← Chapters

ကြာပန်းဖြူကြွေလွင့်လေသောအခါ

Vol. 8 Ch. 799

ကြာပန်းဖြူကြွေလွင့်လေသောအခါ

Vol. 8 Ch. 799

အားလော်ဟယ်သည် အခြားသောနတ်ဘုရားများနှင့်ယှဉ်လျှင် ထိပ်တန်းအဆင့်တွင်ရှိသူတစ်ယောက် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

သူဖန်ဆင်းထားသည့် အိန်ဂျယ်များကိုပင်လျှင် ကြာပန်းဖြူ ခုခံတိုက်ခိုက်နိုင်ခြင်းမရှိသည်က သက်သေပြနေလေသည်။

ဆန်းလျန်ကတော့ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်လေသည်။

ဆန်းလျန်၏ တိုက်ခိုက်မှုအောက်တွင် အိန်၈ျယ်များ၏ တန်ခိုးစွမ်းအားများ အပိုင်းပိုင်းကွဲကြေကာ ပျက်စီးကုန်ကြလေသည်။

သို့သော်… အိန်ဂျယ်များကလည်း အသက်သေမည်ကို ကြောက်ရွံခြင်း လုံးဝမရှိဘဲ ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်နေကြလေသည်။

ဤအတိုင်းသာဆက်သွားနေပါက တိုက်ပွဲက အဆုံးသတ်နိုင်မည် မဟုတ်ပေ။

အိန်ဂျယ်များကလည်း အလျှော့မပေးဘဲ သူတို့၏ လက်နက်များဖြင့် အစွမ်းကုန်တိုက်ခိုက်နေကြသလို ဆန်းလျန်ကလည်း အလျှော့ပေးနောက်ဆုတ်မည့်ဟန် တစ်စက်ကလေးပင် မရှိပေ။

အားလော်ဟယ်ကတော့ တိုက်ပွဲအတွင်းသို့ ယခုအချိန်ထိ ဝင်ရောက်ခြင်း မရှိသေးပေ။

သူက ပွဲကြည့်ပရိတ်သတ်တစ်ယောက်သာ ဖြစ်လေသည်။

ကြာပန်းဖြူက သွေးများအန်နေသည်မှာ ရပ်တန့်သွားပြီ ဖြစ်သော်လည်း ချောင်းများဆိုးနေသေးသည်။

ကြာပန်းဖြူက…

"ရှင် စိတ်မပူနဲ့ ၊ ကျွန်မ အခု လာကူညီမယ်…"

ဆန်းလျန်က တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်…

"မလိုဘူး…"

ဟု ပြောလိုက်လေသည်။

ကြာပန်းဖြူက တစ်ချက်ပြုံးလိုက်ရင်း…

"သူသေကိုယ်သေမတိုက်သရွေ့ ဒီတိုက်ပွဲက အဆုံးသတ်မှာ မဟုတ်ဘူး…"

ဆန်းလျန်က သူမ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်လေသည်။

သူမ၏ မျက်ဝန်းများထဲတွင် ဆုံးဖြတ်ချက်ခိုင်မာမှု ၊ ဇွဲရှိမှု ၊ နူးညံ့မှု ၊ လွတ်လပ်မှုများဖြင့် ပြည့်နက်နေလေသည်။

ထိုမျက်ဝန်းများသည် သူနှင့်အလွန်ရင်းနှီးနေသည့်အလား ဆန်းလျန် ခံစားလိုက်ရလေသည်။ သူမသည် အလွန်မှ လျှို့ဝှက်ဆန်းကျယ်သူတစ်ယောက် ဖြစ်လေသည်။

သူမ၏အကြည့်များထဲတွင် နစ်မျောပြီး ဆန်းလျန်သည် မည်သည့်စကားမှ ပြောဆိုနိုင်ခြင်း မရှိတော့ပေ။

