ပစ္စုပ္ပန်ကို ရှာဖွေခြင်း
Vol. 94 Ch. 1308
မန်ဟိုက ရုပ်တုကြီးကို ကြည့်နေသော်လည်း သူ၏မျက်လုံးများသည် အာရုံလွင့်ပျံ့နေသည့်အလား ငေးကြောင်နေ၏။ ကောင်းကင်ဘုံမှ မီးလုံးကြီးကြောင့် ပျက်စီးမှုသံသရာပေါင်းတစ်သောင်းကို သူ ကြုံတွေ့ခဲ့ရသည်။
ထိုသံသရာများထဲမှ တစ်ခုကို ယူ၍ အပိုင်းတစ်သောင်း ထပ်ခွဲလိုက်လျှင် တောင်ပင်လယ်လောက၌ သူ နေထိုင်ခဲ့သော အချိန်မှာ ဤအပိုင်းတစ်ပိုင်းအဖြစ်ပင် ထည့်တွက်နိုင်လောက်မည်မဟုတ်ပေ။ သူ့အတွက် ... တောင်ပင်လယ်လောကသည် အတုအယောင်ဖြစ်သွားပြီး သံသရာလောကထဲတွင် သူ ကြုံတွေ့ခဲ့ရသော အရာအားလုံးသည် စစ်မှန်သောဘဝ ဖြစ်နေသယောင် ထင်ရသည်။
ဘာက အမှန်လဲ၊ ဘာက အမှားလဲ။ သူ သိသော်လည်း ထိုနှစ်ခုကို ပြတ်ပြတ်သားသား မခွဲခြားနိုင်သေးပေ။
မန်ဟိုမှာ တွေဝေမြဲတွေဝေနေဆဲဖြစ်ပြီး သူ့မျက်လုံးများသည် ငေးကြောင်နေ၏။ သူနှင့်ပတ်သက်သမျှ အရာအားလုံးမှာ ထိုကမ္ဘာအတွင်းထဲ နစ်မြောနေ၍ ပြန်မလာနိုင်သေးပေ။ ယခင်က သူသည် အစစ်အမှန်အတုအယောင်မန္တန်ကို နားလည်သည်ဟု ယုံကြည်ခဲ့သော်လည်း ယခုတော့ ထိုသို့မဟုတ်ပုံပင်။
မည်သည့်အရာမှ မနှောင့်ယှက်ခဲ့လျှင် မန်ဟိုသည် သူ၏အပြင်အားကိုယ် ခြောက်သွေ့ပြီး သူ့ဝိညာဉ် လွင့်ပျယ်မသွားမချင်း တင်ပျဉ်ခွေလျက် ထိုင်မြဲထိုင်နေလိမ့်မည်။ ထို့နောက် သေဆုံးသွားလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ...အတုအယောင်အတွင်း၌ မည်သည့်အရာက စစ်မှန်နေလဲ သူ ရှာမတွေ့၍ပင်။
သူသည် ပစ္စုပ္ပန်ဘဝကို ရှာမတွေ့တော့ဘဲ အချိန်သဲမှုန်များထဲ နစ်မြုပ်သွားလိမ့်မည်။
နေ့ရက်များ ကုန်လွန်သွားပြီး သူ့ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပိန်ချုံးလာသည်။ သူ၏အသားအရေမှာ ဖျော့တော့အိုမင်းနေသလို၊ သူ၏အသက်စွမ်းအားလည်း မှေးမှိန်အားနည်းလာသည်။ သူ့မျက်လုံးများက ငေးကြောင်မြဲငေးကြောင်နေသည်။
ခုနစ်ရက်ကြာသော် သူသည် အရိုးပေါ်အရေတင်နေတော့၏။ သူ့ဝိညာဉ်မှာ ပြိုကွဲစပြုလာပြီး သူ၏အသက်စွမ်းအားမှာ အချိန်နှင့်အမျှ အားနည်းလာနေသည်။ သူကား ထာဝရငြိမ်းသေတော့မည့် ဆီမီးအိမ်တစ်လုံးအလားပင်။
