← Chapters

မန္တန်ဉာဏ်အလင်းပေါက်မှု

Vol. 94 Ch. 1307

မန္တန်ဉာဏ်အလင်းပေါက်မှု

Vol. 94 Ch. 1307

မှီခိုရာဂိုဏ်းချုပ်၏ကျောပေါ်က တံခါးကမ္ဘာအတွင်းတွင် အရာအားလုံး ဇောက်ထိုးမိုးမျှော် ဖြစ်နေသည်။ မိုးနှင့်မြေသည် ဧရာမအလုံးကြီးတစ်လုံးအဖြစ် ဆက်သွား၏။ ထိုအလုံးထဲ၌ မန်ဟိုမှာ အရိုးအက်သံများ ပဲ့တင်ထပ်နေသည့်တိုင်အောင် သူ့ခန္ဓာကိုယ်ကို ကြိတ်တော့မည့်အလား ဖိနှိပ်နေသော ကြောက်မက်ဖွယ်ဖိအားကြီးကို ခံစားလိုက်ရသည်။

အရာအားလုံးသည် လျင်မြန်စွာ ကျုံ့ဝင်လာနေသဖြင့် တဂျိန်းဂျိန်း မြည်သံများ ပဲ့တင်ထပ်လျက်ရှိ၏။ အစက သူ့မှာ ဤကောင်းကင်နှင့်မြေကြီး၏ အဆုံးကို မြင်ပင်မမြင်နိုင်ခဲ့သော်လည်း ယခုတော့ ထိုအဆုံးအနားက မီတာ ငါးထောင်မျှလေးအကွာတွင် ပေါ်လာခဲ့လေပြီ။

မိုးနှင့်မြေ၏ကျုံ့ဝင်မှုက အသက်ရှူချိန်အနည်းငယ်အတွင်း ပြီးမြောက်သွားလိမ့်မည်။

သူ့အနေဖြင့် စမ်းသပ်မှုကို အောင်မြင်၍ အမွေကို ရလျှင်ရ ... မဟုတ်လျှင်တော့ ဤနေရာတွင် မိစ္ဆာချုပ်နှောင်သူအဖွဲ့ဝင် မဖြစ်ထိုက်မှုကြောင့် သေရပေတော့မည်။ ဤဖြစ်ရပ်ကို ရှင်းပြနေသော စကားသံများ မရှိသော်လည်း မိုးနှင့်မြေပျက်စီးနေသော ထိတ်လန့်တုန်လှုန်ဖွယ်ရာမြင်ကွင်းက ဖြစ်ပျက်နေသည့်အရာကို လွန်စွာရှင်းလင်းနေစေသည်။

မိုးနှင့်မြေ လျင်မြန်စွာ ကျုံ့နေစဉ် မန်ဟို့မျက်လုံးများမှာတော့ သွေးချင်းနီနေသည်။ သူ့အတွက် စဉ်းစားရန် မရှိတော့သည့်အပြင် ကမ္ဘာ၏အနားများကား ယခုတွင် မီတာသုံးထောင်ခန့်သာ ကွာတော့လေပြီ။ ၎င်းတို့ ရွေ့လျားနေသော အမြန်နှုန်းမှာ တွေးတောမရနိုင်အောင်ဖြစ်ပြီး ထစ်ချုန်းသံများသည် မန်ဟို့ကို လွှမ်းမိုးနေ၏။

နာကျင်မှုက သူ့ကို နှိပ်စက်နေပြီး သေရတော့မည့်အာရုံက ဖော်မပြနိုင်သော အတိုင်းအတာအထိ မြင့်တက်သွားခဲ့လေပြီ။ မန်ဟို ဖိသတ်ခံရခါနီးအချိန်မှာပင် သူ့မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး ဉာဏ်အလင်းဖြင့် တောက်ပနေသည်။

