မျောလွင့်ဝိညာဉ်ကမ္ဘာတစ်ခုလုံးကို ဘေးဆိုးကြီးကျရောက်စေမယ့်သူ
Vol. 31 Ch. 440
အခန်း (၄၄၀) မျောလွင့်ဝိညာဉ်ကမ္ဘာတစ်ခုလုံးကို ဘေးဆိုးကြီးကျရောက်စေမယ့်သူ
ယခု ကျူးကျော်လာသည်က သွေးနီတိမ်တိုက်ဂိုဏ်း တစ်ခုတည်းမဟုတ်ပေ။
မျောလွင့်ဝိညာဉ်ကမ္ဘာရှိ ထိပ်သီးသိုင်းဂိုဏ်းကြီး (၂)ခုဖြစ်သော မီးတောက်ဂိုဏ်းနှင့် မိုးကြိုးဂိုဏ်းတို့သည်လည်း ပါဝင်လာကြသည်ပင်။
ပင်မခန်းဆောင်ထဲတွင် နဂိုကပင်တင်းမာနေသောလေထုက ပိုမိုပြင်းထန်လာပြီး အသက်ရှူကြပ်မတတ်ပင် ခံစားရသည်။
အကြီးအကဲတစ်ယောက်က စူးယွင်ကို လှမ်းကြည့်ရင်း...
“မင်းရဲ့ သခင်လေးက သွေးနီတိမ်တိုက်ဂိုဏ်းအပြင် မီးတောက်ဂိုဏ်းနဲ့ မိုးကြိုးဂိုဏ်းကိုလည်း ရန်စခဲ့သေးတာလား”
သွေးနီတိမ်တိုက်ဂိုဏ်းတစ်ခုတည်းရောက်ရှိလာခြင်းမဟုတ်ဘဲ ထိပ်သီးသိုင်းဂိုဏ်းကြီး (၃) ဂိုဏ်းလုံး ပေါင်းစည်းထိုးစစ်ဆင်လာခြင်းက နဂါးစိမ်းတောင်အတွက် အလွန်တရာ ဖိအားကြီးမားသည်။
သွေးနီတိမ်တိုက်ဂိုဏ်း တစ်ဂိုဏ်းတည်းဆိုလျှင် နဂါးစိမ်းတောင်အနေဖြင့် ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်သော်လည်း ၊ ယခုလို ထိပ်သီးသိုင်းဂိုဏ်းကြီး (၃)ဂိုဏ်းလုံးဖြင့် ရင်ဆိုင်ရသည့်အခါ သူတို့အပေါ် ထိုက်စန်းတောင်ကြီး ကျရောက်လာသည့်ပမာ ခံစားကြရသည်။
စူးယွင်က လော့ကျင်းဟောင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
အချိန်အကြာကြီး မျက်မှောင်ကြုတ်နေပြီးမှ လော့ကျင်းဟောင်က...
