← Chapters

ဆန်းကျွင်းအရှင်နဲ့ ခုလိုပြန်ဆုံရတာ

Vol. 8 Ch. 800

ဆန်းကျွင်းအရှင်နဲ့ ခုလိုပြန်ဆုံရတာ

Vol. 8 Ch. 800

ထိုနတ်မိမယ်လေးမှာ အခြားသူမဟုတ်ပေ။

ကျောက်ရှောင်ယွီပင် ဖြစ်လေသည်။

သူမသည် တစ်ချိန်တုန်းက သူမနေထိုင်ခဲ့ရာလောကသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။ တစ်ချိန်တုန်းက ရင်းနှီးခဲ့သည့် မိုးမြေစွမ်းအားများကို ပြန်လည် ရှူရှိုက်ခွင့်ရသည်မှာ မွေးရပ်မြေကို ပြန်ရောက်သည့်အလား အလွန်မှ ကြည်နူးစရာ ကောင်းလှသည်။

သူမသည် တန်ခိုးစွမ်းအားများကင်းလွတ်ရာ ကမ္ဘာမြေတွင် နှစ်ပေါင်း (၃၀)ခန့် နေထိုင်ခဲ့သည့်တိုင် ဤလောကကို ခွဲခွာသွားခဲ့ရသည်မှာ အလွန်အချိန်ကြာမြင့်ပြီဟု ခံစားနေရလေသည်။

ကျောက်ရှောင်ယွီက သူမကို ဝိုင်းပြီးကြည့်နေကြသည့် နန်းတော် (၃)ခုနှင့် နတ်ဘုရားကျောင်းတော်ကြီး (၄)ခုမှ လူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။  ထို့နောက် ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားလေတော့သည်။

သူမ ပျံသန်းထွက်ခွာသွားသည်နှင့် ကောင်းကင်ထက်တွင် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်လာပြီး လျှပ်စီးများ လက်လာလေသည်။

လျှပ်စီးကြောင်းများသည် မြွေများအလား သူမကို ရစ်ပတ်ထားကြလေသည်။ ထို့နောက် လျှပ်စီးများထဲမှ အဆုံးမရှိတန်ခိုးစွမ်းအားများသည် ကျောက်ရှောင်ယွီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကြလေသည်။

မိုးကြိုးမုန်တိုင်းနှင့်အတူ ရောက်ရှိလာသည့် ကျောက်ရှောင်ယွီကို တွေ့လိုက်ရသည့်အခါ အားလော်ဟယ် တစ်ချက် လှုပ်ရှားသွားလေသည်။

ကောင်းကင်တိုင်းပြည်တွင် များပြားလှစွာသောအိန်ဂျယ်များ ထွက်ပေါ်လာပြီး တေးသီချင်းများကို သီဆိုနေကြသည်။

တာအိုဆရာအဘိုးအိုမှ ပြောင်းလဲသွားသည့် ဧရာမဓားကြီးရှိရာသို့ ဆန်းလျန်က ပျံသန်းထွက်ခွာသွားပြီး ဓားကြီး၏ ထိပ်ဖျားတွင် ရပ်တန့်လိုက်လေသည်။

ထိုအခါ ဧရာမဓားကြီးသည် ပုံမှန်အရွယ်အစားအဖြစ်ပြောင်းလဲသွားပြီး ဆန်းလျန်၏ လက်တွင်းသို့ ကျရောက်သွားသည်။

နက်ရှိုင်းသည့်ဓားဝိညာဉ်ဖြာလင်းသွားပြီး ဓားဝိညာဉ်အလင်းတန်းများမှ မရေမတွက်နိုင်အောင်များပြားသည့် ပန်းများ ပွင့်လန်းလာလေသည်။ ထို့နောက်… လေပြေလေးတိုက်ခတ်လာပြီး ပန်းများက လေထဲတွင် ပျံဝဲယိမ်းနွဲ့လျှက် ရှိလေသည်။

ထို့နောက်… ဆန်းလျန်က ဓားကိုတစ်ချက်ဝှေ့ယမ်းလိုက်လေရာ ဓားရောင်တစ်ချက်လင်းလက်သွားပြီး ကောင်းကင်တိုင်းပြည်ကို ထိုးခွင်းလိုက်လေသည်။

