ရန်ကျောက်ကဲစိတ်ဝင်စားပြီဆိုတာနဲ့ အန္တရယ်ကနောက်ကလိုက်လာမယ်
Vol. 31 Ch. 434
အခန်း (၄၃၄) ရန်ကျောက်ကဲစိတ်ဝင်စားပြီဆိုတာနဲ့ အန္တရယ်ကနောက်ကလိုက်လာမယ်
ရန်ကျောက်ကဲမျက်ဝန်းများက နှင်းကြိုးကြာဂိုဏ်းသားများ၏ခါးတွင်ချိတ်ဆွဲထားသော ကျောက်စိမ်းပြားများထက်သို့ ကျရောက်သွားသည်။
ကျောက်စိမ်းပြားများကို အဖြူရောင်ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး လက်ရာက အတော်လေး အသက်ဝင်သည်။
ထိုကျောက်စိမ်းပြားများက နှင်းကြိုးကြာဂိုဏ်းသားများအားလုံးတွင် တစ်ခုစီရှိနေကြပြီး ကျောက်စိမ်းပြားကိုတွေ့ရုံဖြင့် မည်သည့်ဂိုဏ်းမှဖြစ်ကြောင်း သိရှိနိုင်သည်။
ထိုအရာများကို သေသေချာချာ အာရုံခံကြည့်သည့်အခါ ဝိညာဉ်စွမ်းအားအတက်အကျများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပြီး ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲ တောက်ပသွားသည်။
“ဒီကျောက်စိမ်းပြားတွေက မဟာဝိညာဉ်ကျောက်တုံးတွေနဲ့ ပြုလုပ်ထားတာပဲ ၊ ဒီကျောက်တုံးတွေရဲ့ အနှစ်သာရတွေပေါင်းစပ်လိုက်ရင် မဟာဝိညာဉ်ကျောက်တုံးအမြုတေ ဖြစ်လာနိုင်တယ်”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
“ဒီလိုကျောက်စိမ်းမျိုးကို ဂိုဏ်းသားအားလုံးကို တစ်ခုစီပေးထားနိုင်တာကိုကြည့်ရင် ဒီနေရာမှာ ရှားပါးပစ္စည်းမဟုတ်တာတော့ သေချာတယ်”
ဖန်းယွင်ရှန်း ၊ အားဟူ ၊ ရွှီဖေးနှင့် ယင်လုန်ထူတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ယခုကဲ့သို့ ရန်ကျောက်ကဲက ပစ္စည်းတစ်ခုကို ငမ်းငမ်းတက်လိုချင်ဟန်ပေါက်နေသည်မှာ အလွန်တရာ ရှားပါးသည့်မြင်ကွင်းပင်။
ရွှီဖေးက ခဏမျှစဉ်းစားပြီး တိုးတိတ်စွာမေးသည်။
“ကျောက်ကဲ... အဲဒါတွေက ဘာလို့ အရေးကြီးနေရတာလဲ ၊ ငါလည်းအရင်က မဟာဝိညာဉ်ကျောက်တုံးအကြောင်းကြားဖူးပါတယ် ၊ ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ဒီကျောက်တုံးတွေ မရှိသလို မဟာကပ်ဘေးမတိုင်ခင်ကလည်း အတော်လေး ရှားပါးတယ်လို့ဆိုကြတယ် ၊ ဒါပေမဲ့ သူတို့က ဘာမှအဖိုးတန်တဲ့ပုံလည်း မပေါက်ပါဘူး”
ရန်ကျောက်ကဲက ရယ်မောရင်း...
“တကယ်တော့ ဒီ မဟာဝိညာဉ်ကျောက်တုံးတွေရဲ့ တကယ်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်နဲ့ စွမ်းဆောင်နိုင်မှုတွေကို လူအနည်းစုပဲ သိကြတာလေ”
သူက ဆက်ပြောသည်။
“ဂိုဏ်းတူအစ်ကို‘ရွှီ’... ဒီ မျောလွင့်ဝိညာဉ်ကမ္ဘာကလူတွေက ပထဝီဝင်အနေအထားကိုအခြေခံပြီး အစီအရင်တွေတည်ဆောက်တာမှာ မကျွမ်းကျင်ဘူး ၊ သူတို့က မိစ္ဆာသားရဲသွေးတွေနဲ့ ကျင့်ကြံတဲ့သူတွေဖြစ်လို့ လူပေါင်းများစွာရဲ့စွမ်းအားနဲ့ ပူးပေါင်းတိုက်ခိုက်တဲ့ တိုက်ပွဲအစီအရင်တွေကိုပဲ ကျွမ်းကျင်ကြတယ် ၊ အဲဒါတွေကိုပဲ အချိန်ယူပြီး သုတေသနပြုလေ့လာကြတယ် ၊ ဒါပေမဲ့... လူ့သက်တမ်းအကန့်အသတ်ရှိတာကြောင့် သူတို့ရဲ့ တိုက်ပွဲအစီရင်တွေက အကြမ်းဖျင်းအဆင့်မှာပဲ ရပ်တန့်နေတယ်”
ရန်ကျောက်ကဲက သူ့နှုတ်ခမ်းကို ဖိကိုက်ရင်း...
