← Chapters

တစ်သောင်းသုံးထောင်ခြောက်ရာနှစ်ဆယ့်သုံးရက်

Vol. 9 Ch. 801

တစ်သောင်းသုံးထောင်ခြောက်ရာနှစ်ဆယ့်သုံးရက်

Vol. 9 Ch. 801

ကျောက်ရှောင်ယွီထံမှ နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာပြီး ကောင်းကင်တိုင်းပြည်နှင့် ဆန်းလျန်အကြားတွင် ကာကွယ်ပေးထားလိုက်လေသည်။

အလင်းတန်းများက ပါးလျားသည့်တိုင် အိန်ဂျယ်များ၏ တေးသီချင်းသီဆိုနေသံများကို မကြားရအောင် တားဆီးပေးထားလေသည်။

ကျောက်ရှောင်ယွီ၏ နတ်ဘုရားအလင်းတန်းများနှင့် ထိတွေ့မိသည်နှင့် အိန်ဂျယ်များမှာ မျက်လုံးများ မှေးမှိတ်သွားပြီး လှုပ်ရှားမှုများလည်း နှေးကွေးသွားကြသည်။

အားလော်ဟယ်ဆိုသည်က အိန်ဂျယ်များကို ဖန်ဆင်းခဲ့သူတစ်ယောက် ဖြစ်လေသည်။ ထို့ပြင် သူက တာအိုကျင့်ကြံခြင်းအကြောင်းကိုလည်း နားလည်သူဖြစ်လေရာ ကျောက်ရှောင်ယွီ၏ နတ်ဘုရားအလင်းတန်းများက အိန်ဂျယ်များကို ထိခိုက်စေသည်ကို ချက်ချင်းနားလည်လိုက်သည်။

ကျောက်ရှောင်ယွီထံမှ ဖြာထွက်လာသည့်အလင်းတန်းများမှာ ထိုက်ချင်အလင်းတန်းများဖြစ်ပြီး ထိုအလင်းတန်းများက အိန်ဂျယ်များသီဆိုနေသည့် တေးသီချင်းသံက ဆန်းလျန်ကို မထိခိုက်စေရန် ကာကွယ်ပေးထားလေသည်။

အားလော်ဟယ်က ချက်ချင်းပင် ဆန်းလျန်အပေါ်တွင် အာရုံမစိုက်တော့ဘဲ ကျောက်ရှောင်ယွီကို အာရုံစိုက်လိုက်သည်။

ဆန်းလျန်တစ်ယောက်တည်းဆိုလျှင် ရင်ဆိုင်ရန်မခက်ခဲသည့်တိုင် ကျောက်ရှောင်ယွီသာပါလာလျှင်တော့ အားလော်ဟယ်အတွက် ရင်ဆိုင်ရန် ခက်ခဲသွားနိုင်လေသည်။ ကြီးမားသည့် ပြဿနာတစ်ခုပင် ဖြစ်လာနိုင်သည်။

ကျောက်ရှောင်ယွီ၏ ခန္ဓာကိုယ်မှ ထိုက်ချင်တန်ခိုးစွမ်းအားအလင်းတန်းများဖြာထွက်နေပြီး ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့်နတ်ဘုရားများက သူမကို ဝန်းရံထားကြသည်။

ဆန်းလျန်က သူမကို လှမ်းကြည့်လိုက်လေသည်။

သူမသည် ကြည်လင်သည့်ကန်ရေပြင်တွင် ပွင့်လန်းနေသည့် ကြာပန်းလေးအလား သန့်စင်လွန်းလှသည်။ သူမ၏ အလှတရားသည် လောကတွင် ပြိုင်ဘက်မရှိနိုင်ပေ။

ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…

"ကျွန်မ ရှင့်ကို အမြဲတမ်းစောင့်နေခဲ့တာ ၊ ကျွန်မ ဘယ်နေရာဘဲ ရောက်နေရောက်နေ ရှင့်ကို အမြဲတမ်း တွေ့ရဖို့ စောင့်နေခဲ့တာ…"

