာလေသည်။
အားလော်ဟယ်က ကျောက်သားပလ္လင်ထက်တွင် ထိုင်နေရာမှ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်။ သူ၏ မတ်တတ်ရပ်လိုက်ဟန်သည် စကြာဝဠာကြီးတစ်ခုလုံး၏ ဟန်ချက်ညီမှုကို ထိန်းသိမ်းထားသည့်အလားပင် ဖြစ်သည်။
ကြာပန်းဖြူ၏ တိုက်ခိုက်မှုသည် အားလော်ဟယ်ကို တစ်ချက်လေးပင် တုန်လှုပ်အောင် မလုပ်နိုင်ခဲ့ပေ။
ဆန်းလျန်နှင့် ကြာပန်းဖြူသည် အချက်တစ်ချက်ကို နက်နက်နဲနဲ သဘောပေါက်ခဲ့လေသည်။
ထိုအချက်မှာ… သူတို့ (၂)ယောက်လုံးသည် အားလော်ဟယ်ကို မယှဉ်နိုင်ဆိုသည့် အချက်ပင် ဖြစ်လေသည်။ သို့သော်… သူတို့အားလော်ဟယ်ကို အနိုင်ယူရန် လျှို့ဝှက်ချက်တစ်ခုရှိသည်။ ထိုလျှို့ဝှက်ချက်မှာ သူတို့၏ နှလုံးသားထဲမှ "အကြောက်တရားကင်းမဲ့ခြင်း" ပင်ဖြစ်လေသည်။
အားလော်ဟယ်က သူ့လက်ထဲမှ တောင်ဝှေးကို ကိုင်မြှောက်လိုက်လေရာ ပြင်းထန်လွန်းသည့်တန်ခိုးစွမ်းအား လှိုင်းလုံးများက ဆန်းလျန်နှင့် ကြာပန်းဖြူထံသို့ စီးဆင်း ဝင်ရောက်လာလေသည်။
ကြာပန်းဖြူ၏ ဝူရှန်သိုင်းကွက်သည် အားလော်ဟယ်၏ တန်ခိုးစွမ်းအားများကို လုံး၀ ခုခံနိုင်စွမ်း မရှိခဲ့ပေ။
ဆန်းလျန်မှာလည်း မြေပြင်ထက်သို့ လဲကျလုမတတ်ဖြစ်သွားရလေသည်။
သို့သော်… ဆန်းလျန်က ထိတ်လန့်တုန်လှုပ်သွားခြင်းလည်း မရှိသလို နောက်သို့ ဆုတ်သွားခြင်းလည်း မရှိပေ။ သူက ရှေ့သို့ ခြေတစ်လှမ်းထပ်တိုးလိုက်သည်။
ဆန်းလျန်ခြေလှမ်းလိုက်သည်နှင့် သူ့ခြေလှမ်းအောက်တွင် နဂါးငွေ့တန်းဖြစ်ပေါ်လာပြီး အဆုံးမရှိသည့် ကြယ်စင်များ စီးဆင်းနေသည်ကို တွေ့မြင်ရမည် ဖြစ်လေသည်။
ထို့နောက် နဂါးငွေ့တန်းနှင့်အတူ ပြင်းထန်သည့် မုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး ဥယျာဉ်ထဲမှ စပျစ်နွယ်ပင်များအားလုံးကို ဖျက်စီးပစ်လိုက်လေသည်။
ထိုအချိန်မှာပင်…
အိန်ဂျယ် 'အယ်လီနာ' က သီချင်းတစ်ပုဒ်ကို စတင်သီဆိုလိုက်လေသည်။
ထိုအခါ အတောင်ပံများကိုဖြန့်ကာ ပျံသန်းလာသည့် အိန်ဂျယ်များစွာကို တွေ့မြင်လိုက်ရလေသည်။
