← Chapters

နှင်းကြိုးကြာသတင်းစကား

Vol. 31 Ch. 436

နှင်းကြိုးကြာသတင်းစကား

Vol. 31 Ch. 436

အခန်း (၄၃၆) နှင်းကြိုးကြာသတင်းစကား

“အပြင်ပိုင်းကြယ်တာရာချီအဆင့် ဟုတ်လား ၊ အဲဒီ ဆယ်နှစ်ကျော် ကလေးလေးကလေ”

ချန်အန်း၏စကားကိုကြားတော့ နှင်းကြိုးကြာဂိုဏ်းသားများ ပင့်သက်ရှိုက်လိုက်ကြသည်။

နှင်းကြိုးကြာဂိုဏ်းသားများဆိုသည်က မျောလွင့်ဝိညာဉ်ကမ္ဘာမှ အခြားသူများနှင့် မတူညီပေ။ သူတို့က ကျင့်ကြံခြင်းအဆင့်များအကြောင်း ကောင်းစွာသိရှိပြီး ‘အပြင်ပိုင်းကြယ်တာရာချီ’ အဆင့်အကြောင်း သေသေချာချာ နားလည်သည်။

“သိုင်းပညာရှင် စတုတ္ထအဆင့်ဖြစ်သော အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့်”

ထိုအဆင့်မှာ မျောလွင့်ဝိညာဉ်ကမ္ဘာမှ ချီစွမးအားကျင့်ကြံသူများ အဆုံးစွန်ရောက်ရှိနိုင်သည့် ပန်းတိုင် ဖြစ်သည်။

သို့သော် ထိုအဆင့်သို့ရောက်ရှိနိုင်သူ အနည်းငယ်သာ ရှိလေသည်။

ယခု အသက် (၁၀)နှစ်ဝန်းကျင်သာရှိသေးသော ယင်လုန်ထူက ‘အပြင်ပိုင်းကြယ်တာရာချီအဆင့်’ ရောက်ရှိနေပြီဆိုလေရာ သူတို့အားလုံး အံ့သြတုန်လှုပ်သွားကြသည်။

ချန်အန်းကိုယ်တိုင်လည်း ထိုအကြောင်းသိရှိစဉ်က အလွန်တုန်လှုပ်သွားပြီး စိတ်တည်ငြိမ်စေရန် အတော်လေး ကြိုးစားခဲ့ရသည်။

ရန်ကျောက်ကဲ မည်သူမည်ဝါဖြစ်သည်ဆိုခြင်းထက် ထိုကလေးငယ် ‘အပြင်ပိုင်းကြယ်တာရာချီ’ အဆင့် ရောက်နေခြင်းက သူ့ကိုပိုပြီး တုန်လှုပ်စေကာ နှင်းတောထဲတွင်မတ်တတ်ရပ်နေရင်း ချွေးစေးများပင် ပျံလာရသည်။

ရန်ကျောက်ကဲတို့အုပ်စုက ခန်းဟယ်မြို့တော်တွင် အကြီးအကျယ်ပြဿနာရှာခဲ့သောသတင်းကို ကြားရသည့်တိုင် ချန်အန်းနှင့် နှင်းကြိုးကြာဂိုဏ်းသားများက သိပ်ပြီး အလေးအနက် မထားခဲ့ပေ။

ဖုရန်တိုင်းပြည်ဆိုသည်က သွေးနီတိမ်တိုက်ဂိုဏ်းလက်အောက်ရှိ သုံးဆယ့်ခြောက်နိုင်ငံထဲမှ တစ်ခုသာဖြစ်သည်။ သွေးနီတိမ်တိုက်ဂိုဏ်းနှင့် နဂါးစိမ်းတောင်တို့ကဲ့သို့ အင်အားကြီးသည့်သိုင်းဂိုဏ်းကြီးများနှင့်ယှဉ်လျှင် ဖုရန်တိုင်းပြည်က ပါမွှားလေးသာ ဖြစ်သည်။

ထိုသိုင်းဂိုဏ်းကြီးများကို မဆိုထားနှင့် နှင်းကြိုးကြာဂိုဏ်းသည်ပင် ဖုရန်တိုင်းပြည်ထက် များစွာအစွမ်းထက်သော သိုင်းဂိုဏ်းတစ်ဂိုဏ်းဖြစ်၏။

သို့သော် ယခု ရန်ကျောက်ကဲတို့အုပ်စုနှင့်တွေ့ဆုံရသည့်အခါ သူတို့အုပ်စုက ဖုရန်တိုင်းပြည်ကို အတော်လေး သက်ညှာခဲ့ခြင်းဖြစ်ကြောင်း နားလည်ခဲ့ရသည်။ မဟုတ်ပါက ဖုရန်တိုင်းပြည်တစ်ခုလုံး အမှုန့်ဖြစ်သွားနိုင်သည်ပင်။

နှင်းကြိုးကြာဂိုဏ်းသားများမှာ ချန်အန်း၏ စကားကြောင်း အချိန်အတန်ကြာအောင် တုန်လှုပ်သွားကြရသည်။

တပည့်တစ်ယောက်က ခပ်တိုးတိုးလေသံဖြင့်...

