အကြောင်းကြောင့်အကျိုးဖြစ်
Vol. 8 Ch. 798
ကောင်းကင်တိုင်းပြည်မှ ထွက်ပေါ်နေသည့် အလင်းတန်းများသည် ရွှမ်ဝူရေကန်ထက်တွင် ခမ်းနားလွန်းစွာ လင်းလက်နေလေသည်။
အားလော်ဟယ်သည် ထောင်နှင့်ချီအောင် လမ်းစဉ်တစ်ခုကို ဦးဆောင်ခဲ့သူ တစ်ယောက် ဖြစ်လေသည်။
ရွှမ်ဝူရေကန်မှ အခိုးအငွေ့များထွက်ပေါ်လာပြီး ဆန်းလျန်နှင့်ကြာပန်းဖြူကို ဝန်းရံထားသည့် အိန်ဂျယ်များ၏အရိပ် ထင်ဟပ်နေလေသည်။
အခြားသောကျင့်ကြံသူများမှာ သူတို့နှင့်ပါဝင်ပတ်သက်ရဲခြင်း မရှိကြပေ။ အဝေးမှသာ အခြေအနေကို လေ့လာနေကြလေသည်။
အိန်ဂျယ်များနှင့် ဆန်းလျန်တို့ (၂)ယောက်၏ တိုက်ပွဲနှင့်ယှဉ်လျှင် ဘုရင့်နေပြည်တော်မှ တိုက်ပွဲငယ်များကို သူတို့ အာရုံစိုက်မိခြင်း မရှိကြတော့ပေ။
မယ်တော်ဝမ်မူနှင့် လွိလော်တို့ ရွှမ်ဝူရေကန်သို့ ရောက်ရှိလာကြသည်။
ထိုအချိန်မှာပင်…
ရေကန်နှင့် မျက်နှာချင်းဆိုင်ရှိ တောင်ထွတ် (၃)ခုအလယ်တွင် ခရမ်းရောင်တိမ်တိုက်နန်းတော် ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ကြရလေသည်။
ခရမ်းရောင် တိမ်တိုက်နန်းတော်၏ ခေါင်မိုးထက်တွင် တာအိုဆရာ အဘိုးအိုတစ်ယောက် မတ်တတ်ရပ်နေလေသည်။ ထိုတာအိုဆရာအဘိုးအိုမှာ ဆံပင်များနှင့် မျက်ခုံးမွှေးများ ဖြူဖွေးနေပြီး မျက်ဝန်းများက တည်ငြိမ်စူးရှလျှက်ရှိလေသည်။
မယ်တော်ဝမ်မူက သူမ၏ဘေးနားမှ လွိလော်ကို ပြောလိုက်သည်။
"ဒီတိုက်ပွဲက ကျန်းဝူနတ်ဘုရားကိုတောင် ထွက်ပေါ်လာစေတယ်…"
လွိလော်က…
"ကျန်းဝူနတ်ဘုရား ရောက်လာပြီလား ၊ သူ ဘယ်မှာလဲ…"
မယ်တော်ဝမ်မူက…
"မင်းသူ့ကို မြင်နိုင်မှာ မဟုတ်ဘူး…"
ပြောပြီးသည်နှင့် မယ်တော်ဝမ်မူက သူမ၏ စိတ်အာရုံစူးစိုက်မှုတစ်ခုကို ခရမ်းရောင်တိမ်တိုက်နန်းတော်ရှိရာသို့ စေလွှတ်လိုက်လေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှ တိမ်တိုက်များအေးခဲသွားသည့်တိုင် အခြားသူများကတော့ ရိပ်မိကြခြင်း မရှိပေ။
မယ်တော်ဝမ်မူက ကျန်းဝူနတ်ဘုရားဘေးနားတွင် အသာအယာဆင်းသက်လိုက်ပြီး…
"ကျန်းဝူနတ်ဘုရား ဘာလို့ ဒီနေရာကို ရောက်လာရတာလဲ…"