“ကြည့်ရတာ... သူတို့က ဖီရှိုးကိုလိုချင်တာ မဟုတ်ဘူး ၊ ငါတို့ကိုတိုက်ခိုက်ဖို့ အကြောင်းရှာတာပဲ”
ထိုစကားကိုကြားတော့ အကြီးအကဲ’ချီ’ ၊ အကြီးအကဲ’ထုန်’ နှင့် အခြားသူများအားလုံး စိတ်ထဲတွင် အေးစိမ့်သွားကြသည်။
ထိပ်သီးသိုင်းဂိုဏ်းကြီး (၃) ဂိုဏ်းက ရန်ကျောက်ကဲကို လိုချင်သောကြောင့် တိုက်ခိုက်သည်ဆိုလျှင် ၊ မတတ်နိုင်သည့်အဆုံး သူတို့အနေဖြင့် ထိုသူကိုဖမ်းဆီးပြီး လွှဲပြောင်းပေးလိုက်ရုံသာရှိသည်။
သို့ပေသိ ယခုက ထိုသို့မဟုတ်ပေ။
ထိပ်သီးသိုင်းဂိုဏ်းကြီး (၃) ဂိုဏ်းက နဂါးစိမ်းတောင်ကို တိုက်ခိုက်ရန် အကောက်ကြံခဲ့ကြခြင်းပင်။ ရန်ကျောက်ကဲနှင့် ဖီရှိုးဆိုသည်က နဂါးစိမ်းတောင်ကို တိုက်ခိုက်ရန် အကြောင်းပြချက်တစ်ခုသာ ဖြစ်သည်။
အခြားရှုထောင့်မှကြည့်လျှင် နဂါးစိမ်းတောင်ကိုတိုက်ခိုက်ရန်အတွက် ရန်ကျောက်ကဲကို အကြောင်းပြချက်အဖြစ် ဟန်ဆောင်ဗန်းပြထားခြင်းသာ။
ရန်ကျောက်ကဲနှင့် ပန်ပန်မရှိလျှင်လည်း အခြားအကြောင်းပြချက်တစ်ခုခုဖြင့် ထို (၃) ဂိုဏ်းက နဂါးစိမ်းတောင်ဂိုဏ်းကို တစ်ချိန်မဟုတ်တစ်ချိန် တိုက်ခိုက်လာမည်ဖြစ်သည်။
လေးကိုဆွဲပြီးလျှင် မြားကိုပြန်လည်ရုတ်သိမ်းရန် မဖြစ်နိုင်တော့ပေ။
အကြီးအကဲ’ထုန်’က...
“ငါတို့ ဒီသတင်းတွေ ဘာလို့မရခဲ့တာလဲ ၊ ပြီးတော့ ဂိုဏ်း (၃)ဂိုဏ်း ပူးပေါင်းလှုပ်ရှားတယ်ဆိုရင်... သူတို့ဌာနချုပ်တွေတိုက်ခိုက်ခံရမှာ မကြောက်ကြဘူးလား”
မျောလွင့်ဝိညာဉ်ကမ္ဘာတွင် အမြင့်ဆုံးအဆင့်သားရဲ (၅)ကောင် ရှိလေသည်။
သွေးနှောမီးခြူး ၊ နွေဦးလွမ်းချင်းဇာမဏီငှက်ဖြင့် သွေးနှောထားသော အပြာရောင်ငှက် ၊ မသွေးမနှော ရွှေမျောက်ဝံအစစ် ၊ အစိမ်းရောင်အကြေးခွံနဂါးနှင့် မီးကျီးကန်းတို့ ဖြစ်ကြသည်။
မိုးကြိုးဂိုဏ်းက သွေးနှောမီးခြူး၏ သွေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ယခင်က ဒဏ်ရာရနေသော သွေးနှောမီးခြူတစ်ကောင်ကို မိုးကြိုးဂိုဏ်းက ဖမ်းမိခဲ့သည်။ ထို့နောက်မှာတော့ စွမ်းအားမြင့်မားလွန်းသော မိစ္ဆာသားရဲကြီးသွေးနှောမီးခြူးက လွတ်မြောက်သွားခဲ့ပြီး မိုးကြိုးဂိုဏ်းကို သေလောက်အောင် မုန်းတီးရန်ငြိုးထားလေသည်။