“ငါ့အစွဲစိတ်က တောင်ပင်လယ်လောကမှာ အမြစ်တွယ်လာခဲ့ပြီး ငါဟာ ကိုးတံဆိပ်ရဲ့ တာအိုကို ဉာဏ်အလင်းပေါက်ခဲ့တယ်။ ဒုတိယမျိုးဆက်မိစ္ဆာချုပ်နှောင်သူနဲ့ ဆုံတွေ့တော့ အစွဲအချွတ်ခံခဲ့ရတယ်။ ဘာက မှန်လဲ၊ ဘာက မှားလဲ ငါ ကွဲပြားသိလာခဲ့ပြီး .... တတိယမျိုးဆက်မိစ္ဆာချုပ်နှောင်သူ ဖြစ်လာခဲ့တာပဲ။ သခင်လီ စောစောက ပြောသွားတဲ့ စကားလုံးတွေထဲမှ သော့ချက်ဖြစ်နေတဲ့ စာလုံးနှစ်လုံးရှိတယ်

“မှန်တာနဲ့ မှားတာ”

ဒုတိယမိစ္ဆာချုပ်နှောင်သူ၏ မိစ္ဆာချုပ်နှောင်မန္တန်အစွမ်းသည် ဘာက မှန်လဲ၊ ဘာက မှားလဲ ဆိုသည်နှင့် တစ်ခုခုပတ်သက်လိမ့်မည်။ လက်ရှိဖြစ်ပျက်နေသောအရာဖြင့် ထိုအမှန်နှင့်အမှားက ဟပ်စပ်ကြည့်လိုက်လျှင် ... စာလုံးနောက်နှစ်လုံးနှင့် အစားထိုးနိုင်သည်။

“အစစ်အမှန်နဲ့ အတုအယောင်” မန်ဟို၏မျက်လုံးများက တောက်ပစွာ လင်းလက်လာသည်။ ဖိအား သူ့အပေါ် ဖိနှိပ်နေစဉ် သူ့ခေါင်းထဲ၌ အတွေးပေါင်းသောင်းခြောက်ထောင် ဖြတ်ပြေးနေပြီး ရုတ်တရက် သူ၏မျက်လုံးများ လင်းခနဲ လက်သွားသည်။

မန်ဟိုက ကောက်ကာငင်ကာ ထပြောသည်။ “ဒုတိယမိစ္ဆာချုပ်နှောင်မန္တန် အစစ်အမှန်-အတုအယောင်မန္တန်”

ထိုအခိုက်အတန့်တွင် မိုးနှင့်မြေသည် တဝုန်းဝုန်း မြည်ဟည်းလာပြီး အလုံးကြီးက မန်ဟို့ကို လွှမ်းခြုံသွားတော့သည်။ မန်ဟိုက ပြန်လည်းမခုခံသလို၊ မတိုက်ခိုက်ပေ။

ဝုန်း

မိုးနှင့်မြေသည် တစ်ခုတည်း ဖြစ်သွားခဲ့၏။

မန်ဟိုမှာ သူ၏ခန္ဓာကိုယ်ကို မခံစားရတော့ကြောင့် သဘောပေါက်လိုက်သဖြင့် ခေါင်းနပန်းကြီးသွားသည်။ ၎င်းသည် မိုးနှင့်မြေ တစ်ခုတည်းဖြစ်သွားအချိန်၌ အဖျက်စီးခံခဲ့ရပုံပေါ်၏။ သူ၏ဝိညာဉ်သာ ဘေးဘီဝဲယာကို ကြောင်တောင်တောင် ကြည့်ရင်း ပျံဝဲလျက် တည်ရှိနေသည်။ ထို့နောက် သူသည် အောက်ငုံ့ကြည့်လိုက်ရာ သူ၏အပြင်အားကိုယ်ကို မည်သည့်နေရာတွင်မှ မမြင်ရပေ။ မိုးနှင့်မြေ၏ပေါင်းစည်းမှုကြောင့် ဖြစ်ပေါ်လာခဲ့သော စက်လုံးမှာ အစက်သေးသေးလေးတစ်စက် ဖြစ်သွားခဲ့ပြီး ယခုတွင် စတင်ပြန့်ကားနေ၏။ ၎င်းက ကြီးသထက်ကြီးလာကာ ၎င်းအတွင်း၌ မူလဘူတ ကမ္ဘာအစဖြစ်အင်များကို တစတစ မြင်လာရသည်။