ထိုအိန်ဂျယ်များထဲတွင် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားမြင့်မားသည့် အိန်ဂျယ် (၃)ပါး ပါဝင်လေသည်။ ထို အိန်ဂျယ် (၃)ပါး၏ တန်ခိုးစွမ်းအားမှ ဆန်းလျန်ထက် မနိမ့်ပေ။
ထို့ပြင်… ထိုအိန်ဂျယ် (၃)ပါးကို ကြည့်ခြင်းအားဖြင့် အားလော်ဟယ်သည် ဖန်ဆင်းခြင်းတွင် မည်မျှ အောင်မြင်ခဲ့သည်ကို သက်သေပြလျှက်ရှိလေသည်။
ထိုအိန်ဂျယ်များသာ ကျင့်ကြံသူများဖြစ်ပါက အဆုံးမရှိ တန်ခိုးစွမ်းအားများ မြင့်မားလာကြမည် ဖြစ်ပြီး အားလော်ဟယ်ကိုပင် ယှဉ်ပြိုင်နိုင်ကြမည် ဖြစ်လေသည်။
သို့သော်… အပြောလွယ်သလောက် အလုပ်ခက်သည့် ကိစ္စပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ… ယခုတော့ အားလော်ဟယ်က သူတို့ (၂)ယော်ကကို သူကိုယ်တိုင် မတိုက်ခိုက်ဘဲ အိန်ဂျယ်များဖြင့် တိုက်ခိုက်ခိုင်းနေပြီ ဖြစ်သည်။
အားလော်ဟယ်ကို လှမ်းကြည့်လိုက်သည့်အခါ လေထဲတွင် အေးဆေးစွာ ရပ်နေသည်ကို တွေ့မြင်ရမည် ဖြစ်လေသည်။
အားလော်ဟယ်သည် ဆန်းလျန်နှင့် ကြာပန်းဖြူကို အထင်သေးသည့်အတွက် ထိုသို့ ပြုလုပ်ခြင်းလေလား…။
မဟုတ်ပါ…။
သူသည် ယခုမှ ဆန်းလျန်နှင့် ရင်ဆိုင်ဖူးသူမဟုတ်ခဲ့ပေ။ သူသည် အတိတ်တစ်ချိန်ကလည်း ဆန်းလျန်နှင့် ရင်ဆိုင်ခဲ့ဖူးလေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်ခန့်က ကောင်းကင်တိုင်းပြည်သို့ မြားတစ်စင်း ဝင်ရောက်လာဖူးလေသည်။ ထိုမြားချက်ကြောင့် သူသည် ကောင်းကင်တိုင်းပြည်၏ ပလ္လင်ထက်မှပင် ပြုတ်ကျခဲ့ဖူးလေသည်။
မြားဖြင့်ပစ်ခတ်သူကို ရှာဖွေနိုင်ရန်အတွက် မယ်တော်ဝမ်မူနှင့်ပင် အပေးအယူလုပ်ခဲ့သေးသည် မဟုတ်ပါလား။
ယခုတော့ …
ထိုမြားကို ပစ်ခဲ့သူမှာ ဆန်းလျန်ဖြစ်သည်ကို အားလော်ဟယ် ရှင်းရှင်းလင်းလင်း သိရှိသွားပြီ ဖြစ်လေသည်။
သို့သော် ဆန်းလျန်ကတော့ သူ့အမှားကိုဝန်ခံမည်မဟုတ်ဟု အားလော်ဟယ် တွေးထင်ထားလေသည်။
အတိတ်ဆိုသည်က မပြောင်းလဲနိုင်သည့် အရာတစ်ခုဖြစ်သေလည်။ သို့သော်… စကြာဝဠာတစ်ခုလုံးတွင် အချိန်နှင့် နေရာဒေသအားလုံးကို ကျော်လွန်နိုင်သူတစ်ယောက်ဖြစ်ပါက အတိတ်ဆီသို့ ပြန်သွားနိုင်စွမ်း ရှိမည် ဖြစ်လေသည်။