လဝက်ကြာသွားသည် ... ထိုဆီမီးအိမ်ထဲရှိ မီးတောက်သည် အချိန်မရွေး ငြိမ်းတော့မည့်အလား တဖျပ်ဖျပ်လှုပ်နေသည်။ ၎င်းသည် လောင်နေဆဲဖြစ်သော်လည်း အားနည်းလာနေ၏။ နောက်ဆုံးတော့ မန်ဟို ပြန်ရောက်လာပြီး ဆယ့်နှစ်ရက်မြောက်နေ့တွင် သူ၏အသက်စွမ်းအားမီးတောက်က ငြိမ်းသွားတော့သည်။
သို့သော် သေမင်းချဉ်းကပ်လာသည့် ထိုအခိုက်အတန့်တွင် မန်ဟို၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ရီလာ၏။ မီးငြိမ်းသွားစဉ် သူ့မျက်လုံးထဲ၌ ရုန်းကန်နေသောအရိပ်အယောင်တစ်ခု ပေါ်လာသည်။
ထိုရုန်းကန်မှုက အလွန့်အလွန် အားနည်းသော်လည်း သူ၏အသက်မီးတောက်ကို မဆိုစလောက်လေး လင်းလာစေသည်။ ထို့နောက် ရုန်းကန်မှုသည် ကြီးထွားလာ၏။ မန်ဟို့ကိုယ်ထဲ၌ သူ့ခန္ဓာကိုယ်ကို အသာအယာယိမ်းသွားစေသော ထစ်ချုန်းသံတစ်သံ ဟိန်းထွက်လာသည်။ သွေးကြောများသည် သူ့မျက်လုံးအိမ်သို့ စီးဆင်းလာ၏။ သူကား နိုးထလာနေပြီ။
ရုန်းကန်မှုက နောက်ထပ်သုံးရက် ကြာသည်။ ထိုအချိန်အတောအတွင်း သူက တစ်ချက်လေးမှ မတုန်ရီဘဲ မနေပေ။ သူ၏အသက်မီးတောက်က ဆက်လက်တောက်လောင်နေပြီး သူ့ဝိညာဉ်မှာ အုံကြွလာတော့သည်။ သူ့မျက်လုံးများသည် တစတစ အာရုံစိုက်လာ၏။
သုံးရက်ထပ်ကြာသည်။ ယခုဆိုလျှင် မန်ဟို ပြန်ရောက်လာသည့်အချိန်မှစ၍ စုစုပေါင်း (၂၇) ရက် ကြာသွားလေပြီ။ တဖြေးဖြေး တုန်ရီပြီး မသဲကွဲသည့်တိုင် သူ့အသံဖြစ်ကြောင်း ထင်ရှားသော အသံက သူ့နှုတ်မှ ထွက်လာသည်။
“ငါ ... က ... မန် ... ဟို”
သူက ထိုစကားကို ထပ်တလဲလဲ စတင်ရွတ်သည်။ ၎င်းကား အားထုတ်မှုဖြစ်ကြောင်း သိသာသည်။ သူသည် စကားလုံးလေးလုံးကိုသာ ပြောနေသော်လည်း သူ့တစ်ကိုယ်လုံးကို ပြင်းပြင်းထန်ထန် တုန်ရီနေစေ၏။ မကြာမီ သူ ထပ်တလဲလဲ ပြောနေစဉ် စကားသံသည် ပို၍သဲကွဲထင်ရှားလာသည်။
“ငါ ... က ... မန်ဟို”
“ငါ .... က မန်ဟို”
အဆုံးသတ်တွင် သူက စကားလုံးအားလုံးကို တစ်ဆက်တည်း ပြောနိုင်သွား၏။
“ငါက မန်ဟို”
ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲတွင် ထစ်ချုန်းသံများ ပြည့်နှက်သွားသည်။ ၎င်းက သူ၏ကမ္ဘာတစ်ကမ္ဘာလုံးကို တုန်ရီသွားစေသော မိုးခြိမ်သံကြီးအလားပင်။ နောက်ဆုံးတော့ သူ၏မျက်ဝန်းအတွင်း၌ အာရုံစိုက်မှုရောင်စဉ် လက်သွားသည်။
ထိုရောင်စဉ်က သူ၏အသိစိတ် .... ပြန်ရောက်လာခဲ့ပြီဖြစ်ကြောင်း ညွှန်ပြသည်။
