← Chapters

လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအား

Vol. 9 Ch. 806

လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအား

Vol. 9 Ch. 806

အတန်ကြာသည့်အခါ ဆန်းလျန်က ခပ်တိုးတိုးရေရွတ်လိုက်သည်။

"ကျုပ်ရဲ့ အသက်ဓာတ်စွမ်းအားတွေ ကျနေပြီ…"

ဆန်းလျန်က အင်္ကျီလက်ကိုအသာပင့်ကာ သူ့လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်လေသည်။

ထိုအခါ သူ၏ အသားအရေများမှာ တဖြည်းဖြည်း သွေ့ခြောက်လာသည်ကို တွေ့မြင်လိုက်ရသည်။

ကျောက်ရှောင်ယွီကတော့ ရှန်လမ်းစဉ်နတ်ဘုရားတစ်ပါးဖြစ်သည့်အတွက် ဆန်းလျန် ကဲ့သို့ သွေ့ခြောက်သွားခြင်းမျိုး မရှိပေ။ သူမ၏ အသားအရေများကတော့ ကြာပန်းလေးတစ်ပွင့်အလား နူးညံ့နေဆဲ ဖြစ်လေသည်။

ကျောက်ရှောင်ယွီက မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း…

"ဒါဆို ဒီနေရာက ဝိညာဉ်စွမ်းအားရုပ်ဝတ္ထုဖြစ်တည်မှုဆိုရင် သူ့ရဲ့တည်ရှိမှုက ဘယ်လို အခန်းကဏ္ဍမှာ ပါဝင်နေတာလဲ…"

ဆန်းလျန်က သူ၏ ခြေထောက်အောက်ကို တစ်ချက်ငုံ့ကြည့်လိုက်လေသည်။

ထိုအခါ နှင်းထုကိုထိုးဖောက်ပြီး မြေကြီးထဲတွင် နတ်ဘုရားများနှင့် ဗောဓိသကျများ၏ အရိုးများကို တွေ့မြင်လိုက်ရလေသည်။

သူက ပေါ့ပါးသည့်လေသံဖြင့်…

"ဒီနေရာမှာ ဘာတန်ခိုးစွမ်းအားမှ အသုံးပြုလို့မရမှတော့ နတ်ဘုရားတွေ ၊ ဗောဓိသကျတွေလည်း ပျောက်ကွယ်ကုန်တာပေါ့ ၊ မင်းပြောသလိုသာဆိုရင် ဒီနေရာမှ (၁)ရက်ကြာရင် တခြားလောကတွေမှာ (၁)နှစ်ကြာတယ် မဟုတ်လား ၊ နတ်ပြည် (၁)ရက် လူ့ပြည် (၁)နှစ် ၊ ဒီနေရာက ကောင်းကင်ဘုံနန်းတော်တည်ရှိခဲ့တဲ့နေရာလား မဆိုနိုင်ဘူး…"

ကျောက်ရှောင်ယွီက တအံ့တသြဖြင့်…

"ဒီနေရာက ကောင်းကင်ဘုံနန်းတော် တည်ရှိခဲ့တဲ့နေရာ… ဟုတ်လား…"

ဆန်းလျန်က…

"သိပ်တော့ မသေချာဘူး ၊ ဒါပေမဲ့ ကောင်းကင်ဘုံနန်းတော်လို့ခေါ်တဲ့ မိုးကောင်းကင်ခုံရုံး ပျက်စီးသွားပြီးတဲ့နောက်  မိုးကောင်းကင်ခုံရုံးအပျက်အစီးတွေကို တခြားလောကတွေမှာလည်း တွေ့မြင်ရတာပဲလေ ၊ ဒီနေရာက အဲဒီလိုနေရာ ဟုတ် မဟုတ် အဖြေရှာကြည့်ရမှာပေါ့…"

ဆန်းလျန်ပြောသည့်စကားများက သူ၏ ထင်မြင်ချက်များဖြစ်သော်လည်း အမှန်တရားနှင့် နီးစပ်လေသည်။

သို့သော်… ဤနေရာသည် တန်ခိုးစွမ်းအားကင်းလွတ်ရာနေရာဖြစ်သည့်အတွက် ဆန်းလျန်၏ တန်ခိုးစွမ်းအားများ တဖြည်းဖြည်းလျော့ကျနေပြီ ဖြစ်လေရာ ဤနေရာတွင်နေထိုင်ပြီး အမှန်တရားကို ရှာဖွေရန်မှာ လွယ်ကူသည့် ကိစ္စတော့မဟုတ်ပေ။

