← Chapters

ကျင့်ကြံခြင်းအခြေခံ အဆင့်တက်စမ်း

Vol. 94 Ch. 1309

ကျင့်ကြံခြင်းအခြေခံ အဆင့်တက်စမ်း

Vol. 94 Ch. 1309

သူ၏တတိယဝိညာဉ်မီးအိမ် ငြိမ်းသွားသည့်အခိုက်အတန့်တွင် လေတစ်ချက် ဖြတ်တိုက်သွားသကဲ့သို့ ကျန်ဝိညာဉ်မီးအိမ်များလည်း တဖျတ်ဖျတ် လှုပ်သွားသည်။

“ပျက်စီးခြင်းခုနစ်မျိုး....” မန်ဟိုက မျက်လုံးများပိတ်လျက် အေးတိအေးစက် ပြောသည်။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်တက်လာမှုနှင့် သူ၏နတ်ဘုရားအာရုံ ဆယ်ရာခိုင်နှုန်းကြီးထွားလာမှုကို သူ ခံစားလိုက်ရ၏။

ယခုအချိန်တွင် သူ၏နတ်ဘုရားအာရုံကား ပါရာဂွန်တစ်ဦး၏ နတ်ဘုရားအာရုံနှင့် ခြောက်ဆယ်ရာခိုင်နှုန်း ညီမျှနေလေပြီ။

“ငါ ကျန်တဲ့ဝိညာဉ်မီးအိမ်အလုံးသုံးဆယ်လုံးကို ငြှိမ်းနိုင်ရင်တော့ ငါ့နတ်ဘုရားအာရုံက ပါရာဂွန်အဆင့်ထက် သုံးဆအစွမ်းကြီးမားလာလိမ့်မယ်။ အနှစ်သာရ ၇ ခု ပါရာဂွန်ထက် သုံးဆပဲ အစွမ်းထက်တာတောင်မှ ကြောက်စရာကောင်းတဲ့စွမ်းအား ဖြစ်နေသေးတယ်” မန်ဟို့မျက်လုံးများက ပွင့်လာပြီး လင်းလက်တောက်ပနေသည်။ သူ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်စဉ် သူ့ကိုယ်အတွင်း၌ ထစ်ချုန်းသံများ ဆက်လက်မြည်နေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံ၊ အပြင်အားကိုယ်နှင့် ဝိညာဉ်...  သူနှင့်ပတ်သက်သမျှ အရာအားလုံးကား သန်မာတိုးတက်လာနေဆဲပင်။

“ငါ့အတွက် ရှေးဟောင်းနယ်ပယ်ဟာ ခရီးလမ်းပေါ်က မှတ်တိုင်လေးတစ်ခုပဲ မဟုတ်တော့ဘူး ... တစ်ခါမျှမကြုံစဖူးအတိုင်းအတာအထိ ပြောင်းလဲမယ့် နေရာဖြစ်သွားပြီ” သူက အင်္ကျီလက်စကို ခါလိုက်ရာ လေတစ်ချက်သည် အရပ်လေးမျက်နှာသို့ ဖြာထွက်တိုက်ခတ်သွား၏။ သူ၏နတ်ဘုရားအာရုံကို ပတ်ဝန်းကျင်သို့ ဖြန့်ကျက်ကြည့်လိုက်လျှင် သူသည် ယခင်ထက် ခြောက်ဆယ်၊ခုနစ်ဆယ်နှုန်းခန့် သန်မာလာသည်ကို ခံစားလိုက်ရ၏။

“ပြီးတော့ ငါ ဒီ့ထက်တောင် ပိုသန်မာလာနိုင်သေးတယ်” သူက မျက်လုံးများတောက်ပနေလျက် ပြောကာ သူ၏လေးလုံးမြောက် ဝိညာဉ်မီးအိမ်ကို ကြည့်၏။ ထို့နောက် စိတ်ထဲတွင် ၎င်းကို ငြိမ်းဖို့ အမိန့်ပေးလိုက်သည်။