ထိုသို့ဖြစ်ပျက်သောအခါ သခင်လီ၏ရုပ်တုသည် ယခင်နှင့် ထူးထူးခြားခြား ပြောင်းလဲသွားပုံမရသော်လည်း တစ်နည်းနည်းဖြင့် သူ့အပြုံးထဲတွင် အသိအမှတ်ပြုမှု ပါရှိနေသယောင် ထင်ရသည်။ ရုပ်တုကြီး၏လက်နှစ်ဖက်ပေါ်ရှိ မှော်သင်္ကေတများသည် ရုတ်တရက် မန်ဟို့ထံ ပျံသန်းလာပြီးနောက် သူ့နဖူးထဲ ဝင်ရောက်ပေါင်းစည်းသွား၏။
ပထမဆုံး ဝင်ရောက်လာသည်မှာ ဒုတိယမျိုးဆက်မိစ္ဆာချုပ်နှောင်သူ၏ အစစ်အမှန်- အတုအယောင်မန္တန်ပင်။
၎င်း သူ့ကိုယ်ထဲ ဝင်ရောက်လာသည့်အခါ သူ့တစ်ကိုယ်လုံးတွင် ထစ်ချုန်းသံများ ပြည့်နှက်သွားသည်။
“ဒါဟာ အစစ်အမှန်နဲ့ အတုအယောင်ဖြစ်တယ်။ စစ်မှန်မှုအတွင်းမှာ အတုအယောင်ကို ရှာ။ အတုအယောင်အတွင်းမှာ စစ်မှန်တာကို ရှာ။ အဲဒီလိုလုပ်နိုင်ရင်တော့ ... မင်းဟာ ဒုတိယမိစ္ဆာချုပ်နှောင်မန္တန်ကို ရရှိသွားပြီ
“မရေမတွက်နိုင်တဲ့ ဘဝအတုအယောင်တွေထဲမှာ မင်းက အတုအယောင်ပင်လယ်တစ်စင်းထဲက အစစ်အမှန်ရေစက်လေးတစ်စက်ကို ရှာဖွေနိုင်ခဲ့တယ်။ အခုကစပြီး အစစ်အမှန်-အတုအယောင်မန္တန်က .... မင်းအတွက် တွေဝေမှုတွေ ဖြစ်ပေါ်စေမှာမဟုတ်တော့ဘူး”
သူ၏အသိစိတ်သည် ပို၍ခိုင်မာအားကောင်းလာ၏။ ထို့နောက် ဒုတိယမှော်သင်္ကေတက သူ့နဖူးထဲ ဝင်ရောက်လာသဖြင့် သူ၏အသက်ရှူသံများ မြန်လာတော့သည်။
“ဒါက ငါ့ရဲ့မန္တန် .... ပစ္စုပ္ပန်-ရှေးခေတ်မန္တန်လို့ ခေါ်တယ်”
“အချိန်ကို တွက်ချက်ကြည့်လို့မရဘူး။ မိုးနှင့်မြေဟာ အကန့်အသတ်မဲ့တယ်။ ရှေးခေတ်ကတည်းက ကုန်ဆုံးသွားခဲ့တဲ့ နှစ်တွေနဲ့ပတ်သက်ပြီး ဉာဏ်အလင်းရှာဖွေ၊ ဖျက်စီးခံနေရတဲ့ မိုးကောင်းကင်တွေကို လေ့လာ။ ကပ်ဘေးတစ်ခုပြီးတစ်ခု ကြုံတွေ့၊ ပစ္စုပ္ပန်ကို ရှာဖွေဖို့ ရှေးခေတ်ကို ပြန်သွားခြင်း.....
“မင်း ဒါကို လုပ်ခဲ့ပြီးပြီ။ ဒါကြောင့် ငါ့ရဲ့ တတိယမိစ္ဆာချုပ်နှောင်ကို လက်ခံဖို့ အရည်အချင်းပြည့်မှီတယ်
“ငါ့ဘဝမှာ ရခဲ့တဲ့ နောင်တကြီးတစ်ခုရှိတယ်... အဲဒါက ငါ့မှာ မန္တန်ကိုးခုကို ပေါင်းစည်းရမယ့် ကံမပါခဲ့တာပဲ။ နောင်တစ်ချိန်မှာ ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူဟာ မိစ္ဆာချုပ်နှောင်သူအဖွဲ့တစ်ဖွဲ့လုံးရဲ့ ကံကြမ္မာကို ပေါင်းစည်းနိုင်လိမ့်မယ်၊ ရှုံးနိမ့်မှုတွေကို အောင်မြင်မှုအဖြစ် ပြောင်းပြန်လှန်နိုင်လိမ့်မယ်၊ ကျန်တဲ့မန္တန်ရှစ်ခုလုံးကို ဉာဏ်အလင်းရပြီး နဝမမန္တန်ကို ဖန်ဆင်းနိုင်လိမ့်မယ်ဆိုတာ ငါ မြင်ခဲ့တယ်....