သူသေကိုယ်သေတိုက်ခိုက်ကြရမည်…။

အဘယ်ကြောင့်ဆိုသော်… သေခြင်းတရားသည် အဆုံးသတ်မဟုတ်သောကြောင့် ဖြစ်လေသည်။

သေခြင်းတရားသည် အဆုံးသတ်မဟုတ်ပေ။ သေခြင်းတရားသည် အသစ်တစ်ခု အစပြုရာ ဖြစ်လေသည်။

ကြာပန်းဖြူ၏ ခန္ဓာကိုယ်မှ အဖြူရောင် နတ်မီးတောက်များ ထွက်ပေါ်လာပြီး အိန်ဂျယ်များ၏ တိုက်ခိုက်မှုကို ကာကွယ်ထားလိုက်လေသည်။

သူမက လေထဲသို့ ပျံသန်းထွက်ခွာသွားပြီး မီးတောက်များက ပိုမိုတောက်လောင်လာလေသည်။

သူမက တစ်ချက်ပြုံးလိုက်ရင်း….

"ကျွန်မ လူ့လောကကို ရောက်လာတာက ရှင့်ကို ရှာဖွေဖို့နဲ့ ချင်းရှကျောင်းတော်ကိုတည်ဆောက်ဖို့ တာဝန် (၂)ခုနဲ့ ရောက်လာတာပါ ၊ ကျွန်မအတွက် ဘာမှ နောင်တာရစရာ မရှိပါဘူး ၊ ဒါပေမဲ့ ရှင်က အဲဒီနေ့က ကျွန်မကို ပြောခဲ့တယ် ၊ ကျွန်မက ဖန်ဆင်းခံကိုယ်ခွဲတစ်ခုသက်သက်ပဲတဲ့ ၊ အဲဒီစကားကို မခံချင်ဖြစ်မိလို့ ကျွန်မ ဒီလောကထဲက ထွက်ခွာမသွားသေးတာပါ ၊ ဒါပေမဲ့ ကျွန်မကို ကတိတစ်ခုပေးပါ ၊ ကျွန်မ မရှိတော့ရင် ချင်းရှကျောင်းတော်မှာ နေပါနော်… ကျွန်မကို သတိရတဲ့အနေနဲ့ အဲဒါတစ်ခုတော့ လုပ်ပေးစေချင်တယ်…"

စကားဆုံးသွားသည်နှင့် ကြာပန်းဖြူသည် မီးတောက်များကြားထဲတွင် ပျောက်ကွယ်သွားပြီး ကောင်းကင်တိုင်းပြည် မြေပြင်ထက်တွင် ကြာပန်းတစ်ပွင့် ပွင့်လန်းလာလေသည်။

ထိုကြာပန်းပွင့်မှ သန်းနှင့်ချီသည့် ကြာပန်းဖြူပွင့်များ ကောင်းကင်တိုင်းပြည်တစ်ခုလုံးတွင် ပြည့်နက်သွားကာ တစ်ပွင့်ချင်းစီသည် ဆန်းလျန်ကို တိုက်ခိုက်နေသည့် အိန်ဂျယ်တစ်ယောက်ချင်းစီကို ရစ်ပတ်သွားလေသည်။ ကြာပန်းများက ဆန်းလျန်သွားမည့်လမ်းကို ရှင်းလင်းပေးလိုက်လေသည်။

ဆန်းလျန်သည် ပြန့်ကျဲနေသည့် ကြာပန်းပွင့်ကြွေများကိုကြည့်ရင်း ပူဆွေးခြင်းမရှိသည့်တိုင် အနည်းငယ် ဝမ်းနည်းသွားမိသည်ကတော့ အမှန်ပင်ဖြစ်သည်။

သူ့အတွက် ရှေ့ဆက်ရမည့်လမ်းသည် အထီးကျန်နေဆဲ ဖြစ်လေသည်။

သူနှင့်အတူ လျှောက်လှမ်းခဲ့ကြသူများသည် တဖြည်းဖြည်းနှင့် သူ့ကို စွန့်ခွာသွားခဲ့ကြသည်ချည်းပင် ဖြစ်သည်။