တာအိုဆရာအဘိုးအိုက…
"ကျုပ်က ကျန်းဝူနတ်ဘုရားအစစ်မဟုတ်ပါဘူး ၊ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ကျန်းဝူနတ်ဘုရား ချန်ထားခဲ့တဲ့ စိတ်အာရုံပုံရိပ်တစ်ခုမျှသာဖြစ်ပါတယ် ၊ ဒါကြောင့် ကျုပ်ကို ကျန်းဝူနတ်ဘုရားလို့ ခေါ်တာကို မခံယူဝံ့ပါဘူး…"
မယ်တော်ဝမ်မူက တစ်ချက်ပြုံးလိုက်ပြီး သူနှင့်အငြင်းပွားမနေတော့ဘဲ စကားဆက်ပြောလိုက်သည်။
"ထားပါတော့ ၊ ဒါနဲ့… တာအိုမိတ်ဆွေ ဒီတိုက်ပွဲကို ဘယ်လိုမြင်လဲ ၊ အားလော်ဟယ် သူတို့ (၂)ယောက်ကို နှိမ်နင်းဖို့ အချိန်ဘယ်လောက်ကြာမယ် ထင်သလဲ…"
မယ်တော်ဝမ်မူ၏ အမေးကြောင့် တာအိုဆရာအဘိုးအို အတန်ကြာငြိမ်သက်သွားလေသည်။
ပြီးမှ…
"အားလော်ဟယ် သူတို့ကို နိုင်မှာ မဟုတ်ဘူး…"
မယ်တော်ဝမ်မူက…
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ သူတို့ (၂)ယောက်က ထိုက်ယီထျန်းရှန်းအဆင့် ပဲရှိကြသေးတာ ၊ အားလော်ဟယ်လို ဖန်ဆင်းရှင်ကို ဘယ်လိုလုပ်အနိုင်ယူနိုင်မှာလဲ…"
တာအိုဆရာအဘိုးအိုက တစ်ချက်ပြုံးလိုက်ရင်း…
"အဲဒီလူငယ်လေးကို လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကတည်းက ကျုပ်တွေ့ခဲ့ဖူးတယ် ၊ သူကို ဘယ်သူမှ ဖျက်စီးပစ်နိုင်မှာ မဟုတ်ဘူး…"
မယ်တော်ဝမ်မူက ပြုံးလိုက်ရင်း…
"တာအိုမိတ်ဆွေက နောက်နေပြန်ပါပြီ ၊ ခေတ်အဆက်ဆက်ကြာလာပြီးတဲ့နောက် သူ့လို တန်ခိုးစွမ်းအားမြင့်မားသူမျိုးဆိုတာက လက်ဆယ်ချောင်းတောင် ပြည့်တာမဟုတ်ဘူး ၊ သူသာ ရှေးဟောင်းနတ်ဘုရားတစ်ပါးဆိုရင် ကျွန်မ ကောင်းကောင်းသိရမှာပေါ့…"
တာအိုဆရာအဘိုးအိုက ခေါင်းတစ်ချက်ခါယမ်းလိုက်ရင်း…
"အဲဒီတုန်းက သူက အတိတ်ကို ဖြတ်တောက်ပစ်ဖို့ ကြိုးစားခဲ့တယ် ၊ ဒါကြောင့် မင်း သူ့ကို မသိတော့တာပါ ၊ သူအဲဒီလိုလုပ်ခဲ့တဲ့အတွက် လောကမှာ အတိတ်က အကြောင်းအရာတွေ တော်တော်များများ ကွယ်ပျောက်သွားခဲ့ရတယ် ၊ ဒါကြောင့် မင်း သူ့ကို မသိတာဟာ မဆန်းပါဘူး ၊ ကျုပ်မှာသာ စစ်မှန်တဲ့ ကိုယ်ခံဝိညာဉ် မရှိခဲ့ဘူးဆိုရင် ကျုပ်လည်း အတိတ်က အဖြစ်အပျက်တွေကို မှတ်မိမှာ မဟုတ်တော့ဘူး…"