၎င်းတွင် မိုးရှိလာသည်။ မြေရှိလာသည်။ ရောနှောနေသော သက်ရှိသတ္တဝါများ ရှိလာကြသည်။ ကြီးမားလာသည်နှင့်အမျှ ၎င်းသည် အဆုံးမဲ့လာ၏။ ထို့နောက် အရာအားလုံး ကွဲထွက်သွားသည်။

အပိုင်းအစတစ်ခုက မြေကြီးဖြစ်လာဖို့ အောက်သို့ ကျဆင်းသွားသည်။ အပိုင်းအစတစ်ခုက ကောင်းကင်ဖြစ်လာဖို့ အပေါ်သို့ ပျံတက်လာသည် ....

ကောင်းကင်တခွင် လွတ်လပ်စွာ ပျံသန်းသွားလာရင်း ဟိန်းဟောက်သံများကို ထုတ်လွှတ်နေသည့် ကမ္ဘာဦးသားရဲများကို နေရာတိုင်းလိုလို မြင်ရနိုင်သည်။ မကြာမီ အရွယ်အစားကြီးကြီး သစ်ပင်သန်သန်များကို မြေကြီးအပေါ်၌ မြင်လာရသည်။

တောင်တန်းများ မြောက်တက်လာပြီး မြစ်ချောင်းတွေ ပေါ်လာသည်။ တစ်နည်းနည်းဖြင့် အရာအားလုံးသည် မန်ဟို့အတွက် လွန်စွာစစ်မှန်နေသယောင်ရှိ၏။

“နားလည်လား” တည်ကြည်လေးနက်သော အသံတစ်သံက မေးသည်။ လူတစ်ယောက်သည် မန်ဟို့အရှေ့တွင် ဘွားခနဲ ပေါ်လာ

၏။

၎င်းကား သခင်လီမှတစ်ပါး အခြားမဟုတ်ပေ။

“ဒုတိယမိစ္ဆာချုပ်နှောင်သူရဲ့ မန္တန်အစွမ်းက အစစ်အမှန်၊ အတုအယောင်နဲ့ ပတ်သက်တယ်... “ သခင်လီက ဆက်ပြောသည်။ “ပထမမျိုးဆက်မိစ္ဆာချုပ်နှောင်သူရဲ့ မူလမန္တန်အစွမ်းကို ရှာဖွေပြီးနောက် သူက အစစ်အမှန်-အတုအယောင်မန္တန်ကို ဉာဏ်အလင်းရခဲ့တာပဲ

“စစ်မှန်တဲ့အရာက အတုအယောင်ဖြစ်တယ်။ အတုအယောင်ဖြစ်တဲ့အရာဟာ စစ်မှန်တယ်။ အတွေးလေးတစ်ချက်တည်းနဲ့ အတုအယောင်ကို အစစ်အမှန်အဖြစ် သတ်မှတ်နိုင်သလို၊ အစစ်အမှန်ကို အတုအယောင်အဖြစ် သတ်မှတ်နိုင်တယ် ....”

မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏မျက်လုံးများသည် ဉာဏ်အလင်းဖြင့် တောက်ပနေသည်။ ဤသည်မှာ ယခုလိုအရာမျိုးကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းမဟုတ်ပေ။ အနှစ်သာရ ၅ ခု အဆင့် ရှောင်ရိဟန်နှင့် တိုက်ခိုက်ခဲ့တုန်းက ထိုကောင်လေးထုတ်လွှတ်ခဲ့သော အရှိတရား၏အနှစ်သာရကို သူ မြင်ခဲ့ဖူးသည်။

ဘေးဘီဝဲယာကို နောက်တစ်ကြိမ် ကြည့်ရှုပြီးနောက် သူသည် မျက်လုံးများကို ဖြေးညင်းစွာ ပိတ်ပြီး တင်ပျဉ်ခွေထိုင်ချလိုက်၏။ ထို့နောက် မိုးနှင့်မြေတွင် ဉာဏ်အလင်းရှာရန် သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည့်အခါ စောစောက သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားခဲ့သော အစစ်အမှန်-အတုအယောင်မန္တန်၏ အသိအမြင်မီးစလေးကို ရှာတွေ့သွားသည်။