ဆန်းလျန်၏ တန်ခိုးစွမ်းအားများနှင့် ဆန်းလျန်၏လက်ထဲမှ ဓား၏ တန်ခိုးစွမ်းအားများ ပေါင်းစပ်သွားကာ တန်ခိုးစွမ်းအားများက အဆမတန် မြင့်မားလာလေသည်။

ဆန်းလျန် ဓားကိုကိုင်ပြီး ကောင်းကင်တိုင်းပြည်ကို တိုက်ခိုက်နေစဉ်မှာပင် မိုးကြိုးမုန်တိုင်းများနှင့်အတူ ကျောက်ရှောင်ယွီ ရောက်ရှိလာလေသည်။

ဆန်းလျန်၏ဘေးနားသို့ ရောက်သည်နှင့် ကျောက်ရှောင်ယွီထံမှ ထွက်ပေါ်နေသည့် မိုးကြိုးမုန်တိုင်းများ ပျောက်ကွယ်သွားလေသည်။ သူမက အားလော်ဟယ်ကို တည်ငြိမ်စွာပင် ရင်ဆိုင်လိုက်သည်။

သူမ၏ပုံစံမှာ အလွန်တည်ငြိမ်နေပြီး ကျင့်ကြံခြင်းအဆင့် ထိပ်ဆုံးရောက်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ထို့နောက် ကျောက်ရှောင်ယွီက လက်ဟန်တစ်ခု ပြုလုပ်လိုက်လေရာ စကြာတစ်ခုပေါ်လာလေသည်။

ဂါထာရွတ်ဖတ်သံများ သာယာစွာ ထွက်ပေါ်လာပြီး ရွှေရောင်ဝတ်ရုံများဝတ်ဆင်ထားသည့် နတ်ဘုရားများစွာသည် စကြာအတွင်းမှ ထွက်ပေါ်လာပြီး ကျောက်ရှောင်ယွီကို ဦးညွှတ်လိုက်ကြလေသည်။

နန်စန်းကျီမှာ အံ့သြလွန်းသည့်အတွက် ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။

"ဒီမိန်းကလေးက ဘယ်သူလဲဟ…"

ယင်ရှန်းကျွင်းက…

"ဒီမိန်းကလေး ဘာတွေလုပ်နေတာလဲ…"

နတ်ဘုရားနယ်မြေတစ်ခုကို ဖွင့်လှစ်နိုင်ခြင်းမှာ ထိပ်တန်းအဆင့် ကျင့်ကြံသူများသာ ပြုလုပ်နိုင်သည့်အလုပ် ဖြစ်လေသည်။

ကျောက်ရှောင်ယွီက နတ်ဘုရားနယ်မြေတစ်ခုကို ဖွင့်လှစ်နေခြင်း  ဖြစ်လေသည်။

အားလော်ဟယ်သည် ကိုုယ်ပိုင်တန်ခိုးစွမ်းအားဖြင့် ကောင်းကင်တိုင်းပြည်ကို ဖန်ဆင်းနိုင်ခဲ့သည်။

ထိုသို့သောဖန်ဆင်းမှုမျိုးကို လော်ဝါဒကလည်း ပြုလုပ်နိုုင်စွမ်းရှိလေသည်။ ထို့ကြောင့်ပင် လော်ဝါဒဆရာသခင်နှင့် အားလော်ဟယ်တို့ ရန်သူများဖြစ်ခဲ့ကြရခြင်းပင် ဖြစ်လေသည်။

ဥပမာပေးရမည်ဆိုလျှင် ရှေးခေတ်လော်ဝါဒကျင့်ကြံသူများဖန်ဆင်းခဲ့သည့် ကောင်းကင် (၂၄)ထပ် ဖြစ်လေသည်။ ထိုကောင်းကင် (၂၄)ထပ်သည် သူ့ခေတ်သူ့အခါကတော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် နတ်ဘုရားနယ်မြေ ဖြစ်လေသည်။

တစ်ချိန်တုန်းက လော်ဝါဒကျင့်ကြံသူများသာလျှင် ထိုကောင်းကင် (၂၄)ထပ်သို့ ဝင်ခွင့်ရကြလေသည်။