“ဂိုဏ်းတူအစ်ကိုကြီး... ငါတို့ မင်းစကားကို သံသယမဝင်ပါဘူး ၊ ဒါပေမဲ့ ဒါကတော့ တကယ့်ကို မယုံနိုင်စရာပဲ မဟုတ်လား ၊ မင်း အမြင်များ မှားနေသလား”

ချန်အန်း သက်ပြင်းချလိုက်သည်။

သူက ဂိုဏ်းတူညီအစ်ကိုများကို ဒေါသမထွက်ရက်ပေ။ သူကိုယ်တိုင်သည်ပင် အကြိမ်ပေါင်းများစွာစစ်ဆေးပြီး အတည်ပြုခဲ့သည့်တိုင် သူ့ကိုယ်သူ မှားများနေသလားဟု သံသယဝင်နေဆဲ မဟုတ်ပါလား။

“မင်းက ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသေးလို့ အာရုံမခံနိုင်တာ အပြင်မတင်ပါဘူး”

ချန်အန်းက ဆိုသည်။

“အဲဒီကောင်လေးရဲ့ သွေးလည်ပတ်မှုက စီးဆင်းနေတယ်လို့မထင်ရလောက်အောင် အရမ်းချောမွေ့နေတယ်”

သူက ဆက်ပြောသည်။

“ဆရာ ပြောပြဖူးတာ မင်း မှတ်မိသေးလား ၊ ပြဒါးလိုမျိုး သွေးစီးဆင်းမှုဖြစ်စဉ် ဆိုတာလေ ၊ အပြင်ပိုင်းကြယ်တာရာချီအဆင့် ကျင့်ကြံသူတွေ ရိုးတွင်းချဉ်ဆီ ဒုတိယအကြိမ် ဆေးကြောပြီးမှ ဒီလိုလက္ခဏာမျိုး ရရှိကြတာ”

ထိုစကားကိုကြားသည်နှင့် နှင်းကြိုးကြာဂိုဏ်းမှ သိုင်းသမားများ သဘောပေါက်သွားကြပြီး ရန်ကျောက်ကဲတို့အုပ်စုကို တစ်ညီတစ်ညွတ်တည်း ဦးညွှတ်လိုက်ကြသည်။

“ကျွန်တော်တို့ အသိဉာဏ်မဲ့လို့ နားမလည်ခဲ့တာ ခွင့်လွှတ်ပါ ၊ ‘ရန်’ သခင်လေးကို ဂါရဝပြုပါတယ်”

အချို့ဂိုဏ်းသားများကတော့ ယောင်ဝါးဝါးခံစားချက်များကို ခံစားနေရသည်။

သူတို့အားလုံး နတ်ဘုရားတစ်ပါးပမာ အစဉ်အမြဲလေးစားခဲ့ရသော ဂိုဏ်းချုပ်’စူးယွင်’ ၏ ဆရာသမား ၊ ဘိုးဘေးများရှိသည်ဆိုပါက ဤသို့ ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသည်မှာ ယုတ္တိကျသည်ဟု ဆိုရမည်သာ။

ရန်ကျောက်ကဲက သူတို့အားလုံးကို ကျေးဇူးတင်ကြောင်း ခေါင်းညိတ်အသိအမှတ်ပြုလိုက်သည်။

ထို့နောက် စူးယွင်ကို ပြန်လှည့်ကြည့်ရင်း...

“ဒေါ်လေး’ယွင်’ ၊ ကျွန်တော့်အမေက လွန်ခဲ့တဲ့ နှစ် (၂၀)လောက်က ဒီ မျောလွင့်ဝိညာဉ်ကမ္ဘာကို တစ်ခေါက် ပြန်လာခဲ့သေးတယ် မဟုတ်လား ၊ အဲဒီတုန်းက သူနဲ့ဆုံလိုက်သေးလား”

စူးယွင်က သူ့ကို ခရီးဦးကြိုပြုရင်း...

