← Chapters

အနိုင်မခံအရှုံးမပေး

Vol. 9 Ch. 804

အနိုင်မခံအရှုံးမပေး

Vol. 9 Ch. 804

"ထိုက်ချင်တာအိုကျမ်း" ဆိုသည့်အမည်ကိုကြားလိုက်ရသည်နှင့် အားလော်ဟယ်ကဲ့သို့ ပုဂ္ဂိုလ်မျိုးသည်ပင်လျှင် တစ်ချက် စိတ်လှုပ်ရှားသွားလေသည်။

သူသည် လောကတစ်ခုလုံး၏သခင်ဖြစ်သည့်တိုင် မရေမတွက်နိုုင်သည့် ဘေးအန္တရယ်ဆိုးကြီးများကျရောက်ခြင်းနှင့် ဟွင့်ယွမ်ဝူကျီအကြောင်း သဲလွန်စကို သိရှိနိုင်ခြင်း မရှိသေးပေ။

ဟွင့်ယွမ်ဆိုသည်က တာအိုသစ်သီးဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်၏ နော်ကဆုံးအဆင့်တွင်မှ ရရှိနိုင်ခြင်း ဖြစ်လေသည်။ ဝူကျီဆိုသည်ကတော့ တာအို၏ အခြေခံအကျဆုံးအကြောင်းအရာကို ဆိုလိုခြင်းဖြစ်သည်။

ထိုက်ချင်တာအိုကျမ်းထဲတွင် ထိုက်ချင်တာအိုဆရာသခင်၏ "ဝူကျီ" ကို အဓိပ္ပါယ်ဖွင့်ဆိုမှု အတိအကျ ပါဝင်လေသည်။ ထိုအချက်ကို သူသိခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သို့သော်… ထိုက်ချင်တာအိုဆရာသခင်၏ တာအိုတရားများကို သူကိုယ်တိုင်ပင်လျှင်တောင်မှ ရရှိရန် ခက်ခဲလေသည်။

ယခုတော့ ကျောက်ရှောင်ယွီက သူ့ကို ရဲရဲဝံ့ဝံ့တိုက်ခိုက်ရဲသည့်အချက်ကို အားလော်ဟယ် ကောင်းကောင်း နားလည်သွားခဲ့ပြီ။ အဘယ်ကြောင့်ဆိုသော်… သူမသည် ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံအောင်မြင်ခဲ့ဟန် တူလေသည်။

အားလော်ဟယ်သာ ထိုက်ချင်တာအိုကျမ်းကို ရရှိမည်ဆိုပါက သူရရှိထားသည့် ဒဏ်ရာများလည်း ပျောက်ကွင်းသွားမည်ဖြစ်သလို  ဟွင့်ယွမ်ဝူကျီအကြောင်းကိုလည်း ကောင်းကောင်းနားလည်သွားမည် ဖြစ်သည်။ ဟွင့်ယွမ်ဝူကျီအကြောင်းကိုသာ နားလည်သွားလျှင် စကြာဝဠာတစ်ခုလုံး အဆုံးသတ်သွားဦးတော့ သူကတော့ ထာဝရရပ်တည်နိုင်မည် ဖြစ်လေသည်။

အားလော်ဟယ်က…

"မင်းသာ ကျုပ်ကို ထိုက်ချင်တာအိုကျမ်းပေးမယ်ဆိုရင် မင်းကို ထာဝရ မနှောက်ယှက်တော့ပါဘူးလို့ ကတိပေးတယ်…"

အားလော်ဟယ်၏ စကားကိုကြားသည်နှင့် ယင်ရှန်းကျွင်းမှာ အားလော်ဟယ်နှင့် ကျောက်ရှောင်ယွီ အပေးအယူတည့်သွားမည်ကို သေမလောက် ထိတ်လန့်သွားလေသည်။

