← Chapters

ခြိမ်းခြောက်မှု

Vol. 9 Ch. 803

ခြိမ်းခြောက်မှု

Vol. 9 Ch. 803

ဆန်းလျန်က စိတ်အာရုံထဲတွင် ရုတ်တရက်ပေါ်လာသည့် ဓားသွားပုံသဏ္ဍန်မျက်ခုံးများကိုပိုင်ဆိုင်သော ဓားနတ်ဘုရား၏ စကားများကို စဉ်းစားနေမိသည်။

"ရင်ထဲမှာ မကျေနပ်ရင် အရက်သောက်လိုက်ရင် သက်သာသွားမယ် ၊ ဒါပေမဲ့ လောကကြီးရဲ့ တရားမမျှတမှုတွေကိုတော့ ဓားသိုင်းက အမြစ်ပြတ်သုတ်သင်ပစ်လိမ့်မယ်…"

အမှန်ပင် ရင်ကိုထိရှစေသည့်စကားဖြစ်သလို ဓားသိုင်း၏ အနှစ်သာရများနှင့် ပြည့်နေသည့် စကားတစ်ခွန်းလည်း ဖြစ်လေသည်။

အားလော်ဟယ်၏ မျက်နှာက တည်ကြည်လေးနက်နေသည်။ သူ၏လက်ချောင်းများသည် ကံကြမ္မာကကြိုးကို ဆွဲကိုင်ဆော့ကစားနေသည့်အလား အနည်းငယ် ကွေးနေလေ၏။

ထိုလက်ချောင်းများကို ရှောင်တိမ်းရန် ကျောက်ရှောင်ယွီ မည်သို့မှ မတတ်နိုင်ပေ။

ကျောက်ရှောင်ယွီ အသုံးပြုထားသည့် မိုးမြေနိယာမတရားများသည် တဖြည်းဖြည်း ပြိုကွဲစ ပြုနေပြီ ဖြစ်လေသည်။ သူမ ဖန်ဆင်းထားသည့် နတ်ဘုရားနယ်မြေသည် စကြာဝဠာတစ်ခုလုံးမှ တန်ခိုးစွမ်းအားများကို စုပ်ယူနေသည့်တိုင် တဖြည်းဖြည်း ပြိုလဲကျနေပြီ ဖြစ်လေသည်။

သူမဆီမှ မိုးကြိုးစွမ်းအားများထွက်ပေါ်နေပြီး အားလော်ဟယ်ကို ခုခံတိုက်ခိုက်နေလေသည်။

ကျောက်ရှောင်ယွီ မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။

အားလော်ဟယ်၏ တန်ခိုးစွမ်းအားများက အဆုံးမရှိပေ။ သို့သော်… သူမကတော့ တန်ခိုးစွမ်းအားများ အားလုံးနီးပါးကို အသုံးပြုထားရပြီ ဖြစ်သည်။ ယခုတော့ အားလော်ဟယ်သည် သူမရင်ဆိုင်နိုင်မည့်လူမျိုးမဟုတ်ကြောင်း သဘောပေါက်စပြုလာခဲ့ပြီ။

သူမက ထိုက်ချင်တန်ခိုးစွမ်းအားများကို အဆုံးစွန်ထိ မြှင့်တင်လိုက်သည်။ သို့တိုင်အောင်… အားလော်ဟယ်၏ အနည်းငယ်ကွေးထားသည့် လက်ချောင်းများအတွင်းမှ ရုန်းထွက်နိုုင်ခြင်း မရှိသေးပေ။

ကျောက်ရှောင်ယွီ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သူမသာ တာ့လော်အဆင့် နတ်ဘုရားတစ်ပါးဆိုလျှင်တော့ အခြေအနေက တစ်မျိုးဖြစ်ချင်ဖြစ်ပေလိမ့်မည်။ သို့သော်… သူမသည် တာ့လော်အဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။

