← Chapters

နဂါးစိမ်းတောင်ဂိုဏ်း

Vol. 31 Ch. 439

နဂါးစိမ်းတောင်ဂိုဏ်း

Vol. 31 Ch. 439

အခန်း (၄၃၉) နဂါးစိမ်းတောင်ဂိုဏ်း

နဂါးစိမ်းတောင်တည်ရှိရာ အနောက်ဘက်နယ်မြေက လီပေါင်းများစွာကျယ်ဝန်းသော ကြီးမားသောတောင်တန်းကြီးများဖြင့် ဖွဲ့စည်းထားသောနယ်မြေတစ်ခုပင်။

မျောလွင့်ဝိညာဉ်ကမ္ဘာ၏ ထိပ်သီးသိုင်းဂိုဏ်းကြီး (၄) ဂိုဏ်းတွင် တစ်ခုအပါအဝင်ဖြစ်သော “နဂါးစိမ်းတောင်ဂိုဏ်း” ၏ ဌာနချုပ်က နဂါးစိမ်းတောင်တန်း၏ အဓိကတောင်ထွတ်ဖြစ်သော “နဂါးတောင်ထွတ်” တွင် တည်ရှိသည်။

နဂါးစိမ်းတောင်တန်းသည် နှင်းကျောက်စိမ်းတောင်တန်းနှင့် အတော်အတန်အလှမ်းဝေးသော်လည်း စူးယွင်အနေဖြင့် အလျှင်အမြန်လာရောက်နိုင်စွမ်း ရှိလေသည်။

သို့တိုင် စူးယွင်ကိုတွေ့သည့်အခါ နဂါးစိမ်းတောင်မှ သိုင်းသမားများက မျက်မှောင်ကြုတ်လိုက်မိကြသည်။

အဘိုးအိုတစ်ယောက်က သူမကို ကြိုဆိုနှုတ်ဆက်ရင်း...

“’စူး’ ဂိုဏ်းချုပ် တစ်ယောက်တည်းလား ၊ ဖိတ်ကြားထားတဲ့ တခြားဧည့်သည်တော်တွေရော မပါဘူးလား”

အစိမ်းရောင်ဝတ်စုံထက်တွင် နဂါးရုပ်ရေးထိုးထားသော ဝတ်စုံကိုဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်က စူးယွင်ကို လက်ခံကြိုဆိုရင်း မေးမြန်းလိုက်သည်။ ထိုအဘိုးအိုက နဂါးစိမ်းတောင်ဂိုဏ်း၏ ဝါရင့်အကြီးအကဲတစ်ယောက်ပင်။

စူးယွင်က အဘိုးအို၏မေးခွန်းကိုမဖြေဘဲ ပြန်လည်မေးခွန်းထုတ်သည်။

“’လော့’ ဂိုဏ်းချုပ် ရှိသလား”

အစိမ်းရောင်ဝတ်ရုံအဘိုးအိုက မျက်မှောင်ကြုတ်လိုက်သော်လည်း မေးခွန်းကို ဖြေလိုက်သည်။

“ဂိုဏ်းချုပ်က ပင်မခန်းဆောင်ထဲမှာ ရှိနေပါတယ် ၊ ဒါပေမဲ့...”

စူးယွင်က...

“ကျွန်မ ‘လော့’ ဂိုဏ်းချုပ်နဲ့ တွေ့ပြီး ပြောစရာရှိပါတယ် ၊ အကြီးအကဲ’ထုန်’လည်း တစ်ခါတည်းလိုက်ခဲ့လေ”

‘ထုန်’ မျိုးနွယ် အစိမ်းရောင်ဝတ်အဘိုးအိုက ခဏမျှ တိတ်ဆိတ်နေလေသည်။ ပြီးမှ ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် စူးယွင်ကို နဂါး‌တောင်ထွတ်သို့ ခေါ်ဆောင်သွားလေ၏။