ထိုက်ချင်တာအိုကျမ်းသာ အားလော်ဟယ်လက်ထဲသို့ရောက်ရှိသွားပါက သူ့အတွက် ဇာတ်လမ်းပြတ်ပြီ ဖြစ်သည်။

ထို့ကြောင့် ယင်ရှန်းကျွင်းက စိုးရိမ်တကြီးလေသံဖြင့်…

"နတ်သမီး… ဒီတစ်ကြိမ်တော့ ကျုပ် မင်းကို ကူညီပါ့မယ်…"

ကျောက်ရှောင်ယွီက တစ်ချက် ပြုံးလိုက်ရင်း…

"အင်း… ဒါဆိုရင်တော့ အားလော်ဟယ်နဲ့ ပူးပေါင်းလို့ မရတော့ဘူးထင်တယ်…"

အားလော်ဟယ်က အေးစက်သည့်အကြည့်ဖြင့် ယင်ရှန်းကျွင်းကို စိုက်ကြည့်လိုက်သည်။

သူ့ကို မည်သည့်အခါမှ နလန်မထူနိုင်အောင် ဝိုင်းဝန်းနှိပ်ကွပ်ကြတော့မည်ကို အားလော်ဟယ် သိလိုက်လေသည်။

ယင်ရှန်းကျွင်းမှာ အားလော်ဟယ်နှင့် အတန်ငယ်အလှမ်းဝေးသည့် နေရာတွင် ရှိနေလေသည်။

ထို့နောက်… သူ့လက်ထဲတွင် ငှက်ပျော်ယပ်တောင်တစ်ချောင်းပေါ်လာလေသည်။ ယင်ရှန်းကျွင်းက ငှက်ပျောရွက်ယပ်တောင်ကို တစ်ချက်ခတ်လိုက်ရာ သိမ်မွေ့သည့် လေလှိုင်းများဖြစ်ပေါ်လာပြီး အားလော်ဟယ်နှင့် ကောင်းကင်တိုင်းပြည်ကြီးမှာ ချက်ချင်းပင် လေနှင့်အတူ လွင့်မျောပျောက်ကွယ်သွားလေတော့သည်။

ငှက်ပျောရွက်ယပ်တောင်သည် ထိုက်ချင်တာအိုဆရာသခင်၏ အဖိုးတန်ဆုံးသော ရတနာပစ္စည်းတစ်ခု ဖြစ်သည်။ မည်မျှတန်ခိုးစွမ်းအားမြင့်မားသူဖြစ်ပါစေ ငှက်ပျော်ရွက်ယပ်တောင်ဖြင့် အခတ်ခံလိုက်ရပါက အဝေးဆုံးတစ်နေရာသို့ လွင့်စင်ထွက်သွားရစမြဲပင်ဖြစ်သည်။

အခြေအနေအပေါ်မူတည်ပြီး ဝေးနိုင်သမျှဝေးဝေးသို့ လွင့်ထွက်သွားမည် ဖြစ်လေသည်။ အနည်းဆုံးတော့ ယူဇနာပေါင်း (၅၄၀၀၀) လွင့်စင်သွားမည် ဖြစ်သည်။

သို့သော်… ယင်ရှန်းကျွင်းမှာ အားလော်ဟယ်ပြန်လာပြီး သူ့ကို ဒုက္ခပေးမည်ကို ကြောက်ရွံ့သည့်အတွက် ရှိသမျှ တန်ခိုးစွမ်းအားအကုန်သုံးဆွဲကာ ငှက်ပျောရွက်ယပ်တောင်ကို ခတ်လိုက်ခြင်း ဖြစ်သည့်အတွက် အားလော်ဟယ်သည် လောကအပြင်ဘက် လွင့်ထွက်သွားလေသည်။ ထို့ကြောင့် ချက်ချင်းပြန်လည်ရောက်ရှိလာရန်မှာ လောလောဆယ်တွင် မည်သို့မှ မဖြစ်နိုင်ပေ။