ကျောက်ရှောင်ယွီ ခံစစ်ဘက်သို့ကျသွားသည့်အချိန်မှာပင်…

ဆန်းလျန်က ကျန်းဝူမရဏဓားကို အသာဆွဲထုတ်လိုက်သည်။

ရုတ်တရက်…

အချိန်စီးဆင်းမှုက ပြောင်းလဲသွားသည့်အလားခံစားလိုက်ရပြီး ဓားရောင်သည် နွေဦးလေပြေအလား ဖြည်းဖြည်းချင်း လင်းလက်ထွက်ပေါ်လာလေသည်။ ဓားရောင်သည် ညအမှောင်တွင်ထွန်းလင်းသည် ကြယ်စင်နှင့်လရောင်များထက်ပင် တောက်ပနေသည်။

အလွန်မှ လှပပြီး တန်ခိုးစွမ်းအားမြင့်မားသည့် ဆန်းလျန်၏ ဓားဝိညာဉ်ကို အားလော်ဟယ်က တစ်ချက်လှမ်းကြည့်လိုက်သည်။

တည်ငြိမ်ပြီး ယိမ်းယိုင်ခြင်းမရှိသည့် အာေးလာ်ဟယ်၏ စိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွားလေသည်။ သူသည် ဆန်းလျန်၏ ဓားဝိညာဉ်ကို မချီးကျူး ၊ မအံ့သြဘဲ မနေနိုင်ပေ။

နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့်အတွေ့အကြုံများအရ သူ့ဘဝတွင် ဓားနတ်ဘုရားပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။

သို့သော်… ဆန်းလျန်၏ နွေဦးလေပြေအလား ဖြည်းဖြည်းချင်းလင်းလက်နေသည့် ဓားဝိညာဉ်နှင့် ယှဉ်ပြိုင်နိုင်သူ အနည်းငယ်သာ ရှိလေသည်။

ထို့ပြင် ဆန်းလျန်၏ ဓားဝိညာဉ်သည် လောကကိုအဆုံးသတ်စေနိုင်လောက်သည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်နေခြင်းမရှိဘဲ ငြိမ်ချမ်းတည်ငြိမ်ခြင်းကို ကိုယ်စားပြုသည်။ တာအိုတရားနှင့် တစ်သားတည်းပေါင်းစည်းနေသည့်အလား ထင်မှတ်ရသည်။

တိုက်ပွဲကိုကြည့်နေကြသည့် နတ်ဘုရားများမှာ ဆန်းလျန်၏ဓားကိုတွေ့သည်နှင့် ခေါင်းများကိုခါယမ်းလိုက်ကြပြီး မချိပြုံးများ ပြုံးလိုက်မိကြသည်။

ဆန်းလျန်ဆိုသူသည် မတတ်သည့်ပညာရော ရှိပါသေးရဲ့လား။ သူ၏တန်ခိုးစွမ်းအားများသည် အဆုံးရော ရှိပါရဲ့လား။

သူ၏ဓားသွားသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးကိုပင် ထိတ်လန့်စေရန်လုံလောက်သည် မဟုတ်ပါလား။

ဆန်းလျန်၏ ဓားသည် စကြာဝဠာတစ်ခုလုံးမှ တန်ခိုးစွမ်းအားများ ပါဝင်နေခြင်းမရှိသလို မိုး ၊ မြေ ၊ တောင် ၊ ရေ ၊ မီး ၊ လေ နှင့် မိုးကြိုးများကဲ့သို့ တန်ခိုးစွမ်းအားများလည်း ရှိမနေပေ။

ထိုဓားသည် ဓားတစ်လက်သာဖြစ်လေသည်။

တာအိုနှင့်ဘက်ညီနေသည့် ဓားတစ်လက်သာ ဖြစ်လေသည်။

မရဏဓားတစ်လက်သည် ထိပ်တန်းအဆင့်သို့ ရောက်ရှိသွားသည့်အခါ သတ်ဖြတ်ခြင်းအငွေ့အသက်များမရှိတော့ဘဲ ဓား၏အနှစ်သာရသာ ကျန်ရှိတော့သည်။

ဓားကိုင်ကိုင်ထားသည့်အချိန်မှာပင်… ဆန်းလျန်ကိုယ်တိုင်၌ အတွေးမရှိ ၊ ဆန္ဒမရှိ ၊ လှုပ်ရှားမှုမရှိ…။