ဆန်းလျန်ရင်ထဲတွင် အနည်းငယ် တင်းကျပ်သလိုခံစားလိုက်ရပြီး…

"မင်း အကြာကြီး စောင့်နေခဲ့ရတာလား…"

ကျောက်ရှောင်ယွီက…

"သိပ်တော့ မကြာလှပါဘူး ၊ ရက်ပေါင်း တစ်သောင်းသုံးထောင်ခြောက်ရာနှစ်ဆယ့်သုံးရက်ထဲရယ်ပါ…"

နတ်ဘုရားများအတွက် ထိုမျှလောက်အချိန်ကာလကို ကြာသည်ဟု မဆိုသာပေ။

တစ်ကိုယ်တည်း တံခါးပိတ်ကျင့်ကြံလျှင်ပင် ထိုအချိန်ထက်ပိုပြီး ကြာမြင့်နိုင်သေးသည်။

သို့သော်… နေ့ရက်တိုင်း ချစ်ရသူကို လွမ်းဆွတ်နေရသည်ဆိုလျှင်တော့ နေ့ရက် တစ်ရက်သည်လည်း တစ်ကမ္ဘာကြာသည့်အလား ခက်ခဲမည် ဖြစ်လေသည်။

ကျောက်ရှောင်ယွီ သူ့ကို လွမ်းဆွတ်တမ်းတစွာ စောင့်မျှော်နေခဲ့ခြင်းအတွက် ဆန်းလျန် စိတ်မကောင်းဖြစ်မိခြင်း မရှိပေ။ စိတ်မကောင်းဖြစ်ရသည်မှာ ကြာပန်းလေးတစ်ပွင့်အလား လှပသန့်စင်လွန်းသူ ထိုမိန်းမပျိုကို သူ… လုံး၀ မမှတ်မိတော့သောကြောင့် ဖြစ်လေသည်။

ဆန်းလျန်က…

"ကျုပ် မပြောချင်ပေမယ့် ပြောရတော့မှာပဲ ၊ တကယ်တော့ ကျုပ်မင်းကို မမှတ်မိဘူး…"

ကျောက်ရှောင်ယွီက ဆန်းလျန်စကားကြောင့် စိတ်ဆိုးဒေါသထွက်သွားခြင်း မရှိပေ။

သူမက…

"အင်း… ရှင်သိလား ၊ ကျွန်မတို့ ပထမဆုံးအကြိမ်ဆုံတွေ့ခဲ့ကြတုန်းက ရန်သူတွေလိုပဲ ၊ အခု အသစ်က ပြန်စကြတာပေါ့ ၊ ကျွန်မနာမည်က ကျောက်ရှောင်ယွီပါ ၊ ကျောက်ဆိုတာက ကျောက်ယန်ရဲ့ ကျောက်မျိုးနွယ် ၊ ရှောင်ယွီဆိုတဲ့နာမည်ကတော့ မိုးရေစက်လေးတွေလို့ အဓိပ္ပါယ်ရတယ် ၊ ကဲ… ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပေးပြီးသွားပြီ ၊ ဒါပေမဲ့ ရှင်ကတော့ ထပ်မိတ်ဆက်ဖို့မလိုဘူးနော် ၊ ရှင် အမှုံ့ဖြစ်သွားရင်တောင်မှ ရှင်က ဆန်းလျန်ဆိုတာ ကျွန်မ ဘယ်တော့မှ မေ့သွားမှာမဟုတ်ဘူး ၊ အမြဲတမ်း မှတ်မိနေမှာ…"

တွေ့ဆုံခဲ့ဖူးသမျှ မိန်းကလေးများထဲတွင် ကျောက်ရှောင်ယွီက အထူးခြားဆုံးမိန်းကလေးတစ်ယောက်ဖြစ်သည်ဟု ဆန်းလျန် တွေးလိုက်မိသည်။

ထို့ပြင် ထိုမိန်းကလေး သူ့အပေါ်တွင် မည်မျှ မေတ္တာရှိနေသည်ကို တစ်ချက်ကြည့်ရုံမျှဖြင့် ဆန်းလျန် သိလိုက်လေသည်။

