သခင်လေးကို ဂါရဝပြုပါတယ်
Vol. 31 Ch. 435
အခန်း (၄၃၅) သခင်လေးကို ဂါရဝပြုပါတယ်
ရန်ကျောက်ကဲက နှင်းကြိုးကြာဆံထိုးလေးကိုကိုင်ရင်း ပေါ့ပါးသည့်မျက်နှာထားဖြင့်...
“ကျွန်တော်သိသလောက်... အမေ့မှာ တခြားမျိုးဆက် မရှိနိုင်ဘူး မဟုတ်လား”
စူးယွင်က ခေါင်းညိတ်ရင်း...
“ငါလည်း အဲဒီလိုပဲထင်ပါတယ် ၊ ရှိခဲ့မယ်ဆိုရင်လည်း အဲဒီတစ်ယောက်က သခင်မလေးရဲ့ ဆက်ခံသူ ဖြစ်ပါလိမ့်မယ်”
ရန်ကျောက်ကဲက စူးစမ်းဟန်ဖြင့်...
“တကယ်လို့ ကျွန်တော်မဟုတ်ဘဲ အဖေသာ အမေ့ကိုလာရှာခဲ့ရင် ‘စူး’ ဂိုဏ်းချုပ် ဘယ်လိုအတည်ပြုမလဲ”
စူးယွင်က ရယ်မောရင်း...
“တကယ်လို့ သခင်သာရောက်လာခဲ့ရင် သူ့ကိုအတည်ပြုဖို့ ငါ့မှာ နည်းလမ်းမရှိပါဘူး ၊ ငါက ငြင်းဆိုလိုက်လို့ သူ စိတ်အနှောက်အယှက်ဖြစ်ရတယ်ဆိုရင်တောင် ဒါက မလွှဲမရှောင်သာ ဖြစ်လာမှာပါပဲ”
သူမက ဆက်ပြောသည်။
“ဒါပေမဲ့... သခင်မလေးရဲ့ ပိုင်းခြားသိမြင်မှုကို ငါ ယုံကြည်တယ် ၊ သခင်က လုံးဝ အားနည်းတဲ့သူ မဖြစ်နိုင်ဘူး ၊ ငါ့မှာ သူ့ကို တားဆီးဖို့ အရည်အချင်း ရှိချင်မှတောင် ရှိနိုင်မယ်”
ရန်ကျောက်ကဲက ထူးဆန်းသည့်အပြုံးတစ်ချက်ဖြင့်...
“ကြည့်ရတာ ကျွန်တော့်ပုံစံကတော့ အနိုင်ကျင့်ဖို့ လွယ်နေပုံရတယ်”
စူးယွင်က ခေါင်းခါယမ်းရင်း ခိုင်မာပြတ်သားသည့် လေသံဖြင့်...
“တစ်ယောက်ယောက်က သခင်မလေးကို ထိခိုက်အောင်လုပ်မယ်ဆိုရင်တော့... သူတို့ကို ယှဉ်နိုင်သည်ဖြစ်စေ မယှဉ်နိုင်သည်ဖြစ်စေ ၊ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ငါက အဆုံးထိ တိုက်ခိုက်ရမှာပဲ”
ရန်ကျောက်ကဲ ခဏမျှ ငြိမ်သက်သွားပြီး ပတ်ဝန်းကျင်မှ နှင်းကြိုးကြာဂိုဏ်းသားများကို အကဲခတ်လိုက်သည်။
စူးယွင်က စကားပြောရာတွင် အသံပို့လွှတ်စနစ်ဖြင့် ပြောဆိုခြင်းမရှိသဖြင့် သူမစကားကို ပတ်ဝန်းကျင်မှလူအားလုံး ရှင်းရှင်းလင်းလင်း ကြားသည်ပင်။
နှင်းကြိုးကြာဂိုဏ်းသားများ၏မျက်နှာထက်တွင် နားမလည်နိုင်သောအမူအရာများ ပြည့်နက်နေကြသည်။
ဂိုဏ်းချုပ် ‘စူးယွင်’ ၏ စွမ်းအားက ပြိုင်ဘက်ကင်းသည်ဟု သူတို့က ပုံသေဘူဆထားသည်။ “မျောလွင့်ဝိညာဉ်ကမ္ဘာတွင် သူမ၏အဆင့်အတန်းက အထွတ်ထိပ်အဆင့်မဟုတ်သေး” ဟု စူးယွင်က မကြာခဏပြောတတ်သည့်တိုင် သူမ၏စွမ်းအား မည်မျှကြီးမားသည်ကို လူတိုင်းသိရှိသည်ပင်။