လောကတွင် ထိုဆင့်ထိရောက်အောင် ကျင့်ကြံနိုင်သူ (၈)ယောက် ရှိခဲ့လေသည်။ ထို (၈)ယောက်မှာ တာအိုဆရာသခင်ကြီး (၈)ပါးဖြစ်ပြီး ထိုသူများထဲတွင် သူ့ရှေ့မှ ကောင်လေး ပါဝင်ခြင်း မရှိသေးပေ။
……………
ထိုအချိန်တွင်…
လီအော့နျိုသည် ထူးဆန်းသည့် အိပ်မက်တစ်ခုကို မြင်မက်နေလေသည်။
အိပ်မက်ထဲတွင် သူက ခမ်းနားသည့် နန်းတော်ကြီးတစ်ခုရှေ့သို့ ရောက်ရှိနေလေသည်။
နန်းတော်ရှေ့ရှိဆိုင်းဘုတ်တွင် "အပြာရောင်ခရီးရှည်နန်းတော်" ဟု ရေးသားထားလေသည်။
ထိုစကားလုံးများကို သူမ မသိရှိခဲ့ပေ။ သို့သော်… ထိုစကားလုံးများကို မြင့်လိုက်ရသည့်အခါ အဓိပ္ပါယ်ကို ချက်ချင်း နားလည်လိုက်လေသည်။
အိပ်မက်ထဲတွင် သူက အပြာရောင်ခရီးရှည်နန်းတော်တွင် နွားရိုင်းကြီးတစ်ကောင်ကို လာရှာခြင်း ဖြစ်လေသည်။
သူ နန်းတော်ရှေ့တွင် ရပ်နေစဉ်မှာပင် ရင်းနှီးနေသည့် နွားအော်သံကြီးတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
ထို့နောက်တွင်တော့ နန်းတော်တံခါး ပွင့်သွားပြီး သူ နန်းတော်အတွင်းသို့ ဝင်သွားလေသည်။
နန်းတော်အတွင်းပိုင်းတွင် ထူထပ်သည့် ကုလားကာများ ကာထားလေသည်။ နန်းတော်ခန်းမဆောင် အတွင်းပိုင်းသို့ ရောက်ရှိလာသည့်အခါ နွားရိုင်းကြီးတစ်ကောင်နှင့် နွားရိုင်းကြီးထက်တွင်ထိုင်နေသည့် ငယ်ရွယ်သည့် တာအိုဆရာတစ်ယောက်ကို တွေ့လိုက်ရသည်။
လူငယ်၏ကျောထက်တွင် ဓားရှည်တစ်လက်ကို လွယ်ထားလေသည်။
လူငယ်၏ အနောက်ဘက်နံရံထက်တွင် ကဗျာတစ်ပုဒ်ရေးထားလေသည်။
"မတိုင်းတာနိုင်သည့်ဘေးအန္တရယ်များကို ခံနိုင်ရည်ရှိရန် ကျင့်စဉ်ကိုကျင့်ကြံ…
အပြာရောင်ခရီးရှည်နန်းတော်မှ နတ်ဘုရား (၃)ဦးပေါ်ထွက်လာ…"
ကဗျာလေး (၂)ကြောင်းသာဖြစ်သည့်တိုင် အဓိပ္ပါယ်က နက်နဲလေသည်။ ကြည့်ရသည်မှာ ကံကောင်းခြင်းနှင့် သေရာမှ ပြန်လည်ရှင်သန်ခြင်းကို ရေးသားထးသည့် ကဗျာတစ်ပုဒ် ဖြစ်ဟန်တူလေသည်။
ထို့ပြင်… နွားရိုင်းကြီး၏ ကျောထက်မှ လူငယ်တာအိုဆရာ၏ပုံစံက ပိုပြီး ထိတ်လန့်အံ့သြစရာ ကောင်းလေသည်။ မည်သည့်အခါမှ အရှုံးကိုမပိုင်ဆိုင်ရသည့် တာအိုကျင့်ကြံသူတစ်ယောက်ကို တွေ့မြင်ရသည့်အလား ခံစားရလေသည်။