ထို့အတူ မိစ္ဆာ (၃)ပါးထဲမှ “မိုးကြိုးမိစ္ဆာ” သည်လည်း တစ်ချိန်က မိုးကြိုးဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ဖူး၏။ သူက မိစ္ဆာသွေးအကန့်အသတ်ကိုကျော်လွန်သွားခဲ့ပြီး မိစ္ဆာတစ်ပိုင်းကျင့်ကြံသူအဖြစ် ပြောင်းလဲသွားခဲ့သည်။
မိုးကြိုးမိစ္ဆာနှင့် မိုးကြိုးဂိုဏ်းအကြား ဆက်ဆံရေးသည် ဘယ်သောအခါမှ ကောင်းမွန်ခဲ့ခြင်းမရှိပေ။ သားရဲစစ်စစ်ဖြစ်သော သွေးနှောမီးခြူးနှင့်နှင့် မိုးကြိုးမိစ္ဆာတို့က မိုးကြိုးဂိုဏ်းကို တစ်လျှောက်လုံး တိုက်ခိုက်နေခဲ့ကြသည်။
မီးကျီးကန်း၏ သွေးစွမ်းအားကိုတော့ မီးတောက်ဂိုဏ်းက ကံကောင်းစွာပင် ရရှိခဲ့သည်။ သို့သော် မီးကျီးကန်းက မီးတောက်ဂိုဏ်းမှ မိစ္ဆာသွေးကျင့်ကြံသူများနှင့် အဆင်ပြေခြင်း မရှိပေ။
နွေဦးချင်းလွမ်ဇာမဏီငှက်နှင့်သွေးနှောထားသော အပြာရောင်ငှက်၏သွေးစွမ်းအားကိုတော့ သွေးနီတိမ်တိုက်ဂိုဏ်းက ပိုင်ဆိုင်သည်။
ထို့ပြင် မိစ္ဆာ (၃)ပါးထဲမှ ဇာမဏီမိစ္ဆာသည် သွေးနီတိမ်တိုက်ဂိုဏ်းမှ ဆင်းသက်လာသူဖြစ်ပြီး ထိုသူက မိစ္ဆာတစ်ပိုင်းမဖြစ်မီကပင် သွေးနီတိမ်တိုက်ဂိုဏ်းနှင့် အလွန်ဆိုးရွားသော ဆက်ဆံရေးရှိခဲ့သည်။
သို့သော် သွေးနီတိမ်တိုက်ဂိုဏ်းအတွက် ကံကောင်းသည်မှာ သူတို့ သွေးစွမ်းအားရယူထားသော မိစ္ဆာသားရဲ အပြာရောင်ငှက်က သူတို့နှင့် အဆင်ပြေနေခြင်းပင်။ ထိုငှက်သားရဲကို သွေးနီတိမ်တိုက်ဂိုဏ်းက မွေးမြူထားပြီး ဂိုဏ်းထဲတွင်သာ နေထိုင်လေသည်။
ထို့ကြောင့် လုမင်အနေဖြင့် သွေးနီတိမ်တိုက်ဂိုဏ်းမှ ထွက်ခွာလာသည်မှာ ပြဿနာမရှိပေ။ ဇာမဏီမိစ္ဆာက ပြဿနာရှာလျှင်တောင်မှ အပြာရောင်ငှက်က ဂိုဏ်းကို ကာကွယ်ပေးမည် ဖြစ်သည်။
မိုးကြိုးဂိုဏ်းနှင့် မီးတောက်ဂိုဏ်းကတော့ ကန့်သတ်ချက်များ ပိုမိုများပြားသည်။
လော့ကျင်းဟောင်က မချိတင်ကဲဖြင့်...