သို့သော်… ထိုမိန်းကလေးသည် သူ့ကို မည်မျှမေတ္တာရှိပါစေ တွယ်တာတတ်သူတစ်ယောက်တော့ မဟုတ်ပေ။ သူ့ကို ချစ်လျှက်နှင့် စွန့်လွှတ်ခဲ့ဟန် ရှိလေသည်။

ယခု သူနှင့် ပြန်လည်ဆုံတွေ့ခွင့်ရပြန်တော့လည်း သူမသည် အလွန်ပျော်ရွှင်နေဟန် ရှိလေသည်။

အတိတ်တစ်ချိန်က သူနှင့်ကျောက်ရှောင်ယွီ မည်သို့ ပတ်သက်ခဲ့ကြသည်ကို ဆန်းလျန် မမှတ်မိတော့ပေ။ သို့သော်… သေချာသည့်အချက်တစ်ခုမှာ ရေမြေဆုံးစေဦးတော့ ဆန်းလျန်သည်လည်း ထိုမိန်းကလေးကို မည်သည့်နည်းနှင့်မှ မုန်းရက်မည်မထင်ပေ။

ဆန်းလျန်တွေးနေစဉ်မှာပင်…

ကျောက်ရှောင်ယွီ၏ ရယ်သံလွင်လွင်လေး ထွက်ပေါ်လာလေသည်။

ဆန်းလျန်က…

"မင်း ဘာရယ်တာလဲ…"

ကျောက်ရှောင်ယွီက…

"ကျွန်မ ရှင့် မျက်နှာလေးကိုများ ထိကိုင်ကြည့်လို့ရနိုင်မလား…"

ဆန်းလျန်က…

"မရဘူး…"

ကျောက်ရှောင်ယွီက ဆန်းလျန်၏ စကားကို အလေးမထားဘဲ ဆန်းလျန်၏ ပါးပြင်ကို အသာထိကိုင်ရန် ကြိုးစားလိုက်သည်။

ဆန်းလျန်က အလင်းတန်းတစ်ခုဖန်ဆင်းကာ ကျောက်ရှောင်ယွီ သူ့ကို ထိကိုင်၍မရအောင် တားဆီးထားလိုက်သည်။

ဆန်းလျန်မျက်နှာကိုထိ၍မရတော့သည့်အခါ ကျောက်ရှောင်ယွီက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ထူးဆန်းလိုက်တာ ၊ ရှင်ပြောတော့ အစစ်ဆေးခံရမှုတွေနဲ့ ဘေးအန္တရယ်တွေအားလုံးကို အဆုံးသတ်ခဲ့တာကို သက်သေပြခဲ့သလေး ဘာလေးနဲ့ ၊ အခုတော့ အရင်ကပုံစံနဲ့ ဘာမှလည်းမထူးပါလားနော်…"

ဆန်းလျန်က စိတ်ရှုတ်ထွေးသွားဟန်ဖြင့်…

"မင်း ဘာတွေပြောနေတာလဲ…"

ကျောက်ရှောင်ယွီက…

"ဟို ဖန်ဆင်းရှင်အဘိုးကြီးလိုတော့ ရှင် အူကြောင်ကြောင် မလုပ်နဲ့နော်…"

ဆန်းလျန်က…

"မင်း ဘာတွေပြောနေမှန်း ကျုပ် တကယ်မသိတာပါ ၊ ကျုပ် အတိတ်မေ့နေတာ…"

ကျောက်ရှောင်ယွီက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

"ကျွန်မဖန်ဆင်းထားတဲ့ ကိုယ်ခွဲတစ်ခုကနေတစ်ဆင့် ရှင်တစ်ခုခုဖြစ်နေတယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ် ၊ ဟို အဘိုးကြီးကို မောင်းထုတ်ပြီးသွားရင် ရှင့်ကို ကျွန်မ ကူညီပေးပါ့မယ်…"