လီအော့နျိုက…
"အစ်ကိုနွားရိုင်းကြီး ၊ ကျုပ် ခင်ဗျားကို လာတွေ့တာပါ…"
နွားရိုင်းကြီးက တိတ်ဆိတ်စွာပဲ ခေါင်းညိတ်ပြလိုက်လေသည်။
နွားရိုင်းကြီး၏ကျောပေါ်မှ လူငယ်တာအိုဆရာက…
"မင်းရောက်လာတာ ကောင်းတယ် ၊ သိပ်ကို အံ့သြစရာကောင်းတယ် ၊ စောလည်းမစောဘူး ၊ နောက်လည်းမကျဘူး ၊ အချိန်ကိုက်ပဲ ၊ မင်း ဒီနေ့ ကျုပ်ကိုကူညီဖို့ ရောက်လာတာပဲ ၊ အနာဂတ်မှာလည်း ကျုပ် မင်းနဲ့တွေ့စရာရှိသေးတယ် ၊ အံ့သြစရာပဲ ၊ အံ့သြစရာပဲ ၊ အံ့သြစရာပဲ…"
လီအော့နျိုက ထိုလူငယ်ပြောနေသည့် စကားများကို နားမလည်နိုင်စွာ မျက်နှာသေလေးဖြင့် မေးခွန်းပြန်ထုတ်လိုက်လေသည်။
"ခင်ဗျား ဘာတွေပြောနေတာလဲ…"
လူငယ်တာအိုဆရာက တစ်ချက်ပြုံးလိုက်ရင်း…
"လေးသည်တော် ရောက်လာပြီ…"
လူငယ်တာအိုဆရာ၏ စကားကြောင့် လီအော့နျိုက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
ထိုအခါ လေးညှို့တစ်ခုကို မြင်လိုက်ရလေသည်။ ထိုလေးညှို့ကိုမြင်သည်နှင့် သူ့တစ်ကိုယ်လုံး ရုတ်တရက် ပူလောင်လာသည်ကို ခံစားလိုက်ရလေသည်။
သူ့ကျောရိုးတစ်ခုလုံး ပျော့ပြောင်းသွားသလိုခံစားလိုက်ရပြီး သူ၏ကျောရိုးသည် လေးတစ်လက်အလား ကွေးညွှတ်သွားသလို ခံစားလိုက်ရလေသည်။
သူ၏ လေးသည်တော်တန်ခိုးစွမ်းအားများ အားလုံးကို လူငယ်တာအိုဆရာက စုပ်ယူလိုက်ခြင်း ဖြစ်လေသည်။
ထို့နောက် လူငယ်တာအိုဆရာက ဘေးနားမှ လေးညှို့ကို ငြင်ငြင်သာသာ ထိကိုက်လိုက်ပြီး နူးညံ့သည့်လေသံဖြင့် ပြောလိုက်သည်။
"မင်းက မြင့်မြတ်တဲ့ လေးတစ်လက်ပဲ ၊ ဒီနေ့တော့ အားလော်ဟယ်ရဲ့ ကောင်းကင်တိုင်းပြည်ကို ပစ်ခတ်ရမယ် ၊ မင်းပြောကြည့်လေ ၊ ပျော်စရာ မကောင်းဘူးလား…"
လူငယ်တာအိုဆရာ၏စကားကို တုံ့ပြန်သည့်အနေဖြင့် လေးညှို့က တစ်ချက် တုန်လှုပ်သွားလေသည်။
ထို့နောက် လူငယ်က နွားရိုင်းကြီးကို အမိန့်ပေးလိုက်သည်။
"နွားရိုင်းကြီး ၊ နန်းတော်ထဲက ထွက်တော့…"
နွားရိုင်းကြီးက တစ်ချက် အော်မြည်လိုက်ပြီး ခွာတစ်ချက်ပေါက်ကာ နန်းတော်အပြင်ဘက် တိမ်တိုက်များရှိရာ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားလေတော့သည်။
