← Chapters

ကမ္ဘာပေါင်းများစွာအလွန်က အထက်ဘုံ

Vol. 31 Ch. 437

ကမ္ဘာပေါင်းများစွာအလွန်က အထက်ဘုံ

Vol. 31 Ch. 437

အခန်း (၄၃၇) ကမ္ဘာပေါင်းများစွာအလွန်က အထက်ဘုံ

အလွန်တရာ သက်ဝင်ကျော့ရှင်းလှသော နှင်းကြိုးကြာရေခဲရုပ်တုကြီးကို ရန်ကျောက်ကဲ ငေးစိုက်ကြည့်နေမိသည်။

နှင်းကြိုးကြာရုပ်တုအောက်တွင် လက်ဝတ်တန်ဆာတစ်ခုရှိနေသည်။ ထို လက်ဝတ်တန်ဆာထက်တွင် နှင်းကြိုးကြာအရုပ်တစ်ခုရေးထွင်းထားပြီး ရန်ကျောက်ကဲထံမှ နှင်းကြိုးကြာဆံထိုးနှင့် ဆက်စပ်ပတ်သက်နေသော လက်ဝတ်တန်ဆာတစ်ခု ဖြစ်ဟန်တူသည်။

စူးယွင်က...

“ဒီ လက်ဝတ်တန်ဆာက သခင်မလေး ချန်ထားခဲ့တဲ့ပစ္စည်းပါ ၊ ကျွန်မက သခင်မလေးအတွက် အမှတ်တရအဖြစ် ဒီနေရာမှာ ထားရှိကိုးကွယ်ခဲ့တယ် ၊ ဒါပေမဲ့ သခင်လေးက ယူသွားချင်တယ်ဆိုရင်တော့...”

ရန်ကျောက်ကဲက ရယ်မောရင်း...

“အမေက ဒေါ်လေး’ယွင်’ အတွက် ချန်ထားခဲ့တာကို ကျွန်တော်က ယူသွားဖို့ တွေးတောင်မတွေးရဲပါဘူးဗျာ ၊ ပြီးတာ့ ကျွန်တော့်ကို သခင်လေး မခေါ်ပါနဲ့ ၊ ကျောက်ကဲလို့ပဲ ခေါ်ပါ”

စူးယွင်က မည်သည့်စကားမှမဆိုဘဲ ပြုံးရုံသာပြုံးလိုက်ပြီး လက်တစ်ဖက် အသာဝှေ့ယမ်းလိုက်သည်။ ထိုအခါ နှင်းကြိုးကြာရေခဲရုပ်တုကြီးမှ တောက်ပသောအလင်းရောင်များထွက်ပေါ်လာပြီး ကောင်းကင်ထက်တိုင် ဖြာလင်းသွားသည်။

အလင်းရောင်များကြားတွင် မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများထွက်ပေါ်လာပြီး သေးငယ်သည့် အစီအရင်တစ်ခုက လေထုကို ထိုးခွဲကာ သီးခြားနယ်မြေတစ်ခု ထွက်ပေါ်လာသည်။

ထိုနေရာက နှင်းကြိုးကြာဂိုဏ်း၏ လျှို့ဝှက်နယ်မြေဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်သည်။

စူးယွင်က ရန်ကျောက်ကဲတို့အုပ်စုကိုခေါ်ဆောင်ကာ လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်လိုက်သည်။ အထဲတွင် ကြီးမားသောကျောက်ဆောင်ကြီးတစ်ခုရှိနေလေသည်။

‌ကျောင်ဆောင်ကြီးထက်တွင် ထူးဆန်းသော စာလုံးများရေးသားထားသည်ကိုတွေ့ရ၏။

“ဟင်... ဒါတွေက လျှို့ဝှက်နံပါတ်တွေနဲ့ တူနေသလိုပဲ”

ရန်ကျောက်ကဲစိတ်ထဲ အတွေးများစွာ ဖြတ်သန်းသွားသည်။

သူ ဝါဒတောင်မှထွက်မလာခင် ရန်တိပြောလိုက်သောစကားများကို ပြန်လည်အမှတ်ရမိသည်။

ထိုအကြောင်းအရာများက လက်တွေ့တွင် အသုံးဝင်နိုင်ပါမည်လား မသေချာသော်လည်း သားဖြစ်သူ မည်သို့သောအခြေအနေ ကြုံတွေ့ရမည်ကို မသိနိုင်သည့်အတွက် ရန်တိက အရာအားလုံးကို ပြောပြခဲ့ခြင်း ဖြစ်သည်။ သို့မှသာ ရန်ကျောက်ကဲအနေဖြင့် အခြေအနေများအားလုံးကို ရင်ဆိုင်နိုင်ပေလိမ့်မည်။

