← Chapters

ဓားသိုင်းက အမြစ်ပြတ်သုတ်သင်ပစ်လိမ့်မယ်

Vol. 9 Ch. 802

ဓားသိုင်းက အမြစ်ပြတ်သုတ်သင်ပစ်လိမ့်မယ်

Vol. 9 Ch. 802

ကျောက်ရှောင်ယွီက ကျက်သရေရှိလှသည့် ခြေလှမ်းများဖြင့် အားလော်ဟယ်ရှိရာသို့ လျှောက်လှမ်းသွားလေသည်။

သူမသည် မိန်းကလေးတစ်ယောက်ဖြစ်သည့်တိုင် အားနည်းသူတစ်ယောက် မဟုတ်ပေ။

ကောင်းကင်ထက်တွင် အားလော်ဟယ်နှင့် ကျောက်ရှောင်ယွီ မျက်နှာချင်းဆိုင် ရပ်နေကြသည်။ ဆန်းလျန်ကတော့ ကျောက်ရှောင်ယွီ၏ နောက်နားတွင် ရပ်နေကာ အခြေအနေကို အကဲခတ်နေလေသည်။

အားလော်ဟယ်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း ပေါ့ပါးသည့်လေသံဖြင့်…

"လော်ဝါဒရဲ့ဆရာသခင်ကို ကျုပ်သတ်လိုက်တုန်းက ဒီနေ့မှာ ဒီလိုကံတရားမျိုးနဲ့ရင်ဆိုင်ရမယ်ဆိုတာ ကြိုမသိခဲ့ဘူး ၊ သိခဲ့ရင် အစောကြီးကတည်းက မင်းကို ကြိုပြီးရှင်းပစ်ခဲ့မှာပဲ…"

အားလော်ဟယ်ပြောသည့်စကားမှာ အမှန်ပင် ဖြစ်သည်။

ကျောက်ရှောင်ယွီက တစ်ချက်ပြုံးလိုက်ရင်း...

"ဒီနေ့ ကျွန်မရဲ့အောင်မြင်မှုတွေကို အားလော်ဟယ်ရှေ့မှာ ပြသခွင့်ရတာ ထူးခြားတဲ့ အခွင့်အရေးတစ်ခုပါပဲ ၊ ကံကြမ္မာက ကျွန်မကို မျက်နှာသာပေးတယ်ထင်ပါရဲ့ရှင်…"

အားလော်ဟယ်က...

"မင်းကို ကံကြမ္မာက မျက်နှာသာပေးတယ်ဆိုရင်တောင် ဒီနေ့ အဆုံးသတ်သွားပါပြီလေ ၊ မင်း ကျုပ်ကို နိုင်မှာ မဟုတ်ပါဘူး…"

"ရှင့် ဒဏ်ရာမှ မပျောက်သေးတာ ၊ ပြီးတော့ သူကလည်း အံ့သြစရာတွေ လုပ်ပြမှာပေါ့…"

ကျောက်ရှောင်ယွီက သူမ၏ ကျောက်စိမ်းရတနာအလား လှပလွန်းသည့် လက်ချောင်းလေးများဖြင့် ဆန်းလျန်ကို ညွှန်ပြရင်းပြောလိုက်သည်။

အားလော်ဟယ်က ပြုံးလိုက်ရင်း…

"သူက ထူးခြားတာတော့ အမှန်ပါပဲ ၊ ဒါပေမဲ့ ခုန ကျုပ်မြင်လိုက်ရသလောက်တော့ သူက လေးညှို့ကိုတောင် မတင်နိုင်တော့ဘူး ၊ ပြီးတော့ သူ့လက်ထဲမှာ အဲဒီလေးစုတ်နဲ့ ဓားစုတ်ရှိနေလည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး…"

ကျောက်ရှောင်ယွီက ပြုံးရုံသာပြုံးနေပြီး မည်သည့်စကားမှ ဆက်မပြောတော့ပေ။

လူအများက ဆန်းလျန်ကို သူမထက်ပိုတော်သည်ဟု အမြဲတမ်း ပြောဆိုကြလေသည်။ ထိုသို့ ထင်မှတ်နေကြလျှင်လည်း ဘာဖြစ်သေးလဲ…။

ယနေ့တော့ အားလော်ဟယ်ကို တစ်ယောက်တည်းရင်ဆိုင်ပြကာ သူမ ဘယ်လောက်တော်ကြောင်း သက်သေပြလိုက်မည်။