သူမ၏ ဖန်ဆင်းခံကိုယ်ခွဲတစ်ခုဖြစ်သည့် ကြာပန်းဖြူထံမှ ဆန်းလျန် တစ်စုံတစ်ခု ဖြစ်နေသည်ကို ကြိုတင် သိရှိခဲ့ပြီး ဖြစ်လေသည်။ ယခု ဆန်းလျန်က အတိတ်မေ့နေသည်ဟု ဆိုလေသောအခါ သူမ အံ့သြခြင်း မရှိတော့ပေ။

ထို့ပြင်… တန်ခိုးစွမ်းအားများ ကင်းလွတ်ရာ ကမ္ဘာမြေသည် ဆန်းလျန်နှင့် တစ်ခုခု ပတ်သက်မှုရှိရမည်ဟု ကျောက်ရှောင်ယွီ တွေးလိုက်မိသည်။

ဖြေရှင်းစရာကိစ္စများ ဖြေရှင်းပြီးလျှင် ဆန်းလျန်ကို ထိုနေရာသို့ ခေါ်သွားမည်ဟု ကျောက်ရှောင်ယွီ ဆုံးဖြတ်လိုက်သည်။ ခွန်လွန်တေင်ပေါ်သို့ ဆန်းလျန်ကို ခေါ်သွားနိုင်လျှင် ဆန်းလျန်ကို ရှုတ်ထွေးစေသည့် အကြောင်းအရာအတော်များများကို ဖြေရှင်းနိုင်လိမ့်မည်ဟု သူမက တွေးထင်မိသည်။

ဆန်းလျန်က…

"အားလော်ဟယ်ကိုကြည့်ရတာ တစ်ခုခု ဖြစ်နေသလိုပဲ ၊ တကယ်တော့ ကျုပ်သူ့ကို တစ်ချက်တောင် မတိုက်ခိုက်ရသေးဘူး…"

ကောင်းကင်၏အနောက်ဘက်တွင် အဖြူရောင်ဝတ်ရုံရှည်ကြီးကိုဝတ်ဆင်ထားသည့် အားလော်ဟယ် မတ်တတ်ရပ် နေလေသည်။

သူ၏ ဦးခေါင်းနောက်မှ အဖြူရောင်အလင်းတန်းများ ဖြာလင်းနေပြီး ထိုအလင်းတန်းများသည် နေရာင်ခြည်နှင့်ပေါင်းစပ်သွားသည့်အခါ သက်တံ့ရောင်တောက်ပနေလေ၏။

ကျောက်ရှောင်ယွီက အားလော်ဟယ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး…

"သူ ဘာဖြစ်တာလဲဆိုတာ ကျွန်မသိတယ်…"

ပြောပြီးသည်နှင့် ကျောက်ရှောင်ယွီက ထိုက်ချင်အလင်းတန်းများကိုထိုးဖောက်ကာ အားလော်ဟယ်ကို စကားလှမ်းပြောလိုက်သည်။

"ရှင့်ရဲ့မြားမှန်တဲ့ဒဏ်ရာ မပျောက်သေးဘူးမဟုတ်လား…"

အားလော်ဟယ် မြားဒဏ်ရာရခဲ့သည့်အကြောင်းကို ကျောက်ရှောင်ယွီ သိထားလေသည်။

အဘယ်ကြောင့်ဆိုသော်… လီအော့နျိုက သူ့အိပ်မက်ထဲတွင် မြင်တွေ့ခဲ့သမျှကို ကျောက်ရှောင်ယွီကို ပြောပြခဲ့သည်။

ထိုအခါ ကျောက်ရှောင်ယွီက လီအော့နျို၏လေးညှို့ကို အာရုံခံကြည့်လိုက်ရာ ထိုလေးကို အသုံးပြုပြီး ဆန်းလျန်က အားလော်ဟယ်ကို မြားဖြင့်ပစ်ခတ်ခဲ့ဖူးသည်ကို သိရှိလိုက်ရလေသည်။

အားလော်ဟယ်က သူ… မြားဒဏ်ရာ ရရှိထားသည့်အကြောင်းကို ကျောက်ရှောင်ယွီ သိနေလိမ့်မည်ဟု မျှော်လင့်မထားမိပေ။