ရန်ကျောက်ကဲက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျောက်ဆောင်ကြီးကို လက်ဝါးဖြင့်ဖိကပ်ကာချီစွမ်းအားအနှစ်သာရကို ထည့်သွင်းလိုက်သည်။

သူ ခဏမျှစဉ်းစားနေစဉ် ‌ကျောင်ဆောင်ထက်မှ စာလုံးများက လျှင်မြန်စွာပင် ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲက အခြားလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လေထဲတွင် တစ်စုံတစ်ခုကို ရေးသားလိုက်၏။ ထိုအခါ များပြားလှစွာသော အလင်းစာလုံးများထွက်ပေါ်လာပြီး ကျောက်ဆောင်မျက်နှာပြင်ထက်တွင်ရေးသားထားသော မူလစာလုံးများနှင့် ပေါင်းစပ်သွားသည်။

စူးယွင်က ထိုမြင်ကွင်းကို အတော်လေး အံ့အားသင့်စွာဖြင့် ကြည့်နေလေသည်။

ခဏအကြာတွင် ရန်ကျောက်ကဲက သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။ သို့သော် အလင်းစာလုံးများက ကျောက်ဆောင်ထက်မှစာလုံးများဖြင့် ရောယှက်သွားပြီး အဆက်မပြတ်ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။

ထို့နောက် ကျောက်ဆောင်မျက်နှာပြင်ထက်တွင် ရေးသားထားသောစာလုံးများမှာ လုံးဝ ပုံစံပြောင်းလဲသွားလေသည်။

ထိုစကားလုံးများကိုကြည့်ပြီး ရန်ကျောက်ကဲ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

“နည်းနည်းတော့ ကွာခြားချက်ရှိပေမယ့်... ဒီ စာလုံးတွေက မဟာကပ်ဘေးမတိုင်ခင်ကစာလုံးတွနဲ့ အရမ်းဆင်တူတယ် ၊ အခု အစွန်းရောက်ရှစ်ပါးကမ္ဘာနဲ့ မျောလွင့်ဝိညာဉ်ကမ္ဘာမှာ အသုံးပြုနေတဲ့ စာလုံးတွေထက်အများကြီးပိုပြီး ရှုတ်ထွေးတယ်”

ရန်ကျောက်ကဲ ပြုံးလိုက်သည်။

မိခင်ဖြစ်သူနှင့်ပတ်သက်သည့်အမှတ်တရဆို၍ သူ့တွင်အနည်းငယ်သာရှိသည်။ ထိုအမှတ်တရများထဲတွင် မိခင်ဖြစ်သူက ရှေးဟောင်းစာအုပ်များနှင့် ရှေးဟောင်းစာလုံးများအကြောင်း သုတေသနပြုရသည်ကို သဘောကျကြောင်း မှတ်မိနေခဲ့၏။

ရန်ကျောက်ကဲ ရှေးဟောင်းစာပေများအပေါ် စိတ်ဝင်စားခြင်းမှာလည်း ငယ်ရွယ်စဉ်က မိခင်ဖြစ်သူ ရွှယ်ချူးချင်၏ လွှမ်းမိုးမှုမှ ဆင်းသက်လာခြင်း ဖြစ်နိုင်သည်။

ယခုကျောက်ဆေင်ထက်မှ စာလုံးများက မဟာကပ်ဘေးမတိုင်ခင်က အသုံးပြုခဲ့သောဘာသာစကားနှင့် အတော်လေးနီးစပ်သည်။ ကြည့်ရသည်မှာ ရွှယ်ချူးချင် အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် မျောလွင့်ဝိညာဉ်ကမ္ဘာသို့ မရောက်လာခင် ၊ သူမ နေထိုင်သောနေရာတွင် ထိုဘာသာစကားကို အသုံးပြုခဲ့ဟန်ပင်။

ရန်ကျောက်ကဲက ယခင် သူသိရှိခဲ့‌သော ရှေးဟောင်းစာလုံးများကို အကိုးအကားပြုပြီး ကျောက်ဆောင်ထက်မှ စာလုံးများကို အဓိပ္ပါယ်ဖော်လိုက်သည်။