မီးတောက် ပျောက်ကွယ်သွားသည့်အခါ အစိမ်းရောင်အငွေ့များ လွင့်လူတက်လာပြီး မန်ဟို၏နှာခေါင်းထဲ အလုအယက်ဝင်ရောက်ကာ ထစ်ချုန်းသံများကို ပိုမိုဆူညံလာစေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် လေပြင်းတစ်ချက်ကို တစ်လောကလုံးတွင် တိုက်ခတ်ဝေ့လည်နေစေရင်း မြင့်တက်လာ၏။

သူ့နတ်ဘုရားအာရုံသည်လည်း ခြောက်ဆယ်ရာခိုင်နှုန်းအဆင့်မှ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ကြီးထွားလာပြန်သည်။

သူ့အပြင်အားကိုယ်က တဂျွတ်ဂျွတ်မြည်သံများကို ထုတ်လွှတ်နေပြီး သူ့ဝိညာဉ်မှာ သူ့ကိုယ်အတွင်းမှ ထိုးထွက်သွားတော့မည့်အလား ခံစားလိုက်ရသည်။ စူးရှတောက်ပသောအရောင်အဝါများက သူ၏မျက်လုံးများမှ ဖြာထွက်နေရာ ဤကမ္ဘာတစ်ကမ္ဘာလုံးရှိ အလင်းအားလုံး၏ အရင်းအမြစ်ဖြစ်လာခဲ့သည့်အလား ထင်ရသည်။

ပျက်စီးခြင်းခုနစ်မျိုး၏ ပထမပျက်စီးခြင်းသည် မန်ဟို့အတွက် အဓိပ္ပါယ်လုံးဝကင်းမဲ့သော ထင်ယောင်ထင်မှားပုံရိပ်ယောင်များကို ဖန်ဆင်းနေ၏။ ၎င်းတို့က သူ့ကို နည်းနည်းလေးမှ မတုန်လှုပ်စေပေ။

ဤသည်မှာ လောကပါလတာအိုအင်မော်တယ်တစ်ဦး၏ ရှေးဟောင်းပြစ်ဒဏ်ဖြစ်သော်လည်းပဲ .... အစစ်အမှန်၊ အတုအယောင်နှင့်ပတ်သက်သည့် မန်ဟို၏အတွေ့အကြုံကို မယှဉ်နိုင်သလို၊ ပစ္စုပ္ပန်ဘဝကို ရှာတွေ့ဖို့ အနန္တအချိန်များကို ဖြတ်သန်းခဲ့သော မန်ဟို့ကို မပြိုင်နိုင်ပေ။

သူ့အကြည့်လေးတစ်ချက်က .... ပုံရိပ်ယောင်များကို ဘယ်တုန်းကမှ မရှိခဲ့သည့်အလား ကြေမွသွားစေသည်။ ၎င်းတို့မှာ မုန့်မုန့်ညက်ညက် ကြေကုန်၏။

သူ၏စတုတ္ထဝိညာဉ်မီးအိမ် မီးငြိမ်းသွားသောအခါ မန်ဟို့တန်ခိုးသည် တဟုန်ထိုး မြင့်တက်သွားသည်။ သူ ငါးလုံးမြောက်ဝိညာဉ်မီးအိမ်ကို ငြှိမ်းရန် ပြင်နေစဉ်မှာပဲ စတုတ္ထမီးအိမ်ထဲမှ ဒေါသတကြီးဟိန်းဟောက်သံကြီးတစ်သံ ပဲ့တင်ထပ်လာသည်။ လေထုသည် ပုံပျက်လာပြီး ဧရာမလက်ကြီးတစ်ဖက် မြင်သာလာ၏။ ၎င်းက မန်ဟို့ကိ ဖမ်းဆုပ်ဖို့ ပုံရိပ်ယောင်နှင့် အစစ်အမှန်အကြားမှ ဖြတ်လာသည်။