“ငါ ရှေ့ဟောင်းကျမ်းစာတွေကို သုတေသနပြုပြီး အမွေအနှစ်တွေကို ရှာဖွေရင်းနဲ့ မဟာကပ်ဘေးကြီးမတိုင်ခင်က အရမ်းကြောက်စရာကောင်းတဲ့ တိုက်ပွဲအစီအရင်ကြီး တစ်ခုရှိတယ်ဆိုတာ သိခဲ့ရတယ်”
“စိတ်မကောင်းစရာက အဲဒီတိုက်ပွဲအစီအရင်ပြုလုပ်ဖို့ လိုအပ်ချက်တွေအရမ်းများတယ် ၊ အိမ်ရှင်မတစ်ယောက် ဆန်မရှိဘဲ ထမင်းချက်ဖို့ကြိုးစားသလိုမျိုး အိပ်မက်မက်နေရမယ့် ကိစ္စကြီးပဲ ၊ ဒါပေမဲ့... မဟာဝိညာဉ်ကျောက်တုံးအမြုတေ အများကြီးရမယ်ဆိုရင် အဲဒီတိုက်ပွဲအစီအရင်ကြီးတည်ဆောက်ဖို့ အဓိကလိုအပ်ချက် (၂)ခုမှာ တစ်ခုကတော့ ပြည့်စုံသွားလိမ့်မယ်”
ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ရင်း...
“ဒီနေရာက ဝိညာဉ်စွမ်းအားသွေးကြောတွေက မတည်ငြိမ်ဘူး ၊ ပြီးတော့ ကျင့်ကြံဖို့အတွက် ရတနာပစ္စည်းတွေလည်း အရမ်းနည်းပါးတယ် ၊ ဒီကမ္ဘာကိုရောက်လာတော့ အဖိုးတန်တာ ဘာတစ်ခုမှ မတွေ့ရဘူး ၊ ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဆိတ်သုဉ်းခေါင်းပါးတဲ့ဒေသတစ်ခုနဲ့ ဘာမှမထူးခြားဘူး”
ရန်ကျောက်ကဲအကြည့်က နှင်းကြိုးကြာဂိုဏ်းသားများ၏ခါးတွင်ချိတ်ဆွဲထားသော ကျောက်စိမ်းပြားများထက် ကျရောက်သွားပြီး...
“ဒါပေမဲ့ အခုတော့ မဟုတ်တော့ဘူး”
ဖန်းယွင်ရှန်းက...
“မဟာဝိညာဉ်ကျောက်တုံးအမြုတေ ပမာဏအများကြီးလိုအပ်တယ်လို့ ရှင် အခုပဲ ပြောခဲ့တယ်နော် ၊ အဲဒါ ဘယ်လောက်များတဲ့ပမာဏ ဖြစ်နိုင်သလဲ”
ရန်ကျောက်ကဲက ပေါ့ပါးစွာဖြင့်...
“အင်း... အလေးချိန် ကျင်းတစ်ထောင်လောက်ပေါ့ ၊ ငါ ခန့်မှန်းတာပါ”
ဖန်းယွင်ရှန်းရော ရွှီဖေးပါ “ထင်သားပဲ” ဆိုသည့်မျက်နှာထားဖြင့် နှုတ်ခမ်းများမဲ့ရွဲ့သွားကြသည်။
ဖန်းယွင်ရှန်းက မချိပြုံးပြုံးရင်း...
“ဂိုဏ်းတူအစ်ကို’ရန်’ ၊ ရှင်က မိုးမြေတစ်ခုလုံး တုန်လှုပ်ခြောက်ခြားစေတဲ့လုပ်ရပ်တွေကို အံ့သြဖွယ်ကောင်းလောက်အောင် အမြဲတမ်း လုပ်ဆောင်နိုင်ခဲ့သူပါ ၊ ဒါပေမဲ့... အဲဒီလိုစွန့်စားခန်းတွေလုပ်နိုင်ဖို့ လူတိုင်း မတတ်နိုင်တဲ့ အထောက်အပံ့ကြီးကြီးမားမားတွေ အမြဲတမ်းလိုအပ်နေတာ မဟုတ်လား”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဒီကိစ္စမျိုးရှိသလား”
ရွှီဖေးကလည်း ခေါင်းခါယမ်းလျှက်...