အပြာရောင်ခရီးရှည်နန်းတေ်ာအပြင်ဘက်တွင် မည်သည့်အရာမှ မရှိပေ။ အထီးကျန်မှု ၊ ခြောက်သွေ့မှုများဖြင့်သာ ပြည့်နက်နေသည့် မြေပြင်ကို တွေ့ရမည် ဖြစ်သည်။
လူငယ်တာအိုဆရာက လေးညှို့ကို တင်းတင်းကိုင်ကာ လေးကြိုးကို တင်လိုက်လေသည်။ ထိုခေါ လေးညှို့သည် လခြမ်းကွေးသဏ္ဍန်ကွေးညွှတ်သွားလေတော့သည်။ တစ်ချိန်တည်းမှာပင် လေးညှို့မှ နတ်ဘုရားတန်ခိုးစွမ်းအားများ ထွက်ပေါ်လာလေသည်။
ထို့နောက်… လူငယ်က လေးကြိုးကိုလွှတ်လိုက်ပြီး အရှေ့ဆီသို့ မြားတစ်စင်း ပစ်လွှတ်လိုက်လေသည်။ ထိုမြား မည်သည့်နေရာသို့ ရောက်ရှိသွားမည်ကို မည်သူမှ မသိနိုင်ပေ။
တာအိုဆရာလူငယ်က ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး…
"အရင်တုန်းက တာ့ယိက မြားကိုးစင်းနဲ့ နေစကြာနတ်ငှက်ကိုးကောင်ကို ပစ်ခတ်ခဲ့တာတစ်ချက်ကလေးမှ မပင်ပန်းခဲ့ဘူး ၊ ကျုပ်က လေးပစ်သိပ်မတော်ပေမယ့် ဆိုးတော့မဆိုးပါဘူး ၊ ဒါပေမဲ့ တာ့ယိလောက်တော့ မတော်တာ အမှန်ပဲ…"
တာအိုဆရာလူငယ်၏ စကားကိုနားထောင်ပြီး နွားရိုင်းကြီးက စကားပြန်ပြောခြင်း မရှိပေ။
လူငယ်တာအိုဆရာကလည်း နွားရိုင်းကြီး စကားပြန်ပြောလိမ့်မည်ဟု မျှော်လင့် မထားပေ။ သူက သူ့ကိုယ်သူ ပြောနေခြင်းသာ ဖြစ်လေသည်။
"တကယ်တော့ ကျုပ်လည်း လီအော့နျိုရဲ့ ခန္ဓာကိုယ်ကို အသုံးမချချင်ပါဘူး ၊ ဒါပေမဲ့ ဒီလိုမလုပ်လို့လည်း မရဘူးလေ…"
လူငယ်တာအိုဆရာက အပြာရောင်ခရီးရှည်နန်းတော်သို့ ပြန်ရောက်လာသည်နှင့် လေးညှို့ကို လက်ဖြင့် တစ်ချက် သပ်လိုက်ရင်း…
"ကျုပ်သိပ်ပြီး အတ္တကြီးသွားမိလို့ မင်း လူပြန်ဝင်စားတဲ့အခါ အခက်အခဲ ဖြစ်ရလိမ့်မယ် ၊ ဒါပေမဲ ကျုပ် တန်ခိုးစွမ်းအားကင်းလွတ်ရာ ကမ္ဘမြေမှာ မင်းကို စောင့်နေမယ် ၊ အချိန်ကျတဲ့အခါ မင်း ဒီလေးညှို့ကို ပြန်ယူနိုင်ပါလိမ့်မယ်…"
ထို့နောက်… လူငယ်တာအိုဆရာ၏ အင်္ကျီလက်ဆီမှ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး သူ့ရှေ့မှ လီအော့နျို၏ ဝိညာဉ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