မည်သည့်အရာမှ မရှိ။ သူကိုယ်တိုင်လည်းမရှိ…။ အရာအားလုံးသည် အနတ္တသာဖြစ်လေသည်။

ဆန်းလျန်၏လက်ထဲတွင်ကိုင်ထားသည်မှာ ကျန်းဝူမရဏဓားမဟုတ်ဘဲ မိုးမခသစ်ကိုင်းတ်စခု ၊ မြက်ရိုင်းပင်တစ်ခု ဖြစ်နေလျှင်တောင်မှ ဆန်းလျန်ပိုင်ဆိုင်သည့် ဓားသိုင်းအနှစ်သာရနှင့် တန်ခိုးစွမ်းအားက ပြောင်းလဲသွားမည် မဟုတ်ပေ။

ဆန်းလျန်၏ ဓားကိုတွေ့လိုက်သည်နှင့် အားလော်ဟယ်က ကျောက်ရှောင်ယွီကို တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်သည်။ သူ၏လက်ချောင်း (၁၀)ချောင်းသည် စန္ဒရားတီးနေသည့်အလား အနည်းငယ်ကွေးနေပြီး လောကတစ်ခုလုံး၏ အစနှင့်အဆုံး ဖြစ်တည်မှုတရားများကို တီးခတ်နေသည့်အလား ဖြစ်လေသည်။ လေကကြီး မမွေးဖွားမီ လောကကြီးကို တည်ဆောက်နေသည့်အချိန်… အတွေးတစ်ခုမှသည် ထာဝရဖြစ်တည်မှုဆီသို့ ဦးတည်နေသည့်အလား ဖြစ်လေသည်။

နွေဦးလေပြေအလား တဖြည်းဖြည်းတောက်ပလသည့် ဆန်းလျန်၏လက်ထဲမှ ဓားရောင်က ဆက်လက်တောက်ပလာခြင်း မရှိတော့ပေ။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် မမြင်ရသည့် ဝဲဂယက်များ လှိုင်းထလာသည်။

တစ်ချိန်တည်းမှာပင်… ဓားအလင်းရောင်က တဖြည်းဖြည်း မှေးမှိန်သွားပြီး ဓားသွားသည်လည်း ကွယ်ပျောက်သွားတော့မည့်အလား ထင်မှတ်ရသည်။

ဆန်းလျန်၏ စိတ်ထဲတွင် ဝမ်းနည်းမှုကိုမခံစားရသလို ဝမ်းသာမှုကိုလည်း မခံစားရပေ။ သူ၏စိတ်သည် တာအို၏ လုံးဝဥသုံလွတ်လပ်ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေလေသည်။

သူ၏ဓားသိုင်းသည် လက်ရှိအချိန်တွင် ထိုက်ယီထျန်းရှန်းအဆင့်လည်းမဟုတ်သလို တာ့လော်အဆင့်လည်း မဟုတ်ပေ။ တာအိုဆရာသခင်ကြီးတစ်ပါး၏ အဆင့်လည်း မဟုတ်ပေ။

သို့သော်… စကြာဝဠာတစ်နေရာတွင် ကဗျည်းတင်ထားသည့် ထင်ရှားသည့်အမှတ်အသားတစ်ခုအလား ဖြစ်လေသည်။ မည်သည့်အခါမှ ပျောက်ပျက်နိုင်မည် မဟုတ်ပေ။

မည်သည့် ဓားနတ်ဘုရားမှ ထိုဓားကို ယှဉ်နိုင်မည် မဟုတ်ပေ။ လောကတစ်ခုလုံး ပျက်စီးသွားစေဦးတော့ ၊ မရှိမှုတရားများ ကြီးဆိုးသွားစေဦးတော့… ထိုဓားကတော့ ကျွင်းကျန်ရစ်မည် ဖြစ်လေသည်။

ဓားရောင်ပျောက်ကွယ်လုနီးပါးအချိန်တွင် ဆန်းလျန်က ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။