“အမှန်ပဲ ကျောက်ကဲ ၊ မဟာဝိညာဉ်ကျောက်တုံးအကြောင်း ငါ ကြားဖူးပါတယ် ၊ ဒါပေမဲ့ မဟာဝိညာဉ်ကျောက်တုံးအမြုတေအကြောင်းကိုတော့ မကြားဖူးဘူး ၊ ဒါပေမဲ့ သဘာဝကျောက်စိမ်းပြာနဲ့ သဘာဝကျောက်စိမ်းပြအမြုတေအကြောင်းတော့ ကြားဖူးတယ် ၊ ဆိုတော့... သဘာဝတရားကနေ အမြုတေဖြစ်တည်လာဖို့ဆိုတာက လွယ်တာမဟုတ်ဘူး ၊ ဒီ မဟာဝိညာဉ်ကျောက်တုံးအမြုတေဆိုတာက မဟာဝိညာဉ်ကျောက်တုံးတွေရဲ့ ချီစွမ်အားအနှစ်သာရ ပေါင်းစပ်ရာကနေ ဖြစ်ပေါ်လာတာမျိုးပဲ မဟုတ်ဘူးလား”
ခဏနားပြီးမှ သူက ဆက်ပြောသည်။
“ပြောရရင်... ဒီလိုအမြုတေတစ်ခု ဖြစ်တည်လာဖို့ဆိုတာ စုစုပေါင်းထွက်ရှိတဲ့ ကျောက်သားအရေအတွက်ရဲ့ (၁) ရာနှုန်းပဲ ဖြစ်နိုင်တယ် ၊ အခု မင်းက မဟာဝိညာဉ်ကျောက်တုံးအမြုတေ အလေးချိန် ကျင်းတစ်ထောင်ကျော်လိုချင်တယ်ဆိုရင် ကျောက်တုံးဘယ်လောက်ရှိမှ လုံလောက်မှာလဲ ၊ ကျောက်ကျင်းဘယ်လောက်တူးရမလဲ ၊ မင်းလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ဘယ်လောက်ကြီးတဲ့ ကျောက်ကျင်းကြီး တည်ဆောက်ဖို့ လိုအပ်မလဲ”
ရွှီဖေးက သက်ပြင်းချရင်း...
“ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာတော့ အဲဒီကျောက်တုံးတွေ မရှိဘူးဆိုတော့... သမိုင်းတစ်လျှောက် ထွက်ခဲ့သမျှ ကျောက်တုံးတွေကို စုစည်းလိုက်ရင်တောင် မင်းသုံးဖို့ မလုံလောက်နိုင်ဘူး ၊ ဒီမျောလွင့်ဝိညာဉ်ကမ္ဘာက မဟာဝိညာဉ်ကျောက်တုံးတွေက ဘယ်လောက်များနိုင်မှာမို့လို့လဲ ၊ မင်းလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား”
ရန်ကျောက်ကဲက ရယ်မောရင်း...
“အခုမှ ငါက ဒီ မျောလွင့်ဝိညာဉ်ကမ္ဘာကို စိတ်ဝင်စားလာခါစလေးရှိသေးတယ် ၊ ရေအေးနဲ့လာမလောင်းကြနဲ့နော်”
အားဟူက ရိုးရှင်းစွာ ရယ်မောရင်း...
“သခင်လေး ဒီကမ္ဘာကို စိတ်ဝင်စားရင် ဒီကမ္ဘာက အန္တရယ်တွေကလည်း သခင်လေးနောက် လိုက်လာမှာပဲ”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“မင်းကလည်းကွာ... အချိန်တွေကျန်ပါသေးတယ် ၊ အခု ‘စူး’ ဂိုဏ်းချုပ်နဲ့ အရင်ဆုံးတွေ့ပြီး အတည်ပြုကြတာပေါ့”
ထိုစဉ် အဝေးဆီမှ စွမ်းအားအတက်အကျများ ရုတ်တရက် ထွက်ပေါ်လာလေသည်။
သူတို့အုပ်စု မျောလွင့်ဝိညာဉ်ကမ္ဘာသို့ ရောက်ရှိပြီးနောက်ပိုင်း ပထမဆုံးကြုံတွေ့ရသည့် အပြင်းထန်ဆုံး စွမ်းအားအတက်အကျများ ဖြစ်သည်။
ထို့ပြင် သူတို့ကို အံ့အားသင်စေသည်မှာ ထိုစွမ်းအားအတက်အကျများက မိစ္ဆာသွေးကျင့်ကြံသူတစ်ယောက်၏ စွမ်းအားအတက်အကျများမဟုတ်ဘဲ သိုင်းတာအိုလမ်းစဉ်အမှန်ကို ကျင့်ကြံခဲ့သူတစ်ယောက်၏ ချီစွမ်းအားအတက်အကျများ ဖြစ်နေခြင်းပင်။
အဝေးတစ်နေရာရှိ မိုးကုတ်စက်ဝိုင်းဆီမှ ဆီးနှင်းများတဟုန်ထိုး လိမ့်ဆင်းလာပြီး နှင်းမုန်တိုင်းတစ်ခု တိုက်ခတ်လာလေသည်။
ရန်ကျောက်ကဲတို့အုပ်စု တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြရင်း...