“သေစမ်း” ဒေါသထွက်နေသောအသံကြီးက ကြိမ်းဝါးသည်။ ဤလက် သို့မဟုတ် ဤအသံနှင့် မန်ဟို မရင်းနှီးဘဲ မနေပေ။ ထိုအသံပိုင်ရှင်ကား ... မန်ဟို ယခင်က ကြုံတွေ့ခဲ့ဖူးသောဖြစ်တည်မှု ၊ ရှေးဟောင်းပြစ်ဒဏ်တိမ်တိုက်များအတွင်း၌ ပုံးကွယ်နေခဲ့ပြီး ပထမပျက်စီးခြင်းအတောအတွင်း မန်ဟို့ကို ရိုးတွင်းခြင်ဆီထဲထိ မုန်းတီးသွားခဲ့သော ဖြစ်တည်မှုပင်။

၎င်းမှာ မန်ဟို ယုံမှားသံသယပျက်စီးခြင်းနယ်ထဲ ပြန်လာမည်ကို စောင့်နေခဲ့သော်လည်း ယခုလိုပြောင်းလဲသွားလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ ထိုမျှသာမက နောက်ထပ်ဝိညာဉ်မီးအိမ်တစ်လုံးသာ ကျန်တော့၍ ထိုမီးအိမ်သာ ငြိမ်းသွားလျှင် ပထမပျက်စီးခြင်း ပြီးဆုံးသွားလိမ့်မည်။ ထို့နောက်ပိုင်းတွင် ၎င်းအနေဖြင့် မန်ဟို့ကို ဘာမှလုပ်နိုင်တော့မည်မဟုတ်ရာ ယခုအချိန်တွင် အလွန်စိုးရိမ်နေလေသည်။ ၎င်း တတ်နိုင်သမျှမှာ မန်ဟို ထိုမီးအိမ်ကို မငြှိမ်းနိုင်အောင် ဟန့်တားရုံသာ ရှိသည်။

“ငါ မင်းကို စောင့်နေခဲ့တာ” လက်ကြီး သူ့အပေါ် ထိုးဆင်းလာနေစဉ် မန်ဟိုက ပြောသည်။ သူက ညာလက်ကို လျှပ်စီးလို လျင်မြန်စွာ ဆန့်တန်းလိုက်သည်။ အမှန်တွင် အလွန်လျင်မြန်လွန်း၍ သူ့လက်မှာ မူလနေရာ၌သာ ရှိသေးသည်ဟု ထင်ရသည့်အချိန် သူ့ကို ဖမ်းဆုပ်ဖို့ ကြိုးစားနေသော ဧရာမလက်ကြီးကို ဆွဲထားပြီးလေပြီ။

ထိုလက်ကြီးသည် သူ ရှေးဟောင်းပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့သောအချိန် သို့မဟုတ် ပထမပျက်စီးခြင်းနယ်အတွင်း ရောက်နေခဲ့သောအချိန်တုန်းထက် များစွာသေးငယ်နေ၏။ ၎င်းမှာ သုံးမီတာအကျယ်မျှသာ ရှိတော့ပြီး လောလောဆယ်တွင် မန်ဟိုကြောင့် ရုန်းပင်မရုန်းနိုင်ဘဲ ရပ်တန့်နေသည်။

ထိတ်ပျာနေသော ဒေါသတကြီးဟိန်းဟောက်သံကြီးက ပဲ့တင်ထပ်လာသည်။ ၎င်းတွင် မယုံနိုင်ဖြစ်နေမှုပင် ပါဝင်သည်။ မန်ဟိုက အေးစက်စက် နှာမှုတ်ပြီးနောက် သူ၏ညာလက်ကို ဝှေ့ယမ်းကာ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်လိုက်သည်။ မချိတင်ကဲအော်သံကြီးနှင့်အတူ အရိုးကျိုးသံများ ထွက်လာသည်။ ထို့နောက် မန်ဟိုက သူ ဆုပ်ကိုင်ထားသောလက်ကို ဆောင့်ဆွဲလိုက်ရာ စတုတ္ထမီးအိမ်ထဲမှ အရိပ်တစ်ခု ထွက်လာသည်။