“ဟက်... သူတို့ (၃) ဂိုဏ်း ပူးပေါင်းကြံစည်နေတာ ဘယ်လောက်ကြာပြီလဲ မသိနိုင်ဘူး ၊ သွေးနီတိမ်တိုက်ဂိုဏ်းက မိုးကြိုးဂိုဏ်းနဲ့ မီးတောက်ဂိုဏ်းကို လှည့်ဖြားဖို့အတွက် လုပ်ဇာတ်တွေထွင်ထားမှာပဲ ၊ ဒါကြောင့် အဲဒီဂိုဏ်းနှစ်ဂိုဏ်းက ငါတို့ကိုတိုက်ခိုက်ဖို့ စိတ်ဝင်စားလာတာ”
အကြီးအကဲ’ချီ’ အလွန်အမင်း မျက်စိမျက်နှာပျက်နေလေသည်။
“မိုးကြိုးမိစ္ဆာနဲ့ သွေးနှောမီးခြူး တိုက်ခိုက်နေကြတယ်ထင်တယ် ၊ ဒါကြောင့် မိုးကြိုးဂိုဏ်း အန္တရယ်ကင်းနေတာပဲ ၊ မဟုတ်ရင် သူတို့ လှုပ်ရှားရဲမှာ မဟုတ်ဘူး ၊ မီးကျီးကန်းကိုလည်း ငါတို့မသိနိုင်တဲ့ အကြောင်းတစ်ခုနဲ့ ထိန်းချုပ်ထားတာ ဖြစ်နိုင်တယ် ၊ ဒါကြောင့် မီးတောက်ဂိုဏ်းကလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားလာတာပဲ”
လော့ကျင်းဟောင် မတ်တတ်ထရပ်လိုက်ပြီး လျှင်မြန်စွာပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
“သာမန်တပည့်တွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ စီစဉ်ပါ ၊ မလိုအပ်ဘဲ အသေပျောက်တွေ မရှိအောင် စီစဉ်ကြ ၊ ပြီးရင် နဂါးအရိုးဆက်ကိုခေါ်ပြီး တိုက်ပွဲအတွက် ပြင်ဆင်ပါ”
လူတိုင်း၏မျက်နှာက တည်ကြည်လေးနက်နေသည်။
ဤတိုက်ပွဲကြီးကို နဂါးစိမ်းတောင်အနေဖြင့် အလွယ်တကူ ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။ သူတို့အနေဖြင့် အချိန်မရွေး ကျရှုံးသွားနိုင်သည်။
သို့သော် နှင်းကြိုးကြာဂိုဏ်းချုပ် ‘စူးယွင်’ က တည်ငြိမ်နေသဖြင့် နဂါးစိမ်းတောင်မှ အကြီးအကဲများ အံ့အားသင့်သွားကြရသည်။
အကြီးအကဲ’ချီ’ က...
“အသိုက်ပြိုရင် ငှက်ဥတွေလည်း ပျက်ဆီးမှာပါပဲဆိုတာ သတိရပါ ‘စူး’ ဂိုဏ်းချုပ်”
စူးယွင်က သိမ်မွေ့စွာပြုံးရင်း...
“ကျွန်မလည်း အဲဒီလိုပဲ ခံစားနေရပါတယ်”
သူမ စကားကိုကြားတော့ အကြီးအကဲများအားလုံး ပို၍ပင် အံ့အားသင့်သွားကြရလေသည်။
***
အနောက်ဘက်ဒေသ။
မိုးကုတ်စက်ဝိုင်းတစ်လျှောက် လွှမ်းခြုံလျှက်ရှိသော သွေးနီရောင်တိမ်တိုက်များက ရုတ်တရက် ရပ်တန့်သွားသည်။
ဆံပင်ဖြူဖြူနှင့်အဘိုးအိုတစ်ယောက်က သွေးနီတိမ်တိုက်များအလယ်တွင်ထိုင်နေပြီး သူ့ပတ်ပတ်လည်တွင် သွေးနီတိမ်တိုက်ဂိုဏ်းမှ အကြီးအကဲများက ဝန်းရံထားကြသည်။
အဘိုးအိုရှေ့တွင် အနီရောင်ဘူးသီးခြောက်တစ်ခုရှိနေပြီး ထိုဘူးသီးခြောက်အတွင်းမှ တိမ်ခိုးတိမ်ငွေ့များ ဖြည်းညင်းစွာထွက်ပေါ်နေကာ ပတ်ဝန်းကျင် တိမ်တိုက်များဖြင့် ပေါင်းစပ်သွားသည်။