သို့သော်… လော်ဝါဒ၏ ရွှေရောင်နေ့ရက်များ ပျက်စီးသွားပြီးသည့်နောက် ကောင်းကင် (၂၄)ထပ်သည်လည်း ပျက်စီးသွားခဲ့ရလေသည်။

နန်စန်းကျီက…

"ဒီမိန်းကလေးက အခု နတ်ဘုရားနယ်မြေတစ်ခုကို ဖွင့်လှစ်နေတာပဲ ၊ သူ ဖွင့်လှစ်နေတဲ့ နတ်ဘုရားနယ်မြေက ကောင်းကင်တိုင်းပြည်ကို ယှဉ်နိုင်မယ်တော့ မထင်ဘူး ၊ ဒါပေမဲ့ ဒီမိန်းကလေးက တော်တော်ထူးဆန်းတာပဲ"

ယင်ရှန်းကျွင်း၏ မျက်ဝန်းများက တစ်လက်လက်တောက်ပနေလေသည်။

အဘယ်ကြောင့်ဆိုသော် ထိုမိန်းမပျိုထံမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများသည် ထိုက်ချင်တာအိုဆရာသခင်နှင့်ဆက်စပ်နေသည်ကို ခံစားမိသောကြောင့် ဖြစ်လေသည်။ ထို့ပြင်… ထိုမိန်းကလေးသည် သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားလေသည်။

ယင်ရှန်းကျွင်းသည့် ထိုက်စန့်စက္ခုတန်ခိုးကျင့်စဉ်ကို မကျင့်ကြံရသည့်အတွက် ကျင့်စဉ်လမ်းတွင် အနည်းငယ် အခက်တွေ့နေရလေသည်။

ယခု ကျောက်ရှောင်ယွီထွက်ပေါ်လာခြင်းသည် သူ့အတွက် အခွင့်အရေးတစ်ခုပင် ဖြစ်လေသည်။

မိုးကောင်းကင်နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်လှမ်းနိုင်ရန်အတွက် ကျောက်ရှောင်ယွီထံမှ အခွင့်အရေးတစ်ခု ရယူနိုင်ရန် ကြိုးစားရပေမည်။

သို့သော်… သူက ကျောက်ရှောင်ယွီကို ကြောက်ရွံ့ခြင်း မရှိပေ။

သေစေခြင်းကျောင်းတော်မှ ထိုက်စန့်ဓားသိုင်းကို ရရှိရန် ရွှီချင်းဟွမ်ကို တိုက်ခိုက်ခြင်းထက် ကျောက်ရှောင်ယွီကို အသုံးချခြင်းက ပိုပြီး လွယ်ကူနိုင်လေသည်။

ထို့ပြင်… သေစေခြင်းကျောင်းတော်မှာ ပျက်စီးခဲ့ပြီ ဖြစ်လေရာ သေစေခြင်းကျောင်းတော်မှ ကျင့်စဉ်ကျမ်းစာများမှာလည်း စုံလင်ချင်မှ စုံလင်တော့မည် ဖြစ်လေသည်။ ရေရှည်တွင် သူ့အတွက် အကျိုးမရှိနိုင်ပေ။

ယင်ရှန်းကျွင်းက လျှာကိုတစ်ချက်ကိုက်လိုက်ပြီး လက်ထဲသို့ တံတွေးတစ်ချက် ထွေးချလိုက်သည်။ ထိုအခါ သူ၏လက်ထဲတွင် လက်သည်းခွံအရွယ်အစားရှိသည့် ယပ်တောင်လေးတစ်ခု ကျလာလေသည်။ သူက နန်စန်းကျီ မရိပ်မိအောင် တိတ်တဆိတ်ပြုလုပ်လိုက်ခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် ဓားတစ်လက်ကိုကိုင်ပြီး ကောင်းကင်တိုင်းပြည်ကို တစ်ကိုယ်တည်း တိုက်ခိုက်နေလေသည်။ သူ၏ ပုံစံက အလွန်တရာခမ်းနားလွန်းပြီး တန်ခိုးစွမ်းအားများကလည်း အခြားသူများ မျှော်လင့်သည်ထက် သာလွန်နေလေသည်။