၎င်းသည် အဆွဲထုတ်ခံနေရ၍ တွန့်လိမ်လူးလွန့်နေသော အနက်ရောင်မြူများနှင့် ဖွဲ့စည်းထားသည့် နဂါးတစ်ကောင်နှင့်တူ၏။ မန်ဟို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည့်အခါ အထိတ်တလန့်အော်သံတစ်သံကို ကြားလိုက်ရသည်။ ထစ်ချုန်းသံများ မြည်ဟည်းလာပြီး မြူသည် ကျုံ့စပြုလာ၏။ မန်ဟို့လက်ကား တွင်းနက်ကြီးတစ်တွင်း ဖြစ်လာခဲ့သည့်အလားပင်။ မျက်စိတစ်မှိတ်အတွင်း သူကား မြူအားလုံးကို သူ့လက်ဝါးထဲ စုပ်ယူခဲ့ပြီးလေပြီ။

“သေချင်လား၊ ရှင်ချင်လား” မန်ဟိုက သူ့လက်ဝါးအတွင်းရှိ မြူလုံးကို အေးစက်စက် ငုံ့ကြည့်ရင်း သွေးအေးစွာ မေးသည်။ မြူလုံးသည် အတွင်းထဲ၌ ကြောက်စရာမျက်နှာတစ်ခု ပေါ်လာသည့်အတိုင် အလိပ်လိပ်ထလာ၏။ မျက်နှာမှာ ထိတ်လန့်မှင်သက်နေပုံပေါ်သည်။ သို့သော် ၎င်းက မာနကြီးမြဲ ကြီးနေပုံရပြီး မန်ဟို့စကားလုံးများက ၎င်းကို အလျှော့မပေးလိုသော မုန်းမုန်းတီးတီးအော်သံကြီးကို ထုတ်လွှတ်လိုက်စေသည်။

“မင်း တကယ် သေချင်တာလား” မန်ဟိုက သူ့လက်ကို လက်သီးလို စဆုပ်ကာ တဂျွတ်ဂျွတ်မြည်သံများ ထွက်လာစေသည်။ အနက်ရောင်မြူမှာ ကွဲကြေတော့မည့်ပုံပေါ်ပြီး မချိတင်ကဲအော်သံတစ်သံ ထွက်လာသည်။ ရုတ်တရက် သေမင်း၏ဖိအားအောက်တွင် မြူအတွင်းရှိ ဖြစ်တည်မှုသည် အညံ့ခံဖို့ ရွေးချယ်လိုက်၏။

“နောက်ကျသွားပြီ” မန်ဟိုက သူ့လက်ကို ခပ်တင်းတင်းဆုပ်ရင်း ပြောသည်။ ဖောင်းခနဲ ဟိန်းထွက်သွားပြီး မြူမှာ သစ်ကိုင်းခြောက်လို အလွယ်တကူ ကြေမွသွားလေပြီ။ ဆဲဆိုသံအပြည့်နှင့် မျှော်လင့်ချက်မဲ့နေသော မချင့်မရဲအော်သံကြီး ဆူညံနေစဉ် မန်ဟို့လက်ချောင်းများကြားမှ အနက်ရောင်အငွေ့မျှင်များ ပျံလွင့်သွားသည်။ ၎င်းတို့က မြွေများသဖွယ် မန်ဟို့ဆီ ပြေးဝင်လာကြသည်။

မန်ဟိုက မပြောင်းလဲသောအမူအရာဖြင့် အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ကာ အနက်ရောင်မြွေများလို အငွေ့မျှင်များအား ပြာကျသွားစေသည်။

တစ်ချိန်တည်းမှာပင် ပထမပျက်စီးခြင်း၏ နောက်ဆုံးမီးအိမ်၊ ဝိညာဉ်မီးအိမ် ၃၃ လုံးအနက် ငါးလုံးမြောက်မီးအိမ်သည် ရုတ်တရက် ငြိမ်းသွား၏။

ထိုသို့ဖြစ်ပျက်သောအခါ မန်ဟိုက သူ့မျက်လုံးများကို ထူးဆန်းစွာ တောက်ပလာစေသည့် အစိမ်းရောင်အငွေ့များကို ရှူသွင်းလိုက်သည်။ သူသည် ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်၏။ သူ့ကျင့်ကြံခြင်းအခြေခံက တဝုန်းဝုန်းမြင့်တက်သွားပြီး သူ့ဝိညာဉ်မှာ ထိုးထွက်လာချင်သည့်အလား အုံကြွနေကာ သူ၏နတ်ဘုရားအာရုံသည် လျင်မြန်စွာ ပြန့်ကားလာ၏။