“အဲဒီလူဟာ ... ငါတောင်မှ ဟိုးထိပ်ဆုံးကို မော့ကြည့်ရမယ့် လူပဲ
“ကောင်းကင်ဘုံအားလုံးမှာ ပြိုင်ဘက်ကင်းတဲ့ အနှိုင်းမဲ့ မိစ္ဆာချုပ်နှောင်အစွမ်းကိုးခုတဲ့လေ”
နောင်တတို့ ပြည့်နေသော အသံက မိုးခြိမ်းသံကြီးသဖွယ် သူ့စိတ်နှင့်ခန္ဓာကိုယ်ထဲတွင် ပဲ့တင်ထပ်နေသော်လည်း သူတစ်ယောက်တည်းသာ ၎င်းကို ကြားနိုင်၏။ သူ့ခန္ဓာကိုယ်သည် တုန်ရီနေခြင်းမရှိတော့ဘဲ သူ့မျက်လုံးများလည်း ပွင့်နေသည်။ သို့သော် သူ မော့ကြည့်လိုက်သည့်အခါတွင် ... သူ့မျက်လုံးများကို ပြန်ဖွင့်နေသည်နှင့် တူသည်။
သူ၏ဖွင့်ထားသော မျက်လုံးများသည် လုံးဝဥဿုံ ရှင်းလင်းပြီး အာရုံစူးစိုက်နေ၏။ သူ့စိတ်ထဲတွင် နဝမတောင်ပင်လယ်၊ အဋ္ဌမတောင်ပင်လယ်နှင့် တောင်ပင်လယ်လောက၏ မှတ်ဉာဏ်များ ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းတို့သည် ပိုပို၍နက်ရှိုင်းလေးနက်လာပြီး ထိုတခြားမိုးနှင့်မြေတွင် သံသရာပေါင်းများစွာ နေခဲ့တုန်းက မှတ်ဉာဏ်များ တစတစ ဖိနှိပ်ခံလိုက်ရသည့်တိုင်အောင် သူ့စိတ်ထဲတွင် ပြည့်နှက်လာသည်။ မကြာမီ သူ၏မှတ်ဉာဏ်ဟောင်းများသည် သူ၏အရာရာဖြစ်လာ၏၊။
မန်ဟိုက ဘာမှမပြောပေ။ သူသည် သူ့စိတ်ထဲတွင် လွင့်မျောနေသော ချုပ်နှောင်ခြင်းမှော်သင်္ကေတခြောက်ခုကိုသာ ခံစားနေ၏။ ၎င်းတို့က အဋ္ဌမ၊ သတ္တမ၊ ဆဋ္ဌမ၊ ပဉ္စမ၊ တတိယနှင့် ဒုတိယမန္တန်များ ဖြစ်ကြသည်။
ယခု သူ့တွင် လိုအပ်နေသည်မှာ ... စတုတ္ထနှင့် ပထမမန္တန်သာ။
ထိုမဟာမန္တန်နှစ်ခုကို ရှာတွေ့သည်နှင့် သူသည် .... သူ၏အပိုင်ဖြစ်သော နောက်ဆုံး နဝမမန္တန်ကို ဖန်ဆင်းနိုင်လိမ့်မည်။
အချိန်အတန်ကြာသော် မန်ဟိုက သခင်လီ၏ရုပ်တုကို ကြည့်ပြီးနောက် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ ဝမ်းနည်းမှုနှင့် လွမ်းဆွေးမှုအပါအဝင် ရှုပ်ထွေးနေသောခံစားချက်များကို သူ့မျက်ဝန်းများတွင် မြင်ရနိုင်သည်။
“သခင်လီ တတိယမြောက်မိစ္ဆာချုပ်နှောင်သူ” သူက တိုးညင်းစွာ ရေရွတ်သည်။ “ဘယ်လောက်ထူးချွန်ပြောင်မြောက်လိုက်လဲ ... " ဤသည်မှာ သူ့တစ်ဘဝလုံးတွင် စိန်ခေါ်မှုအကြီးမားဆုံး အတွေ့အကြုံများထဲမှ တစ်ခုဖြစ်သည်။ ၎င်းက ရိုးရှင်းသောအရာလေးတစ်ခုဟု ထင်ရကောင်းထင်ရလိမ့်မည်။ သို့သော် မည်မျှခက်ခဲသလဲ သူတစ်ယောက်တည်းသာ နားလည်နိုင်၏။