သူတို့ဂိုဏ်းချုပ်က ချီစွမ်းအားကျင့်ကြံခြင်းတွင် အခြားသူများ မရောက်ရှိနိုင်သော မြင့်မားသောအဆင့်တစ်ခုအထိ ကျင့်ကြံနိုင်ခဲ့ပြီး တန်ခိုးစွမ်းအားကလည်း မိစ္ဆာသွေးကျင့်ကြံသူများထက် လျော့နည်းခြင်း မရှိပေ။
မိစ္ဆာသွေးကျင့်ကြံခြင်းဘက် မလိုက်စားဘဲ မဟာကပ်ဘေးမတိုင်မီက သိုင်းတာအိုကို ကျင့်ကြံကြသည့်တိုင် မျောလွင့်ဝိညာဉ်ကမ္ဘာတွင် နှင်းကြိုးကြာဂိုဏ်းက အောင်မြင်စွာ ရပ်တည်နိုင်ခဲ့သည်။ စူးယွင်၏ သမီးဖြစ်သူက နဂါးစိမ်းဂိုဏ်းချုပ်၏ သားဖြစ်သူနှင့် လက်ဆက်ခဲ့ခြင်းကလည်း တစ်ကြောင်းအပါအဝင် ဖြစ်ပေလိမ့်မည်။
သို့သော် စူးယွင်ကိုယ်တိုင်က အစွမ်းအစ မကြီးမားပါက အရာအားလုံး အလကားဖြစ်မည်သာပင်။
အခြားရှုထောင့်မှ ကြည့်မည်ဆိုလျှင် သမီးဖြစ်သူက နဂါးစိမ်းဂိုဏ်းချုပ်၏ သားဖြစ်သူနှင့် လက်ဆက်ထားသည့်တိုင် သူမကိုယ်တိုင်က မည်သည့်စွမ်းအားမှ မရှိပါက ယခုကဲ့သို့ ရပ်တည်နိုင်မည် မဟုတ်ပေ။
ယခု ဂိုဏ်းသားအားလုံးက နတ်ဘုရားတစ်ပါးပမာ လေးစားရပါသော နှင်းကြိုးကြာဂိုဏ်းချုပ်သည် သူမနှုတ်ဖျားမှ ‘သခင်မလေး’ ဟု ပြောဆိုလိုက်လေတိုင်း အလွန်နှိမ့်ချပြီး ရိုသေလေးစားဟန်အပြည့်ဖြင့် ရှိနေသည်။
သို့ရာတွင် စူးယွမ်၏ပုံစံကတော့ ခါတိုင်းခဲ့သို့ အေးဆေးတည်ငြိမ်နေဆဲပင်။
ရန်ကျောက်ကဲက သူမကိုကြည့်ရင်း ခဏမျှငြမ်သက်နေပြီးမှ ဖြည်းညင်းစွာ စကားဆိုသည်။
“ဒီကမ္ဘာပေါ်မှာ ရုပ်ချင်းဆင်တဲ့လူတွေလည်း အများကြီး ရှိပါတယ် ၊ သွေးသားမတော်ဆပ်ဘဲ တစ်ပုံစံတည်းတူနေတဲ့သူတွေတောင် ရှိသေးတာပဲ”
ခဏနားပြီးမှ သူက ဆက်ပြောသည်။
“ဒါပေမဲ့ ‘စူး’ ဂိုဏ်းချုပ်က သစ္စာစောင့်သိသူဖြစ်တဲ့အတွက် ကျွန်တော်က အခက်တွေ့အောင်လုပ်မှာ မဟုတ်ပါဘူး”
ပြောပြီးသည်နှင့် သူက လက်ကိုထိုးဖောက်ကာ သွေးအနည်းငယ်ထွက်စေလိုက်ပြီး သူ၏သွေးစွမ်းအားအနှစ်သာရကို နှင်းကြိုးကြာဆံထိုးအတွင်းသို့ ထည့်သွင်းလိုက်သည်။
ရန်ကျောက်ကဲလက်ဖဝါးထက်မှ နှင်းကြိုးကြာဆံထိုးက ချက်ချင်းပင် တုန်ခါသွားပြီး တောက်ပသောအလင်းတန်းများ လင်းလက်လာသည်။
အလင်းတန်းများထဲတွင် နှင်းကြိုးကြာပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး အတောင်များကိုဖြန့်လျှက် နှင်းတောင်တန်းများထက် နားခိုနေပြီး ကြည်လင်သောအော်မြည်သံကို ထုတ်လွှတ်လိုက်သည်။