ထိုသို့ဖြစ်ရခြင်းသည် သူတစ်ယောက်တည်း ကြုံတွေ့ရသည့်အဖြစ်အပျက်တော့ မဟုတ်ပေ။ ကျင့်စဉ်လမ်းကို လျှောက်လှမ်းသူ မည်သူမဆို ကြုံတွေ့ရမည့် အဖြစ်အပျက်သာ ဖြစ်လေသည်။

အဆုံးသတ်တွင် သူ့အတွက် လက်တွဲဖော်တစ်ယောက် ရှိလာနိုင်မည်လား မသေချာသည့်တိုင် ယခုအချိန်တွင်တော့ အထီးကျန်ဆန်လွန်းလှလေသည်။

လောလောဆယ်တွင် ရှေ့ဆက်ရမည့် တာအိုခရီးလမ်းသည် မည်သို့ ဖြစ်မည်ကို ဆန်းလျန်လည်း မသိရှိနိုင်ပေ။

ကြာပန်းဖြူပွင့်များ ကောင်းကင်တိုင်းပြည်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့်အခါ အားလော်ဟယ်၏ မျက်နှာတစ်ခုလုံး ရွှေရောင်သန်းသွားလေသည်။

အဘယ်ကြောင့်ဆိုသော်… ကြာပန်းဖြူက သူ့ကို နာကျင်စေသောကြောင့် မဟုတ်ပေ။ အတိတ်တစ်ချိန်က ဆန်းလျန် သူ့ကို နာကျင်စေခဲ့သည့် မြားချက်အကြောင်းကို စဉ်းစားလိုက်မိသောကြောင့် ဖြစ်လေသည်။

ထိုမြားချက်သည် များစွာ အန္တရယ်မရှိလှသော်လည်း သူ့အတွက်ကတော့ ရင်နာရသည့် ဒဏ်ရာတစ်ခု ဖြစ်နေဆဲ ဖြစ်လေသည်။

အားလော်ဟယ်သည် သူ နားမလည်သည့်အရာကိုသိအောင် ကြိုးစားနေခြင်း ဖြစ်လေသည်။ ယခု သူ၏ ကြိုးစားမှုသည် အဆုံးသတ်ခါနီးပြီဖြစ်ပြီး အဖြေကို သိရှိရတော့မည် ဖြစ်လေသည်။

ဆန်းလျန်သည် အားလော်ဟယ်ကို ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ပေ။

သူက ကောင်းကင်တိုင်းပြည်အပြင်ဘက်သို့ ပြန်ထွက်လာပြီး ရွှမ်ဝူရေကန်နံဘေးသို့ ရောက်ရှိလာလေသည်။ ကြည်လင်သည့် ရေကန်မျက်နှာပြင်တွင် သူ၏အရိပ်ကို သူပြန်မြင်နေရလေသည်။

သူက တိုက်ပွဲကို ကိုယ်ရောင်ဖျောက်ကာ ကြည့်နေကြသည့် နတ်ဘုရားများကို တစ်ချက်ဝေ့ကြည့်လိုက်လေသည်။ ထိုနတ်ဘုရားများကို အခြားသူများ မမြင်နိုင်သော်လည်း ဆန်းလျန်ကတော့ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်လေသည်။

ဆန်းလျန်က တစ်ချက်ရယ်မောလိုက်ရင်း…

"ကျုပ် အားလော်ဟယ်ကို တိုက်ခိုက်နေတာကို မင်းတို့ ကူညီကြမလား…"

ဆန်းလျန်၏ စကားကိုကြားသည့်အခါ နတ်ဘုရားများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေသည်။

သူတို့အားလုံးက အားလော်ဟယ်ကို ရန်သူအဖြစ် မသတ်မှတ်လိုကြပေ။ သို့သော် ယင်ရှန်းကျွင်းနှင့် နန်စန်းကျီအပါအဝင် အခြားသောနတ်ဘုရားမျာက စိတ်ထဲတွင်တော့ ဆန်းလျန်ကို ကူညီလိုစိတ် ဖြစ်မိကြလေသည်။