ကျန်းဝူမရဏဓားသည် ဆန်းလျန်၏လက်ထဲတွင် အသားတကျရှိနေပြီး အားလော်ဟယ်သည် ဆန်းလျန်၏ ဓားချက်များကို တန်ခိုးစွမ်းအားအသုံးပြုကာ ကာကွယ်ထားလေသည်။

ဆန်းလျန်သည် သူ့ကိုယ်သူ အထင်လည်းမသေးသလို အထင်ကြီးခြင်းလည်း မရှိပေ။ သူက အားလော်ဟယ်အနီးသို့ တဖြည်းဖြည်းတိုးကပ်လာသည့်တိုင် စိတ်လိုက်မာန်ပါ တိုက်ခိုက်ခြင်းမျိုးကို မပြုလုပ်ခဲ့ပေ။ မဟုတ်ပါက ပေးဆပ်ရမည့်တန်ဖိုးက များပြားမည် ဖြစ်လေသည်။

ယခုအချိန်က သူ့အတွက် အလွန်အရေးကြီးလေသည်။

နတ်ဘုရားနယ်မြေသစ်ကို ဖွင့်လှစ်လိုက်သူ ကျောက်ရှောင်ယွီထံမှ ထွက်ပေါ်နေသည့် အငွေ့အသက်များက ကြာပန်းဖြူနှင့်အလွန်ဆင်တူသည်ကို ဆန်းလျန် ခံစားလိုက်မိသည်။

သို့သော်… သူမက ကြာပန်းဖြူထက် အဆပေါင်းများစွာ တန်ခိုးစွမ်းအားမြင့်မားလေသည်။ သူမသည် ကြာပန်းဖြူကို ဖန်ဆင်းခဲ့သည့် မူလနတ်ဘုရားဖြစ်သည်ကို ဆန်းလျန် ချက်ချင်းရိပ်မိလိုက်သည်။

ထိုအချိန်မှာပင်…

ထိတ်လန့်အံ့သြဖွယ်ရာကောင်းလှစွာ ဆန်းလျန်၏ ဝိညာဉ်သည် သူမ၏ ဝိညာဉ်နှင့် ဆက်နွယ်သွားလေသည်။

ထို့ပြင် အားလော်ဟယ်ကလည်း ထိုမိန်းကလေးကို ဆန်းလျန်ထက်ပိုပြီး စိတ်ဝင်စားနေဟန်ရှိလေသည်။ ထူးဆန်းစွာပင် အားလော်ဟယ်ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ရုတ်ချည်းထွက်ပေါ်လာကာ ထိုမိန်းကလေးကို ပစ်မှတ်ထား တိုက်ခိုက်လေတော့သည်။

ထို့ပြင် အားလော်ဟယ်သည် ထိုမိန်းကလေးကို အနည်းငယ် ကြောက်ရွံ့နေဟန်လည်း ရှိလေသည်။ ထို့ကြောင့် အားလော်ဟယ်က ကျောက်ရှောင်ယွီကို ရုတ်တရက် တိုက်ခိုက်လိုက်သည့်တိုင် နာကျင်အောင် မတိုက်ခိုက်နိုင်ခဲ့ ပေ။

ကျောက်ရှောင်ယွီကို တွေ့လိုက်ရသည့်အတွက် အားလော်ဟယ်သည် ရုတ်တရက် စိတ်များ ရှုတ်ထွေးသွားခဲ့လေ သည်။

ယခုတော့ ကံကြမ္မာက အားလော်ဟယ်နှင့် ကျောက်ရှောင်ယွီကို ရင်ဆိုင်စေခဲ့ပြီ ဖြစ်လေသည်။

အားလော်ဟယ် နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ကံကြမ္မာရဟတ်က အမြဲတမ်း လည်ပတ်နေမည်ပဲ ဖြစ်လေသည်။

ကျောက်ရှောင်ယွီသည် ကောင်းကင်တိုင်းပြည်ကို သေချာပေါက် အဆုံးသတ်ပေးတော့မည်ကို အားလော်ဟယ် သိရှိနေခဲ့လေသည်။