သို့သော်… ငှက်ပျောရွက်ယပ်တောင်ကိုခတ်လိုက်ရသည့်အတွက် သူ၏တန်ခိုးစွမ်းအားများ များစွာ ပျက်စီးသွားရသည်။

ဘေးကြပ်နံကြပ်အခြေအနေသာ မကြုံတွေ့ရလျှင် သူသည် ထိုငှက်ပျောရွက်ယပ်တောင်ကို ဘယ်တော့မှ ထုတ်သုံးလိမ့်မည် မဟုတ်ပေ။

ကျောက်ရှောင်ယွီမှာလည်း အတော်လေး အံ့အားသင့်သွားရလေသည်။ ထိုက်ချင်တာအိုဆရာသခင်၏ ရတနာပစ္စည်းများ တန်ခိုးစွမ်းအားမြင့်မားသည်ကို သူမ သိရှိထားသည့်တိုင် ငှက်ပျောရွက်ယပ်တောင် တစ်ချက်ခတ်လိုက်ရုံဖြင့် အားလော်ဟယ် လွင့်ထွက်သွားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

အားလော်ဟယ်သည် ထိပ်တန်းအဆင့် တန်ခိုးရှင်ဖြစ်လေသည်။ လောကရှိ တန်ခိုးစွမ်းအားအတော်များများသည် သူ့ကို ထိခိုက်အောင် လုပ်နိုင်စွမ်း မရှိပေ။ မျောက်မင်းစွန်းဝူခုံးကို မည်သည့်လက်နက်ကမှ ထိခိုက်အောင် မလုပ်နိုင်သကဲ့သို့ပင် ဖြစ်လေသည်။

ထို့ကြောင့် ကျောက်ရှောင်ယွီမှာ အားလော်ဟယ်လွင့်ထွက်သွားသည်ကိုကြည့်ရင်း သူမမျက်လုံးကိုပင် သူမ မယုံကြည်နိုင်ဖြစ်နေရလေသည်။

ကျောက်ရှောင်ယွီက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"အင်း… ကျင်းကန်းရွှေကွင်းမရှိတာ နာတာပဲ ၊ မဟုတ်ရင် အဘိုးကြီးအားလော်ဟယ်ကို ကောင်းကောင်း ပညာပေးလိုက်နိုင်မှာ…"

ယင်ရှန်းကျွင်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။

"ကျုပ်မှာသာ ကျင်းကန်းရွှေကွင်းရှိကြည့်ပါလား ၊ မင်းကိုအရင်ဆုံး ပညာပေးပစ်မှာ…"

ကျင်းကန်းရွှေကွင်း ၊ ငှက်ပျောယပ်တောင်နှင့် ထိုက်ချိယင်ယန်ပန်းချီကားများမှာ ထိုက်ချင်တာအိုဆရာသခင်၏ အစွမ်းအထက်ဆုံး ရတနာ ပစ္စည်းများဖြစ်လေသည်။

ထိုရတနာပစ္စည်းများထဲမှ (၂)ခုကိုသာ ရရှိလျှင် လောကနတ်ဘုရားတစ်ပါးပင် ရရှိသွားစေဦးတော့ စကြာဝဠာတစ်ခုလုံး တံခါးမရှိ ဓားမရှိသွားလာနိုင်ပြီး မည်သူမှ သူ့ကို တားဆီးနိုင်တော့မည် မဟုတ်ပေ။

သို့သော်… လောကကြီးက တရားမျှတမှုရှိလေသည်။

ထိုက်ချင်တာအိုဆရာသခင် စကြာဝဠာကိုကျော်လွန်ထွက်ခွာသွားပြီးသည့်နောက် မည်သူမှ ငှက်ပျောရွက်ယပ်တောင်နှင့် ကျင်းကန်းရွှေကွင်းကို အတူတကွ ပိုင်ဆိုင်ထားခြင်း မရှိကြပေ။