***

နဂါးတောင်ထွတ်။

နဂါးစိမ်းတောင်ဂိုဏ်း၏ ပင်မခန်းဆောင်။

စူးယွင် ခန်းမအတွင်းဝင်လိုက်သည်နှင့် ခန်းမအလယ်တွင်ထိုင်နေသည့် အရပ်မြင့်မြင့်လူရွယ်တစ်ယောက်ကို တွေ့ရသည်။

ထိုသူ၏နံဘေးတွင် လူပေါင်းများစွာက ဝန်းရံလျှက်ရှိ၏။

သူမ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ ထိပ်တန်းအဆင့်အကြီးအကဲများ ၊ ဝါရင့်အကြီးအကဲများအားလုံး ရောက်ရှိနေသည်ကို တွေ့ရသည်။

ခန်းမအလယ်တွင်ထိုင်နေသူက နဂါးစိမ်းတောင်ဂိုဏ်းချုပ် ‘လော့ကျင်းဟောင်’ ဖြစ်၏။ သူက ထိပ်သီးသိုင်းဂိုဏ်း (၄)ဂိုဏ်းတွင် အသက်အငယ်ဆုံးဖြစ်သော်လည်း သူ၏စွမ်းအားမြင့်မားမှုကို မျောလွင့်ဝိညာဉ်ကမ္ဘာတွင် မည်သူမှ မထီမဲ့မြင်ပြုဝံ့ကြပေ။

စူးယွင်နှင့် အကြီးအကဲ’ထုန်’ တို့ဝင်လာသည့်အခါ လော့ကျင်းဟောင်က တည်ငြိမ်စွာ လှမ်းကြည့်သည်။

လော့ကျင်းဟောင်ဘေးနားတွင် ရှိနေသည့် စိတ်ဓာတ်တက်ကြွဟန်နှင့် ရင်းနှီးဖော်ရွေဟန်ရှိသော အဘိုးအိုတစ်ယောက်က ခေါင်းလောင်းတီးခတ်လိုက်သည့်ပမာ ကျယ်လောင်သောအသံဖြင့်...

“’စူး’ ဂိုဏ်းချုပ် ၊ မင်းတစ်ယောက်တည်းလား ၊ ငါတို့ဂိုဏ်းက ဖိတ်ကြားထားတာ မင်းတစ်ယောက်တည်း မဟုတ်ဘူးလေ”

စူးယွင်က နူးညံ့သိမ်မွေ့သည့်လေသံဖြင့်...

“ကျွန်မတို့ရဲ့ သခင်လေးက ခရီးထွက်လာရတာပင်ပန်းလို့ အနားယူနေတဲ့အတွက် မလာရောက်နိုင်ပါဘူး ၊ ‘လော့’ ဂိုဏ်းချုပ်နဲ့ အကြီးအကဲများအားလုံး နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

စူးယွင်က ရန်ကျောက်ကဲကို ‘သခင်လေး’ ဟု ခေါ်ဆိုလိုက်သည့်အခါ နဂါးစိမ်းတောင်ဂိုဏ်းမှ အကြီးအကဲများ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

လော့ကျင်းဟောင်က မည်သည့်စကားမှမဆိုသော်လည်း စောစောက စိတ်ဓာတ်တက်ကြွဟန်ရှိသောအဘိုးအိုက ချက်ချင်းပင် မျက်ခုံးများကိုတွန့်ချိုးရင်း အေးစက်စွာနှာတစ်ချက်မှုတ်လိုက်သည်။

“မာန်တက်နေလိုက်တာ”

"သေးငယ်တဲ့ ဖုရန်တိုင်းပြည်ကို တိုက်ခိုက်နိုင်တာနဲ့ သူ့ကိုယ်သူ အရမ်းတော်နေပြီလို့ ထင်နေတာလား ၊ မေးပါရစေ... ဒီနေရာကလူတိုင်းက ဖုရန်တိုင်းပြည်လို တိုင်းပြည်သေးသေးလေးကို တိုက်ခိုက်နိုင်ကြတာပဲ မဟုတ်ဘူးလား”

စူးယွင်က တည်ငြိမ်စွာဖြင့်...