ယခုတွင် သူ၏နတ်ဘုရားအာရုံသည် ခုနစ်ဆယ်ရာခိုင်နှုန်းကို ကျော်လွန်၍ ... ပါရာဂွန်အဆင့်၏ ရှစ်ဆယ်ရာခိုင်နှုန်းနှင့် ညီမျှသွားလေပြီ။

မန်ဟို ထိုနတ်ဘုရားအာရုံအား ဖြန့်ကျက်လိုက်လျှင် တံခါးထဲရှိ ကမ္ဘာသည် ပြိုကျတော့မည့်အလား စတင်တုန်ခါလာ၏။

မန်ဟိုက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်လုံးများက လင်းလက်တောက်ပလာသည်။ သူ၏လက်ရှိအခြေအနေသည် ယခင်အဆင့်၏အထွတ်အထိပ်ထက် များစွာကျော်လွန်ပြီး ဤအခိုက်အတန့်တွင် သူကား သခင်အဖြူကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်အပြည့်အဝရှိသွားတော့သည်။

သူက ထရပ်ပြီး သူ့ဝိညာဉ်မီးအိမ်အားလုံးကို လျင်မြန်စွာ စုပ်ယူပြီးနောက် ဤကမ္ဘာ၏အပြင်သို့ ထွက်လိုက်သည်။ တံခါးအပြင် ထွက်လိုက်လျှင် မှီခိုရာဂိုဏ်းချုပ်၏ကျောပေါ် ပြန်ရောက်သွားသည်။ သူ ပထမဆုံးကြားလိုက်ရသည့်အရာမှာ မှီခိုရာဂိုဏ်းချုပ်၏ ဒေါသတကြီး ကြိမ်းဝါးသံကို ဖြစ်၏။ ထို့နောက် သူ့ဆီ လာနေသော ဧရာမခေါင်းကြီးကို မြင်လိုက်ရသည်။ ဧရာမပါးစပ်ကြီး သူ့ကို စားတော့မည့်အလား ဟလိုက်သည့်အခါ ပုပ်သိုးသိုးအာပုပ်နံ့က သူ့မျက်နှာကို ရိုက်ခတ်သွားသည်။

မှန်သည်၊ မှီခိုရာဂိုဏ်းချုပ်ကား မန်ဟို သူ့ကို ချုပ်နှောင်ခဲ့သော မန္တန်အစွမ်းမှ အချိန်အတော်ကြာကတည်းက ရုန်းထွက်ခဲ့ပြီးဖြစ်သည်။ သူက မန်ဟို ပြန်ပေါ်လာမည်ကို စောင့်နေခဲ့ပြီး ပေါ်လာလျှင်ချင်း သူ့ကို စားဖို့ ကြိုးစားတော့သည်။

မန်ဟို့အမူအရာက ပုံမှန်သာ။ သူသည် ပါးစပ်ကြီးကို အဖက်မလုပ်ဘဲ မှီခိုရာဂိုဏ်းချုပ်၏ကျောပေါ်မှ ပျောက်ကွယ်ကာ ကြယ်တာရာကောင်းကင်ထဲတွင် ပြန်ပေါ်လာသည်။ မှီခိုရာဂိုဏ်းချုပ်၏ပါးစပ်မှာ မည်သည့်အရာကိုမှ မဟပ်လိုက်မိလိုက်၍ သူက ခေါင်းကြီးကို ပြန်လှည့်ကာ မန်ဟို့ကို ဆဲလေ၏။

“မန်ဟို ခွေးသူတောင်းစားလေး၊ မင်းက အနိုင်ကျင့်တဲ့ အယုတ်တမာကောင်တစ်ကောင်ထက် မပိုဘူးကွ”