“တည့်တည့်မပြောဘဲ ဒီလောက် လျှို့ဝှက်နေရလောက်အောင်... ဒီသတင်းစကားက ဘာများလဲ ၊ ပြီးတော့ ပြောဖို့အဆင်မပြေတဲ့စကားမျိုးဆိုရင်လည်း အမေက ချန်ထားခဲ့မှာ မဟုတ်ဘူး”

ရန်ကျောက်ကဲ စာလံးများကို ပုံဖော်စဉ်းစားနေရင်း အဓိပ္ပါယ်သိမြင်လာသည့်အခါ သူ့မျက်နှာအမူအရာက ပိုပြီးထူးဆန်းလာသည်။

စာလုံးများ ရေးသားထားသည်မှာ -

“ကမ္ဘာပေါင်းများစွာကိုကျော်လွန်ပြီး အထက်ဘုံကမ္ဘာကိုသွားဖို့ နည်းလမ်း (၂)ခု ရှိတယ်”

“အခြေခံအကျဆုံးနည်းလမ်းကတော့ ကမ္ဘာပေါင်းအသင်္ချေရဲ့ ကန့်သတ်ချက်တွေကို ကျော်ဖြတ်နိုင်တဲ့ သိုင်းသူတော်စင် ၊ စတုတ္ထအဆင့်ကို ရောက်ရှိဖို့ပါပဲ”

“နောက်တစ်ခုကတော့... ငါသွားတဲ့လမ်းကြောင်းအတိုင်း လိုက်ခဲ့ပါ ၊ အဲဒီမှာ ကမ္ဘာတစ်ခုနဲ့တစ်ခုကို ဆက်သွယ်ထားတဲ့ အက်ကွဲကြောင်းတွေကို တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်နိုင်ပြီး မင်းရဲခန္ဓာကိုယ် ပျက်ဆီးမသွားအောင် ကာကွယ်ပေးနိုင်တဲ့ ရတနာပစ္စည်းတစ်ခုရှိတယ် ၊ ပြီးရင်တော့ ကောင်းကင်ဘုံအက်ကွဲကြောင်းကို ရှာဖွေပါ”

ရန်ကျောက်ကဲ နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။

“လေသံက... မိုးရွာတဲ့နေ့မှာထီးယူသွားဖို့မမေ့နဲ့လို့ သတိပေးနေသလိုပဲ”

“ပြီးတော့ အရေးတကြီးကိစ္စမဟုတ်ဘဲ ရုတ်တရက် သတိရပြီး ကောက်ရေးလိုက်တဲ့ စာမျိုးနဲ့တူနေတယ် ၊ ဘာဖြစ်လို့များလဲ”

ရန်ကျောက်ကဲ သက်ပြင်းချရင်း...

“အဖေရေ... အဖေယူခဲ့တာ ဘယ်လိုမိန်းမမျိုးလဲဗျာ”

သို့သော် ရန်ကျောက်ကဲမျက်နှာ တည်ကြည်လေးနက်သွားသည်။

“ဒါပေမဲ့...”

“ကမ္ဘာပေါင်းများစွာအလွန်က အထက်ဘုံကမ္ဘာ... ၊ ကောင်းကင်ဘုံအက်ကွဲကြောင်း... ၊ ဒီစကားလုံးတွေက ထူးခြားတယ် ၊ မဟာကပ်ဘေးကြီးက မူလကမ္ဘာကို ဘယ်လိုများပြောင်းလဲပစ်ခဲ့တာလဲ”

ရန်ကျောက်ကဲ မေးစေ့ကိုပွတ်ကာ စဉ်းစားခန်းဝင်ရင်း ခဏကြာတော့ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

“အခု ပိုပြီး စိတ်ဝင်စားစရာကောင်းလာပြီ”

အတန်ကြာစဉ်းစားပြီးနောက် ရန်ကျောက်ကဲ အတွေးများကို ရပ်တန့်လိုက်သည်။

ကျောက်ဆောင်ထက်တွင် ရေးသားထားသောစာများ၏ အဓိပ္ပါယ်ကိုသိရှိပြီးသည့်တိုင် ရန်ကျောက်ကဲက လက်ဖဝါးကို ပြန်လည်ရုတ်သိမ်းခြင်းမရှိသေးဘဲ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ဆက်လက်ထုတ်လွှတ်နေဆဲ ဖြစ်သည်။

ခဏအကြာတွင် ကျောက်တုံးကြီးက မူလကဲ့သို့ မာကျောနေခြင်းမရှိတော့ဘဲ ရွှံ့နွံတစ်ခုပမာ ပျော့ပြောင်းလာသည်။