အဘယ်ကြောင့်ဆိုသော် အားလော်ဟယ်က "ငါမှလွဲပြီး တခြားလမ်းမရှိ" ဟု ပြောခဲ့ဖူးလေသည်။ ထိုစကားက အခြားသောနတ်ဘုရားများကို တုန်လှုပ်စေသလို မကျေမနပ်လည်း ဖြစ်စေလေသည်။

ထို့ပြင် အားလော်ဟယ်၏ ကျမ်းစာများကလည်း သာမန်လူသားများအပေါ်တွင် အလွန်လွှမ်းမိုး ချုပ်ကိုင်နိုင်စွမ်း ရှိလေသည်။

သို့ရာတွင်… နတ်ဘုရားများသည် ဆန်းလျန်နှင့်အတူ အားလော်ဟယ်ကို တိုက်ခိုက်ရဲခြင်းမရှိကြပေ။ သူတို့က တိတ်ဆိတ်နေကြဆဲ ဖြစ်လေသည်။

ထိုအချိန်မှာပင် ခရမ်းရောင်တိမ်တိုက်နန်းတော် ခေါင်မိုးထက်မှ တာအိုဆရာအဘိုးအိုက…

"မင်းကို ဘယ်သူမှ မကူညီချင်ဘူးထင်တယ်… ကောင်လေး ၊ ဒါပေမဲ့ ကျုပ်ကူညီမယ်…"

ဆန်းလျန်က အသံလာရာသို့ လှမ်းကြည့်လိုက်လေသည်။

ထိုအခါ တာအိုဆရာအဘိုးအိုတစ်ယောက်ကို တွေ့မြင်လိုက်ရပြီး အဘိုးအိုထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေလေသည်။

ထို့ပြင်… အဘိုးအို၏ ဘေးနားပတ်ဝန်းကျင်တွင် မြွေများ ၊ အဆိပ်ပိုးမွှားကောင်းများ များစွာ ကို တွေ့ရှိလိုက်ရလေ သည်။

ထိုအဆိပ်ပိုးမွှားများ ၊ မြွေများမှာ ပေါင်းစည်းသွားကြပြီး ဧရာမဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ကို ထိုးခွင်းလိုက်လေသည်။

တာအိုဆရာအဘိုးအိုသည်လည်း ပျောက်ကွယ်သွားပြီး သူ၏ သတ်ဖြတ်လိုသည့် အငွေ့အသက်များသည် ဧရာမဓားကြီးဖြင့် တစ်သားတည်း ပေါင်းစပ်သွားလေသည်။

အားလော်ဟယ်သည် ကောင်းကင်ထက်တွင် မတ်တတ်ရပ်နေလေသည်။ ထို့နောက် ရွှမ်ဝူရေကန်ရှိရာသို့ အသံလွှင့်ကာ စကားပြောလိုက်သည်။

"အဘိုးကြီး… ကျုပ် မင်းကို သတ်ပစ်မှာ မကြောက်ဘူးလား…"

ထိုအခါ ဧရာမဓားကြီးဆီမှာ စကားသံထွက်ပေါ်လာလေသည်။

"မင်းဟာ သုံးလောကမှာ တန်ခိုးအကြီးမားဆုံး မဟုတ်ဘူးဆိုတာ ကျုပ်က သက်သေပြရမှာပေါ့…"

အားလော်ဟယ်က…

"လောကကြီးကို ကျုပ်အစွမ်းနဲ့သာ ထိန်းချုပ်မထားဘူးဆိုရင် ပျက်စီးတာ ကြာလှပြီပေါ့…"

မယ်တော်ဝမ်မူကတာ့ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

အားလော်ဟယ်ပြောသည်မှာလည်း သဘာဝကျလေသည်။ လက်ရှိလောကကြီးက အစိတ်စိတ်အမွှာမွှာ ပျက်စီးလျှက်ရှိလေသည်။ အားလော်ဟယ်ကသာ လူသားများကို စုစည်းပေးထားခြင်းမရှိလျှင် ယခုထက်ပင်ပိုပြီး ပျက်စီးနေဖွယ်ရာ ရှိလေ၏။