အချိန်အတန်ကြာပြီးနောက် ဆံပင်ဖြူအဘိုးအိုက အလွန်အကျွံမဖြစ်အောင် အခြေအနေကို ထိန်းညှိလိုက်ပြီး မှေးမှိတ်ထားသည့် မျက်လုံးများကို ဖွင့်လိုက်သည်။
သူ့မျက်ဝန်းများက အရှေ့ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည့်အခါ ၊ ထိုနေရာတွင် မိုးကြိုးစွမ်းအားများမြင့်တက်လာနေပြီး မိုးခြိမ်းသံများက နားကွဲလုမတတ်ပဲ့တင်ထပ်နေသည်ကို တွေ့ရသည်။
မိုးခြိမ်းသံများနီးကပ်လာသည်နှင့်အမျှ ခရမ်းရောင်မိုးကြိုးတိမ်တိုက်များက ပတ်ဝန်းကျင်သို့လွှမ်းခြုံသွားပြီး လျှပ်စီးများတဖျတ်ဖျတ်လက်နေသည်။
ခရမ်းရောင်မိုးကြိုးတိမ်တိုက်များက သွေးနီရောင်တိမ်တိုက်များနှင့် မျက်နှာချင်းဆိုင်တွင် ရပ်တန့်သွားသည်။
ဆံပင်ဖြူအဘိုးကြီးက ခေါင်းတစ်ချက်ညိတ်ပြီးနောက် မျက်လုံးပြန်မှိတ်လိုက်သည်။
အချိန်အတန်ကြာပြီးနောက်...
မြောက်ဘက်မိုးကုတ်စက်ဝိုင်းဆီမှ တောက်လောင်နေသည့်မီးလျှံများ ထွက်ပေါ်လာသည်။ မီးလျှံများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး မီးတောက်ပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
မီးတောက်ပင်လယ်ထဲမှ မီးကျီးကန်းများစွာ ထွက်ပေါ်လာပြီး မိုးမြေတစ်ခုလုံး မီးလောင်တိုက်သွင်းတော့မည့်အလား ထင်မှတ်ရသည်။ ထိုမီးကျီးကန်းများက သွေးနီရောင်တိမ်တိုက်များနှင့် ခရမ်းရောင်မိုးကြိုးတိမ်တိုက်များထက်ပင် ပိုမိုကြောက်မက်ဖွယ်ရာပင်။
ဆံပင်ဖြူအဘိုးကြီးက မျက်လုံးဖွင့်ကြည့်ရင်း ဖြည်းညင်းသည့်လေသံဖြင့်...
“အခု ဂိုဏ်း (၃) ဂိုဏ်းဆုံပြီဆိုတော့ အားလုံးပေါင်းပြီး လှုပ်ရှားကြရအောင်”
မီးပင်လယ်အတွင်းမှ အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“မတိုက်ခိုက်ခင် ငါတို့ကြားမှာ အရင်ရှင်းလင်းအောင်လုပ်ထားရအောင် ၊ နောက်မှ သဘောထားတွေကွဲလွဲနေရင် နဂါးစိမ်းတောင်ရှေ့မှာ အကုန် ဟာသတွေဖြစ်ကုန်လိမ့်မယ် ၊ ဆိုတော့... အားလုံးက နဂိုက ငါတို့သဘောတူထားတဲ့ အတိုင်းပဲလား”
သွေးနီရောင်တိမ်တိုက်များအလယ်မှ ဆံပင်ဖြူအဘိုးအိုက...
“ဟုတ်ပါတယ် ၊ လူတိုင်း ဖီရှိုးရဲ့ သွေးအနှစ်သာရကို မျှဝေခံစားကြရလိမ့်မယ် ၊ ငါတို့ သွေးနီတိမ်တိုက်ဂိုဏ်းကတော့ ဖီရှိုးကို မွေးမြူထားဖို့ တာဝန်ယူမှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ နဂါးစိမ်းတောင်ဂိုဏ်းရဲ့ အစိမ်းရောင်အကြေးခွံနဂါးသွေးစွမ်းအားနဲ့ သူတို့ရဲ့ ထိပ်တန်းရတနာပစ္စည်းဖြစ်တဲ့ နဂါးအရိုးဆက်ကို ဒီကမိတ်ဆွေများကို ပေးအပ်သွားမှာ ဖြစ်ပါတယ်”
ခရမ်းရောင်မိုးကြိုးတိမ်တိုက်များကြားမှ အသံက...