“ဘာလို့ ဒီလိုစကားမျိုးပြောရတာပါလဲ အကြီးအကဲ’ချီ’ ၊ ဒါက ဖိတ်ကြားမှုတစ်ခုပါပဲ ၊ ဖိတ်ကြားခံရတဲ့ဧည့်သည်က ဖိတ်ကြားသူကို ကျေးဇူးတင်ရမှာဖြစ်ပေမယ့် ဖိတ်ကြားမှုကို ငြင်းဆိုပိုင်ခွင့်လည်း ရှိတာပဲလေ ၊ ဧည့်သည်ကို ဖိတ်ကြားတာနဲ့ ဧည့်သည်ကို အတင်းဖိအားပေးပြီးလာခိုင်တာက မတူညီတဲ့အခြေအနေလို့ ထင်ပါတယ်”

အကြီးအကဲ’ချီ’ ဆိုသူက...

“ဒါပေမဲ့ ဧည့်သည်ဆိုတာ ဧည့်သည်လိုအသိတရားရှိဖို့ လိုတာပေါ့ ၊ ‘စူး’ ဂိုဏ်းချုပ်တို့ရဲ့ နှင်းကျောက်စိမ်းတောင်တန်းအပါအဝင် အနောက်ဘက်ဒေသတစ်ခုလုံးက ငါတို့ နဂါးစိမ်းတောင်ဂိုဏ်းရဲ့ ပိုင်နက်နယ်မြေဖြစ်တယ်ဆိုတာ မမေ့ပါနဲ့”

“ပြီးတော့... မင်းတို့လို ချီစွမ်းအားကျင့်ကြံသူတွေအပေါ် မျောလွင့်ဝိညာဉ်ကမ္ဘာတစ်ခုလုံးက ဘယ်လိုသ‌ဘောထားသလဲဆိုတာ ရှင်းရှင်းလင်းလင်းသိသင့်တယ် ၊ ဒီလောကမှာ မင်းရဲ့လုပ်ပိုင်ခွင့်က ဘယ်လောက်ရှိလို့လဲ”

စူးယွင်က...

“ဘာလဲ... အကြီးအကဲ’ချီ’ က ကျွန်မရဲ့ နှင်းကြိုးကြာဂိုဏ်းကို အနောက်ဘက်ဒေသကနေ ဖယ်ရှားပစ်ချင်တာလား”

အကြီးအကဲ’ထုန်’ က လက်တစ်ဖက်ကာလိုက်ပြီး သက်ပြင်းချရင်း အကြီးအကဲ’ချီ’ ကို တားဆီးလိုက်သည်။

“’စူး’ ဂိုဏ်းချုပ် တစ်မျိုးမထင်ပါနဲ့ ၊ ဂိုဏ်းတူအစ်ကို’ချီ’ က ဒီလိုသဘောမျိုးပြောတာမဟုတ်ပါဘူး”

စူးယွင်က တည်ငြိမ်စွာဖြင့်...

“သူက အဲဒီလိုသဘောမျိုးပြောတယ်ဆိုရင်လည်း ကိစ္စမရှိဘူး”

အကြီးအကဲ’ချီ’ က အေးစက်စွာဖြင့်...

“အဟက်... ဒီလူကတော့ ဘယ်လောက်တောင် အေးချမ်းလိုက်သလဲ ၊ သွေးနီတိမ်တိုက်ဂိုဏ်းကို သွားရန်စပြီး အန္တရယ်ကိုရှောင်ရှားဖို့ ငါတို့ဂိုဏ်းရှိတဲ့ အနောက်ဘက်ကို ထွက်ပြေးလာတယ် ၊ သွေးနီတိမ်တိုက်ဂိုဏ်းကို ရင်ဆိုင်ဖို့ ငါတို့သာရှိမနေရင် မင်းရဲ့ သခင်လေးဆိုတဲ့သူ အခုလောက် အေးအေးဆေးဆေးနေနိုင်ပါ့မလား တွေးမိတယ်”