ကျောက်ရှောင်ယွီက ဆန်းလျန်ကို ကြည့်လိုက်ရင်း…

"အရင်တုန်းက ရှင် ကျွန်မကို အများကြီး ကူညီခဲ့ဖူးတယ် ၊ ဒါပေမဲ့ ဒီနေ့တော့ ကျွန်မကို အားလော်ဟယ်နဲ့ ရင်ဆိုင်ခွင့်ပေးပါ ၊ ဟုတ်ပြီလား…"

ကျောက်ရှောင်ယွီက လှပလွန်းသည့်မျက်ဝန်းလေးများဖြင့် ဆန်းလျန်ကို ရွှန်းရွှန်းစားစားကြည့်နေလေသည်။ ရင်ကိုထိရှစေသည့်အကြည့်များဖြင့် သူ့ထံမှ ခွင့်ပြုချက်တောင်းဆိုနေသူလေးကို ဆန်းလျန် အဘယ်သို့ ငြင်းပယ်နိုင်ပါမည်နည်း။

ထို့ပြင် ကျောက်ရှောင်ယွီ၏ တောင်းဆိုမှုမှာလည်း သူ့အတွက် အကျိုးယုတ်စရာ တစ်ချက်မှ မပါလေရာ လက်မခံနိုင်စရာ အကြောင်းမရှိပေ။

နတ်ဘုရားတစ်ပါး ထိပ်တန်းအဆင့်ရောက်လာလေလေ ကန့်သတ်ချက်များမှ ကျော်လွန်သွားနိုင်လေလေ ဖြစ်လေသည်။

ထို့ပြင် ဆန်းလျန်အနေဖြင့် ကျောက်ရှောင်ယွီမှာ ခေသူတစ်ယောက် မဟုတ်မှန်း သိထားလေသည်။

ဆန်းလျန်၏ ကြည်လင်နေသည့်တာအိုစိတ်အာရုံထဲတွင် ကျောက်ရှောင်ယွီသည် အားလော်ဟယ်ကို ကောင်းကောင်းရင်ဆိုင်နိုင်မည်ဟု ယုံကြည်နေလေသည်။

စောစောက သူမ ဖွင့်လှစ်ခဲ့သည့် နတ်ဘုရားနယ်မြေသည် ထူးခြားဆန်းကျယ်လွန်းသည်ကိုလည်း ဆန်းလျန် တွေ့မြင်ခဲ့လေသည်။ ထိုနတ်ဘုရားနယ်မြေမှ ထူးခြားသည့်တန်ခိုးစွမ်းအားများကို ဆန်းလျန်ခံစားလိုက်ရပြီး ကျောက်ရှောင်ယွီသည် ကောင်းကင်အသစ်ကိုဖွင့်လှစ်နိုင်မည့် နတ်ဘုရားတစ်ပါး ဖြစ်သည်မှာ သံသယဝင်စရာ မရှိပေ။

ကျောက်ရှောင်ယွီမှာ ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံထားသူဖြစ်လေရာ တာ့လော်အဆင့် မရောက်သေးသည့်တိုင် တာ့လော်အဆင့်နတ်ဘုရားတစ်ပါးအလား တန်ခိုးစွမ်းအားများ မြင့်မားနေလေသည်။

ထို့ပြင် ကျောက်ရှောင်ယွီဖြစ်နေသည့်အတွက်သာ ထိုက်ချင်တာအိုကျမ်းကို ယခုကဲ့သို့ လျှင်လျှင်မြန်မြန် ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်လေသည်။

ထို့ပြင် သူမ ဤလောကသို့ ရောက်ရောက်ချင်းမှာပင် ရက်စက်ကြမ်းကြုတ်ပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များ ဖြင့်ပြည့်ဝနေသည့် ရွှီချင်းဟွမ်ကို သတ်ဖြတ်ကာ ယာဇ်ပူဇော်လိုက်လေသည်။ ထို့ကြောင့်လည်း သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ နေ့ချင်းညချင်း မြင့်တက်သွားရခြင်းဖြစ်သည်။