“ဒါဖြင့် ငါတို့ မိုးကြိုးဂိုဏ်းက နဂါးအရိုးဆက်ကို လိုချင်တယ်”
မီးပင်လယ်အတွင်းမှလည်း အသံက...
“ငါတို့ မီးတောက်ဂိုဏ်းက အစိမ်းရောင်အကြေးခွံနဂါးသွေးစွမ်းအားကို ယူမယ်”
ဆံပင်ဖြူ အဘိုးအိုက...
“ကောင်းပြီ ၊ အနောက်ဘက်ဒေသက နယ်မြေတွေကိုတော့ ငါတို့ (၃) ဂိုဏ်း အညီအမျှ ခွဲဝေယူကြမယ် ၊ အရင်က ငါတို့သဘောတူထားတဲ့အတိုင်းဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး တိုက်ပွဲပြီးတာနဲ့ နဂါးစိမ်းတောင်နဲ့ နှင်းကြိုးကြာဂိုဏ်းကတော့ သမိုင်းထဲကပျောက်ကွယ်သွားရလိမ့်မယ်”
သူက ဆက်ပြောသည်။
“နဂါးစိမ်းတောင်ရဲ့ လက်အောက်ခံ စွမ်းအားစုတွေကတော့ ငါတို့ကို သစ္စာခံရင် ချမ်းသာပေးမယ် ၊ ခုခံသူတွေအကုန် သေရမယ်”
ထို့နောက် သွေးနီရောင်တိမ်တိုက်များ ၊ ခရမ်းရောင်မိုးကြိုးတိမ်တိုက်များနှင့် မီးတောက်ပင်လယ်တို့က ကောင်းကင်ထက်တွင် ပေါင်းစည်းသွားပြီး ကြီးမားသောအဖျက်စွမ်းအားကြီးတစ်ခု ဖြစ်ပေါ်လာကာ အနောက်ဘက်ဆီသို့ ဦးတည်ထွက်ခွာသွားတော့သည်။
စွမ်းအားသုံးရပ်ပေါင်းစည်းမှု၏ အဖျက်တရားအရှိန်အဟုန်က လမ်းတစ်လျှောက်ရှိ ခုခံမှုများအားလုံးကို ပြာအဖြစ် ချက်ချင်းပြောင်းလဲသွားစေသည်။
ရန်သူများကို အဆုံးထိ ကြံ့ကြံ့ခံ တိုက်ခိုက်နေသော နဂါးစိမ်းတောင်မှ တပည့်တစ်ယောက်မှာ သွေးနီတိမ်တိုက်များကြားမှ ထွက်ပေါ်လာသည့် အစိမ်းရောင်အလင်းတန်းကြောင်း ဦးခေါင်းပြတ်တောက်သွားရသည်။
သူတို့အကြား စွမ်းအားကွာခြားမှုကြောင့် ခုခံတိုက်ခိုက်မှုက အချည်းနှီးဖြစ်ခဲ့ရသည်ပင်။
ရန်သူက အင်အားကြီးမားသည်ကို သိရှိရပြီးနောက် ဂိုဏ်းသားအချို့က ပြန်လည်ဆုတ်ခွာကြသလို အချို့က ထွက်ပြေးကြသည်။
သို့သော် ထွက်ပြေးကြသူများထံသို့ ခရမ်းရောင်တိမ်တိုက်များကြားမှ မိုးကြိုးပစ်ချလိုက်ရာ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မရှိ ၊ အခိုးအငွေ့အဖြစ် ပြောင်းလဲသွားကြရသည်။
နှင်းကြိုးကြာဂိုဏ်းမှ တပည့်တစ်ယောက်သည်လည်း ထွက်ပြေးရန်ကြိုးစားစဉ် မီးပင်လယ်ထဲမှ အေးစက်သော နှာမှုတ်သံတစ်သံ ထွက်ပေါ်လာ၏။
“ဟွန်း... ချီစွမ်းအားကျင့်ကြံသူလားကွ...”