သူက တားဆီးချင်လျှင်တောင်မှ တားဆီးနိုင်တော့မည် မဟုတ်ပေ။

တစ်ချိန်တုန်းက လော်ဝါဒဆရာသခင်နှင့် လော်ဝါဒကျင့်ကြံသူများသည် သူ၏လက်ထဲတွင် ကျဆုံးခဲ့သကဲ့သို့ သူသည်လည်း လော်ဝါဒကျင့်ကြံသူတစ်ယောက်၏ လက်ထဲတွင် ကျဆုံးရတော့မည် ဖြစ်သည်။

ထိုကံတရားကို အပြင်းအထန် ငြင်းဆန်ပါက ပိုပြီး ဒုက္ခရောက်ဖွယ်ရာ ဖြစ်လေသည်။

ကံကြမ္မာလမ်းစဉ်ကို လျှောက်လှမ်းခဲ့သည့် အားလော်ဟယ်အတွက် ယနေ့ အချိန်လောက် ကြောက်မက်ဖွယ်ကောင်းသည့် အခြေအနေမရှိတော့ပေ။

သူ၏အခွင့်အာဏာတည်မြဲရန်အတွက် လော်ဝါဒဆရာသခင်ကို သတ်ဖြတ်ပစ်ခဲ့လေသည်။ လော်ဝါဒဆရာသခင်၏ တည်ရှိမှုကို သူ ငြင်းဆန်ခဲ့လေသည်။ ယခုတော့ သူ၏ တည်ရှိမှုကို ခြိမ်းခြောက်နေပြီဖြစ်သည့် လော်ဝါဒ ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်နေရပြီ ဖြစ်သည်။

ကျောက်ရှောင်ယွီက အားလော်ဟယ်ကို တိုက်ခိုက်ရန်အတွက် နတ်ဘုရားနယ်မြေကို ဖွင့်လှစ်လိုက်လေသည်။

သူမက ဆန်းလျန်ကို ကူညီပြီး အားလော်ဟယ်ကို တိုက်ခိုက်ရန်အတွက် နတ်ဘုရားနယ်မြေကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်လေသည်။

သို့သော်… ထိုအချိန်မှာပင်…

အားလော်ဟယ်ဆိုသူသည် လော်ဝါဒဆရာသခင်၏ ရန်သူဖြစ်သည်ကို ချက်ချင်း သိရှိလိုက်လေတော့သည်။

သို့သော်… ထိုအရာများအားလုံးက သူမအတွက် အရေးမကြီးလှပေ။

အရေးကြီးသည်မှာ သူမ၏ ချစ်ရသူ 'ဆန်းလျန်' သာလျှင်ဖြစ်လေသည်။

ကျောက်ရှောင်ယွီသည် ကျန်းဝူမရဏဓားကို ကိုင်ဆောင်ထားသည့် ဆန်းလျန်ကို စူးစိုက်ကြည့်နေလေသည်။ မတွေ့ရသည်မှာ ကြာပြီဖြစ်သည့် ချစ်ရသူကို ပြန်လည်တွေ့ဆုံရသည်မှာ စိတ်လှုပ်ရှားစရာကောင်းလှသည်။

သူမက ဆန်းလျန်ကို ဦးညွှတ်လိုက်ပြီး နူးညံ့စွာတစ်ချက်ပြုံးလိုက်ရင်း....

"ဆန်းကျွင်းအရှင်နဲ့ ခုလိုပြန်ဆုံရတာ နေမင်းကြီးထွန်းလင်းလာတာကိုတွေ့ရသလို ကြည်နူးစရာကောင်းလိုက်တာ ၊ ကံတရားအတိုင်းပဲ ထင်ပါရဲ့နော်...."

သူမ၏စကားဆုံးသွားသည်နှင့် အားလော်ဟယ်၏ ကောင်းကင်တိုင်းပြည်တစ်ခုလုံးမှာ ကျောက်ရှောင်ယွီဖန်ဆင်းထားသည့် နတ်ဘုရားနယ်မြေအောက်တွင် အဆုံးသတ်သွားလေတော့သည်။

ဤသည်မှာ ကံတရားပင် ဖြစ်လေသည်။

ထို့အတူ…

ကျောက်ရှောင်ယွီ ဆန်းလျန်နှင့် ပြန်လည် ဆုံတွေ့ရခြင်းသည်လည်း ကံတရားပင် ဖြစ်လေသည်။

***

All Chapters