“’စူး’ ဂိုဏ်းချုပ်... မင်းသိအောင် ပြောပြလိုက်မယ် ၊ အခု သွေးနီတိမ်တိုက်ဂိုဏ်းချုပ် ‘လုမင်’ က ထိပ်တန်းသိုင်းသမားတွေနဲ့အတူ အနောက်ဘက်ဒေသကို ရောက်နေပြီ”

စူးယွင်က တစ်ချက်လေးပင် မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိဘဲ...

“ဒီတော့ ဘာဖြစ်သလဲ အကြီးအကဲ’ချီ’ ၊ သွေးနီတိမ်တိုက်ဂိုဏ်းကတောင်းတဲ့လူကို ရှင်က သူတို့လက်ကို အပ်မလို့လား”

နောက်ဆုံးမှာတော့ ငြိမ်သက်နေသည့် နဂါးစိမ်းတောင်ဂိုဏ်းချုပ်က စကားဆိုလာသည်။

“ညီမလေး’စူး’ ၊ ဒီကိစ္စကို အငြင်းမပွားပါနဲ့ ၊ ငါတို့ဂိုဏ်းက အစကတည်းက သွေးနီတိမ်တိုက်ဂိုဏ်းနဲ့အဆင်မပြေဘူးဆိုတာ မင်းလည်းသိတာပဲ ၊ ငါတို့အနေနဲ့ သူတို့ကို ကြောက်နေစရာ အကြောင်းမရှိပါဘူး ၊ ဒါပေမဲ့ ‘လုမင်’ ဒီနေရာကို ကိုယ်တိုင်ရောက်လာတာကိုကြည့်ရင်း အဲဒီလူအပေါ် သူ ရန်ငြိုးမပြေတာ သေချာတယ်”

သူက ဆက်ပြောသည်။

“ငါတို့ဂိုဏ်းက သွေးနီတိမ်တိုက်ဂိုဏ်းနဲ့ တိုက်ခိုက်ရမှာကို မကြောက်ပါဘူး ၊ ဒါပေမဲ့ ဒီ ဘာမှမဆိုင်တဲ့ လူတစ်ယောက်ကြောင့်နဲ့တော့ တိုက်ခိုက်ဖို့ မလိုအပ်ဘူးထင်တယ် ၊ ဘာလို့လဲဆိုတော့ တိုက်ပွဲကြီးသာဖြစ်လာခဲ့ရင် ငါတို့ဂိုဏ်းပဲ ထိခိုက်ကျဆုံးမှု များပြားမှာလေ”

သူက စူးယွင်ကို တိတ်ဆိတ်စွာ စိုက်ကြည့်ရင်း...

“တကယ်လို့ သွေးနီတိမ်တိုက်ဂိုဏ်းကို ရန်စတဲ့သူက... မင်းဖြစ်နေမယ်ဆိုင်... ဒါမှမဟုတ် ရှန်းနော့ဖြစ်နေရင် ၊ နှင်းကြိုးကြာဂိုဏ်းတစ်ခုလုံး ဖြစ်နေဦးတော့ကွာ... ငါ လုံးဝမတွန့်ဆုတ်ဘဲ ရင်ဆိုင်ပေးမှာပါ ၊ ငါတို့ဂိုဏ်းက အနောက်ဘက်နယ်မြေကို အုပ်စိုးတယ်ဆိုတော့ ဒီနယ်မြေကို ကျူးကျော်ဖို့ ခွင့်ပြုမှာမဟုတ်ဘူး ၊ ပြီးတော့ ငါတို့နဲ့ သွေးနီတိမ်တိုက်ဂိုဏ်းက ကာလရှည်ကြာရန်သူတွေဖြစ်လို့ တိုက်ခိုက်ဖို့ ရွေးချယ်မှာပါပဲ”