စီးဆင်းနေသည့်ရေပြင်အလား… ဓားရောင်လက်ခနဲတစ်ချက် ထွက်ပေါ်လာလေသည်။

ထို့နောက်… ဓားဝိညာဉ်သည် အားလော်ဟယ်၏ လည်ပင်းဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

အားလော်ဟယ်သည် တန်ခိုးစွမ်းအားမြင့်မားလွန်းသူဖြစ်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တန်ခိုးစွမ်းအားများဖြင့် ကာကွယ်ထားလိုက်သည်။ သို့သော်… ဓားဝိညာဉ်က တန်ခိုးစွမ်းအားများအားလုံးကို ထိုးဖောက်ဝင်ရောက်သွားပြီး အားလော်ဟယ်၏ လည်ပင်းထက်တွင် ဓားဒဏ်ရာတစ်ချက် ပေါ်လာလေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းခန့်က မြားချက်ပြီးလျှင် ယခု ဒုတိယအကြိမ် အားလော်ဟယ်ကို ဒဏ်ရာရအောင် ပြုလုပ်နိုင်သည့် ဓားချက်ပင် ဖြစ်လေသည်။

ဓားသိုင်းကို အသုံးပြုပြီးသည်နှင့် ထိုမျှ အံ့သြစရာကောင်းသည့်ဓားသိုင်းကို သူ့ဘဝတွင် နောက်တစ်ကြိမ် အသုံးပြုနိုင်ပါဦးမည်လားဟူ၍ ဆန်းလျန်ကိုယ်တိုင်ပင် သူ့ကိုယ်သူ သံသယဝင်သွားမိသည်။

သူအသုံးပြုလိုက်သည့် ဓားသိုုင်းသည် သာမန်ဓားသိုင်းမျှသာဖြစ်သည်။ သို့သော်… အချိန်မှန် နေရာမှန် ထုတ်ဖော်အသုံးပြုလိုက်နိုင်သည်က အားသာချက်ဖြစ်ခဲ့သည်။

သို့သော်… စိတ်မကောင်းစရာအချက်မှာ အားလော်ဟယ်ကို လုံး၀ အပြတ်ရှင်းနိုင်ခဲ့ခြင်း မရှိပေ။

အားလော်ဟယ်သည် ရပ်နေရာမှ ချက်ချင်းပျောက်ကွယ်သွားလေသည်။ သူ မည်သည့်နေရာသို့ ထွက်ခွာသွားသည်လဲ မည်သူမှ မသိနိုင်ပေ။ သဲလွန်စမကျန် ထွက်ခွာသွားပြီ ဖြစ်လေသည်။

ဓားရောင်သည် ရန်သူကို ရှာဖွေနေသည့်အလား လေထုထဲတွင် လင်းလက်လျှက်ရှိနေသေးသည်။

အားလော်ဟယ် မည်သည့်နေရာသို့ ထွက်ခွာသွားသည်ကို သဲလွန်စမရတော့သည့်အတွက် ဆန်းလျန် စိတ်ပျက်သွားရသည်။

သူအကောင်းဆုံး ကြိုးစားပါသော်လည်း ပြိုင်ဘက်က လွတ်မြောက်သွားသည့်အခါ မည်သူမဆို စိတ်ပျက်လက်ပျက် ဖြစ်မည်ကတော့ အမှန်ပင်ဖြစ်သည်။

ကျောက်ရှောင်ယွီကတော့ ထိုသို့ဖြစ်လာမည်ဟု ကြိုတင်ခန့်မှန်းထားမိခဲ့ဟန်တူသည်။

သူမ၏လက်ထဲတွင် ချက်ချင်းပင် ကြာပန်း (၃)ပွင့်ထွက်ပေါ်လာပြီး တန်ခိုးစွမ်းအားများက ကြာပန်း (၃)ပွင့်အတွင်းသို့ စီးဝင်သွားလေသည်။ ထို့နောက် ကြာပန်းများအတွင်းမှ ထိုက်ချင်အင်းသင်္ကေတ ထွက်ပေါ်လာလေသည်။