အားလော်ဟယ်က တအံ့တသြဖြင့် ဆန်းလျန်ကို လှမ်းကြည့်လိုက်လေသည်။ ဆန်းလျန် ဘယ်တုန်းက ကျောက်ရှောင်ယွီကို ပြောပြထားခဲ့ပါသနည်း။

ထိုအချိန်မှာပင်…

ကျောက်ရှောင်ယွီက လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရာ သူမ၏ လက်ပေါ်တွင် လေးတစ်လက် ပေါ်လာလေသည်။ သူမက ထိုလေးညှို့ကို ဆန်းလျန်ဆီသို့ ကမ်းပေးလိုက်သည်။

ထိုလေးညှို့ကိုတွေ့လိုက်ရသည်နှင့် အားလော်ဟယ်မှာ ကျောရိုးတစ်လျှောက်အေးစိမ့်သွားသည်အထိ ကြောက်ရွံ့သွားမိလေသည်။

အတိတ်တစ်ချိန်မှ အကြောင်းအရာများကို ပြန်စဉ်းစားကြည့်လိုက်မိလျှင်…

ထိုအချိန်တုန်းက… နက်မှောင်ထက်ရှသည့် မြားတစ်စင်းသည် ကောင်းကင်တိုင်းပြည်အထိ ရောက်ရှိလာခဲ့ပြီး သူ့ကို ပလ္လင်ထက်မှ ပြုတ်ကျအောင် ပစ်ခတ်နိုင်ခဲ့လေသည်။

ထို့ကြောင့်ပင်… သူ၏ ထာဝရတည်ရှိခြင်းပျက်စီးသွားပြီး လူ့လောကသို့ ဆင်းသက်လာခဲ့ရခြင်း ဖြစ်သည်။

ကျောက်ရှောင်ယွီ၏လက်ထဲမှ နတ်ဘုရားအလင်းတန်းများတောက်ပနေသည့် လေးညှို့ကို ဆန်းလျန် လှမ်းယူလိုက်သည်။

ထိုလေးညှို့ဆီမှ ထူးဆန်းသည့်အငွေ့အသက်များထွက်ပေါ်နေပြီး ဆန်းလျန်မှာ ထိုလေးညှို့နှင့် အနည်းငယ်ရင်းနှီးနေသလို ခံစားလိုက်ရသည်။ လေးညှို့မှ လေးကြိုးသည် ဆန်းလျန်ကို နှုတ်ဆက်သည့်အလား တစ်ချက်တုန်ခါသွားလေသည်။

ကျောက်ရှောင်ယွီက ဆန်းလျန်ကိုလှည့်ကြည့်လိုက်ရင်း…

"ဒီလေးညှို့က လေးသည်တော်တာ့ယိရဲ့ နေမင်းဖြိုခွင်းလေးညှို့ပဲ ၊ ရှင် အဲဒီလေးညှို့နဲ့ အားလော်ဟယ်ကို ပစ်ခဲ့တာလေ ၊ မှတ်မိသေးလား…"

ဆန်းလျန်က ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး…

"မမှတ်မိတော့ဘူး…"

ကျောက်ရှောင်ယွီက…

"အခု လေးကို တင်ကြည့်ပါဦး ၊ ပစ်နိုင်ဦးမလားလို့…"

သို့သော်… ဆန်းလျန်က မပြုလုပ်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏တန်ခိုးစွမ်းအားများက လေးညှို့ကိုဆွဲနိုင်မည်မဟုတ်ကြောင်း သိရှိနေသည့်အတွက် ဖြစ်လေသည်။ ပြီးတော့ သူက လေးသည်တော်တစ်ယောက်မှ မဟုတ်ပေပဲ။

ယခင်က သူသာ တကယ်တမ်း ဤလေးညှို့ကို ပစ်ခတ်ခဲ့ဖူးသည်ဆိုလျှင် သူသည် အဘယ်မျှ ကြံ့ခိုင်ပြီး တန်ခိုးစွမ်းအား မြင့်မားလွန်းခဲ့ပါသနည်း။ ဆန်းလျန် သံသယများစွာဖြင့် စဉ်းစားနေမိလေသည်။