ထိုသို့ပြုလုပ်လိုက်သည့်အတွက် သူမဘက်မှ ပေးဆပ်ရမှုများလည်း ရှိခဲ့ပါသည်။ သို့သော်လည်း ဤလောကတွင် ဆန်းလျန်နှင့် ပြန်လည်ဆုံတွေ့ရသည့်အတွက် မည်သည့်အရာများပေးဆပ်ရပါစေ တန်သည်ဟု သူမက ယူဆထားလေသည်။

အားလော်ဟယ်နှင့် ကျောက်ရှောင်ယွီ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြလေသည်။

အားလော်ဟယ်၏ မျက်ဝန်းများဆီမှ ခမ်းနားသည့် အငွေ့အသက်များ ထွက်ပေါ်လျှက်ရှိလေသည်။ မိုးနှင့်မြေတွင် သူသည် တစ်ပါးတည်းသော ဖန်ဆင်းရှင် ဖြစ်လေသည်။

ကျောက်ရှောင်ယွီ၏ မျက်ဝန်းများထဲတွင်တော့ တာအိုမဟာလမ်းစဉ်ကို တွေ့မြင်နေရလေသည်။ သူမ၏မျက်ဝန်းများသည် နားမလည်နိုင်လောက်အောင်နက်ရှိုင်းသည့် အဆုံးမဲ့ အမှောင်ထုအလား ဖြစ်လေသည်။

အားလော်ဟယ်၏ မျက်ဝန်းများသည် သူမ၏ မျက်ဝန်းများကို လွှမ်းမိုးနိုင်စွမ်း မရှိခဲ့ပေ။

ကျောက်ရှောင်ယွီ၏ အကြည့်များထဲတွင် အားနည်းချက်တစ်ခုတစ်လေကိုပင် မတွေ့မြင်ရပေ။

တိုက်ပွဲကိုကြည့်နေကြသည့် နတ်ဘုရားများမှာလည်း အနည်းငယ် တုန်လှုပ်သွားကြလေသည်။

အားလော်ဟယ်ဆိုသည်က ထိပ်တန်းအဆင့် တန်ခိုးရှင်တစ်ယောက် ဖြစ်လေသည်။ လက်ရှိအချိန်တွင် လူ့လောကသို့ ရောက်ရှိနေသည့်တိုင် တန်ခိုးစွမ်းအားများကတော့ မြင့်မားနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူတို့၏စိတ်ထဲတွင် ကျောက်ရှောင်ယွီသည် အားလော်ဟယ်ကို အနိုင်ယူနိုင်မည်မဟုတ်ဟု တွေးထင်ထားခဲ့ကြလေသည်။

သို့သော်… ယခု ကျောက်ရှောင်ယွီ၏ မျက်ဝန်းများကို တွေ့မြင်လိုက်ရသည့်အခါ သူတို့ အထင်နှင့်အမြင်မှားပြီးကို သိလိုက်ကြရသည်။

ထို့ပြင် သူမ၏နံဘေးတွင်လည်း ခန့်မှန်းရခက်လှသည့် ဆန်းလျန်ကဲ့သို့သော နတ်ဘုရားတစ်ပါး ရှိနေလေသည်။ ဆန်းလျန်နှင့် သူမသာ ပူးပေါင်းလိုက်လျှင် အားလော်ဟယ်ကို အနိုင်တိုက်ခိုက်နိုင်ခြင်း မရှိလျှင်တောင်မှ တိုက်ပွဲအတွင်းမှ ဒဏ်ရာအနာတရမရှိ လှလှပပ ဆုတ်ခွာသွားနိုင်မည် ဖြစ်လေသည်။

နတ်ဘုရားများသည် အတွေးပေါင်းများစွာဖြင့် အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်အကဲခတ်နေကြလေတော့သည်။

အားလော်ဟယ်၏ တည်ငြိမ်သည့်လေသံက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ ကောင်းကင်တိုင်းပြည်တစ်ခုလုံး၏ ဘုန်းတန်ခိုးသည် အားလော်ဟယ်နှင့် တစ်သားတည်း ပေါင်းစပ်သွားသည်။

သူသည် တစ်ယောက်တည်းဖြစ်သလို သူတစ်ယောက်တည်းကပဲ အယောက်ပေါင်းတစ်သောင်းလည်း ဖြစ်တည်နိုင်သည်။

ကျောက်ရှောင်ယွီ၏ မျက်ဝန်းထဲတွင်ပင် သူသည် အတိုင်းအဆမရှိ စွမ်းအားကြီးမားလွန်းသူ ဖြစ်လေသည်။