ထို နှင်းကြိုးကြာငှက်ကို တွေ့မြင်ရသည်နှင့် စူးယွင်၏မျက်ဝန်းများ ဆုံချက်မဲ့သွားပြီး အနည်းငယ် တုန်လှုပ်သွားသည်။
နှင်းကြိုးကြာဂိုဏ်းသားများအားလုံးသည်လည်း ကြီးမားသော နှင်းကြိုးကြာငှက်ကြီးကို မှင်တက်စွာဖြင့် ငေးစိုက်ကြည့်နေကြလေသည်။
အချို့ကတော့ တစ်စုံတစ်ခုကို အလွန်လျှင်မြန်စွာ နားလည်သွားကြသည်။
စူးယွင်က နှင်းကြိုးကြာဂိုဏ်း၏တည်ထောင်သူဖြစ်သလို လက်ရှိတွင် သက်ရှိထင်ရှားရှိနေသူလည်း ဖြစ်သည်။ သို့သော် နှင်းကြိုးကြာဂိုဏ်းမှတပည့်များသည် ဘိုးဘေးခန်းမတွင် အမြဲတမ်း ဂါရဝပြုကြရသည်။ ထိုသို့ ဂါရဝပြုရခြင်းက စူးယွင်နှင့် မသက်ဆိုင်ဘဲ နှင်းကြိုးကြာတစ်ကောင်နှင့်သာ သက်ဆိုင်လေသည်။
ထိုအကြောင်းနှင့်ပတ်သက်ပြီး ကောလဟလများစွာ ရှိခဲ့သည်။
အချို့ကဆိုကြသည်မှာ စူးယွင်ကို နှင်းကြိုးကြာငှက်တစ်ကောင်က ကယ်တင်ခဲ့ပြီး နောက်ပိုင်းတွင် ထူးခြားဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ရကာ သိုင်းစွမ်းမြင့်မားလာပြီး နှင်းကြိုးကြာဂိုဏ်းကို တည်ထောင်ခဲ့သည်ဟူ၍ ဖြစ်သည်။
အချို့ကတော့ စူးယွင်၏ သိုင်းပညာက နှင်းကြိုးကြာမှ ဆင်းသက်လာသည်ဟု ပြောဆိုကြသည်။
ဖြစ်နိုင်ခြေအရှိဆုံး ကောလဟလမှာ စူးယွင်သည်အတိတ်တစ်ချိန်က ထိပ်တန်းပညာရှင်တစ်ယောက်၏ ခေါ်ဆောင်သွားခြင်းကိုခံရပြီး ထိုသူထံတွင် အစေခံလည်းဖြစ်ခဲ့သလို တပည့်လည်းခံခဲ့သည်။ ထို ထိပ်တန်းပညာရှင်က ‘နှင်းကြိုးကြာ’ သင်္ကေတကို အသုံးပြုသူဖြစ်ပြီး နောက်ပိုင်းမှာတော့ ဤကမ္ဘာမှ ပျောက်ကွယ်သွားခဲ့သည်။
ထိုပညာရှင်၏ကျေးဇူးကို သိမှတ်ခြင်းအားဖြင့် သိုင်းဂိုဏ်းတည်ထောင်သည့်အခါ စူးယွင်က ‘နှင်းကြိုးကြာဂိုဏ်း’ ဟု အမည်ပေးခဲ့ပြီး ဘိုးဘေးခန်းမတွင် နှင်းကြိုးကြာငှက်ရုပ်တုကိုထုလုပ်ကာ ဝတ်ပြုကိုးကွယ်စေခဲ့သည်။
နောက်ဆုံးကောလဟလက အမှန်ဆုံးဖြစ်ကြောင်း နှင်းကြိုးကြာဂိုဏ်းမှ လူများအားလုံး သိရှိကြ၏။
ထို ထိပ်တန်းပညာရှင်ကို ကျေးဇူးသိတတ်စွာဖြင့် စူးယွင် ဂိုဏ်းတည်ထောင်သည့်အခါ နှင်းကြိုးကြာဂိုဏ်းဟု အမည်ပေးခဲ့ပြီး နှင်းကြိုးကြာရုပ်တုကို ဘိုးဘေးခန်းမတွင် ထားရှိကိုးကွယ်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
ယခုတော့...