သူသည် ယခုအချိန်တွင် ထိပ်တန်းအဆင့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သို့သော်… အတိတ်တစ်ချိန်က သူသည် ယခုအချိန်ထက်ပိုပြီး များစွာသာလွန်သည်မှာ ထင်ရှားနေသည်။

ကျင့်ကြံသူတစ်ယောက်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးရန် တွန့်ဆုန်နေခြင်းသည် ရှုံးနိမ့်ခြင်းပင် ဖြစ်လေသည်။ ယခု လေးညှို့ကိုတင်ရန် တွန့်ဆုတ်နေမိသည်ကို ကြည့်ခြင်းအားဖြင့် သူသည်လည်း အရှုံးဘက်သို့ ဦးတည်နေပြီ ဖြစ်လေသည်။

အမှန်တော့….

လက်ရှိအချိန်တွင် သူ၏ ကျင့်ကြံခြင်းများမှာလည်း တဖြည်းဖြည်းဆုတ်ယုတ်လာသည်ကို သူကိုယ်တိုင် သတိပြုခဲ့မိလေသည်။

သို့သော်… လူတစ်ယောက်သည် မိမိကိုယ်ကို တိုးတက်လာသည် ၊ ဆုတ်ယုတ်လာသည်ကို သိရှိနားလည်နေသရွေ့ အခြေအနေများကို ပြုပြင်ပြောင်းလဲနိုင်မည် ဖြစ်လေသည်။ ဆန်းလျန်အနေဖြင့် အချိန်လွန်သွားခြင်း မရှိသေးပေ။

ထို့ပြင်… ဆန်းလျန်၏ ကျင့်ကြံခြင်းများ ဆုတ်ယုတ်လာသည်ဆိုဦးတော့ သိသိသာသာကြီး ဆုတ်ယုတ်နေခြင်း မဟုတ်ပေ။ မသိမသာဖြင့် ဖြည်းဖြည်းချင်း ကျဆင်းနေခြင်းမျှသာ ဖြစ်လေသည်။

တစ်ချိန်က အားလော်ဟယ်ကို လေးနှင့်ခွင်းခဲ့သူမှာ 'ဆန်းလျန်' ဆိုသည့် သူကိုယ်တိုင် အမှန်ဖြစ်ခဲ့လျှင် ယခုတော့ အဘယ့်ကြောင့် အားလော်ဟယ်ကို လေးနှင့်မခွင်းနိုင်ရပါတော့သနည်း။

ကျောက်ရှောင်ယွီပြောသည့်စကားနှင့် လက်ရှိသူ့အခြေအနေသည် ဆန့်ကျင်လျှက် ရှိပေပြီ။

သို့ရာတွင်… ကျောက်ရှောင်ယွီ၏ စကားကြောင့်သာ အဓိကသော့ချက်တစ်ခုကို သူ့ခေါင်းထဲတွင် တွေးလိုက်မိခြင်း ဖြစ်သည်။

အားလော်ဟယ်ကတော့ အားလော်ဟယ်ပီသလွန်းသည်။

အစပိုင်းတွင် ကြောက်ရွံ့သွားမိသော်လည်း ယခုတော့ ကြောက်ရွံ့ခြင်း မရှိတော့ပေ။ အကြောက်တရားကို ကျော်လွန်နိုင်ခဲ့ပြီဖြစ်သည်။

အားလော်ဟယ်ထံမှ တန်ခိုးစွမ်းအားများထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး လွှမ်းခြုံသွားလေသည်။

အားလော်ဟယ်၏ တန်ခိုးစွမ်းအားများကြောင့် ကျောက်ရှောင်ယွီဖန်ဆင်းထားသည့် ရွှေရောင်ဝတ်ရုံနှင့်နတ်ဘုရားများအားလုံး မြူမှုံတစ်စပင်မကျန်အောင် ပျက်စီးပျောက်ကွယ်သွားသည်။