"မင်းနဲ့ကျုပ် တိုက်ခိုက်ကြတာပေါ့ ၊ မင်းက တောင်ကိုဖြိုပြီး ပင်လယ်ကိုခမ်းချောက်စေနိုင်တဲ့အစွမ်းတွေ ရှိပါလိမ့်မယ် ၊ လောကကြီးတစ်ခုလုံးကိုလည်း ဖျက်ဆီးနိုင်စွမ်း ရှိချင်ရှိလိမ့်မယ် ၊ ဒီတိုက်ပွဲမှာ မင်းနိုင်ချင်လည်းနိုင်မယ် ၊ ရှုံးချင်လည်းရှုံးမယ် ၊ ဒါပေမဲ့ မင်းကိုကျုပ် အခွင့်အရေးတစ်ခုပေးမယ် ၊ တိုက်ခိုက်မယ့်နေရာနဲ့ အချိန်ကို မင်းဘက်က ရွေးခြယ်ပါ…"

ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း...

"ဒီနေရာမှာ အခုပဲတိုက်ခိုက်မယ်...."

သူမ၏ စကားပြောဟန်မှာ ကောင်းကင်အလားကျယ်ပြန့်လှပြီး ဆုံးဖြတ်ချက်ခိုင်မာသည့်ဟန် အပြည့်နှင့် ဖြစ်လေသည်။

အားလော်ဟယ်က အတိုင်းအဆမရှိ တန်ခိုးစွမ်းအားမြင့်မားသည့်တိုင် ကျောက်ရှောင်ယွီကလည်း လျှော့တွက်ရမည့်လူတစ်ယောက်တော့ မဟုတ်ပေ။

တောင်နှင့်မြစ်ရေ ၊ လောကကြီးတစ်ခုလုံး ပျက်စီးဦးတော့ တာအိုမဟာလမ်းစဉ်ကတော့ မည်သည့်အခါမှ ပျက်ဆီးမည် မဟုတ်ပေ။

ကျောက်ရှောင်ယွီသည် ထိုက်ချင်တာအိုကျမ်းကို အမှန်တကယ်နားလည်ထားသူ ဖြစ်သည်။

မိုးနှင့်မြေ ၊ စကြာဝဠာတစ်ခုလုံးတွင် မရေမတွက်နိုင်အောင် များပြားလှသည့် နိယာမတရားများရှိလေသည်။ ကျင့်ကြံသူတစ်ယောက် တစ်ဘဝလုံး လေ့လာမည်ဆိုလျှင်တောင် သိရှိရန် ခဲယဉ်းသည့် နိယာမတရားများ ဖြစ်လေသည်။

သို့သော်… ထိုက်ချင်တာအိုကျမ်းကတော့ ထိုနိယာမတရားများအားလုံး၏ အဖြေကို ရှင်းလင်းစွာ သိမြင်စေလေသည်။

ထို့ကြောင့်… ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံခဲ့သူ ကျောက်ရှောင်ယွီအနေဖြင့် မိုးမြေနိယာမတရားများအားလုံးကို တန်ခိုးစွမ်းအားအဖြစ် ပြောင်းလဲ အသုံးပြုနိုင်လေသည်။

သို့သော်… ထိုသို့အသုံးပြုနိုင်စွမ်းမှာ အကန့်အသတ်ရှိနေဆဲဖြစ်သည်။ ထိုသို့ဖြစ်ရသည်မှာ သူမ၏ ကျင့်ကြံမှု မှားယွင်းသောကြောင့် မဟုတ်ပေ။ သူမ၏ တန်ခိုးစွမ်းအားက အကန့်အသတ်ရှိနေသေးသောကြောင့် ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ… ဤလောကမှ နတ်ဘုရားများကို သွေးပျက်သွားစေရန် သူမ၏တန်ခိုးစွမ်းအားများက လုံလောက်လေသည်။

သို့ရာတွင်… ထိုသို့ ကျင့်ကြံနိုင်ခဲ့သည့်အတွက် သူမ ပျော်ရွှင်ခြင်း မဖြစ်မိပေ။

အဘယ်ကြောင့်ဆိုသော် ဆန်းလျန်ကြောင့် ဖြစ်လေသည်။ ဆန်းလျန်သည် သူရင်မဆိုင်နိုင်သည့် ဘေးအန္တရယ်ဆိုးကြီးတစ်ခုကို ကြုံတွေ့ခဲ့ရဟန် ရှိလေသည်။ ထို့ကြောင့် အတိတ်မေ့နေခြင်း ဖြစ်ဟန်တူလေသည်။ သူမသည် ဆန်းလျန်အတွက် ပူပန်နေမိလေသည်။