“ဒါပေမဲ့... ငါသိသလောက် အခု သွေးနီတိမ်တိုက်ဂိုဏ်းကို ပြဿနာရှာတဲ့သူက မင်းတို့ နှင်းကြိုးကြာဂိုဏ်းက မဟုတ်ဘူးလေ”

လော့ကျင်းဟောင်က ခဏနားပြီး ဆက်ပြောသည်။

“မင်းက သူ့ကို ‘သခင်လေး’ လို့ခေါ်ပေမယ့်... အဲဒီလူက မင်းတို့ဂိုဏ်းနဲ့လုံးဝမသက်ဆိုင်တဲ့ အပြင်လူတစ်ယောက်ဆိုတာ ငြင်းလို့မရပါဘူး”

စူးယွင်က လော့ကျင်းဟောင်ကိုကြည့်ရင်း...

“အမှန်အတိုင်းပြောရရင် ‘လော့’ ဂိုဏ်းချုပ်ရဲ့ စကားတွေက ဆီလျော်မှု မရှိပါဘူး ၊ ဆိုတော့... ‘လော့’ ဂိုဏ်းချုပ်ပဲဖြစ်ဖြစ် ၊ အကြီးအကဲ’ထုန်’ ပဲဖြစ်ဖြစ် ၊ အကြီးအကဲ’ချီ’ ပဲဖြစ်ဖြစ်... ဒါမှမဟုတ် ဒီနေရာက အကြီးအကဲတွေအားလုံးပဲဖြစ်ဖြစ် နဂါးစိမ်းတောင်အကျိုးကိုရှေ့ရှုပြီး တွေးတောကြတာ သဘာဝကျပါတယ် ၊ ဒါပေမဲ့... ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ‘လော့’ ဂိုဏ်းချုပ်က အရမ်းအမြင်ကျဉ်းမနေဘူးလား”

သူမက သိမ်မွေ့စွာဖြင့်...

“ကျွန်မ ရှင်းရှင်းပဲပြောမယ်၊ သခင်လေးက ကျွန်မကို သိုင်းပညာသင်ပေးခဲ့တဲ့ သခင်မလေးရဲ့သားပဲ ၊ ဒီလောက်ဆို သခင်လေး ဘယ်လိုလူစားမျိုးလဲဆိုတာ ရှင်တို့ ခန့်မှန်းကြည့်နိုင်ပါတယ် ၊ သခင်လေးလိုလူမျိုးနဲ့ မိတ်ဆွေဖွဲ့တာဟာ နဂါးစိမ်းတောင်အတွက် ကံကြမ္မာကောင်းတစ်ခု ဖြစ်နိုင်ပါတယ် ၊ ပြီးတော့ သခင်လေးရဲ့မိခင် သခင်မလေးဟာလည်း အမြဲတမ်း ကံကြမ္မာနဲ့ကင်းလွတ်ပြီး ဘယ်သူနဲ့မှ ရန်ငြိုးရန်စ မရှိခဲ့ပါဘူး”

“သခင်မလေး ဒီကမ္ဘာမှာ မရှိတော့ပေမယ့် သခင်လေး ဒီကမ္ဘာကိုရောက်လာတာဟာ ပြဿနာတော်တော်များများကို ဖြေရှင်းဖို့ လုံလောက်ပါတယ်”

သူမစကားများကိုကြားတော့ လော့ကျင်းဟောင်က တည်ငြိမ်စွာဖြင့်...

“ကျောက်စိမ်းကြိုးကြာသခင်မက တကယ့်ကို ဒဏ္ဍာရီဆန်တဲ့ အထွတ်ထိပ်ကျင့်ကြံသူတစ်ယောက်ပါ ၊ ဒီ ‘လော့’ မျိုးနွယ်က သူ့ကို အရမ်းလေးစားပါတယ် ၊ ဒါပေမဲ့ မင်းရဲ့ဆရာရဲ့ ကောင်းခြင်းဆိုးခြင်းအရာအားလုံးက ဒီကမ္ဘာမှာ ဘာသဲလွန်စမှ မကျန်ရစ်တော့ပါဘူး ၊ ‘စူး’ ဂိုဏ်းချုပ်ကလွဲရင် သူက ဒီကမ္ဘာမှာ ဘာကိုမှ ချန်မထားခဲ့ပါဘူး”

ထိုစကားကြားတော့ စူးယွင်၏မျက်ဝန်းများက ပိုမိုစူးရှလာသည်။

လော့ကျင်းဟောင်က အေးဆေးစွာဖြင့်ပင်...