အားလော်ဟယ်၏ ပြိုင်ဘက်ကင်းသည် တန်ခိုးစွမ်းအားများသည် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီကို ဘက်ပေါင်းစုံမှ ဖိနှိပ်ထားလေသည်။ သူတို့အတွက် လွတ်မြောက်ရန်လမ်းစ မရှိတော့ပေ။

အားလော်ဟယ်က သူတို့ (၂)ယောက်ကို စကားဆက်မပြောတော့ဘဲ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ဆန်းလျန်နှင့်ကျောက်ရှောင်ယွီကို တိုက်ခိုက်ခြင်းအားဖြင့် အားလော်ဟယ်တွင် ဆုံးရှုံးမှုအနည်းငယ်ရှိနိုင်သော်လည်း အရေးမစိုက်တော့သလို တုံ့ဆိုင်းနေခြင်းလည်း မရှိတော့ပေ။

ဆန်းလျန်မှာ အားလော်ဟယ်၏ တန်ခိုးစွမ်းအားအစစ်အမှန်ကို ရင်ဆိုင်လိုက်ရသည်နှင့် ကြီးမားသည့် ဖိအားကြီးတစ်ခု သူ့ထံသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။

ဆန်းလျန်၏လက်ထဲမှ ကျန်းဝူမရဏဓားက တုန်လှုပ်နေလေသည်။ ကျန်းဝူမရဏဓားမှာ တိုက်ခိုက်ရန်ဆန္ဒပြင်းပြနေသလို အနည်းငယ်လည်း မကျေမနပ်ဖြစ်နေဟန်ရှိသည်။

ဆန်းလျန်၏ ဝိညာဉ်စွမ်းအားများသည် အစွန်းဆုံအထိကြည့်လင်နေပြီး တာအိုတန်ခိုးစွမ်းအားများက ထင်ရှားပြတ်သားနေလေသည်။ သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးမှ မိုးမြေစွမ်းအားများမြင့်တက်လာပြီး အားလော်ဟယ်၏ တန်ခိုးစွမ်းအားများကို ခုခံတားဆီးထားလိုက်သည်။

သူ၏တစ်ကိုယ်လုံးသည် တောင်တစ်တောင်အလား ခိုင်ခံ့ပြီး ပင်လယ်တစ်ခုအလား နက်ရှိုင်းလွန်းသည်။ သူသည် မည်သည့်နည်းနှင့်မှ ပြိုလဲသွားမည့် နတ်ဘုရားတစ်ပါး မဟုတ်ပေ။

သူသည် အတိတ်တစ်ချိန်က မည်မျှ တန်ခိုးစွမ်းအားကြီးမားခဲ့ပါစေ လက်ရှိအချိန်တွင် ကြောက်မက်ဖွယ်ရာကောင်းနေဆဲ 'ဆန်းလျန်' သာ ဖြစ်လေသည်။

ကျောက်ရှောင်ယွီကလည်း အားလော်ဟယ်ကို ကြောက်ရွံ့ခြင်း မရှိပေ။ သူမက အားလော်ဟယ်ကိုပင် ရှာဖွေချင်နေမိသူ ဖြစ်လေသည်။ ယခုတော့ သူမ၏ ထိုက်ချင်တန်ခိုးစွမ်းအားများကို အသုံးပြုကာ အားလော်ဟယ်ကို သူမအကြောင်း ပြသခွင့်ရပေတော့မည်။

အားလော်ဟယ်ဆိုသည်က လော်ဝါဒ၏ ရန်သူတစ်ယောက်ဖြစ်နေသည် မဟုတ်ပါလား။ သူမ တန်ခိုးစွမ်းအားများ ကင်းလွတ်ရာ ကမ္ဘာမြေတွင် သွားရောက်ပုန်းအောင်းနေရသည့်အကြောင်းရင်းမှာ အားလော်ဟယ်ကို ကြောက်ရွံ့ခဲ့ရသောကြောင့် ဖြစ်လေသည်။

ယခုတော့ အခြေအနေများက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

***

All Chapters