အချိန်တွေ ကုန်မှန်းမသိ ကုန်သွားသည်။ နောက်ဆုံးတော့ သူ့မျက်လုံးများ ပွင့်လာပြီး အပြုံးတစ်စကို သူ၏မျက်နှာပေါ်တွင် မြင်ရနိုင်သည်။ မန်ဟိုက သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ ၎င်းက ပုံရိပ်ယောင်ဖြစ်သော်လည်း အစစ်နှင့်တူနေသည်။ တစ်ချိန်တည်းမှာပဲ အစစ်ဖြစ်သည့်တိုင် ပုံရိပ်ယောင်နှင့် တူနေသည်။ တဖြေးဖြေး သူ၏လက်မောင်းတစ်ဖက်လုံး၊ ထို့နောက် သူ့တစ်ကိုယ်လုံး ထိုကဲ့သို့ပြောင်းလဲမှုကို ကြုံတွေ့နေရသည်။ မန်ဟိုသည် သက်ပြင်းရှည်ကြီးချလိုက်၏။

“အစစ်အမှန်က အတုအယောင်ဖြစ်လာပြီး” သူက ခပ်တိုးတိုး ရေရွတ်သည်။ “အတုအယောင်က အစစ်အမှန်ဖြစ်လာတယ်။ ဒါက ပြောင်းလဲမှုလေးတစ်ခုပဲ... အစစ်အမှန်-အတုအယောင်မန္တန်က အစစ်တွေကို ပုံရိပ်ယောင်ဖြစ်စေနိုင်သလို၊ ပုံရိပ်ယောင်တွေကိုလည်း အစစ်ဖြစ်စေနိုင်တယ်။ ဘယ်လောက်အစွမ်းထက်လိုက်တဲ့ မန္တန်လဲ ... တကယ်တမ်း ပါရာဂွန်တွေပဲ အဲ့ဒါကို အမှန်တကယ် ထိန်းချုပ်နိုင်လောက်တယ်” သူက တစ်ချိန်လုံး မလှုပ်မယှက် ရပ်နေခဲ့သော သခင်လီ၏ပုံရိပ်ကို မော့ကြည့်ကာ ထရပ်၍ လက်ယှက်အရိုအသေပေးလိုက်၏။

“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ။ ကျုပ် အခု နားလည်ပါပြီ” သူ နားလည်ကြောင်း ပြောလိုက်သည်နှင့်တစ်ပြိုင်နက် သခင်လီ၏ပုံရိပ်သည် ရုတ်တရက်ပို၍ အသက်ဝင်လာပြီး ပြုံးလိုက်၏။

“အဲ့ဒါက ဒုတိယမျိုးဆက်မိစ္ဆာချုပ်နှောင်သူရဲ့ မန္တန်အစွမ်းပဲ။ ငါ့မန္တန်အစွမ်းကတော့ ... ကွဲပြားတယ်။ ငါ မင်းကို ပြမယ်။ မင်း နားလည်လား၊ နားမလည်ဘူးလားဆိုတာတော့ မင်းအပေါ်ပဲ မူတည်တယ်

“မေးခွန်းတစ်ခုလောက် မေးပါရစေ။ ဘာက အစစ်အမှန်လဲ၊ ဘာက အတုအယောင်လဲ မင်း တကယ် နားလည်တာလား” ထို့နောက် သခင်လီ၏ပုံရိပ်က မန်ဟို့မျက်ဝန်းများကို စိုက်ကြည့်ပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

သူ့အသံသာလျှင် ပျောက်ကွယ်မသွားခင် နူးညံညင်သာစွာ ပျံ့လွင့်လျက် ကျန်ခဲ့သည်။ “ငါ့အစွဲစိတ်ဟာ ငြိမ်းချမ်းသွားပြီဖြစ်လို့ ငါဟာ အခု ငါ့ကိုယ်အစစ်ရဲ့လမ်းအတိုင်း လိုက်တော့မယ်။ မင်းနဲ့ငါမှာ ရေစက်ပါရင်တော့ ထပ်တွေ့ရင် ထပ်တွေ့လောက်မှာပေါ့.... ကမ္ဘေကမ္ဘာပေါင်းများစွာ ကြာပြီးနောက်မှလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်”