မယ်တော်ဝမ်မူက အံ့သြထိတ်လန့်သွးသည့်အမူအရာဖြင့်…
"လောကမှာ အတိတ်ကို ဖြတ်တောက်နိုင်တဲ့ပညာ တကယ်ပဲ ရှိတာလား…"
တာအိုဆရာအဘိုးအိုက…
"ဗုဒ္ဓနဲ့ တာအိုဆရာသခင်ထိုက်ယီတို့လည်း အဲဒီပညာကို အသုံးပြုနိုင်ကြတယ် ၊ မသုံးခဲ့ကြတာပဲ ရှိတာပါ…"
အတိတ်ကိုဖြတ်တောက်သည့်ပညာဆိုသည်မှာ အချို့သူများဆိုလျှင် ကြားဖူးကြခြင်း ပင်မရှိပေ။
အတိတ်ကိုဖြတ်တောက်ပစ်နိုင်သည့် ကျင့်ကြံသူဆိုသည်က အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်ခရီးများကို လိုသလို သွားလာနိုင်သူတစ်ယောက်ဖြစ်မှသာ ပြုလုပ်နိုင်မည် ဖြစ်လေသည်။ ထိုအခါမှ အတိတ်အချိန်မှ အဖြစ်အပျက်များကို ပြောင်းလဲပစ်လိုက်သည့်အခါ အနာဂတ်သည်လည်း ပြောင်းလဲသွားမည် ဖြစ်လေသည်။
သို့သော်… အတိတ်ကို ဖြတ်တောက်ခဲ့ခြင်းအတွက် ပေးဆပ်ရမည့်တန်ဖိုးကတော့ ကြောက်မက်ဖွယ်ရာပင် ဖြစ်လေသည်။ ထိုပညာကို မည်သူမှ အသုံးမပြုရဲကြပေ။
မယ်တော်ဝမ်မူက…
"ဗုဒ္ဓနဲ့ တာအိုဆရာသခင်ထိုက်ယီတို့ကတော့ အတိတ်ကို ဖြတ်တောက်ပစ်နိုင်စွမ်းရှိတယ်ဆိုတာ ကျွန်မကြားဖူးပါတယ် ၊ ဒါပေမဲ့ ဒီပညာက တော်တော်တော့ ထူးဆန်းတာပဲ…"
တာအိုဆရာအဘိုးအိုက အေးဆေးသည့်လေသံဖြင့်…
"ဒါဖြင့် မင်းကိုမေးမယ် ၊ ဗုဒ္ဓနဲ့ တာအိုဆရာသခင်ထိုက်ယီဆိုတာ ဘယ်လိုလူတွေလဲ မင်းသိလား…"
မယ်တော်ဝမ်မူက…
"ကျွန်မ နည်းနည်းပါးပါးတော့သိပါတယ် ၊ တာအိုဆရာသခင်ထိုက်ယီက ဘဝပေါင်းများစွာတည်ရှိနိုင်ပြီး လူ့လောကမှာ အကြိမ်ကြိမ်အခါခါ လူပြန်ဝင်စားနိုင်တယ် ၊ ဗုဒ္ဓကတော့ အခြေခံကျတဲ့ သဘောတရားတွေကို ပိုင်ဆိုင်တဲ့ လောကနိယာမတွေအားလုံးကို နားလည်သူဖြစ်တယ်…"
တာအိုဆရာအဘိုးအိုက…
"မင်းပြောတာလည်း မမှားပါဘူး ၊ ဒါပေမဲ့ တကယ်တော့ ဗုဒ္ဓနဲ့ တာအိုဆရာသခင်ထိုက်ယီတို့ဆိုတာက အတိတ်ကို ဖြတ်တောက်လိုက်သည့်တိုင် သူတို့ရဲ့ အနာဂတ်ရလဒ်တွေက ပြောင်းလဲနိုင်မှာမဟုတ်ဘူး ၊ ဒါကြောင့် သူတို့ ဘယ်လောက်ဘေးဆိုးဒုက္ခတွေ ရင်ဆိုင်ခဲ့ရပါစေ အတိတ်ကို မဖြတ်တောက်ခဲ့ကြဘူး ၊ အတိတ်ဆိုတာက မြစ်တစ်စင်းကနေခွဲထွက်လာတဲ့ မြစ်လက်တက်များစွာလိုပါပဲ ၊ အတိတ်ကိုဖြတ်တောက်လိုက်လို့ အနာဂတ်ရလဒ်တွေ အများကြီးပြောင်းလဲသွားနိုင်တယ် ၊ ဒါပေမဲ့ ဗုဒ္ဓနဲ့ တာအိုဆရာသခင် ထိုက်ယီကတော့ မပြောင်းလဲနိုင်ဘူး…"