ထိုက်ချိယင်ယန်ပန်းချီကားကတော့ ဘုရင်ရှစ်ပါးနန်းတော်တွင် သိမ်းဆည်းထားပြီး မည်သည့်အခါမှ ထုတ်ဖော် ပြသခြင်းမရှိပေ။

ထိုက်ချင်တာအိုဆရာသခင်ရှိစဉ်အခါက ထိုက်ချိယင်ယန်ပန်းချီကားကို တစ်ကြိမ် အသုံးပြုခဲ့ဖူးသည်ဟု ပြောစမှတ်ရှိခဲ့ဖူးလေသည်။

ယင်ရှန်းကျွင်းက…

"နတ်သမီး ၊ မင်းကိုကူညီပြီး အားလော်ဟယ်ကို မောင်းထုတ်ပေးလိုက်ပြီ ၊ ထိုက်ချင်တာအိုကျမ်းကို ကျုပ်တို့ ချင်းယန်ကျောင်းတော်ကို ပြန်ပေးနိုင်မလား…"

ကျောက်ရှောင်ယွီက…

"မင်းငါ့ကို မကူညီရင် ထိုက်ချင်တာအိုကျမ်းကို အားလော်ဟယ်ကို ပေးပစ်မယ်လို့ပဲ ပြောခဲ့တာလေ ၊ မင်း ငါ့ကို ကူညီရင် ထိုက်ချင်တာအိုကျမ်းကို မင်းကိုပေးမယ်လို့ ပြောမိလို့လား…"

ကျောက်ရှောင်ယွီ၏စကားကြောင့် ယင်ရှန်းကျွင်း စွေ့စွေ့ခုန်သွားလေသည်။

"ဒါပေမဲ့ ထိုက်ချင်တာအိုကျမ်းက နတ်သမီးပိုင်ဆိုင်ရမယ့်ပစ္စည်းမဟုတ်ပါဘူး ၊ ကျုပ်ကို ပေးပါ…"

သူက အားလော်ဟယ်ကို နှင်ထုတ်ရန်အတွက် ငှက်ပျောရွက်ယပ်တောင်ကို အသုံးပြုထားသည့်အတွက် တန်ခိုးစွမ်းအားများ လျော့နည်းနေပြီဖြစ်လေသည်။

သူ့အနေဖြင့် စိတ်လိုက်မာန်ပါပြောလိုက်သည့်တိုင် ကျောက်ရှောင်ယွီကို မည်သည့်နည်းနှင့်မှ ရင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။

ယင်ရှန်းကျွင်း နေမထိထိုင်မသာဖြစ်နေပုံကိုကြည့်ပြီး ကျောက်ရှောင်ယွီက ရယ်မောလိုက်လေသည်။

"တာအိုမိတ်ဆွေက တကယ်တော့ မိုးကောင်းကင်နတ်ဘုရားတစ်ပါးတောင် မဖြစ်သေးဘဲနဲ့ ဒီကျမ်းစာကို လိုချင်တယ်ဆိုရင်လည်း ပေးလိုက်ပါ့မယ်…"

သူမက လက်နှစ်ချောင်းဖြင့် ကောင်းကင်ထက်သို့ ထိုးညွှန်လိုက်လေရာ ကောင်းကင်ထက်တွင် ရွှေရောင်စာလုံးသင်္ကေများ ထွက်ပေါ်လာလေသည်။

တိုက်ပွဲကိုကြည့်နေကြသည့် နတ်ဘုရားများစွာ ရှိသည့်တိုင် ထိုစာလုံးသင်္ကေတများ၏ အဓိပ္ပါယ်ကို မည်သူမှ နားမလည်ကြပေ။ သို့သော်… စာလုံးများကို နားမလည်သည့်တိုင် မှတ်ထားချင်သည်ဆိုလျှင်တော့ မှတ်ထား၍ရနိုင်လေသည်။