၎င်းကား သေခြင်းတရားထက်တောင်မှ ကြောက်စရာကောင်းသည်။ သေခြင်းဆိုသည်မှာ ... အဆုံးသတ်လေးတစ်ခုသာ မဟုတ်ပါလော။ သို့သော် ကိုယ့်စိတ်ကို ဆုံးရှုံးရခြင်း၊ ကိုယ်ဂရုစိုက်သမျှ အရာအားလုံးနှင့် ကိုယ့်အတွက် အရေးပါသမျှ အရာအားလုံးကို မေ့ပျောက်သွားခြင်းဆိုသည်မှာ ကျင့်ကြံသူတစ်ယောက်အတွက် အခါးသီးဆုံးငရဲအဖြစ် သတ်မှတ်၍ရသည်။
ထိုနည်းတူစွာ၌ပဲ အတုအယောင်ကမ္ဘာတစ်ကမ္ဘာထဲတွင် လမ်းပျောက်သွားပြီး ဘဝအစစ်သို့ ပြန်မသွားနိုင်ခြင်းမှာ ပူဆွေးဖွယ်အကောင်းဆုံးအရာတစ်ခုဖြစ်သည်။
“စစ်မှန်ခြင်းနဲ့ အတုအယောင်။ ပစ္စုပ္ပန်နဲ့ ရှေးခေတ် ... ငါ အခု နားလည်ပြီ” မန်ဟိုက သခင်လီ၏ရုပ်တုကို ကြည့်လျက် တိုးညင်းစွာ ပြောသည်။ နောက်ဆုံးသည် သူသည် သူ၏လက်ကို မြှောက်၍ သူ့အရှေ့တွင် ဝှေ့ယမ်းလိုက်၏။
ချက်ချင်းဆိုသလို သူ့ပတ်ပတ်လည်ရှိ မှောင်ပိန်းနေသော ကမ္ဘာကြီးသည် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွား၏။ တစ်ချိန်တည်းမှာပင် သခင်လီ၏ရုပ်တုလည်း တစ်စပြီးတစ်စ ပြိုကျလာသည်။
တစ်ကမ္ဘာလုံး ဝုန်းခနဲ ကွဲထွက်သွားလေပြီ။
သို့သော် ၎င်း ကြေမွသွားပြီးနောက် အနက်ရောင်တိမ်များ၊ အဖြူရောင်မြေပြင်နှင့်အတူ အဝါရောင်ကောင်းကင်တစ်ခု ပေါ်လာသည်။ အဝေးတွင် ရုပ်တုကြီးကို မြင်ရသေးလေသည်။
ထူးဆန်းစွာနှင့် မှော်သင်္ကေတတစ်ခုသည် ရုပ်တုကြီး၏ညာလက်ပေါ်တွင် ပျံဝဲနေသည့်တိုင် ဘယ်လက်မှာမူ ... ဗလာကျင်းနေ၏။ အမှန်တော့ ဘယ်လက်ပေါ်ရှိ မှော်သင်္ကေတမှာ ခေါင်းအထက်က ကောင်းကင်ဖြစ်သည်။
ယခုတွင် မည်သည့်အရာက အစစ်အမှန်လဲ ရှင်းလင်းသွားလေပြီ။
သူ ကြုံတွေ့ခဲ့သော ဒုတိယကမ္ဘာမှာ .... ပုံရိပ်ယောင်၊ အတုအယောင် ဖြစ်ခဲ့သည်။
တဂျိန်းဂျိန်း မြည်ဟည်းနေစဉ် သခင်လီ၏အပြုံးက မပြောင်းလဲဘဲ ရှိရာမှ ... အံ့အားသင့်သွားပြီးနောက် ချီးကျူးနေပုံပေါ်လာသည်။
“မင်း နားလည်သွားပြီ” အသံတစ်သံက ကမ္ဘာတစ်လျှောက် နူးညံ့ညင်သာစွာ ပဲ့တင်ထပ်သွားသည်။