ကျောက်သားများက အတွင်းသို့နစ်ဝင်သွားပြီး အပေါက်တစ်ပေါက်ဖြစ်ပေါ်လာကာ အတွင်းထဲတွင် စက်ဝိုင်းသဏ္ဌန် ကြေးမုံမှန်တစ်ခြမ်းရှိနေကြောင်း တွေ့မြင်ရသည်။

ရန်ကျောက်ကဲက မှန်အရွယ်အစားကို လေ့လာကြည့်လိုက်သည့်အခါ သူတို့အုပ်စု မျောလွင့်ဝိညာဉ်ကမ္ဘာသို့ ရောက်လာခါစက တောအုပ်ထဲတွင် တွေ့ရှိခဲ့သောမှန်တစ်ခြမ်းနှင့် ဆင်တူသည်ကို တွေ့ရသည်။

သူက ချက်ချင်းပင် သိမ်းဆည်းထားသော မှန်တစ်ခြမ်းကို ထုတ်ယူလိုက်သည်။

သူတို့ ဤကမ္ဘာသို့ရောက်လာစဉ်က မိခင်ဖြစ်သူ ရွှယ်ချူးချင်ချန်ထားခဲ့သော ယန္တရားစွမ်းအားဖြင့် ဆွဲယူခြင်းခံခဲ့ရသည်။ ဤစက်ဝိုင်းပုံစံကြေးမုံမှန်ချပ်က ထိုယန္တရား၏ ဗဟိုချက်ဖြစ်သည်။

ယန္တရားကို အသက်သွင်းပြီးနောက် တောအုပ်ထဲတွင်ထားရှိသည့် ကြေးမုံမှန်တစ်ခြမ်းက စွမ်းအားများ ဆုံးရှုံးသွားခဲ့သည်။ သူက နောက်ထပ်မှန်တစ်ခြမ်းကိုရှာဖွေရန်အတွက် ထိုမှန်တစ်ခြမ်းကို ကိုယ်နှင့်မကွာ သိမ်းဆည်းယူဆောင်လာခဲ့သည်။

ရန်ကျောက်ကဲက ကြေးမုံမှန်နှစ်ခြမ်းကို အတိအကျ ပြန်ဆက်လိုက်သည်။

ကြေးမုံမှန်ဆက်စပ်သွားသည်နှင့် ကျောက်ဆောင်ထဲမှရရှိခဲ့သော ‌ကြေးမုံမှန်တစ်ခြမ်းက ရေပြင်ပမာလှုပ်ခတ်လာပြီး ထူးခြားသည့်ပုံရိပ်များထွက်ပေါ်လာသည်။ သို့သော် တည်ငြိမ်မှုမရှိသဖြင့် ရှင်းရှင်းလင်းလင်းတွေ့မြင်ရန် ခက်ခဲလှသည်။

ရန်ကျောက်ကဲက လက်ပိုက်ရင်း...

“ကြည့်ရတာ ငါတို့တော့ အချိန်တစ်ခုအထိ စောင့်ရဦးမယ် ထင်တယ်”

စူးယွင်က ဘေးနားတွင် မတ်တတ်ရပ်ရင်း ရန်ကျောက်ကဲကိုကြည့်လျှက် နွေးထွေးစွာ ပြုံးနေမိသည်။ ဤလူငယ်လေးကို တွေ့မြင်ရသည်မှာ လွန်ခဲ့သောနှစ်များစွာက သခင်မလေး ‘ရွှယ်ချူးချင်’ ကို တွေ့မြင်နေရသကဲ့သို့ပင်။

ရန်ကျောက်ကဲက သူမကိုလှည့်ကြည့်ရင်း...

“ဒေါ်လေး’ယွင်’ ၊ ကျွန်တော်တို့တော့ ဒီရက်ပိုင်း ‌ဒေါ်လေးကိုပဲ ဒုက္ခပေးရတော့မယ်”

စူးယွင်က ပြုံးရင်း...

“သခင်လေး ဒီနေရာမှာ ကြိုက်သလောက်နေနိုင်ပါတယ်ရှင်”

ရန်ကျောက်ကဲက...

“ဒါနဲ့... ဒေါ်လေး’ယွင်’ ၊ ဒီ မျောလွင့်ဝိညာဉ်ကမ္ဘာမှာ မဟာဝိညာဉ်ကျောက်တုံးတွေ အများကြီးရှိတာလား”

စူးယွင်က...