“အတိတ်ကအသိမိတ်ဆွေတစ်ယောက်ရဲမျိုးဆက်” ဟု ရန်ကျောက်ကဲပြောခဲ့သည့်စကားကို သူတို့အားလုံး တဖြည်းဖြည်း နားလည်လာကြပေပြီ။
ကောင်းကင်ထက်မှ နှင်းကြိုးကြာငှက်ပုံရိပ်ကြီးကို စူးယွင်က အချိန်ကြာမြင့်စွာ တိတ်တဆိတ် ငေးကြည့်နေခဲ့သည်။ အတန်ကြာမှ သူမက သက်ပြင်းသဲ့သဲ့ချရင်း ရန်ကျောက်ကဲကို လှမ်းကြည့်သည်။
သူမ မျက်ဝန်းများက စူးရဲခြင်းမရှိတော့ဘဲ သိမ်မွေ့နေပြီး လေးစားမှု ၊ နွေးထွေးမှုများနှင့်အတူ စိတ်ခံစားချက်များသည်လည်း ပြည့်နက်လျှက်ပင်။
ထို့နောက် စူးယွင်သည် ဤနေရာမှ လူတိုင်းကို ထိတ်လန့်သွားစေသည့် လုပ်ရပ်တစ်ခုကို ပြုလုပ်လိုက်သည်။
သူမက ချက်ချင်းပင် ရန်ကျောက်ကဲကို ရိုသေစွာဦးညွှတ်လျှက်...
“သခင်လေးကို ဂါရဝပြုပါတယ် ၊ သခင်လေးနဲ့တွေ့ရတာဟာ စူးယွင်အတွက် ဂုဏ်ယူစရာအကောင်းဆုံးပါပဲ"
ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများ မြင့်တက်လာပြီး စူးယွင်၏ဂါရဝပြုမှုကို လမ်းတစ်ဝက်မှာပင် တားဆီးထားလိုက်သည်။
စူးယွင် အံ့အားသင့်သွားရသည်။
သူမက အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်လေရာ သူမ၏လုပ်ရပ်ကို တားဆီးရန်မှာ များစွာစွမ်းအားမြင့်မားမှသာ ရပေလိမ့်မည်။ သို့သော် ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို အာရုံခံမိသည်နှင့် စူးယွမ် တုန်လှုပ်သွားရသည်။ အသက် (၂၀) ဝန်းကျင်မျှသာရှိသေးသော ဤလူငယ်သည် သူမကဲ့သို့ပင် ‘အမတဝိညာဉ်အဆင့်သိုင်းဆရာသခင်’ တစ်ယောက် ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း နားလည်လိုက်ရသည်။
အသက်ငယ်ငယ်ဖြင့် ထိုမျှမြင့်မားသော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသည်မှာ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းပါသနည်း။
“သခင်မလေးရဲ့သား ပီသပါပေတယ်”
စူးယွင်စိတ်ထဲက ချီးကျူးလိုက်သည်။
“မဟုတ်ဘူး ၊ သခင်လေးကတောင် သခင်မလေးထက် သာမယ်ထင်တယ်”
စူးယွင်၏ စွမ်းအားအတက်အကျနှင့် ကြယ်တာရာချီစွမ်းအားအနှစ်သာရကို အာရုံခံမိသည်နှင့် ရန်ကျောက်ကဲသည်လည်း အံ့အားသင့်သွားရသည်။
“ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ ၊ သလင်းကျောက်စိမ်းအဆက်အနွယ်ပဲ ၊ ဒီ သိုင်းပညာက ငါတို့ ဝါဒတောင်က သိုင်းအမွေအနှစ်တွေထက် သာလွန်တာအမှန်ပဲ ၊ အမေက ဘယ်သူများလဲ... သူ့ဇာစ်မြစ်က ထူးခြားလွန်းတယ်”
ရန်ကျောက်ကဲစိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများက လျှပ်စီးလက်သလို ဖြတ်သန်းသွားသည်။
သို့တိုင် သူက အတွေးများကို ဖယ်ထုတ်လိုက်ပြီး သူ့အရှေ့မှ ကိစ္စကိုသာ အာရုံစိုက်လိုက်၏။
သူက စူးယွင်ကို တိတ်ဆိတ်စွာကြည့်ရင်း...
“ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာကိုတောင် အမေက ‘စူး’ ဂိုဏ်းချုပ်ကို လက်ဆင့်ကမ်းပေးခဲ့တာပဲ ၊ ကြည့်ရတာ... အမေက ‘စူး’ ဂိုဏ်းချုပ်ကို အစေခံတစ်ယောက်လို့ သတ်မှတ်တဲ့ပုံ မပေါ်ပါဘူး”
သူက ဆက်ပြောသည်။
“ဒါပေမဲ့... အမေက ‘စူး’ ဂိုဏ်းချုပ်ကို တပည့်အဖြစ်လည်း တရားဝင်လက်ခံခဲ့တာမဟုတ်တော့... ကျွန်တော်က ‘စူး’ ဂိုဏ်းချုပ်ကို ဒေါ်လေး’ယွင်’ လို့ပဲ ခေါ်ပါရစေ”
စူးယွင်က ရန်ကျောက်ကဲကိုကြည့်ကာပြုံးရင်း...