မယ်တော်ဝမ်မူက…
"ကျွန်မ နားမလည်ဘူး…"
တာအိုဆရာအဘိုးအိုက…
"အားလော်ဟယ် လက်ကိုင်ထားတဲ့ လမ်းစဉ်က ကံကြမ္မာလမ်းစဉ်ပဲ ၊ သူက အချိန်စီးကြောင်းကနေ လူသားတွေရဲ့ ကံကြမ္မာကို လိုသလိုပြောင်းလဲပေးနိုင်စွမ်းရှိတယ် ၊ ဒါပေမဲ့ သူတောင်မှ ဗုဒ္ဓနဲ့ တာအိုဆရာသခင်ထိုက်ယီရဲ့ ကံကြမ္မာကို ပြောင်းလဲမပစ်နိုင်ဘူး ၊ အတိတ်မှာဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဗုဒ္ဓကလည် အချိန်တန်တာနဲ့ ဗုဒ္ဓဖြစ်လာမှာ ဖြစ်သလို ၊ တာအိုဆရာသခင်ထိုက်ယီကလည်း တာအိုဆရာသခင်ထိုက်ယီ ဖြစ်လာမှာပဲ ၊ ကံကြမ္မာက ပြဌာန်းပြီးသားဖြစ်လို့ သူတို့ကို ဘယ်အရာကမှ မတားဆီးနိုင်ဘူး…"
မယ်တော်ဝမ်မူက…
"တာအိုမိတ်ဆွေ ဆိုလိုတာ ဘာအဓိပ္ပါယ်လဲ ၊ ကျွန်မတို့ အတိတ်ကို ဘယ်လိုပဲ ပြောင်းလဲအောင် ကြိုးစားကြိုးစား အနာဂတ်မှာ ဖြစ်လာမယ့် ကံတရားကတော့ မပြောင်းလဲဘူးလို့ ဆိုလိုတာလား ၊ ဒါဖြင့် အတိတ်ကိုဖြတ်တောက်တဲ့ ပညာက ဘာများ အသုံးဝင်တော့မှာလဲ…"
တာအိုဆရာအဘိုးအိုက ရယ်မောလိုက်ရင်း…
"မင်းကြည့်ရတာ နားလည်ပုံမပေါ်သေးဘူး ၊ ဒီလိုလေ အတိတ်ဆိုတဲ့ အကြောင်းရင်းမရှိခင်ကတည်းက သူတို့က သူတို့က ဗုဒ္ဓနဲ့ တာအိုဆရာသခင်ကြီ ဖြစ်ပြီးနေပြီလေ ၊ ပြီးတော့ သူတို့မှာလည်း သူတို့ကံတရားနဲ့သူတို့ ရှိပြီးသားဖြစ်လို့ အနာဂတ်က မပြောင်းလဲနိုင်တာပေါ့ ၊ တခြားသူတွေနဲ့တော့ ဘယ်တူမှာလဲ ၊ တခြားသူတွေအနေနဲ့ဆိုရင်တော့ အတိတ်ကို ပြောင်းလဲလိုက်ရင် အနာဂတ်လည်း ပြောင်းလဲသွားမှာပေါ့ ၊ ထားလိုက်ပါ… ကျုပ်ပြောတာလည်း မှတ်ချင်မှ မှန်မှာပါ ၊ ကျုပ်က ကျန်းဝူနတ်ဘုရားနားလည်သလောက်ပဲ မင်းကို ပြောပြနိုင်တာပါ…"
မယ်တော်ဝမ်မူက…
"အဲဒီကောင်လေးက အတိတ်ကို ဖြတ်တောက်ပစ်ခဲ့တယ်လို့ ရှင်ပြောခဲ့တယ်နော် ၊ သူလုပ်ခဲ့တာ အောင်မြင်ခဲ့သလားဟင်…"
တာအိုဆရာအဘိုးအိုက…