ကြီးမားသော မီးစီးကြောင်းကြီးတစ်ခုထွက်ပေါ်လာပြီး နှင်းကြိုးကြာဂိုဏ်းသားကို ထိမှန်သွားကာ ချက်ချင်းပင်ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး အရိုးပင် မကျန်ရစ်ခဲ့တော့ပေ။
ကြီးမားသော အဖျက်စွမ်းအားစီးကြောင်းကြီးသည် အနောက်ဘက်ဒေသနယ်မြေများကို ဖြတ်ကျော်လာပြီး နဂါးစိမ်းတောင်တန်းဆီသို့ ဦးတည်လျှက်ရှိသည်။
သူတို့က နဂါးစိမ်းတောင်ဂိုဏ်းနှင့် နှင်းကြိုးကြာဂိုဏ်းမှ တပည့်များအားလုံးကို တစ်ယောက်မကျန် သတ်ဖြတ်ရန် ဆုံးဖြတ်ထားကြသည်။ အခြားသော ထိပ်တန်းသိုင်းသမားများက သူတို့ကို တားဆီးမည်ဆိုလျှင် ဝိညာဉ်ပင်မကျန်ရစ်အောင် လောင်မြိုက်ခံရပေမည်။
တိုက်ခိုက်ခံရသည့်နေရာတိုင်းတွင် သေမင်းအရိပ်က လွှမ်းခြုံလျှက်ရှိ၏။
“နဂါးစိမ်းတောင်နဲ့ နှင်းကြိုးကြာဂိုဏ်း ၊ မင်းတို့က ငါတို့ မျောလွင့်ဝိညာဉ်ကမ္ဘာတစ်ခုလုံးကို ဘေးဆိုးကြီးကျရောက်အောင် ပြုလုပ်တဲ့လူတွေပဲ ၊ ဒီနေ့ ငါတို့ သိုင်းဂိုဏ်း (၃) ဂိုဏ်းလက်တွဲပြီး လူသားတွေရဲ့အကျိုးအတွက် နဂါးစိမ်းတောင်ဂိုဏ်းကို သုတ်သင်ဖယ်ရှားပစ်မယ် ၊ ငါပြောတာကို ကျန်တဲ့လူတွေရော နားလည်သလား”
ဆံပင်ဖြူအဘိုးအိုက ကြုံးဝါးလိုက်သည်။
ထိုစဉ်...
တိမ်တိုက်များအလယ်တွင် ထိုင်နေကြသည့် သိုင်းဂိုဏ်းကြီး (၃) ဂိုဏ်းမှ ထိပ်တန်းအကြီးအကဲများ၏ မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ချက်လင်းလက်သွားသည်။ သူတို့အားလုံး အလင်းရောင်ထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်ကြ၏။
မိုးကုတ်စက်ဝိုင်းအဝေးတစ်နေရာတွင် ရုတ်တရက် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့ရသည်။
“ဘယ်သူလဲ”
ဆံပင်ဖြူအဘိုးအိုက အေးစက်သည့်လေသံဖြင့် အော်ဟစ်မေးမြန်းလိုက်၏။
တောက်ပနေသောအလင်းတန်းဆီမှ သိမ်မွေ့သောအသံတစ်သံ ထွက်ပေါ်လာသည်။
“ငါလား... ၊ ငါက မင်းတို့ စောစောကပြောနေတဲ့ ဘေးဆိုးကြီးပဲ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာတစ်ခုလုံးကို ဘေးဆိုးကြီး ကျရောက်စေမယ့်သူပဲ”