ထိုအခိုက်အတန့်တွင် ညာလက်အပေါ်၌ ပျံဝဲနေသော မှော်သင်္ကေတသည် ပျောက်ကွယ်သွားသလို၊ ကောင်းကင်ထက်ရှိ မှော်သင်္ကေတလည်း ထိုနည်းတူပင်။ ၎င်းတို့က အလင်းတန်းနှစ်တန်းအတွင်းပြောင်းရင်း ထိုးဆင်းလာပြီးနောက် မန်ဟို့ကိုယ်ထဲ ဝင်ရောက်ပေါင်းစည်းသွားသည်။
မန်ဟိုက မရှောင်။ လင်းလက်နေသော မှော်သင်္ကေတနှစ်ခုကို သူ့နှင့်တစ်သားတည်းဖြစ်၍ သူ့ကိုယ်ထဲရှိ ဒုတိယနှင့်တတိယမန္တန်များကို ပြည့်စုံသွားစေသည်။
ရုတ်တရက်ဆိုသလို မန်ဟိုသည် မေးခွန်းတစ်ခွန်း မေး၏။ “အဲဒီဒုတိယကမ္ဘာနဲ့ပတ်သက်ပြီး ဘာက မစစ်မှန်လဲဆိုတာ ကျုပ် မမြင်ခဲ့ဘဲ ပြန်ရောက်လာပြီး တံခါးကနေ ထွက်သွားလိုက်ရင် ကျုပ် ဘာကို မြင်ရမှာလဲ”
“ငါ မသိဘူး” အသံက ညင်သာပျော့ပျောင်းစွာ ပြန်ဖြေသည်။ ၎င်းသည် တိုးညှင်းသံပေါက်သော်လည်း အမှန်က အလွန့်အလွန်ဝေးကွာသောအရပ်မှ လာနေခြင်းဖြစ်၏။
အသံ ဝေးသထက် ဝေးသွားစဉ် ရုပ်တုကြီး၏နဖူးပေါ်ရှိ အကန့်အသတ်မဲ့ အသက်စွမ်းအားမြူက မန်ဟို့ထံ သက်ဆင်းလာပြီး သူ့ကို လွှမ်းခြုံကာ သူ၏ခန္ဓာကိုယ်ကို အားဖြည့်ပေးနေသည်။
သူ့အတွက် ပိန်ချုံးနေသောအခြေအနေမှ အားအင်ပြည့်ဖြိုးလာရန် တခဏသာ ကြာလိုက်သည်။ သူ့ဝိညာဉ်သည် ပို၍အားကောင်းလာပြီး သူ့နတ်ဘုရားအာရုံလည်း ထပ်မံတိုးတက်သွားသည်။ ယခုတွင် သူ၏နတ်ဘုရားအာရုံကား ပါရာဂွန်နတ်ဘုရားအာရုံနှင့် လေးဆယ်ရာခိုင်နှုန်းမက ငါးဆယ်ရာခိုင်နှုန်း ညီမျှနေလေပြီ။
အတိုတောင်းဆုံးအခိုက်အတန့်လေးအတွင်း သူသည် အထွတ်အထိပ်သို့ ရောက်ရှိသွား၏။
သို့သော် မန်ဟိုက ထိုရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို အာရုံစိုက်မနေ။ ထိုအစား သူသည် ယခုလေးတင် မေးခဲ့သော မေးခွန်းကို ပြန်စဉ်းစားနေ၏။ အတန်ကြာသော် အဖြေမရှိကြောင်း သဘောပေါက်လိုက်သဖြင့် ခပ်အက်အက် ရယ်သည်။ အဖြေမရှိမှတော့ အဖြေဆက်ရှာနေစရာ အကြောင်းမရှိပေ။
သူသည် လက်ယှက်၍ နောက်တစ်ကြိမ် အရိုအသေပေးပြီးနောက် လှည့်လိုက်သည်။ သို့သော် ယခုထက်ထိ မထွက်သွားသေးပေ။ ထိုအစား သူ၏ဝိညာဉ်မီးအိမ် ၃၃ လုံးကို ဆင့်ခေါ်ရင်း သူ့ကို လှည့်ပတ်စေလိုက်သည်။