ထိုအချိန်မှာပင်…

အားလော်ဟယ်က စတင်တိုက်ခိုက်လိုက်သည်။

စပြီးပဲတိုက်တိုက် နောက်မှပဲတိုက်တိုက် တိုက်ပွဲကတော့ တိုက်ပွဲပင် ဖြစ်သည်။ ထို့ပြင် အားလော်ဟယ်ဆိုသည် စိတ်ခံစားချက်မရှိသည့် တည့်ထိုးသမားတစ်ယောက် ဖြစ်လေသည်။

အားလော်ဟယ်၏ လက်ချောင်းများက အလွန်သွယ်လျလှပလေသည်။ ဓားကိုင်လျှင်ဖြစ်စေ ၊ စန္ဒရားတီးလျှင်ဖြစ်စေ အလွန်သင့်တော်မည့် လက်မျိုးပင်။ သို့ပေမဲ့… ယခု စတင်တိုက်ခိုက်လိုက်သည့်အချိန်တွင် သူ့လက်ထဲတွင် မည်သည့်လက်နက်ကိုမှ ကိုင်ဆောင်ထားခြင်း မရှိပေ။

သူက လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ခြင်းမျှသာ ဖြစ်သည်။

သို့သော်… မိုးကောင်းကင်တစ်ခုလုံး ပြိုကျသွားသည့်အလား ခံစားလိုက်ရသည်။

လောကတစ်ခုလုံးသည် အားလော်ဟယ်၏လက်ထဲတွင် မုန်ညင်းစေ့လောက်လည်း သေးငယ်နိုင်သလို ရွှီးမီစန်းတောင်လောက်လည်း ကြီးမားလာနိုင်လေသည်။

အားလော်ဟယ်သည် ကျောက်ရှောင်ယွီကို လက်ဝါးရိုက်ချက်ဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေသည့်တိုင် ကျောက်ရှောင်ယွီကတော့ မပြေင်းမလဲ ကြံ့ကြံ့ခံ ရပ်တည်နေဆဲ ဖြစ်လေသည်။

သူမသည် လှောင်အိမ်ထဲတွင် ပိတ်မိနေပြီး အားလော်ဟယ်၏ တိုက်ခိုက်မှုများမှ မလွတ်မြောက်နိုင်တော့မည့်အလား ထင်မှတ်ရသည်။

သို့သော်… ကျောက်ရှောင်ယွီက ကြောက်ရွံ့ဟန် တစ်စက်ကလေးမှ မပြခဲ့ပေ။

သူမ၏နောက်ဘက်တွင် သူမဖန်ဆင်းထားသည့် နတ်ဘုရားနယ်မြေထွက်ပေါ်လာပြီး တုန်လှုပ်ဖွယ်ရာ စွမ်းအားအပြည့်ဖြင့် ပေါက်ကွဲထွက်သွားလေသည်။ ထို့နောက် စကြာဝဠာထဲမှ နဂါးငွေ့တန်းထွက်ပေါ်လာလေသည်။ နဂါးငွေ့တန်းသည် ကြီးမားကျယ်ပြန့်လွန်းလှလေသည်။ တစ်ချိန်တည်းမှာပင် အလွန်လည်း သေးငယ်သွားပြန်သည်။

နဂါးငွေ့တန်းသည် တောက်ပလင်းလက်နေပြီး အလင်းရောင်က အဆုံးမရှိပေ။

မပြောင်းလဲနိုင်သည့် ထာဝရနိယာမတရားတစ်ခု နဂါးငွေ့တန်းဆီမှ ထွက်ပေါ်လာလေသည်။

ထိုအရာသည် အလွန်မှ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာဖြစ်ပြီး စကားလုံးများနှင့်ပင် ဖော်ပြနိုင်ခြင်း မရှိပေ။