ထိုက်ချင်အင်းသင်္ကေတသည် အဖြူရောင်နှင့်အနက်ရောင် ထိုက်ချိယင်ယန်သင်္ကေတအဖြစ်ပြောင်းလဲသွားပြီး ကျောက်ရှောင်ယွီ၏ လက်ထဲတွင် လှည့်ပတ်နေလေသည်။

မိုးနှင့်မြေ၏ မူလစွမ်းအားများဖြစ်သည့် ယင် နှင့် ယန်…။

ယင်စွမ်းအားက နူးညံ့သိမ်မွေ့ပြီး ယန်စွမ်းအားကတော့ မာကျောခက်ထန်သည်။

ချက်ချင်းပင် ထိုက်ချိယန်ယန်သင်္ကေတသည် လေထုတစ်ခုလုံးကို ဆွဲညှစ်လိုက်ပြီး ရှည်လျားသည့် လမ်းမကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ထိုလမ်းမကြီးမှာ အားလော်ဟယ်၏ ကံကြမ္မာလမ်းပင် ဖြစ်လေသည်။

အားလော်ဟယ်ကဲ့သို့ တန်ခိုးစွမ်းအား ထိပ်တန်းအဆင့်ရှိသူတစ်ယောက်ပင်လျှင် ထိုက်ချင်အင်းသင်္ကေတမှ တန်ခိုးစွမ်းအားများကို တွန်းလှန်နိုင်ခြင်း မရှိပေ။

လောကတွင် ထိုက်ချင်တာအိုဆရာသခင်ထက် တန်ခိုးစွမ်းအားမြင့်မားသူ မည်သူမှ မရှိပေ။ နောင်လည်း ရှိလာနိုင်မည် မဟုတ်ပေ။

ကျောက်ရှောင်ယွီ၏ အကူအညီဖြင့် ဆန်းလျန်သည် အားလော်ဟယ်၏ တည်နေရာကို သိရှိလိုက်ရလေသည်။ သို့သော်… သူ့အနေဖြင့် စောစောကအသုံးပြုခဲ့သည့် ဓားသိုင်းမျိုးကို ထပ်မံအသုံးပြုရန်မှာ မဖြစ်နိုင်တော့ပြီ။

ထို့ကြောင့် … သူသည် ကျောက်ရှောင်ယွီဘေးသို့ လျှောက်လာကာ ကျောက်ရှောင်ယွီနှင့် ဘေးချင်းယှဉ်ပြီး ရပ်နေလိုက်သည်။ သို့သော်… ဓားကိုတော့ အသုံးမပြုတော့ပေ။

ဆန်းလျန်၏ ဓားသည်ငြိမ်သက်နေပြီး လူကလည်း အေးဆေးတည်ငြိမ်နေလေသည်။ မျက်ဝန်းများက နူးညံ့နွေးထွေးနေပြီး စူးရှထက်မြက်ခြင်း အလျဉ်းမရှိတော့ပေ။

သူသည် ဝက်သစ်ချပင်တစ်ပင်အလား မြင့်မားခိုင်မာပြီး သူ၏ဘေးမှ ကျောက်ရှောင်ယွီကတော့ လဲမှို့ပင်တစ်ပင်အလား သွယ်လျသန့်စင်လွန်းသည်။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ၏ တန်ခိုးစွမ်းအား (၂)ခု ပေါင်းစပ်မှုကို မည်သည့်အရာကမှ တွန်းလှန်နိုင်မည် မဟုတ်ပေ။

အားလော်ဟယ်သည် ကံကြမ္မာလမ်းထက်တွင် လက်နှစ်ဖက်နောက်ပစ်ကာ မတ်တတ်ရပ်နေလေသည်။ ရှည်လျားသည့်ကံကြမ္မာလမ်းက မြစ်တစ်စင်းအလား စီးဆင်းနေလေ၏။ မိုးနှင်မြေရှိ သက်ရှိများအားလုံး၏ ကံကြမ္မာ အနိမ့် အမြင့်အတက်အကျများအားလုံးကို လက်ခံရယူထားသည့်အလားပင် ဖြစ်သည်။