မန်ဟိုက မှီခိုရာဂိုဏ်းချုပ်ကို ကြည့်ပြီး ပြုံးသည်။

“ကဲ တော်သင့်ပြီ” သူက ပြောသည်။ “အပိုတွေလုပ်မနေနဲ့။ ခင်ဗျားသွားလိုရာ သွားတော့။ ဒါပေမဲ့ ကျုပ် ခင်ဗျားကို လိုအပ်ရင်တော့ လာတာ ကောင်းလိမ့်မယ်” အမှန်တွင် မန်ဟိုသည် အားကိုးမရသော ထိုလိပ်ကြီးအပေါ် သံယောဇဉ်ရှိ၏။ သူက အင်္ကျီလက်စကို ခါရင်း ပြန်ဖို့ လှည့်သည်။

သို့သော် မှီခိုရာဂိုဏ်းချုပ်ကား အလျှော့ပေးဖို့ အဆင်သင့်မဖြစ်သေးပုံပင်။ သူက ဟိန်းဟောက်ကြိမ်းဝါးရင်း မန်ဟို့ဆီ ပြေးလာသည်။

“ဟေ့ကောင် ဒီကို ပြန်လာခဲ့စမ်း”

ထိုစကားကို ပြောပြီးလျှင်ချင်း မှီခိုရာဂိုဏ်းချုပ်မှာ နောင်တရသွားပြီး ဦးနှောက်မရှိသော သူ့ကိုယ်သူ ပြန်ဆဲလိုက်သည်။ သို့သော် ပြောပြီးမှတော့ ပြန်ရုပ်သိမ်း၍ မရတော့ပေ။ ပြန်ရုတ်သိမ်းလျှင် အင်မတန် ရှက်စရာကောင်းလိမ့်မည်။ ထို့ကြောင့် သူက ဒေါသထွက်မြဲထွက်နေသောပုံစံ ဆက်ဖမ်းထားသည်။ သို့သော် မန်ဟိုသည် တုံ့ခနဲ ရပ်လိုက်ရာ မှီခိုရာဂိုဏ်းချုပ်မှာ ဇောချွေးပြန်လာတော့သည်။

မန်ဟိုက ဝမ်းသာနေသောအမူအရာဖြင့် မှီခိုရာဂိုဏ်းချုပ်ကို ပြန်လှည့်ကြည့်သည်။ “အာ ခင်ဗျားက ကျုပ်ကို ထွက်မသွားစေချင်ဘူးပေါ့။ မဟုတ်မှ ကျုပ်ရဲ့ စီးတော်လိပ် ဖြစ်လာချင်တာလား”

မှီခိုရာဂိုဏ်းချုပ်မှာ ချက်ချင်း တုန်ရီလာတော့သည်။ သူ့မှာ ဣန္ဒြေမဆည်နိုင်တော့ဘဲ ပျာယာခတ်လာသည့်အချိန် သူ့ကျောပေါ်၌ ဂူယွိတင်းစန်းယွီ တခစ်ခစ် ထိုင်ရယ်နေသည်ကို ကြားလိုက်ရသည်။ သူက ရှက်ရှက်ဖြင့် ချောင်းဟန့်ရင်း အမြော်အမြင်ကြီးမားသံဖမ်းကာ ပြောလိုက်သည်။ “မင်း ဘာပဲပြောပြော ငါက မင်းရဲ့ ဂိုဏ်းချုပ်ဖြစ်နေသေးတယ်မဟုတ်လား။ ဒါကြောင့် ထွက်မသွားခင် အနည်းဆုံးတော့ ငါ့ကို အရိုအသေပေးသင့်တယ်။ မပေးချင်ရင်လည်း နေပေါ့ ဟမ့်”

မှီခိုရာဂိုဏ်းချုပ်မှာ သူ့ကိုယ်သူ မတုန်ရီအောင် မနည်းထိန်းထားရပြီး စောစောက စကားကို ပြောဖို့ သတ္တိအကုန်လုံး ထုတ်သုံးခဲ့ရလေသည်။ သူက မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ရင်း နောက်ဆုတ်ဆုတ်သွားသည်။

မန်ဟိုက ရယ်သည်။ မှီခိုရာဂိုဏ်းချုပ် ဘာတွေးနေလဲ သူ ပြောနိုင်သော်လည်း စိတ်ကြည်နေ၍ လက်ယှက်ကာ အရိုအသေပေးလိုက်လေသည်။