ဆန်းလျန်က လက်ထဲတွင် ကျန်းဝူဓားကိုကိုင်ထားပြီး တိုက်ပွဲကို တိတ်တဆိတ်ကြည့်နေလေသည်။

ကြီးမားလွန်းသည့် ပေါက်ကွဲမှုကြီးကြောင့် သူ့ခန္ဓာကိုယ်ပင် တစ်စစီဖြစ်သည်အထိ လောင်ကျွမ်းသွားနိုင်လေသည်။ သို့သော်… သူ့ နှလုံးသားထဲမှ ဓားပေါင်းများစွာ ထွက်ပေါ်လာပြီး သူ့ကို ကာကွယ်ပေးထားလိုက်လေသည်။ သူသည် ဓားသိုင်းကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။

သို့သော်… သူ့နှလုံးသားထဲမှ ရုတ်တရက် စီးဆင်းထွက်ပေါ်လာသည့် ဓားတန်ခိုးစွမ်းအားများသည် ဓားနတ်ဘုရားတစ်ပါးဖြစ်လာရန်ပင် လုံလောက်နေလေသည်။

ကျန်းဝူမရဏဓားသည်ပင်လျှင် တစ်ချက်တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။

ဆန်းလျန်ကတော့ သူ့ထံတွင် ဓားတန်ခိုးစွမ်းအားများ အဘယ့်ကြောင့် ရှိနေရသည်ကို စဉ်းစားမနေတော့ပေ။ အဘယ်ကြောင့်ဆိုသော်… သူက အတိတ်မေ့နေသူတစ်ယောက် မဟုတ်ပါလား။

သူ၏တာအိုစိတ်အာရုံထဲတွင်…

အတွေးမရှိ ၊ ဆန္ဒမရှိ ၊ လှုပ်ရှားမှုမရှိ ၊ တည်ရှိမှု မရှိ...။

သူ့အတွက် မည်သည့်အရာကမှ ထူးဆန်းခြင်းမရှိ…။

ထိုအချိန်မှာပင်…

သူ၏စိတ်အာရုံထဲတွင် ဓားနတ်ဘုရားတစ်ပါး ပေါ်လာလေသည်။

ထိုဓားနတ်ဘုရား၏ မျက်ခုံးများက ဓားသွားသဏ္ဍန်ထက်ရှနေပြီး မျက်ဝန်းများက ကြယ်စင်အလား လင်းလက်နေလေသည်။

"ဂိုဏ်းတူညီလေး ၊ မင်းရင်ထဲမှာ မကျေနပ်ရင် အရက်သောက်လိုက်ရင် သက်သာသွားမယ် ၊ ဒါပေမဲ့ လောကကြီးရဲ့ တရားမမျှတမှုတွေကိုတော့ ဓားသိုင်းက အမြစ်ပြတ်သုတ်သင်ပစ်လိမ့်မယ်…"

ဓားနတ်ဘုရားသည် ထိုစကားပြောပြီးသွားသည်နှင့် ချက်ချင်းပြန်လည် ပျောက်ကွယ်သွားလေသည်။

ထိုသူ မည်သူလဲ…။ ဆန်းလျန်မမှတ်မိတော့ပေ။

သူ့စိတ်အာရုံထဲတွင်ပေါ်လာသူသည် တစ်ချိန်က သူ၏ဂိုဏ်းတူအစ်ကိုချန်ကျန့်မေဖြစ်သည်ကို ဆန်းလျန် သိရှိခြင်း မရှိတော့ပေ။

ဆန်းလျန် ချက်ချင်းပင် အစစ်အမှန်လောကသို့ ပြန်လည်ရောက်ရှိလာပြီး အားလော်ဟယ်နှင့် ကျောက်ရှောင်ယွီ တိုက်ခိုက်နေသည်ကို ပြန်လည်အာရုံစိုက်လိုက်သည်။

အားလော်ဟယ်နှင့် ကျောက်ရှောင်ယွီ၏ လက်ဖဝါးများ ရိုက်ခတ်မိသွားကြသည်။ ထိတ်လန့်ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများက အဆုံးမရှိ ထွက်ပေါ်လာလေသည်။

သို့သော်… သူတို့ (၂)ယောက်စလုံးက ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားများကို ပြန်လည်ထိန်းသိမ်းလိုက်နိုင်ကြသည့်အတွက် ပတ်ဝန်းကျင်ကို ထိခိုက်ခြင်း မရှိခဲ့ပေ။

မဟုတ်ပါက ဘုရင့်နေပြည်တော်တစ်ခုလုံး ပြာကျသွားလောက်ပေ၏။

***

All Chapters