"ဘယ်လိုလုပ် အောင်မြင်မှာလဲ ၊ အတိတ်ကိုဖြတ်တောက်တယ်ဆိုတာ တော်ရုံလူလုပ်နိုင်တာမှ မဟုတ်တာ ၊ မိုးနတ်မင်းတောင်မှ လုပ်နိုင်တာမျိုး မဟုတ်ဘူး ၊ မအောင်မြင်ခဲ့လို့လည်း လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က ဘေးအန္တရယ်ဆိုးကြီးကျရောက်ခဲ့ရပြီး ဘယ်သူမှ မလွတ်မြောက်နိုင်ခဲ့ဘူး…"
မယ်တော်ဝမ်မူက သက်ပြင်းတစ်ချက် ချလိုက်လေသည်။
"တာအိုမိတ်ဆွေပြောတဲ့အတိုင်းသာ မှန်တယ်ဆိုရင် အတိတ်ကို ဖြတ်တောက်ဖို့ ကြိုးစားခဲ့တဲ့ အဲဒီကောင်လေး ဆန်းလျန်ကိုယ်တိုင်က ဘာဖြစ်လို့ ဘေးအန္တရယ်ဆိုးထဲမှာ အသက်ပျောက်မသွားရတာလဲ…"
တာအိုဆရာအဘိုးအိုက တစ်ချက်ပြုံးလိုက်ရင်း….
"ကျုပ်လည်း အဲဒီကိစ္စ သိပ်ပြီး မရှင်းလင်းဘူး ဖြစ်နေတာ ၊ ပြီးတော့ သူ့ရဲ့ တန်ခိုးစွမ်းအားတွေကလည်း အရင်အတိုင်းပဲ ၊ ဒီတော့ လူပြန်ဝင်စားပြီး ကျင့်ကြံတယ်ဆိုတာလည်း မဖြစ်နိုင်ပြန်ဘူး…"
မယ်တော်ဝမ်မူက…
"ဒါမှမဟုတ် သူက အတိတ်ကိုဖြတ်တောက်ခဲ့စဉ်တုန်းက သေမသွားဘဲ ဒဏ်ရာလောက်ပဲ ရသွားတာ ဆိုရင်ရော ၊ အခု ဒဏ်ရာသက်သာသွားလို့ ပြန်ပေါ်လာတာမျိုးရော မဖြစ်နိုင်ဘူးလား…"
မယ်တော်ဝမ်မူ၏ စကားကိုကြားသည်နှင့် တာအိုဆရာအဘိုးအိုမှာ သက်ပြင်းတစ်ချက်ပင် မချနိုင်တော့ပေ။
ကျယ်ပြောလှသည့်လောကထဲတွင် အမှန်တရားကို ရှာဖွေရန်မှာ အခက်ခဲဆုံးဖြစ်လေသည်။ အထူးသဖြင့် အဆင့်မြင့်ကျင့်ကြံသူများ ရင်ဆိုင်ကြရသည့် အခက်အခဲများ ၊ ဒုက္ခဆင်းရဲများ ၊ နာကျင်မှုများကို နားလည်နိုင်ရန်မှာ အခက်ခဲဆုံးပင် ဖြစ်လေသည်။
…………………
အိန်ဂျယ်များက လက်နက်များကို ကိုင်ဆောင်ကာ ဆန်းလျန်နှင့် ကြာပန်းဖြူကို တိုက်ခိုက်နေကြလေသည်။
သူတို့သည် အလွန်စွမ်းအားကြီးမားသူများဖြစ်ကြလေသည်။ တရားစီရင်နိုင်စွမ်းလည်း ရှိကြသလို ကံကြမ္မာနှင့်လည်း ဆက်စပ်နေကြသည်။ သို့သော်… လုံးဝဥဿုံအမှန်တရားတော့ မဟုတ်သေးပေ။
ဆန်းလျန်က တည်တည်ငြိမ်ငြိမ်ဖြင့် အိန်ဂျယ်များ၏ တိုက်ခိုက်မှုကို ခုခံနေသော်လည်း ကြာပန်းဖြူကတော့ ခုခံနိုင်ခြင်း မရှိတော့ပေ။
သူမသည် အဆက်မပြတ်သွေးများအန်ထုတ်လိုက်ပြီး ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။
***