“ဘေးအန္တရာယ်ကင်းရှင်းပါစေ၊ ဂိုဏ်းချုပ်။ အခု ကျုပ် သွားလို့ရပြီလား”

“ဟမ့် သွားလိုရာသွားနိုင်ပြီ” မှီခိုရာဂိုဏ်းချုပ်သည် ရုတ်တရက်ကြီး သူ့ကိုယ်သူ အင်မတန် ကျေနပ်သွားပြီး ခွေးသူတောင်းစားလေး မန်ဟို သူ့ကို ကြောက်နေသည်ဟုပင် ခံစားလိုက်ရ၏။ ချက်ချင်းဆိုသလို သူ၏ယုံကြည်မှုလယ်ဗယ်ကား မိုးထိတော့မတတ် ထိုးတက်သွားသည်။

မန်ဟို့အပြုံးက မပြောင်းလဲသော်လည်း သူ့ကျင့်ကြံခြင်းအခြေခံက ဗြုန်းစားကြီး အသက်ဝင်လာပြီး သူ၏နတ်ဘုရားအာရုံသည် ဖြာထွက်လာ၏။ မှီခိုရာဂိုဏ်းမှာ ကြောက်လွန်း၍ တုန်ရီလာပြီး မျက်လုံးကြီးပြူးလာသည်။ စဉ်းပင်မစဉ်းစားမိလိုက်ဘဲ သူ့မျက်နှာပေါ်တွင် ဖားနေသောအမူအရာတစ်ခု ပေါ်လာသည်။

“ဟားဟားဟား နောက်တာပါကွ။ မန်ဟို မိတ်ဆွေလေး .. သွားပါ ... အခု သွားလို့ရပြီ ...” ဤအခိုက်အတန့်တွင် မှီခိုရာဂိုဏ်းချုပ်မှာ ဂူယွိတင်းစန်းယွီ ကြိတ်ရယ်နေလဲ ဂရုမစိုက်နိုင်တော့ပေ။ သူ့မှာ ခေါင်းနပန်းကြီးနေပြီး မန်ဟို့ကို မြန်နိုင်သမျှမြန်မြန် ထွက်သွားစေချင်နေသည်။ စောစောက သူ၏နှုတ်မထိန်းနိုင်မှုကိုလည်း ကျိန်ဆဲနေ၏။

ထို့နောက် သူက နောက်ဆုတ်ရင်း အဝေးသို့ ထွက်သွားသော အလင်းတန်းတစ်တန်း အသွင်ပြောင်းသွားသည်။ သူ့မှာ မန်ဟိုနှင့် မြန်မြန်ဝေးအောင် အရှိန်ပင်တင်လိုက်သေးသည်။

မန်ဟိုက မှီခိုရာဂိုဏ်းချုပ် ထွက်သွားသည်ကို နူးညံ့သောမျက်ဝန်းများဖြင့် ကြည့်နေသည်။ မှီခိုရာဂိုဏ်းချုပ်သည် လေးနက်သောအမှတ်တရများ၏ ဇစ်မြစ်ဖြစ်ကြောင်း သူ ဝန်ခံရလိမ့်မည်။ တာ့ချင်းတောင်မှ မှီခိုရာဂိုဏ်းအထိ ... ၎င်းတို့အားလုံးက သူ့အတိတ်၏ အဖိုးတန်သောအစိတ်အပိုင်းများ ဖြစ်သည်။

အတန်ကြာသော မန်ဟိုက လှည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ပြင်းထန်သော လူသတ်ငွေ့များကို သူ့ကို ရစ်သိုင်းနေပြီး သူ့အကြည့်သည် ဓားသွားတမျှ စူးရှထက်မြက်နေ၏။ ထို့နောက် သူက သတ္တမနှင့် အဋ္ဌမတောင်ပင်လယ်အကြားက အကွဲကြောင်းထံ ဦးတည်သွားသည်။

“သခင်အဖြူ ဒီတစ်ကြိမ်တော့ ခင်ဗျား သေချာပေါက် အဆုံးသတ်ရလိမ့်မယ်" ထို့နောက် သူက ပျောက်ကွယ်သွားသည်။

All Chapters