ထိုမြင်ကွင်းများကို မြင်တွေ့ရပြီးသည့်နောက် လီအော့နျိုသည် လူငယ်တာအိုဆရာနှင့်အတူ ခွန်လွန်တောင်ထိပ်ရှိ လျှို့ဝှက်နေရာတစ်ခုသို့ ရောက်ရှိသွားလေသည်။
ထိုနေရာတွင် ကိုးရက်နှင့်ကိုးညတိတိနေထိုင် ပြီးသည့်နောက် ရုတ်တရက် လူငယ်တာအိုဆရာက ရယ်မောလိုက်လေသည်။
သူက ခွန်လွန်တောင်ထိပ်ရှိ လျှို့ဝှက်နေရာတွင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး အင်္ကျီလက်ပေါ်တွင် စာကြောင်းတစ်ခု ရေးသားလိုက်သည်။
"အစစ်ဆေးခံရမှုများနှင့်ဘေးအန္တရယ်များအားလုံးသည် ဤနေရာတွင် အဆုံးသတ်ခဲ့ကြောင်း ဆန်းလျန်က သက်သေပြခဲ့သည်"
ထို့နောက် လူငယ်တာအိုဆရာသည် မျက်လုံးများ မှေးမှိတ်သွားကာ ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေလေတော့သည်။
ထိုအချိန်မှာပင်…
လီအောနျို အိပ်မက်မှ နိုလာလေသည်။
ထိုအခါ သူ့ရှေ့တွင် ကျောက်ရှောင်ယွီကို တွေ့လိုက်ရသည်။ ကျောက်ရှောင်ယွီသည် မျက်ခုံးများကို တွန့်ချိုးထားပြီး တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေသည့်ဟန် ရှိလေသည်။
လီအော့နျိုက…
"အစ်မရှောင်ယွီ ၊ ဘာဖြစ်လို့လဲ…"
ကျောက်ရှောင်ယွီက…
"ငါ့ရင်ထဲက ချစ်ခြင်းမေတ္တာတွေကို အမြုတေလုပ်ပြီး ကိုယ်ခွဲတစ်ခု ဖန်ဆင်းထားခဲ့ဖူးတယ် ၊ အခု အဲဒီ ကိုယ်ခွဲ ပျောက်သွားပြီ…"
လီအော့နျိုက…
"အဲဒါက ဖန်ဆင်းထားတဲ့ ကိုယ်ခွဲတစ်ခုပဲမဟုတ်လား ၊ အစ်မကို သိပ်မထိခိုက် နိုင်ပါဘူး…"
ကျောက်ရှောင်ယွီက…
"မင်း နားမလည်ပါဘူး ၊ ထိုက်ချင်တာအိုကျမ်းစာကို ငါ အချိန်တိုတိုနဲ့ အောင်မြင်အောင် ကျင့်ကြံနိုင်မှာမဟုတ်ဘူး ၊ ဒါပေမဲ့ ငါ အရမ်းအလျှင်လိုနေတယ် ၊ ငါလုပ်နိုင်တာ တစ်လမ်းပဲ ရှိတော့တယ်…"
လီအော့နျိုက …
"အဲဒါဆို အစ်မ ဘာလုပ်မလို့လဲ…"
ကျောက်ရှောင်ယွီက…
"ထိုက်ချင်တာအိုကျမ်းက အကြင်နာတရားကင်းမဲ့တယ် ၊ ဒါကြောင့် ယာဇ်ပူဇော်မှု ပြုလုပ်ပြီး အဲဒီ ငါ့ရဲ့ ကိုယ်ခွဲခန္ဓာရှိတဲ့နေရာကို ရောက်အောင်သွားနိုင်မှ အဆင်ပြေလိမ့်မယ်…"
***