“သခင်လေးက စူးယွင်ကို အသက်တိုအောင် လုပ်နေပါပြီ”
ရန်ကျောက်ကဲ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် စူးယွင်၏ပုံစံက စောစောကလို ခက်ထန်ခြင်းမရှိတော့ဘဲ နွေဦးလေပြေလေးပမာ နူးညံ့ညင်သာလျှက်ရှိသည်။
နှင်းကြိုးကြာဂိုဏ်းမှလူများမှာ အတော်လေး အဆင်မပြေ ဖြစ်နေရသည်။ အစက ရန်သူနှင့်ရင်ဆိုင်ရမည်ဟု ထင်ထားရာမှ ယခုတော့ သူတို့ဂိုဏ်းချုပ်က အလွန်နှိမ့်ချသိမ်မွေ့စွာဆက်ဆံနေသဖြင့် ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ကြသည်။
နှင်းကြိုးကြာဂိုဏ်းချုပ်အဖြစ် စူးယွင်၏အခွင့်အာဏာက ခိုင်မြဲသည်ဖြစ်ရာ ယနေ့ကိစ္စဖြစ်လာသည့်အတွက် သူမကို မကျေမနပ်ဖြစ်စရာ အကြောင်းမရှိပေ။
အချို့ဂိုဏ်းသားများက စိတ်ပျက်သွားကြသော်လည်း ထုတ်ဖော်မပြောဝံ့ကြပေ။
ထိုစဉ် အသက် (၃၀) ဝန်းကျင်ခန့် ဂိုဏ်းသားတစ်ယောက်က ရန်ကျောက်ကဲကို ဦးညွှတ်လိုက်ရင်း...
"နှင်းကြိုးကြာဂိုဏ်းက ချန်အန်း ၊ သခင်လေး’ရန်’ ကို ဂါရဝပြုပါတယ်”
သူ့ ပုံစံက အလွန်ပင် နှိမ့်နှိမ့်ချချ ရှိလေသည်။
“ဂိုဏ်းတူအစ်ကိုကြီး...”
အခြားသောနှင်းကြိုးကြာဂိုဏ်းသားများက သူ့ကိုကြည့်ပြီး အံ့အားသင့်သွားကြသည်။
ချန်အန်းက အသံပို့လွှတ်စနစ်ဖြင့် သူတို့ကို စကားလှမ်းပြောလိုက်၏။
“သူ့ရဲ့ ဇာစ်မြစ်က ဘာလဲဆိုတာ အသာထား... သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကိုတော့ လျစ်လျူရှုထားလို့ မရဘူး”
အသံပို့လွှတ်စနစ်ဖြင့် စကားမပြောတတ်သော တပည့်တစ်ယောက်က ခပ်တိုးတိုးမေးလိုက်သည်။
“ဂိုဏ်းတူအစ်ကိုကြီး... သူတို့က ဘယ်လောက်တောင် စွမ်းအားမြင့်မားလို့လဲ”
ချန်အန်းက ထိုတပည့်ပါးစပ်ပိတ်သွားဖို့ တစ်ခုခုဖြင့် စို့ထားသင့်သည်ဟုတွေးရင်း ထိုစကားကို ရန်ကျောက်ကဲတို့အုပ်စုကြားသွားမည်လားဟု စိတ်ပူသွားကာ လှမ်းကြည့်လိုက်မိသည်။
ပြီးမှ အသံပို့လွှတ်စနစ်ဖြင့်...
“တခြားသူတွေတော့မသိဘူး ၊ ဒါပေမဲ့ သူတို့ထဲက ဟို အသက်အငယ်ဆုံးကောင်လေးရဲ့ ကျင့်ကြံခြင်းအဆင့်ကိုတော့ ငါ ပြောနိုင်တယ် ၊ အဲဒီကောင်လေးက အနည်းဆုံး အပြင်ပိုင်းကြယ်တာရာချီအဆင့် ရှိတယ်”
ထို့နောက် ချန်အန်းက တစ်လုံးချင်း ပြောလိုက်သည်။
“အဲဒီကောင်လေးတာင် ကျင့်ကြံခြင်းအဆင့် ဒီလောက်မြင့်မားနေရင် သူနဲ့အတူပါလာတဲ့လူတွေ ဘယ်လောက်အဆင့်မြင့်မလဲဆိုတာ တွေးသာကြည့်တော့”