မန်ဟိုက မျက်မှောင်ကြုတ်လျက် သူ၏ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် လှည့်ပတ်ကြည့်လိုက်သည်။ ကံဆိုးစွာနှင့် သခင်လီပြောခဲ့သော မန္တန်အစွမ်း၏အရိပ်အယောင်ကိုပင် ရှာမတွေ့ပေ။

“တတိယမျိုးဆက်မိစ္ဆာချုပ်နှောင်သူရဲ့ မန္တန်အစွမ်း....” သူက အတော်လေး တွေဝေနေဟန်ဖြင့် တွေးသည်။ နောက်ဆုံးတွင် သူသည် မျက်လုံးများကို ပိတ်၍ ပတ်ဝန်းကျင်ကို စတင်စူးစမ်းလေ့လာတော့သည်။

အချိန်ကြာသွားသည်။ ရက်အနည်းငယ်ကြာသော် မန်ဟိုသည် မျက်လုံးဖွင့်လိုက်သည့်တိုင် ဘာလုပ်ရမှန်း မသိသေးပေ။ သူ အာရုံရနေသည့် တစ်ခုတည်းသောအရာမှာ ရှေးခေတ်ကမ္ဘာထဲ ရောက်နေသကဲ့သို့ ခံစားချက်မျိုးကိုသာ။

ထို့အပြင် ဤနေရာက ... ပုံရိပ်ယောင်မဟုတ်ဘဲ အမှန်တကယ် အစစ်အမှန်ဖြစ်ကြောင်း ... သူ အတည်ပြုနိုင်သည်။

သူသည် ငုံ့ကြည့်လိုက်သည့်အခါ သူ့တွင် ခန္ဓာကိုယ်မရှိဘဲ ဝိညာဉ်သာ ရှိကြောင်း မြင်လိုက်ရ၏။ ထိုကိစ္စကို အတန်ကြာစဉ်းစားပြီးနောက် သူက မြေကြီး၊ ကောင်းကင်နှင့် အပင်များကို လေ့လာဖို့ ပျံသန်းသွားသည်။

အချိန်တွေ ထပ်ကြာသွားသည်။ တစ်လ ... မန်ဟိုမှာ သူ ရှင်းလင်းပြတ်သားစွာ ခံစားနေရသော အချိန်ကုန်ဆုံးနေမှုကြောင့် စိုးရိမ်စပြုလာသည်။ သူ၏ထင်မြင်ချက်များအရ ဤကမ္ဘာထဲရှိ အချိန်စီးဆင်းမှုသည် တောင်ပင်လယ်လောကနှင့် သိပ်မကွာပေ။

“ငါ ဒီကနေ ထွက်နိုင်မယ့်လမ်းကို ရှာတွေ့ဖို့ လိုတယ်။ အခုလောက်ဆို သတ္တမတောင်ပင်လယ်က သခင်အဖြူ အကောင်းအတိုင်း သက်သာနေလောက်ပြီ” မန်ဟိုက ထွက်ပေါက်ကို ရှာဖို့ သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။

သို့သော် နောက်တစ်လ ကြာသွားပြီး သူ့မှာ ဘာဖြစ်နေလဲ မသိသေးပေ။ ပို၍ပင် စိုးရိမ်လာသဖြင့် သူက ညာလက်ကို ဝှေ့ယမ်းရင်း နတ်ဘုရားစွမ်းရည်တစ်ခုကို ဆင့်ခေါ်လိုက်သည်။ အရာအားလုံး တဝုန်းဝုန်းတုန်ခါလာပြီး ကမ္ဘာ၏အစိတ်အပိုင်းများ ပြိုကျလာသည့်တိုင် ထွက်ပေါက်၏အရိပ်အယောင်ကိုပင် မမြင်ရပေ။