အားလော်ဟယ်က…

"မင်းကို ခုချိန်ထိ မယှဉ်နိုင်သေးပါလားကွာ ၊ ဒါပေမဲ့ ကံဆိုးတာက ကျုပ်က သိပ်ပြီး စိတ်မရှည်တတ်ဘူး ၊ ဒီတော့ မင်းတို့နဲ့ဆက်ပြီး တိုက်ခိုက်ကြတာပေါ့…"

ကျောက်ရှောင်ယွီက ရယ်မောလိုက်ရင်း…

"ဟိုက တာအိုမိတ်ဆွေက ထိုက်ချင်တာအိုဆရာသခင်ရဲ့ အမွေဆက်ခံသူပဲ ၊ မင်း ငါ့ကို မကူညီဘူးဆိုရင် ထိုက်ချင်တာအိုကျမ်းကို အားလော်ဟယ်ကို ပေးပစ်လိုက်မယ်…"

ကျောက်ရှောင်ယွီ၏ စကားကိုကြားသည်နှင့် ယင်ရှန်းကျွင်း၏ မျက်နှာမှာ ဖုံးဖိမရလောက်အောင် ရှုံ့မဲ့သွားလေသည်။ သူ့ဘဝတွင် ထိုသို့ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ခံရခြင်းမျိုးကို တစ်ခါမှ မခံခဲ့ရဖူးပေ။

သူက စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားကာ စဉ်းစားကြည့်လိုက်သည်။

ထိုမိန်းကလေးသည် တကယ်ပင် ထိုက်ချင်တာအိုကျမ်းကို  အားလော်ဟယ်ကို ပေးလိုက်နိုင်လေသည်။ထိုအခါ သူ့အနေဖြင့် မျှော်လင့်ချက် လုံးဝရှိတော့မည် မဟုတ်ပေ။

သို့သော်… အားလော်ဟယ်ကို တိုက်ခိုက်ရန်မှာတော့ ဘုရင်ရှစ်ပါးနန်းတော်မှ ရွှမ်တုတောက်ကျွင်းကိုယ်တိုင် ရောက်လာလျှင်ပင် မဖြစ်နိုင်သည့်ကိစ္စ ဖြစ်လေသည်။

သို့သော်… ထိုက်ချင်တာအိုကျမ်းသာ အားလော်ဟယ်လက်ထဲရောက်ရှိသွားပါက သူ့အနေဖြင့် မည်သည့်အခါမှ ထိုကျမ်းစာကို ရယူနိုင်တော့မည် မဟုတ်ပေ။

သို့သော်… ဤမိန်းကလေးနှင့် ပူးပေါင်းရန်မှာလည်း ကြားမြီးပြေးဆွဲသလို ဖြစ်ပေမည်။

ယင်ရှန်းကျွင်း ချီတုံချတုံဖြစ်နေစဉ်မှာပင် ကျောက်ရှောင်ယွီက တစ်ချက်ပြုံးလိုက်ရင်း…

"မင်းဆီမှာ ထိုက်ချင်တာအိုဆရာသခင်ရဲ့ ရတနာပစ္စည်းတစ်ခုရှိနေတာ ငါသိတယ်နော် ၊ သူများတွေကို ဖုံးကွယ်ထားချင် ထားလို့ရမယ် ၊ ငါ့ကိုတော့ ဖုံးကွယ်ထားလို့ရမှာမဟုတ်ဘူး ၊ မင်း ငါ့ကို မကူညီဘူးဆိုရင် ထိုက်ချင်တာအိုကျမ်းကို အားလော်ဟယ်ကို တကယ်ပေးပစ်လိုက်တော့မှာနော် ၊ အားလော်ဟယ်သာ ထိုက်ချင်တာအိုကျမ်းကို ရသွားလို့ကတော့ ဘုရင်ရှစ်ပါးနန်းတော်က ထိုက်ချိယင်ယန်ပန်းချီကား ပိုင်ရှင်ပြောင်းသွားလိမ့်မယ်…"

***

All Chapters