ထို့ကြောင့် ကျောက်ရှောင်ယွီ၏ ကောင်းမှုဖြင့် ဘုရင့်နေပြည်တော်၏ ကောင်းကင်ထက်တွင် ထိုက်ချင်တာအိုကျမ်း ထွက်ပေါ်လာသည်ကို ကျင့်ကြံသူတိုင်း မြင်တွေ့ခဲ့ကြရလေသည်။

ယင်ရှန်းကျွင်းမှာ ကျောက်ရှောင်ယွီကို သေလောက်အောင် မုန်းတီးနေသည့်တိုင် မည်သည့်စကားမှ မပြောရဲပေ။ သူက ချက်ချင်းပင် ကောင်းကင်ထက်တွင်ပေါ်နေသည့် စာလုံးများကို တစ်လုံးမကျန် အလွတ်ကျက်ကာ မှတ်သားလိုက်သည်။

ကျောက်ရှောင်ယွီက ထိုက်ချင်တာအိုကျမ်းအစစ်အမှန်ကို ပြသခဲ့ခြင်း ဖြစ်သော်လည်း ထိုက်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတရှိမှသာ ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံနိုင်မည်ဆိုသည့် သော့ချက်ကိုတော့ မည်သူ့ကိုမှ မပြောဘဲ ဖုံးကွယ်ထားခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော်… သော့ချက်ကိုသာသိရှိသွားပါက မယ်တော်ဝမ်မူကဲ့သို့သော နတ်ဘုရားတစ်ပါးသည် ထိုက်ချင်တာအိုကျမ်းကို အခက်အခဲမရှိ ကျင့်ကြံနိုင်သွားမည် ဖြစ်လေသည်။

ထိုက်ချင်တာအိုကျမ်းကို ပြသပြီးသည်နှင့် ကျောက်ရှောင်ယွီက ဆန်းလျန်၏ လက်များကို ဆုပ်ကိုင်လိုက်လေသည်။ ထို့နောက် နတ်ဘုရား (၂)ပါးသည် ကောင်းကင်ထက်မှ ပျောက်ကွယ်သွားလေတော့သည်။

သူတို့ (၂)ယောက် ပျောက်ကွယ်သွားသည်နှင့် ရွှမ်ဝူရေကန်အရှေ့ဆီမှ တောင်ထွတ် (၃)ခု ရုတ်တရက် ပြိုကျသွားပြီး ရွှမ်ဝူရေကန်ကြီးတစ်ခုလုံးကို မြေဖို့ပြီးသား ဖြစ်သွားလေသည်။

အဘယ်ကြောင့်ဆိုသော်… တောင်ထွတ် (၃)ခုကို ထိန်းသိမ်းထားသည့် ကျန်းဝူမရဏဓားမရှိတော့သည့်အတွက် မြေကြောပြတ်တောက်ကာ တောင်ထိပ် (၃)ခု အလိုလို ပြိုကျသွားရခြင်းသာ ဖြစ်လေသည်။ ဆန်းလျန် မယ်တော်ဝမ်မူကို ပေးခဲ့သည့် ကတိအတိုင်း ရွှမ်ဝူရေကန်သည်လည်း တစ်ခါတည်း မြေဖို့ပြီးသား ဖြစ်သွားသလို ဆန်းလျန်နှင့် ကျန်းဝူနတ်ဘုရားသည်လည်း ပြဿနာတက်နိုင်စရာ အကြောင်း မရှိတော့ပေ။

တစ်ရက်အတွင်းမှာပင် ထိုနေရာတွင် ရွှမ်ဝူရေကန်တည်ရှိခဲ့သည်ဆိုသည့် သဲလွန်စပင်မကျန်အောင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

…………..