ကြည့်ရသရွေ့ ဤနေရာမှာ ထောက်ချောက်တစ်ခုဖြစ်ပြီး သူ့မှာ ထာဝရပိတ်မိသွားပုံပင်။

တစ်လ၊ နှစ်လ၊ သုံးလ... မန်ဟိုမှာ ရူးချင်လာသည်။ သူက လွတ်မြောက်အောင် ကြိုးစားနေသဖြင့် ပေါက်ကွဲသံများ အဆက်မပြတ် ဟိန်းထွက်နေသည်။ သူသည် မိစ္ဆာချုပ်နှောင်ခြင်းမှော်အစွမ်းများကို ထုတ်လွှတ်ကြည့်သော်လည်း အကြောင်းမထူးပေ။

သူက သခင်လီကို ထွက်လာဖို့ အော်ဟစ်တောင်းဆိုသော်လည်း သခင်လီကား မရှိတော့ပေ။ ဤကမ္ဘာတွင် ကမ္ဘာဦးသားရဲများ ရှိသော်လည်း မန်ဟို မည်မျှဒေါသထွက်နေသည်ကို ထည့်တွက်လျှင် တစ်ကောင်တစ်မြီးမှ ထွက်မလာရဲကြပေ။

မန်ဟို၏စိုးရိမ်စိတ်တို့ ပြင်းထန်လာသော်လည်း အချိန်ကတော့ အညှာအတာကင်းမဲ့စွာ ဆက်လက်ကုန်ဆုံးနေသည်။

တစ်နှစ်၊ သုံးနှစ်၊ ခြောက်နှစ်....

မန်ဟိုမှာ အချိန်ကုန်နေသည်ကိုသာ ကြည့်ရင်း အထီးကျန်နေသည်။ ဘိုးဘိုးမန်ကိုလည်း စိတ်ပူနေသည်။ သို့သော် သူ့နှလုံးသားထဲ၌ အဆိပ်ဆူးများ ထိုးစိုက်နေသကဲ့သို့ နာကျင်နေမှုကို လက်ခံရုံမှတစ်ပါး ဘာမှမတတ်နိုင်ပေ။

“ခြောက်နှစ်ကြာသွားခဲ့ပြီ....” သူက ခါးသီးစွာ ရေရွတ်လိုက်သည်။ သူ့မှာ ဤနေရာ၏ အချိန်ကုန်ဆုံးမှုနှင့်ပတ်သက်ပြီး သူ့အထင်မှားပါစေ၊ အပြင်လောကနှင့် အချိန်စီးဆင်းမှုကွဲပြားနေပါစေဟု မျှော်လင့်ဆုတောင်းနေမိသည်။

သို့သော် .... နောက်ထပ်ဆယ်နှစ် ကြာသွားသည်။ မန်ဟိုသည် သူ့ဝိညာဉ် အိုမင်းလာနေသည်ကို ခံစားနေရပြီး သူ့ခန္ဓာကိုယ်မှာ တုန်ရီနေ၏။ ထိုအကြောင်းကြောင့် ဤနေရာရှိ အချိန်နှင့် အပြင်လောကရှိ အချိန်မှာ .... တူညီသောနှုန်းဖြင့် စီးဆင်းနေသည်ဟူသော သူ၏အထင်များ တကယ်ကြီး မှန်နေခဲ့သည်ဟု ခံစားလိုက်ရတော့သည်။

နှစ်တစ်ရာကြာသွားပြီး မန်ဟိုမှာ တည်ငြိမ်လာခဲ့သည်။ ထိုတည်ငြိမ်မှုက အပေါ်ယံသာဖြစ်သည်က လွဲ၍။ သူ့နှလုံးသားထဲတွင် ဘိုးဘိုးမန်၊ နဝမတောင်ပင်လယ်၊ ရှုချင် ၊ အထူးသဖြင့် ကောင်းကင်ဘုံ ၃၃ ဘုံ နှင့် တောင်ပင်လယ်လောကထံ ချဉ်းကပ်လာနေသော ကြောက်မက်ဖွယ် ထိုအပြင်အင်အားစုကြီးနှစ်စုနှင့်ပတ်သက်၍ စိုးရိမ်သောကရောက်နေသည်။ ထိုသောကအား ဖယ်ရှားလို့ မရပေ။