လူသားများ၏ ယုံကြည်ကိုးကွယ်မှုကြောင့်ပင် အခြားသောနတ်ဘုရားများက အားလော်ဟယ်ကို ဆန့်ကျင်လိုကြသည့်တိုင် မအောင်မြင်ကြခြင်း ဖြစ်လေသည်။

သို့သော်… မယ်တော်ဝမ်မူ မသိသေးသည့်အချက်တစ်ခုရှိလေသည်။ အတိတ်တစ်ချိန်က မြားချက် ထိမှတ်ပြီးကတည်းက အားလော်ဟယ်၏ တန်ခိုးစွမ်းအားများက ပျက်စီးနေခဲ့ပြီ ဖြစ်လေသည်။

ယခု သူကိုယ်တိုင် လူ့လောကသို့ ရောက်ရှိလာသည့်တိုင် သူ၏တန်ခိုးစွမ်းအားများကို အရင်လို အသုံးချနိုင်ခြင်း မရှိတော့ပေ။

………..

ဘုရင့်နေပြည်တော်တွင်တော့ ရွှီချင်ဟွမ်မှာ အစွန်းရောက် အကြင်နာကင်းမဲ့သည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

သူ့ကို တိုက်ခိုက်မည့်သူများကလည်း အခြေအနေကို စောင့်ကြည့်နေကြဆဲ ဖြစ်လေသည်။

ရွှီချင်းဟွမ်အနေဖြင့် ထိုသူများနှင့် တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။ ဆက်လက်တိုက်ခိုက်ပါက သူ ကျိန်းသေ အသက်ပျောက်ရပေတော့မည်။ ထို့ကြောင့် ကစားပွဲအတွင်းမှ ရုန်းထွက်ရန် နည်းလမ်းရှိနေမိလေသည်။

ထိုအချိန်မှာပင်…

သူ့စိတ်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားပြီး "အကြောက်တရားတစ်ခု" ထွက်ပေါ်လာလေသည်။

ရွှီချင်းဟွမ်မှာ စိတ်ခံစားချက်ကင်းမဲ့သူတစ်ယောက်ဖြစ်လေသည်။ ယခု အဘယ့်ကြောင့် အကြောက်တရား ပေါ်လာရပါသနည်း။

ထိုအချိန်မှာပင်…

မေနန့်စန်းက ရွှီချင်းဟွမ်ကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လိုက်လေတော့သည်။

ရွှင်ယောင်းက အနည်းငယ်တုံ့ဆိုင်းနေပြီးမှ မေနန့်စန်းနှင့်အတူ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ဓားအလင်းရောက်တစ်ချက် လင်းလက်လာပြီး ဓားဝိညာဉ်တစ်ခုက ရွှီချင်းဟွမ်ရှိရာသို့ ဝင်ရောက်သွားလေသည်။ သို့သော်… ဓားချက်က ရွှီချင်းဟွမ်ကို မထိမိခင်မှာပင် ရွှီချင်းဟွမ်၏ ခန္ဓာကိုယ်သည် ထူးဆန်းစွာ ပျောက်ကွယ်သွားလေတော့သည်။

ရုတ်တရက်ပင်…

နတ်ဘုရားတေးသွားဂီတသံများထွက်ပေါ်လာပြီး ရွှီချင်းဟွမ် ပျောက်ကွယ်သွားသည့်နေရာတွင် အလွန်တရာ ချောမောလှပလွန်းသည့် နတ်မိမယ်လေးတစ်ပါး ထွက်ပေါ်လာလေသည်။

ရွှီချင်းဟွမ်ကို တိုက်ခိုက်ရန် စောင့်နေကြသည့် နန်းတော် (၃)ခုနှင့် နတ်ဘုရားကျောင်းတော်ကြီး (၄)ခုမှ တပည့်များမှာ ရုတ်တရက် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မည်သို့လုပ်ရမည်မသိဘဲ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေတော့သည်။

***

All Chapters