“ဒီကျောက်တုံးတွေက  အရမ်းတော့ မများပေမယ့် ထွက်နှုန်းကတော့ မဆိုးပါဘူး”

ရန်ကျောက်ကဲက ခဏမျှစဉ်းစားရင်း...

“အဲဒီကျောက်တုံးတွေကို ဘယ်နေရာမှာများ ရှာတွေ့နိုင်မလဲ”

စူးယွင်က...

“ကျောက်တွင်းတွေက နေရာအ‌တော်များများမှာရှိတယ် ၊ ဒါပေမဲ့ ကျောက်တွင်းအကြီးကြီးတွေတော့မရှိပါဘူး ၊ တွင်းအလတ်နဲ့ တွင်းအသေးတွေများတယ်”

ရန်ကျောက်ကဲက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

ထိုစဉ် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

“အမေ”

“အဲဒါ ကျွန်မသမီး ရှန်ရုန်ပါ”

စူးယွင်ကရှင်းပြတော့ ရန်ကျောက်ကဲက ပြုံးကာခေါင်းညိတ်ရင်း...

“ဒါဆို ကျွန်တော်နဲ့ ဒေါ်လေး’ယွင်’ အပြင်ကိုပြန်ထွက်ကြစို့ ၊ ဒီအထဲကိုတော့ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးပါနဲ့ဦး”

စူးယွင်က...

“ကျွန်မ နားလည်ပါတယ် သခင်လေး”

ရန်ကျောက်ကဲက မှန်သားပြင်က ရေပြင်ပမာပြောင်းလဲနေသည့် ကြေးမုံမှန်တစ်ခြမ်းကို ကျောက်ဆောက်ထဲမှာပင် ထားရှိခဲ့ပြီး စူးယွင်နှင့်အတူ လျှို့ဝှက်နယ်မြေမှထွက်လာကာ ဘိုးဘေးခန်းမဆီ ပြန်ရောက်လာသည်။

ခန်းမထဲတွင် အသက် (၂၀)အရွယ်ခန့် မိန်းကလေးတစ်ယောက်ရှိနေပြီး သူမက စူးယွင်နှင့် အလွန်ဆင်တူသည်။

ရန်ကျောက်ကဲကိုတွေ့တော့ သူမက အလွန်စပ်စုချင်ဟန်ရှိနေသည့်တိုင် အရင်ဆုံး ဂါရဝပြု နှုတ်ဆက်လိုက်၏။

“ရှန်ရုန်... သခင်လေးကို ဂါရဝပြုပါတယ်”

မိန်းကလေးက သူ့ကို ‘သခင်လေး’ ဟု ခေါ်သည်ကိုကြည့်ခြင်းအားဖြင့် သူမ၏ဖခင်ဖြစ်သူ ရှန်နော့က အခြေအနေကို ရှင်းပြပြီး ဖြစ်ဟန်တူသည်။ ပြီးတော့ သူမက နဂါးစိမ်းဂိုဏ်းချုပ်၏သားဖြစ်သူနှင့် လက်ဆက်ထားသည့်တိုင် သူမစိတ်ထဲတွင် မိခင်ဖြစ်သူ၏ သြဇာအာဏာကို အခိုင်အမာ ယုံကြည်ဟန်ရှိသည်။ ထို့ကြောင့် ရန်ကျောက်ကဲကို တစ်ချက်ပင် မလေးမစား မလုပ်ရဲခဲ့ပေ။

ရန်ကျောက်ကဲက အသာပြုံးရင်း သူမကို ပြန်လည်နှုတ်ဆက်စကားဆိုသည်။

“အရမ်းယဉ်ကျေးမနေပါနဲ့ ၊ ငါ မင်းထက် နည်းနည်းလောက်ပဲအသက်ကြီးတာဆိုတော့ အစ်ကိုကြီးလို့ခေါ်လို့ ရပါတယ်”

စူးယွင်က...

“ရုန်အာ... မင်း ရောက်လာတာ နဂါးစိမ်းဂိုဏ်းက ဘာသတင်းစကားများ ပါးလိုက်လို့လဲ”

ရှန်ရုန်က ခေါင်းညိတ်ရင်း...

“ဟုတ်ကဲ့... ယောက္ခမက အစ်ကိုကြီး’ရန်’ တို့ရောက်နေတယ်ဆိုတဲ့အကြောင်း သတင်းကြားတာနဲ့ အမေနဲ့ အစ်ကိုကြီး’ရန်’ တို့ကို နဂါးစိမ်းတောင်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားလိုက်ပါတယ်”

All Chapters