“ဘာတွေဖြစ်နေတာလဲ.....” သူက ခါးသီးစွာ တွေးလိုက်သည်။ ကုန်ဆုံးသွားခဲ့သည့် နှစ်ပေါင်းရာချီတစ်လျှောက်လုံး တွေးနိုင်သမျှ တွေးခဲ့သော်လည်း ဘာတစ်ခုမှ အလုပ်မဖြစ်ခဲ့ပေ။

နှစ်ငါးရာကြာသည့်အခါ မန်ဟိုသည် အမှန်တကယ် တည်ငြိမ်လာ၏။

ထိုမျှကြာခဲ့မှတော့ အပြင်လောကတွင် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ပြီးသွားခဲ့ပြီဖြစ်၍ ပြောင်းလဲမရတော့ပေ။

အချိန်အများစုတွင် သူသည် အသိစိတ်ပင် မရှိပေ။ သူက သူ၏နတ်ဘုရားအာရုံကို ပို၍ဝေးဝေးရောက်အောင် ဖြန့်ကျက်ထားပြီး ၎င်းကို ပြန်မရုတ်ဘဲ နေနိုင်သလောက် နေတတ်သည်။

နှစ်တစ်ထောင် ကြာသွားပြီ။ ထို့နောက် တစ်ထောင့်ငါးရာ။ ငါးထောင် ...

နောက်ဆုံးတွင် မန်ဟိုမှာ အချိန်ဘယ်လောက်ကြာမှန်း မသိတော့ပေ။ နှစ်ငါးသောင်းလား၊ တစ်သိန်းလား၊ သူ တကယ် မသိတော့။ အသိစိတ်လည်း အမှန်တကယ် ကင်းမဲ့နေပြီ။ ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသောအရာမှာတော့ ကမ္ဘာတစ်ဝန်းလုံး ဖြာထွက်ပျံ့နှံ့နေသော အတွေးမျှင်များသာ။

ကမ္ဘာကြီး ပြောင်းလဲနေသည်ကို သူ မြင်ရသည်။ သက်ရှိသတ္တဝါများ မွေးဖွားသေဆုံးနေကြသည်ကို သူ မြင်ရသည်။ အချိန်၏တိုက်စားမှုကို သူ မြင်ခဲ့ရသည်။ လူပုံစံသတ္တဝါများပင် ဖြစ်တည်လာခဲ့သည်ကို သူ တွေ့ခဲ့ရသည်။ သူတို့က သားရဲတိရိစ္ဆာန်များကို အမဲလိုက်သည်၊ ၎င်းတို့၏အလေ့အထများကို လေ့လာပြီး ဆင့်ကဲတိုးတက်လာသည်။ မန်ဟို ကမ္ဘာလောကအထဲသို့ သူ၏အတွေးများကို ဖြန့်ကျက်ထားစဉ် သက်ရှိသတ္တဝါများသည် မည်ကဲ့သို့ကျင့်ကြံအားထုတ်ရမလဲ လေ့လာနေကြ၏။

မည်မျှကြာသွားပြီလဲ မပြောနိုင်သော်လည်း အချိန်တွေ ထပ်မံကြာသွားပြန်သည်။ ကမ္ဘာပေါ်တွင် ကျင့်ကြံသူများ တိုးပွားလာပြီး ကျင့်ကြံခြင်းအဆင့်များ မြင့်မားလာကြသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ပြီး သေကြေပျက်စီးကြပြန်၏။

နောက်ထပ်အချိန်တွေ ကြာသွားသည်။ စစ်တွေ ဖြစ်ပြီးနောက် စည်ပင်တိုးတက်လာပြန်သည်။ ထို့နောက် စစ်ပြန်ဖြစ်သည်။ ထို့နောက် ပြန်စည်ပင်သည်။ ဤသို့ဖြင့် ထပ်ခါတလဲလဲ သံသရာလည်နေရင်းနောက်ဆုံးတော့ တစ်နေ့တွင် ကောင်းကင်ထက်မှ မီးလုံးကြီးတစ်လုံး ကျလာသည်။