“ပုံရိပ်ယောင်ကို အစစ်အမှန်ကို ပြောင်းလဲနိုင်တာ... ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ကျင့်ကြံထားလို့ပဲ ၊ ဒါမျိုးက အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်မှပဲ ပြုလုပ်နိုင်မှာ...”
ပြင်းထန်သောနှင်းမုန်တိုင်းများ တဖြည်းဖြည်းနီးကပ်လာပြီး ပတ်ဝန်းကျင်နှင်းတောင်များပင် ပြိုကျတော့မည့်အလား တုန်ခါသွားကြသည်။
ထို့နောက် ပုံရိပ်တစ်ခုက နှင်းတောင်တန်းထက်သို့ ဆင်းသက်လာပြီး နှင်းမုန်တိုင်းတစ်ခုလုံး အဆုံးသတ်သွားကာ အဖြူရောင်အရိပ်တစ်ခုက ရန်ကျောက်ကဲတို့အုပ်စုရှေ့သို့ ရောက်ရှိလာသည်။
ရန်ကျောက်ကဲလှမ်းကြည့်လိုက်တော့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ကို တွေ့ရသည်။ သူမက အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး အလွန်တရာ ကျက်သရေရှိကာ ခမ်းနားကျော့ရှင်းသောအလှတရားကို ပိုင်ဆိုင်ထားသည်ပင်။
နှင်းကြိုးကြာဂိုဏ်းသားများက သူမကို တစ်ညီတစ်ညွတ်တည်း ဦးညွှတ်လိုက်ကြရင်း...
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
အဖြူရောင်ဝတ်အမျိုးသမီးက သူတို့အားလုံးကို ခေါင်းညိတ်အသိအမှတ်ပြုပြီး ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်သည်။
“ငါက နှင်းကြိုးကြာဂိုဏ်းချုပ် စူးယွင်ပါ ၊ မင်းတို့ကရော ဘယ်သူများလဲ”
ရန်ကျောက်ကဲက လက်နှစ်ဆုပ်ဂါရဝပြုရင်း...
“ကျွန်တော့်မျိုးနွယ်က ‘ရန်’ ၊ နာမည်က ရန်ကျောက်ကဲပါ ၊ ‘စူး’ ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”
စူးယွင်က ရန်ကျောက်ကဲကို ဂရုတစိုက် အကဲခတ်ရင်း...
“မင်းပြောတာ... မင်းက ငါနဲ့အတိတ်ကပတ်သက်ခဲ့ဖူးတဲ့ အသိမိတ်ဆွေရဲ့ မျိုးဆက်လို့ဆိုတယ် ၊ မင်းက သူ့မျိုးဆက်လား ၊ ဒါမှမဟုတ် တခြားပတ်သက်ဆက်နွယ်မှုရှိတာလား ငါ ဘယ်လိုလုပ်သိနိုင်မလဲ”
ရန်ကျောက်ကဲက ပြုံးရင်း...
“ကျွန်တော်က ဂလဲ့စားချေဖို့ ရောက်လာတာဆိုရင် ဒီလိုတောင် စကားပြောနေမှာ မဟုတ်ဘူး”
စူးယွင်က ငြင်သာစွာဖြင့်...
“ငါ သံသယထားတာကို အပြစ်မတင်နဲ့ ၊ ဘာမဆို သတိထားရတာပဲလေ”
ရန်ကျောက်ကဲက...
“ဒါလည်း ဟုတ်ပါတယ်”
ထို့နောက်သူက နှင်းကြိုးကြာကျောက်စိမ်းဆံထိုးလေးကို ထုတ်ယူလိုက်ပြီး ပေါ့ပါးသည့်လေသံဖြင့်...