မန်ဟိုသည် သူ၏ဒုတိယဝိညာဉ်မီးအိမ်ကို ကြည့်၏။ ထို့နောက် အေးစက်စက် ပြောသည်။ “ရှေးဟောင်းနယ်ပယ်မှာ ဝိညာဉ်မီးအိမ်တွေကို မငြှိမ်းတဲ့အခါ ပျက်စီးခြင်းခုနစ်မျိုး ပါဝင်တယ် ... ပထမဆုံးပျက်စီးခြင်းက ယုံမှားစိတ် တစ်နည်းအားဖြင့် ပုံရိပ်ယောင်ပျက်စီးခြင်းပဲ။ အခု ငါ့အတွက် အဲ့ဒါက ပြဿနာမရှိတော့ဘူးဆိုတော့ ပထမမီးအိမ်ငါးလုံးစလုံးကို လက်ကလေးလှန်သလို ငြှိမ်းနိုင်လိမ့်မယ်
“ဒုတိယမီးအိမ် ငြိမ်းစမ်း” စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် ဒုတိယဝိညာဉ်မီးအိမ်သည် မမြင်ရသောလေဖြင့် ငြှိမ်းသတ်ခံလိုက်ရသည့်အလား ငြိမ်းသွား၏။
အစိမ်းရောင်အငွေ့များ ပေါ်လာပြီး မည်သည့်ပုံရိပ်ယောင်ထင်မှားမှုမှ ပေါ်မလာခင် မန်ဟိုက ၎င်းကို နှာခေါင်းဖြင့် ရှူသွင်းလိုက်သည်။ ထစ်ချုန်းသံများ သူ၏စိတ်နှင့်ခန္ဓာကိုယ်တွင် ပြည့်နှက်သွားသည်။
သူ၏ကျင့်ကြံခြင်းအခြေခံ မြင့်တက်သွားပြီး သူ့နတ်ဘုရားအာရုံ ကြီးထွားလာကာ သူ့အပြင်အားကိုယ်လည်း သန်မာလာသည်။ နှစ်ဆတိုးခြင်းတော့ မဟုတ်သော်လည်း သူကား များစွာသန်မာလာခဲ့သည်။
လေဆင်နှာမောင်းတစ်ခုက တစ်ကမ္ဘာလုံးတွင် သောင်းကျန်းတိုက်ခတ်ရင်း သူ့ကို လှည့်ပတ်နေသည့်အချိန်မှာပင် သူ၏မျက်လုံးများသည် သူ၏တတိယမြောက်ဝိညာဉ်မီးအိမ်အပေါ် ကျရောက်သွား၏။
“တတိယမီးအိမ် ငြိမ်းစမ်း”
ဝုန်း
သူ၏တတိယမီးအိမ် ငြိမ်းသွားသည့်အခါ ပထမယုံမှားသံသယပျက်စီးခြင်း စတင်သည်။ သို့သော် အတုအယောင်အတွင်း၌ အစစ်အမှန်၊ အစစ်အမှန်အတွင်း၌ အတုအယောင်ကို ရှာဖွေနိုင်ပြီး ပစ္စုပ္ပန်ကို ရှာဖွေဖို့ ရှေးခေတ်မှ ပြန်လာနိုင်သော အစွမ်းအသစ်ကြောင့် .... ဤပျက်စီးခြင်းသည် တစ်ချက်တည်း ပြိုကွဲသွား၏။
ရှေးခေတ်မှစ၍ ယနေ့ထက်တိုင်အောင် လောကပါလတာအိုအင်မော်တယ်များ ဝိညာဉ်မီးအိမ်များကို မီးငြှိမ်းရာတွင် ကြောက်ခမန်းလိလိ တိုက်ပွဲတစ်ပွဲပြီးတစ်ပွဲ ပါဝင်၍ အတိုင်းထက်အလွန် သတိရှိဖို့ လိုအပ်ခဲ့သည်။ ပျက်စီးခြင်းများကို သစ်ကိုင်းခြောက်များလို လုံးလုံးလျားလျား နင်းခြေပစ်နိုင်သော မန်ဟို့လို အခြေအနေမျိုး တစ်ခါမှ မဖြစ်ပွားခဲ့ဖူးပေ။