တစ်ကမ္ဘာလုံး မီးလောင်ပြာကျသွားသည်။ တည်ဆောက်ခဲ့သမျှ အရာအားလုံး ဖြိုချခံလိုက်ရပြီး စလုံးရေ စ မှ ပြန်စနေရပြန်ပြီ။ မန်ဟိုမှာ အသိစိတ်ကင်းလွတ်နေသည့်တိုင် သူ့အတွေးများသည် အရာအားလုံးကို စောင့်ကြည့်ရင်း နေရာအနှံ့၌ ရှိနေသည်။

အသက်တွေ ပြန်မွေးဖွားသည် ၊ စည်ပင်တိုးတက်သည်၊ စစ်ဖြစ်သည်။ ထို့နောက် ကောင်းကင်ထက်မှ မီးလုံးကြီးတစ်လုံးကြောင့် ပြာကျရပြန်သည်။ ဤအတိုင်း သံသရာလည်ပြန်၏။

မန်ဟိုသည် အချိန်စီးဆင်းမှုအစား သံသရာအကြောင်း တွေးလာသည်။

သံသရာတစ်ခုပြီးတစ်ခု၊ ထပ်တလဲလဲ။ အဆုံးမရှိသော ရှင်ခြင်းနှင့် သေခြင်း။ အဆုံးမရှိသော ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်း ... မန်ဟို မြင်နေရသည်။ သူသည် သူ ဘာကြည့်နေမှန်းပင် မသိတော့သည့်နေရာအထိ ရောက်လာခဲ့သော ခရီးသွားလေးတစ်ယောက်အလားပင်။ သံသရာများက အကြိမ်တစ်သောင်းမြောက် သံသရာသို့ ရောက်ရှိလာသည့်တိုင်အောင် ဆက်လက်ဖြစ်ပွားနေသည်။

ကောင်းကင်ဘုံမှ မီးလုံကြီးကြောင့် အကြိမ်တစ်သောင်းမြောက် သံသရာ ပျက်စီးသွားသည့်အချိန်တွင် ကမ္ဘာကား ပျောက်ကွယ်မသွား။ ဆက်လက်လောင်ကျွမ်းနေသည်။ အရာအားလုံး တုန်ခါပြီး ကြေမွသွားသဖြင့် ထစ်ချုန်းသံများအား ကြားလိုက်ရသည်။ နှစ်ပေါင်းအသင်္ချေတိုင် ကမ္ဘာတစ်ဝန်း ပြန့်ကြဲနေခဲ့သော မန်ဟို့အတွေးများသည် ရုတ်တရက် အတူတကွ ပြန်စုစည်းခံလိုက်ရ၏။

သူ့ကို အကြာမှအကြာကြီး ပိတ်ထားခဲ့သော လှောင်အိမ် ... ပြိုကွဲသွားသည့်အလားပင်။

ထစ်ချုန်းသံများသည် မိုးနှင့်မြေ ပြိုကျသွားသည့်တိုင်အောင် မြည်ဟည်းနေခဲ့၏။ အရာအားလုံး မရှိတော့သည့်အခါမှနောက်ဆုံး မန်ဟိုက ... သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။

သူကား မှီခိုရာဂိုဏ်း၏ကျောပေါ်က တံခါးကမ္ဘာထဲတွင်ဖြစ်သည်။ သို့သော် ကောင်းကင်သည် ပျောက်ကွယ်သွားခဲ့ပြီး မြေကြီးလည်း ဟာလာဟင်းလင်းသာ။ အရာအားလုံး မှောင်ပိန်းနေ၏။ တည်ရှိသည့် တစ်ခုတည်းသောအရာမှာတော့ မန်ဟို့ကို မေးခွန်းမေးနေသည့်အလား ပြုံးကြည့်နေသော သခင်လီ၏ရုပ်တုပင်။

မင်း တကယ်ပဲ နားလည်လား

All Chapters