“မင်းရော မင်းရဲ့ဆရာရောက ချီစွမ်းအားကျင့်ကြံသူတွေပါ ၊ ငါတို့ နဂါးစိမ်းတောင်က ဒီနှစ်တွေမှာ ‘စူး’ ဂိုဏ်းချုပ်ရဲ့ အကူအညီကြောင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါတယ် ၊ ဒါပေမဲ့... နောက်ဆုံးတော့ ငါတို့အားလုံးက မိစ္ဆာသွေးကျင့်ကြံသူတွေပဲလေ ၊ ဒီမျောလွင့်ဝိညာဉ်ကမ္ဘာကလည်း မိစ္ဆာသွေးကျင့်ကြံသူတွေရဲ့ ကမ္ဘာပါပဲ”

စူးယွင်က မျက်ခုံးများကို တွန့်ချိုးရင်း...

“’လော့’ ဂိုဏ်းချုပ်ရဲ့ စကားတွေက လေးနက်တဲ့အဓိပ္ပါယ်တစ်ခုခုရှိနေသလိုပဲ ၊ ကျေးဇူးပြုပြီး အသေးစိတ်ရှင်းပြပေးပါ”

တည်ငြိမ်သွားပြီးဖြစ်သော အကြီးအကဲ’ချီ’က...

“အဲဒီ ဖီရှိုးသတ္တဝါ...”

ထိုစကားကိုကြားတော့ စူးယွင်၏မျက်ဝန်းများ အေးစက်သွားသည်။

အကြီးအကဲ’ထုန်’ က...

“’စူး’ ဂိုဏ်းချုပ်... အထင်မလွဲပါနဲ့ ၊ ငါတို့က ဖီရှိုးကို လိုချင်တာ မဟုတ်ပါဘူး ၊ ဖီရှိုးရဲ့ သွေးစွမ်းအားအနှစ်သာရအနည်းငယ်ကို လိုချင်တာပါ ၊ ဒါက ခက်ခဲတဲ့ကိစ္စလည်း မဟုတ်ဘူးလေ”

အကြီးအကဲ’ချီ’ က အရေးမစိုက်ဟန်ဖြင့်...

“စောစောက ‘စူး’ ဂိုဏ်းချုပ်ပြောခဲ့သလိုပဲ... ဧည့်သည်ကို ဖိအားပေးပြီး ခေါ်လို့မရဘူးလေ ၊ ဒီအဘိုးကြီးလည်း အဲဒါကို လက်ခံပါတယ် ၊ ဒီတော့ ဖီရှိုးရဲ့ သွေးစွမ်းအားကို မရဘူးဆိုရင် ငါတို့ဂိုဏ်းအနေနဲ့ မင်းတို့သခင်လေးကို ကူညီပေးဖို့ တွန်းအားမပေးပါနဲ့ ၊ ဟုတ်တယ်မလား”

စူးယွင်က ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့်...

“အမှန်ပါပဲ ၊ ဒါပေမဲ့ ကျွန်မသိချင်တာက သခင်လေးက ဖီရှိုးရဲ့သွေးအနှစ်သာရကို ပေးဖို့သဘောမတူဘူးဆိုရင် ရှင်တို့ဂိုဏ်းက သွေးနီတိမ်တိုက်ဂိုဏ်းနဲ့ ရန်ငြိုးတွေကိုမေ့ပစ်ပြီး သူတို့နဲ့ ပူးပေါင်းမှာလား”

လော့ကျင်းဟောင်က တည်ငြိမ်ပြတ်သားစွာဖြင့်...