“ဒီလမ်းအတိုင်းကြွပါ သခင်လေး ၊ ကျွန်မရဲ့ နှင်းကြိုးကြာဂိုဏ်းကို ဧည့်သည်အဖြစ် ကြွရောက်ပါဦး ၊ လမ်းမှာ စကားပြောကြတာပေါ့”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

သူက ဖန်းယွင်ရှန်းတို့အားလုံးကို ဖြစ်ပျက်သမျှအကြောင်းအရာများကို ရှင်းပြပြီး စူးယွင်နှင့် မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် နှင်းကြိုးကြာဂိုဏ်း ဌာနချုပ်ရှိရာသို့ အတူတကွ ခရီးဆက်ခဲ့ကြ၏။

ရန်ကျောက်ကဲတို့အုပ်စုကို ရှာတွေ့ပြီးသည့်နောက် နှင်းကြိုးကြာဂိုဏ်းသားများသည်လည်း နှင်းတောင်တန်းများထက်တွင် ဆက်လက်စောင့်ဆိုင်းနေရန် မလိုအပ်တော့လေရာ သူတို့လည်း ဂိုဏ်းသို့ပင် ပြန်ခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် စူးယွင်က အဖြစ်အပျက်များကို ရှင်းပြသည်။

“သခင်မလေးက တစ်ခါမှပြောမပြဖူးပေမယ့်... သူက ဒီ မျောလွင့်ဝိညာဉ်ကမ္ဘာက မဟုတ်ဘူးဆိုတာ ကျွန်မ ခန့်မှန်းနိုင်ပါတယ် ၊ သူက ဟိုး ကောင်းကင်တစ်ဖက်ခြမ်းက ရောက်လာခဲ့တဲ့သူတစ်ယောက်ပဲ ၊ ကျွန်မ လမ်းဘေးမှာ အေးခဲပြီးသေလုမတတ်ဖြစ်နေချိန်မှာ သခင်မလေးက ကယ်တင်ခဲ့တာပါ ၊ ပြီးတော့ ကျွန်မကို သူ့ဘေးမှာခေါ်ထားတဲ့ပြင် ထိပ်တန်းသိုင်းပညာတွေကိုလည်း သင်ပေးသေးတယ်”

သူမက ဆက်ပြောသည်။

“သခင်လေး ပြောသလိုပဲ ၊ သခင်မလေးက ကျွန်မကို အစေခံတစ်ယောက်လို ဘယ်တော့မှ မဆက်ဆံခဲ့ပါဘူး ၊ ကျွန်မကသာ သူ့အတွက် အစေခံလုပ်ပေးချင်ခဲ့တာပါ ၊ ဘာလို့လဲဆိုတော့... သခင်မလေးကို ဘယ်လိုကျေးဇူးဆပ်ရမလဲဆိုတာ တကယ်မသိခဲ့ဘူးလေ”

စူးယွင်၏မျက်ဝန်းများတွင် လွမ်းမောတမ်းတမှုများဖြင့် ပြည့်နက်နေသည်။

“ဒါပေမဲ့ သခင်မလေးက ဒီကမ္ဘာက မဟုတ်ဘူးဆိုတော့... နောက်ဆုံးတော့ သူ ပြန်သွားရတယ်လေ ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) ကတည်းက သခင်မလေး ထွက်ခွာသွားတာပါ ၊ ဘယ်ကိုထွက်ခွာသွားလဲဆိုတာ ကျွန်မ မသိရဘူး ၊ မေးချင်ပေမယ့်လည်း မမေးရဲခဲ့ပါဘူး”

“ကျွန်မစိတ်ထဲ ဘာတွေတွေးနေလဲဆိုတာ သခင်မလေးက သိပါတယ် ၊ ဒါပေမဲ့ ကျွန်မတို့ နှုတ်ဆက်စကားဆိုကြတဲ့အခါသူက ပြုံးပဲပြုံးနေခဲ့တယ် ၊ ကျွန်မကို သူနဲ့အတူခေါ်သွားဖို့ စဉ်းစားသေးပေမယ့် ကျွန်မ အန္တရယ်ကျရောက်မှာကိုလည်း စိတ်ပူနေပုံရတယ် ၊ ဒီ မျောလွင့်ဝိညာဉ်ကမ္ဘာမှာ နေရစ်ခဲ့တာက ကျွန်မအတွက် အန္တရယ်ကင်းပြီး ပျော်ရွှင်နိုင်မယ်လို့ သူက ယုံကြည်တယ်”

“သခင်မလေးက ကျွန်မကို လိမ်ပြောမှာမဟုတ်ဘူးလို့ ကျွန်မ ယုံကြည်တယ် ၊ ဒါကြောင့် ကျွန်မ သူ့စကားနားထောင်ပြီး ဒီမှာပဲ နေရစ်ခဲ့တယ် ၊ ညတိုင်း သူ အန္တရယ်ကင်းဖို့ ဆုတောင်းပေးနေရုံပါပဲ”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက မျက်ဝန်းများကျဉ်းမြောင်းလိုက်ရင်း...