“ကျွန်တော်က ဒီပစ္စည်းလေးကို တခြားသူဆီက ရခဲ့တာလည်း ဖြစ်နိုင်ပါတယ် ၊ ဒါမှမဟုတ် တခြားသူဆီက အတင်းအကျပ်ယူလာပြီး ဟန်ဆောင်နေတာမျိုးလည်း ဖြစ်နိုင်တယ်လေ”
စူးယွင်က...
“ဖြစ်နိုင်ပါတယ် ၊ ဒါပေမဲ့ အတည်ပြုဖို့က လွယ်ပါတယ်”
ရန်ကျောက်ကဲက မျက်ခုံတစ်ချက်ပင့်ရင်း...
“ဟုတ်လား”
စူးယွင်က...
“ဒီ နှင်းကြိုးကြာဆံထိုးက အရင်တုန်းက သခင်မလေး အသုံးပြုတဲ့ပစ္စည်းပါ ၊ အဲဒီတုန်းက သခင်မလေးက သူ့ရဲ့ သွေးစွမ်းအားအနှစ်သာရနဲ့ ဒီဆံထိုးကို သန့်စင်ခဲ့တယ် ၊ ဒါကြောင့် မင်းသာ သခင်မလေးရဲ့သွေးသားဆိုရင် မင်းရဲ့သွေးနဲ့ ဒီဆံထိုးထိတွေ့တဲ့အခါ တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်”
သူမက ဆက်ပြောသည်။
“ဒါကြောင့် အတည်ပြုရတာ လွယ်တယ်လို့ ပြောတာပေါ့ ၊ မင်းရဲ့ သွေးစွမ်းအားကို ဆံထိုးထဲကို ထည့်သွင်းလိုက်ရင် ဆံထိုးမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာမလားဆိုတာ ကြည့်ရုံလေးပါပဲ”
ရန်ကျောက်ကဲက နှင်းကြိုးကြာဆံထိုးကို လက်ဖြင့်အသာပွတ်သပ်ရင်း တွေးလိုက်သည်။
“ဒီလိုကိုး... ၊ ငါ ဒီထဲက ထူးဆန်းတဲ့ ယန္တရားပညာကို အာရုံခံမိတာ အံ့သြစရာမရှိတော့ပါဘူး”
သူက စူးယွင်ကို လှမ်းကြည့်ရင်း...
“အဲဒီလိုလုပ်လိုက်ရင် မိုင်ထောင်ချီဝေးတဲ့နေရာတစ်ခုကနေ သားတစ်ယောက်က သူ့အမေကို လာရှာတယ်ဆိုတာ သူ သိနိုင်ပါ့မလား”
စူးယွင်က ခေါင်းခါယမ်းရင်း...
“သခင်မလေးကိုယ်တိုင် သွေးစွမ်းအားနဲ့သန့်စင်ခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေက ဒီတစ်ခုတည်းရှိတာ မဟုတ်ပါဘူး ၊ ဒီလိုအတည်ပြုတာက ငါတို့နှစ်ယောက်အတွက်ပဲ အဆင်ပြေစေနိုင်တာပါ”
သူမက ဆက်ပြောသည်။
“သခင်မလေးရဲ့ သွေးရင်းဆိုရင် သေချာပေါက် တုံ့ပြန်မှု ရှိမှာပါ ၊ ဒါကြောင့် ဘာမှ စိုးရိမ်စရာ မရှိပါဘူး ၊ ပြီးတော့ မင်းကိုလည်း ဘယ်သူကမှ ဖိအားပေးခြိမ်းခြောက်ပြီး လုပ်ခိုင်းမှာ မဟုတ်ပါဘူး”
ရန်ကျောက်ကဲက ဖန်းယွင်ရှန်း ၊ ရွှီဖေး ၊ အားဟူနှင့် ယင်လုန်ထူတို့ကိုလှည့်ကြည့်ပြီး ရယ်မောလိုက်သည်။
“ဘာလို့ ငါဖြစ်နေရတာလဲ ၊ မင်းတို့လည်း ငါ့အကြောင်းအကုန်သိကြတာပဲလေ... နော်...”
စူးယွင်က ရန်ကျောက်ကဲကိုကြည့်ရင်း ပြုံးလိုက်သည်။
“မင်းရဲ့ မျက်ခုံးမျက်လုံးတွေက သခင်မလေးနဲ့ အရမ်းတူတယ် ၊ ပြီးတော့... မင်း ရယ်လိုက်တာ သခင်မလေး ရယ်လိုက်သလို အရမ်းဆင်တူတာပါပဲ”