“မပူးပေါင်းဘူး”

စူးယွင်က ရုတ်တရက် ရယ်မောရင်း...

“ဒါဖြင့် ရှင်တို့က ဘေးကကြည့်နေမယ်ဆိုတဲ့သဘောပေါ့ ၊ အင်း... ခမည်းခမက်က အမြင်မကျယ်တာကို ကျွန်မ စိတ်မကောင်းဖြစ်မိပေမယ့် ဒီလိုဆိုရင်လည်း မဆိုးပါဘူးလေ”

သူမစကားကိုကြားတော့ လော့ကျင်းဟောင်နှင့် အခြားသူများ မျက်မှောင်ကြုတ်လိုက်ကြသည်။ သူမ ဘာကိုဆိုလိုသည်လဲ သူတို့ နားမလည်ကြပေ။

ထိုစဉ် ဂိုဏ်းသားတစ်ယောက် ရောက်လာပြီး...

“သွေးနီတိမ်တိုက်ဂိုဏ်းချုပ်’လုမင်’ အနောက်ဘက်ဒေသကို ရောက်နေပါပြီ ၊ သူနဲ့စကားပြောဖို့သွားတဲ့ ကျွန်တော်တို့ဂိုဏ်းက အကြီးအကဲကိုလည်း ချက်ချင်းသတ်ဖြတ်ပစ်လိုက်ပါတယ်”

ချက်ချင်းပင် နဂါးစိမ်းတောင်မှ အကြီးအကဲများ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး တုန်လှုပ်ချောက်ချားသွားသလို ဒေါသလည်း ထွက်သွားကြသည်။

“သွေးနီတိမ်တိုက်ဂိုဏ်းက ဘာလို့ ဒီလောက်မောက်မာပြီး ရဲတင်းရတာလဲ”

နဂါးစိမ်းတောင်ဂိုဏ်းအနေဖြင့် သွေးနီတိမ်တိုက်ဂိုဏ်းနှင့်တိုက်ခိုက်ရန် ပေါ့ပေါ့တန်တန် ဆုံးဖြတ်ဝံ့သည် မဟုတ်ပေ။ သာမန်အခြေအနေတစ်ခုတွင် သွေးနီတိမ်တိုက်ဂိုဏ်းသည်လည်း ထို့အတူပင် ဖြစ်ပေလိမ့်မည်။

မကြာမီ နောက်ထပ် သတင်းစကားတစ်ခု ရောက်လာသည်မှာ...

“မြောက်ပိုင်းနဲ့ အရှေ့ပိုင်းက မီးတောက်ဂိုဏ်းနဲ့ မိုးကြိုးဂိုဏ်းက ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ် ၊ အခု သူတို့ဆီက ထိပ်တန်းသိုင်းသမား အတော်များများက ကျွန်တော်တို့ဆီကို ဦးတည်လာနေပါတယ်”

မီးတောက်ဂိုဏ်းနှင့် မိုးကြိုးဂိုဏ်းဆိုသည်က အစိမ်းရောင်နဂါးတောင်နှင့် သွေးနီတိမ်တိုက်ဂိုဏ်းတို့ကဲ့သို့ပင် မျောလွင့်ဝိညာဉ်ကမ္ဘာ၏ ထိပ်သီးသိုင်းဂိုဏ်းကြီး (၂) ဂိုဏ်း ဖြစ်သည်။

သွေးနီတိမ်တိုက်ဂိုဏ်း၏ ထိပါးမှုက နဂါးစိမ်းတောင်ဂိုဏ်း အကြီးအကဲများ၏စိတ်ထဲမှ သံသယများကို ရှင်းလင်းသွားစေသော်လည်း သူတို့စိတ်ထဲတွင် ပို၍ပင် မခံမရပ်နိုင်ဖြစ်သွားကြရလေသည်။

All Chapters