“အမေ့မှာ အန္တရယ်တွေ ရှိနေတာများလား”

ဟု တွေးလိုက်သည်။

သူ့စိတ်က လှုပ်ခါသွားသည့်တိုင် စကားမဆိုဘဲ စူးယွင်ပြောပြသည်များကိုသာ ဆက်လက်နားထောင်နေသည်။

စူးယွင်က...

“သခင်မလေး ပြန်လာသေးလားလို့ သခင်လေးက မေးတယ်နော် ၊ ဒါပေမဲ့ ကျွန်မလည်း မသေချာပါဘူး ၊ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀) ကတည်းက သခင်မလေးကို မတွေ့ရတော့ဘူးလေ”

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...

“လွန်ခဲ့တဲ့ နှစ် (၂၀) လောက်က တစ်ခေါက် ပြန်မလာဘူးလား”

စူးယွင်က...

“အဲဒါကို ကျွန်မ အတည်မပြုနိုင်ဘူး ၊ လွန်ခဲ့တဲ့ (၁၆)နှစ်လောက်က ကျွန်မ တောင်ပိုင်းဒေသကို တစ်ခေါက်ရောက်တယ် ၊ အဲဒီနေရာက တောအုပ်တစ်ခုထဲမှာ သခင်မလေးချန်ထားတဲ့ သဲလွန်စအချို့ကို တွေ့ခဲ့ရတယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲ စိတ်ဓာတ်များတက်ကြွလာသည်။

မျောလွင့်ဝိညာဉ်ကမ္ဘာသို့ရောက်ရှိသည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်ရာ ရွှီဖေးတို့အုပ်စုမှာလည်း ဤနေရာမှ ဘာသာစကားကို အနည်းငယ် နားလည်နေပြီ ဖြစ်၏။

စူးယွင်ပြောသည့်စကားများကိုကြားတော့ ရန်ကျောက်ကဲ၏မိခင် အကြီးအကဲ’ရွှယ်ချူးချင်’ ချန်ထားခဲ့သောသဲလွန်စကို သိရှိနိုင်ပြီဟုတွေးမိကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

စူးယွင်က...

“သခင်မလေးက ကျောက်ဆောင်တစ်ခုပေါ်မှာ ကျောက်ထွင်းစာတွေ ရေးသားထားခဲ့တာပါ”

သူမက ဆက်ပြောသည်။

“အရင်ကလည်း ကျွန်မ အဲဒီနေရာကို တစ်ခေါက်ရောက်ဖူးတယ် ၊ ဒါပေမဲ့ သခင်မလေးနဲ့ ပတ်သက်တဲ့ ဘာသဲလွန်စမှ မရှိခဲ့ဘူး ၊ လွန်ခဲ့တဲ့ (၁၆)နှစ်ကမှ တစ်ခေါက်သွားကြည့်တော့ အဲဒီ ကျောက်ထွင်းစာကို တွေ့ခဲ့ရတာပါပဲ ၊ ဒါကြောင့် သခင်မလေး ဒီကမ္ဘာကို တစ်ခေါက်ပြန်လာခဲ့တယ်လို ယူဆလို့ရပါတယ်”

“ကျောက်ထွင်းးစာကို ကျွန်မယူလာခဲ့ပေမယ့် အဓိပ္ပါယ်ဖော်လို့မရနိုင်ဘူး ၊ အခုတော့... သခင်မလေးက သခင်လေးအတွက် ချန်ထားခဲ့တယ်ဆိုတာ ကျွန်မ နားလည်သွားပါပြီ ၊ အရင်က မသိနားမလည်လို့ အဲဒီကျောက်ထွင်းစာကို သိမ်းယူသွားမိတာကို သခင်လေး အပြစ်မဆိုပါနဲ့”

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“ကျွန်တော်လည်း အချိန်အကြာကြီးနေမှ ဒီကိုရောက်လာခဲ့တာလေ ၊ ဒေါ်လေး’ယွင်’ က အမေနဲ့ပတ်သက်တဲ့ပစ္စည်းကို သိမ်းဆည်းသွားတာ ကျွန်တော်က အပြစ်မတင်ဝံ့ပါဘူး ၊ ဒါနဲ့... အဲဒီ ကျောက်ထွင်းစာ ဒေါ်လေး’ယွင်’ ဆီမှာ ရှိနေတုန်းပဲလား”

စူးယွင်က...