ခွန်လွန်တောင်သည် ထူးဆန်းသည့် နေရာဖြစ်လေသည်။ သို့သော်… တာ့လော်အဆင့်ရှိသည့် တုန်းဟွာတောက်ကျွင်း၏ ကိုယ်ခွဲက ဤနေရာသို့ ရောက်လာနိုင်သည်ကို ကြည့်ခြင်းအားဖြင့် တာ့လော်အဆင့် ကျင့်ကြံသူများကတော့ ချွင်းချက်ရှိမည်လား မဆိုနိုင်ပေ။

ထို့ကြောင့် တာ့လော်အဆင့်ရောက်အောင် ကျင့်ကြံပြီးမှ ဤနေရာသို့ ထပ်မံလာရောက်ရန် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီတို့ ဆုံးဖြတ်လိုက်ကြသည်။

သူတို့ (၂)ယောက် တန်ခိုးစွမ်းအားကင်းလွတ်ရာကမ္ဘာမြေမှ ပြန်လည်ထွက်ခွာလာခဲ့ကြလေသည်။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် ယွမ်ကျိုးနယ် မြောက်ပိုင်းသို့ ရောက်ရှိလာကြလေသည်။ မြောက်ပိုင်းဒေသတွင် မိုးသောက်ပန်းများ နေရာတိုင်းတွင် ပွင့်လန်းနေကြသည်။ ထို့ပြင် သံလိုက်စွမ်းအားများလည်း အလွန်ပြင်းထန်နေလေသည်။

ကျောက်ရှောင်ယွီ၏ ထိုက်ချင်အင်းသင်္ကေတကတော့ သံလိုက်သတ္တုစွမ်းအားများကို အလိုအလျောက် စုပ်ယူနိုင်လေသည်။

ကျောက်ရှောင်ယွီက လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားကို ကျင့်ကြံရန်အတွက် ဤနေရာသို့ ရောက်လာခြင်း ဖြစ်လေသည်။

လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားမှာ ထိုက်ချင်တာအိုကျမ်းထဲတွင် ရေးသားထားသည့် တန်ခိုးစွမ်းအား ဖြစ်လေသည်။ ထိုတန်ခိုးစွမ်းအားက အလွန်မြင့်မားပြီး ရှေးကျသည့် ရောင်စဉ်ငါးမျိုး တန်ခိုးစွမ်းအားနှင့်ပင် ကောင်းကောင်း ယှဉ်နိုင်လေသည်။

ယွမ်ကျိုးနယ်မြောက်ပိုင်းသို့ သွားသည့် ခရီးစဉ်တစ်လျှောက် ဆန်းလျန်ကလည်း ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံခဲ့လေသည်။

သူ့တွင် ထိုက်ချင်မူလဝိညာဉ်သင်္ကေတမရှိသည့်တိုင် ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံသည့်အခါ မည်သည့်အတားအဆီးမှ မရှိခဲ့ပေ။ သို့သော်… ထိုက်ချင်မူလသင်္ကေတကို ချုံ့ရမည့် နောက်ဆုံးအဆင့်သို့ ရောက်သည့်အခါတွင်တော့ ဆန်းလျန် အောင်မြင်ခဲ့ခြင်း မရှိတော့ပေ။

ကျောက်ရှောင်ယွီက မိုးသောက်ပန်းများကြည့်ရင်း မျက်ဝန်းများက တစ်လက်လက်တောက်ပလာလေသည်။

"မိုးသောက်ပန်းတွေက လှလိုက်တာ…"

ဆန်းလျန်ကလည်း မိုးသောက်ပန်းများကို လိုက်ကြည့်လိုက်သည်။

ပန်းများသည် လေထဲတွင် ယိမ်းနွဲ့နေပြီး အမှန်တကယ်ပင် လှပလွန်းလေသည်။ သဘာဝတရား၏ လှပမှုသည် အတုအယောင်များထက် များစွာ သာလွန်လေသည်။

ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည့်အခါတွင်တော့ ကြယ်တာရာအစုံ လင်းလက်နေသည်ကို တွေ့မြင်လိုက်ရလေသည်။ စကြာဝဠာကြီးကလည်း ကျယ်ပြန့်လွန်းလှလေသည်။