ကျောက်ရှောင်ယွီနှင့် ဆန်းလျန်တို့သည် ယွမ်ကျိုးနယ်အလယ်ပိုင်းသို့ ရောက်ရှိလာကြလေသည်။

ထိုနေရာတွင်… မြက်ပင်များနှင့် မြေပဲပင်များပေါက်ရောက်နေပြီး နတ်ဘုံနတ်နန်းအလား မလှပသည့်တိုင် အလွန်သာယာသည့် နေရာတစ်ခု ဖြစ်လေသည်။

ဆန်းလျန်နှင့်ကျောက်ရှောင်ယွီသည် မြက်ခင်းပြင်ထက်တွင် အေးအေးလူလူ ထိုင်နေကြလေသည်။

ဆန်းလျန်က အပြောင်းအလဲများကြောင့် အံ့သြခဲ့ခြင်း မရှိပေ။ သို့သော်… ကျင့်ကြံမရနိုင်သည့် ထိုက်ချင်တာအိုကျမ်းကြီးကို နတ်ဘုရားများအားလုံးကို ပြသခဲ့သည့် ကျောက်ရှောင်ယွီ၏လုပ်ရပ်ကြောင့် အလွန်ရယ်ချင်နေမိလေသည်။

သူမက နတ်ဘုရားများကို တမင်တကာ စနောက်ခဲ့ခြင်း ဖြစ်လေသည်။ သို့သော်… ထိုသို့ ခပ်ညစ်ညစ်လုပ်ရပ်အတွက် ဆန်းလျန် သူမကို လေးစားမိသည်ကတော့ အမှန်ပင် ဖြစ်သည်။

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"မင်းဟာလေ… နတ်သမီးတစ်ပါးနဲ့မတူဘူး ၊ စုန်းမနဲ့တူတယ်…"

ကျောက်ရှောင်ယွီက ရယ်မောလိုက်ရင်း…

"ဘာလဲ… ကျွန်မကို ကြောက်နေပြီလား ၊ စုန်းမဆိုရင် ရှင့်ကို ပြုစားလိုက်ရမလား…"

ဆန်းလျန်က….

"မလုပ်လိုက်ပါနဲ့ ၊ ကျုပ် တကယ်ပဲ မင်းကို ကြောက်ပါတယ် ၊ ဒါပေမဲ့ မင်းပြောပြမယ့် အတိတ်ကအကြောင်းတွေ သိချင်မိလို့ မင်းနဲ့ လိုက်လာတာ…"

ကျောက်ရှောင်ယွီက မည်သည့်စကားမှ မဆိုတော့ပေ။

သူမက ဆန်းလျန်၏ မျက်နှာကို ရွှန်းရွှန်းစားစားငေးကြည့်နေလေသည်။ ဆန်းလျန်ကို ငေးကြည့်နေရခြင်းသည် မည်သည့်အခါမှ ငြီးငွေ့နိုင်စရာမရှိပေ။

ဆန်းလျန်ကလည်း သူမကို စကားပြောလာရန် အတင်းမတိုက်တွန်းတော့ပါ။ သူမ သူ့ကို ငေးကြည့်နေလိုလျှင် ငေးကြည့်နေပါစေတော့လေ။

သို့သော်… သူ့အနေဖြင့် အတိတ်ကို ပြန်လည်သိရှိရန်တော့ လိုအပ်လေသည်။ အတိတ်ကို သိရှိခြင်း မရှိပါက အနာဂတ်သည်လည်း ေ၀ဝါးနေမည်မှာ အမှန်ပင်။

နောက်ဆုံးတော့ ကျောက်ရှောင်ယွီက စကားစပြောလာလေသည်။

"ရှင့်ရဲ့အတိတ်က အံ့သြစရာကောင်းလွန်းတယ် ၊ ရှင်ကိုယ်တိုင်တောင် နားလည်နိုင်မယ် မထင်ဘူး ၊ ပြောရရင်လည်း အရှည်ကြီးပဲ ၊ လောကကြီးမှာ တန်ခိုးစွမ်းအားကင်းလွတ်ရာ ကမ္ဘာမြေဆိုတာ ရှိတယ် ၊ အဲဒီနေရာမှာ ရှင့်ကို မွေးဖွားခဲ့တယ် ၊ ရှင့်နာမည်က ဒေါက်တာလီဖုန်းတဲ့…."

***

All Chapters