“ကျွန်မ အဲဒါကို နှင်းကြိုးကြာဂိုဏ်းရဲ့ ဘိုးဘေးခန်းမမှာ သိမ်းဆည်းထားပါတယ် ၊ ဂိုဏ်းဌာနချုပ်ကိုရောက်ရင် သခင်လေးကို ကျွန်မ လိုက်ပြပါ့မယ်”

နှင်းကျောက်စိမ်းတောင်တန်းကို ဖြတ်ကျော်ပြီးနောက် နှင်းကြိုးကြာဂိုဏ်းဌာနချုပ်တည်ရှိရာ အဓိကတောင်ထွတ်ကြီးဆီသို့ ရောက်ရှိလာသည်။

ဂိုဏ်းနေရာက ကြီးမားသည်တော့ မဆိုသာပေ။ ချီစွမ်းအားကျင့်ကြံခြင်းက မျောလွင့်ဝိညာဉ်ကမ္ဘာ၏ ပင်မရေစီးကြောင်း ကျင့်စဉ်လမ်း မဟုတ်လေရာ နှင်းကြိုးကြာဂိုဏ်းတွင် တပည့်အနည်းငယ်သာရှိသည်မှာ မဆန်းပေ။ ဤကမ္ဘာတွင် စူးယွင်ကဲ့သို့ ရေစီးကြောင်းကိုတွန်းလှန်ပြီး ကျင့်ကြံနိုင်သူဆို၍ အနည်းငယ်သာလျှင် ရှိနိုင်သည် မဟုတ်လား။

“ဒါက ကျွန်မခင်ပွန်း ‘ရှန်နော့’ ပါ”

ဂိုဏ်းဌနာချုပ်သို့ရောက်သည်နှင့် စူးယွင်က ရန်ကျောက်ကဲတို့အား လူရွယ်တစ်ယောက်နှင့်မိတ်ဆက်ပေးသည်။

ရှန်နော့က မိစ္ဆာသွေးကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ထက်ထက်မြက်မြက်ဟန်ပန်ရှိသည်။

သူက လက်နှစ်ဆက်ဆုပ်ဂါရဝပြုရင်း...

“’ရန်’ သခင်လေး”

ဟု နှုတ်ဆက်လိုက်၏။

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဆရာ’ရှန်’”

ဟု ပြန်လည်နှုတ်ဆက်သည်။

စူးယွင်က...

“သခင်မလေးချန်ထားခဲ့တာတွေကို သခင်လေးကို ပြသဖို့အတွက် ကျွန်မ ဘိုးဘေးခန်းထဲသွားမလို့ ၊ တခြားဧည့်သည်တွေလာရင် ရှင် ခဏလောက် ဧည့်ခံထားပေးပါ”

ရင့်ကျက်သောကိုယ်ရည်ကိုယ်သွေးရှိဟန်တူသူ ရှန်နော့က ခေါင်းညိတ်ရင်း...

“ကောင်းပြီ... မင်း စိတ်ချလက်ချ သွားပါ”

စူးယွင်က...

“သခင်လေး ... ကျွန်မနောက် လိုက်ခဲ့ပါ”

စူးယွင်က ရန်ကျောက်ကဲနှင့် အခြားသူများကို နှင်းကြိုးကြာဂိုဏ်း ဘိုးဘေးခန်းမဆီသို့ ခေါ်ဆောင်သွားသည်။

ခန်းမအတွင်းရောက်သည့်အခါ...

ရန်ကျောက်ကဲ ခေါင်းမော့ကြည့်လိုက်တော့ ကြီးမားသည့် နှင်းကြိုးကြာရေခဲရုပ်တုကြီးတစ်ခုကို တွေ့မြင်ရသည်။

ထိုနှင်းကြိုးကြာရေခဲရုပ်တုကြီးက ကောင်းကင်ထက်သို့ အတောင်ဖြန့်ကာ ပျံသန်းတော့မည့်အလား အသက်ဝင်လွန်းလှလေသည်။

All Chapters