ဆန်းလျန်က ကျောက်ရှောင်ယွီကို လှည့်ကြည့်လိုက်ပြီး…

"ကျုပ်မှာသာ အတိတ်မေ့နေတဲ့ ပြဿနာမရှိဘူးဆိုရင် ကြယ်တွေစုံတဲ့ အဆုံးမရှိစကြာဝဠာထဲကို ထွက်ခွာသွားမိမှာပဲ ၊ ဒီ လူ့လောကထဲမှာ မနေတော့ဘူး…"

ကျောက်ရှောင်ယွီက တစ်ချက်ပြုံးလိုက်ရင်း…

"ရှုခင်းက ဘယ်လလောက်ပဲလှလှ အချိန်တန်တော့လည်း ငြီးငွေ့သွားမှာပါပဲ ၊ ကျွန်မသာ ရှင့်နေရာမှာဆိုရင် အဲဒီလို စကြာဝဠာထဲ လျှောက်သွားမှာမဟုတ်ဘူး ၊ လူ့လောကထဲမှာနေတာကမှ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းဦးမှာ…"

ဆန်းလျန်က…

"လူ့လောကထဲမှာ နေရာတလည်း မကောင်းဘူးလို့ ကျုပ်မပြောပါဘူးဗျာ ၊ ဒါပေမဲ့ တစ်ခါတစ်လေကျ လူ့လောကရဲ့ အကြောင်းအရာတွေက ရွံလျှာစိတ်ပျက်ဖို့ကောင်းတယ် ၊ ပွင့်ပွင့်လင်းလင်းပြောရရင် လွန်ခဲ့တဲ့ (၂)နှစ်က လူ့လောကမှာ ကျုပ်တော်တော်လေးပျော်ခဲ့တာ ၊ 'သောက်ပြီးရင်ပြန်မလာနဲ့တော့' စားသောက်ဆိုုင်လေးမှာပေါ့ ၊ အဲဒီနေရာမှာ အရမ်းကို ပျော်နေခဲ့တာ…"

ကျောက်ရှောင်ယွီက မချိုမချဉ်ပြုံးလိုက်ရင်း…

"ဟွန်း… ကြည့်ရတာ အဲဒီမှာ ချစ်သူတွေ့နေလို့ နေမှာပေါ့…"

ဆန်းလျန်ကလည်း သူမစကားကို ငြင်းပယ်ခြင်းမရှိပေ။

"အင်း အဲဒီလိုမျိုးလည်း ဟုတ်ချင်ဟုတ်မှာပေါ့…"

ကျောက်ရှောင်ယွီက မကျေမနပ်ဖြစ်ဟန်နှင့် နှုတ်ခမ်းလေးတစ်ချက်စူလိုက်ရင်း…

"ဟွန်း… တကယ်ဆို ရှင် ကျွန်မကို ချော့နေရမှာ မဟုတ်ဘူးလား ၊ အခုလက်ရှိအချိန်မှာ ရှင့်ကို ကူညီနေတဲ့သူက ကျွန်မပါနော် ၊ ကျွန်မ စိတ်မချမ်းသာအောင် ရှင် နည်းနည်းလေးတောင် မလုပ်သင့်ဘူး…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"မင်းကူညီချင်တယ်ဆိုရင် ကျုပ်ဘာပဲလုပ်လုပ် ကူညီမှာပဲ ၊ မင်း မကူညီချင်ဘူးဆိုရင် ကျုပ်မင်းကို ဒူးထောက်တောင်းပန်လည်း ကူညီမှာမှ မဟုတ်တာ ၊ အဲဒီအချက်ကတော့ မင်းနဲ့ ကျုပ် တော်တော်တူတာနော်…"

ကျောက်ရှောင်ယွီက သက်ပြင်းတစ်ချက် ချလိုက်ရင်း…

"ရှင်ပြောသလို မဟုတ်ပါဘူးနော် ၊ ကျွန်မက ရှင်ဖြစ်နေလို့ ကူညီတာပါ ၊ လောကမှာ ဆန်းလျန်နဲ့ ကျောက်ရှောင်ယွီဆိုတဲ့ လူ (၂)ယောက် ရှိနေသရွေ့ သူတို့ (၂)ယောက်ဟာ အမြဲတမ်း ဆုံစည်းကြရမယ့် ရေစက်ရှိနေမှာပါပဲ…"

ဆန်းလျန်က…

"အဲဒီ ဆုံစည်းမှုလေး ထာဝရရှိနေစေဖို့ ကျုပ်မျှော်လင့်မိပါတယ်…"

ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ဆန်းလျန်က ကျောက်ရှောင်ယွီ၏ မျက်ဝန်းများကို မသိမသာ ရှောင်ရှားလိုက်လေသည်။

ထိုသို့ ခံစားချက်များကို ဖုံးကွယ်ရန် ကြိုးစားလိုက်ခြင်းသည် ဆန်းလျန်၏စရိုက်နှင့် မကိုက်ညီပေ။ သို့သော်…ကျောက်ရှေင်ယွီကတော့ ရင်ခုန်သွားရလေသည်။

"ရှင်ဒီလိုပြောတာနဲ့တင် ကျွန်မ သေပျော်ပါပြီ…"

ဆန်းလျန်က ချက်ချင်းပင် စကားလမ်းကြောင်းလွှဲလိုက်လေသည်။

"မိုးသောက်ပန်းပင်တွေကျော်သွားရင် သတ္တုသံလိုက်စက်ဝန်း ထွက်ပေါ်လာလိမ့်မယ် ၊ အဲဒါဆို မင်းလည်း ကျင့်ကြံလို့ရပြီထင်တယ်…"

ပြောပြီးသည်နှင့် ဆန်းလျန်က ရှေ့ဆက်မသွားတော့ဘဲ လက်နှစ်ဖက်နောက်ပစ်ကာ မတ်တတ်ရပ်နေလိုက်လေသည်။

ကျောက်ရှောင်ယွီက ရှေ့သို့ ဆက်သွားလိုက်သည်။

သူမသည် ရေခဲတောင်စွယ်များအကြားသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။ မကြာမီပင် ကြီးမားလွန်းသည့် သံလိုက်စက်ကွင်းမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။

သံလိုက်စက်ကွင်းမုန်တိုင်းကြီးက ဆန်းလျန်၏ နတ်ဘုရားခန္ဓာကိုပင် သက်ရောက်မှုရှိလေသည်။ သံလိုက်စက်ကွင်းအရှိန်ပြင်းထန်မှုကြောင့် ဆန်းလျန်၏ ဆံပင်များသည်ပင် လေထဲတွင် လွင့်ပျံနေလေသည်။

ဆန်းလျန်က ကျောက်ရှောင်ယွီ ကျင့်ကြံမှုပြုလုပ်နိုင်ရန်အတွက် စောင့်ရှောက်ပေးနေခြင်း ဖြစ်လေသည်။

ကျောက်ရှောင်ယွီ၏ မူလဝိညာဉ်ခန္ဓာသည် လုံး၀ ပွင့်ထွက်သွားပြီး ယင်နှင့်ယန် ဘက်ညီစွာ လှည့်ပတ်နေလေသည်။ ကြီးမားသည့် သတ္တုသံလိုက်စွမ်းအားများသည် ဝေလငါးကြီးတစ်ကောင် ရေကို အငမ်းမရ စုပ်ယူနေသည့်အလား ပတ်ဝန်းကျင်တွင် ဂူပေါက်ကြီးသဖွယ်ပင် ဖြစ်ပေါ်လာရလေသည်။

ထိုဂူပေါက်ကြီးထဲတွင် အလင်းတန်းသဲ့သဲ့လေးတစ်ခု ထွက်ပေါ်လာလေသည်။

ကျောက်ရှောင်ယွီ၏ ကျင့်ကြံမှုသည် (၉)ရက်နှင့် (၉)ညတိတိ ကြာမြင့်လေသည်။

ဂူပေါက်ကြီးမှာ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှ ရေခဲတောင်စွယ်များပင် တဝုန်းဝုန်းဖြင့် ပြိုကျကုန်ကြလေသည်။

လှပလွန်းသည့် မိုးသောက်ပန်းများပင်လျှင် တဖြုတ်ဖြုတ်ကြွေကျကုန်ကြရသည်။

သို့သော်… ကျောက်ရှောင်ယွီ၏ ကျင့်ကြံမှုကြောင့် တန်ခိုးစွမ်းအားအပြောင်းအလဲများ ပြင်းထန်စွာ ဖြစ်ပေါ်နေခြင်းကို မည်သူမှ မရိပ်မိကြပေ။

အဘယ်ကြောင့်ဆိုသော်… ဆန်းလျန်က သူ၏ တန်ခိုးစွမ်းအားများ အသုံးပြုကာ ကာကွယ်ပေးထားသောကြောင့် ဖြစ်လေသည်။

***

All Chapters