ခင်ဗျားကို ကူညီပေးပါရစေ
Vol. 94 Ch. 1310
မန်ဟိုသည် လက်ရှိအချိန်တွင် ပါရာဂွန်တစ်ဦး၏ နတ်ဘုရားအာရုံနှင့် ရှစ်ဆယ်ရာခိုင်နှုန်းညီမျှသော နတ်ဘုရားအာရုံကို ပိုင်ဆိုင်ထားလေပြီ။ ကြောက်ခမန်းလိလိနတ်ဘုရားအာရုံကြောင့် သူ၏နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များလည်း အဆင့်များစွာ တက်ကုန်ကြသည်။
ဝိညာဉ်မီးအိမ်ငါးလုံးကို ငြိမ်းထားပြီးသည့်အချက်ကို ထည့်တွက်လျှင် မန်ဟို၏အတိုက်အခိုက်စွမ်းရည်မှာ အနှစ်သာရ ၆ ခုအဆင့်မဟုတ်သော်လည်း သခင်အဖြူ၏အတိုက်အခိုက်စွမ်းရည်ထက် ကျော်လွန်သေးလေသည်။ ၎င်းက အနှစ်သာရ ၆ ခု အဆင့်နှင့် ခြေလှမ်းတစ်ဝက်မျှသာ ကွာဝေးသော အနှစ်သာရ ၅ ခုအဆင့်၏ အထွတ်အထိပ်တွင် ဖြစ်သည်။
စတုတ္ထတောင်ပင်လယ်သခင် ခိတိဂဗ္ဗမှလွဲ၍ တောင်ပင်လယ်လောကရှိ ပါရာဂွန်အဆင့်အောက် မည်သူမှ မန်ဟို့အတွက် ထည့်တွက်စရာပြိုင်ဘက် မဖြစ်နိုင်တော့ပေ။ စွမ်းအားကြီးမားမှု၏ အတွေ့အထိက သူ့ကို ယုံကြည်ချက်တို့ ပြည့်နှက်နေစေသည့်အပြင် ... တောင်ပင်လယ်လောကအတွင်း၌ တည်ရှိသော မိုးနှင့်မြေအနှစ်သာရကို ခံစားလိုက်ရစေသည်။
မန်ဟိုသည် ကြယ်တာရာကောင်းကင်ထဲ၌ တိတ်ဆိတ်စွာ ပေါ်လာသည်။ သူက လက်ကို မြှောက်၍ ဖမ်းဆုပ်သည့်လှုပ်ရှားမှုလုပ်လိုက်ရာ ဧရာမဝဲကြီးတစ်ဝဲ ပေါ်လာသည်။ ၎င်း အသံမထွက်ဘဲ လည်နေစဉ် မန်ဟိုက တစ်စုံတစ်ခုကို ဖမ်းဆုပ်ရန် ကြိုးစားနေသည့်အလား အထဲသို့ လက်လှမ်းလိုက်သည်။
သို့သော် သူ့မျက်ခုံးနှစ်ဖက်က ဖြည်းဖြည်းချင်း တွန့်ချိုးသွားပြီး တခဏကြာသော် သူသည် လက်ပြန်ရုတ်လိုက်၏။
“မလုပ်နိုင်သေးဘူးလား ... ချူယွီယန်ရဲ့ ဝိညာဉ်ဟာ တောင်ပင်လယ်လောကထဲကို ပြိုကွဲသွားခဲ့ပေမယ့် ငါ့ရဲ့လက်ရှိကျင့်ကြံခြင်းအခြေခံနဲ့ အဲဒီဝိညာဉ်ကို ပြန်မခေါ်နိုင်သေးဘူး...
“ငါ့အနေနဲ့ အနှစ်သာရကို ပိုနက်နက်နဲနဲ နားလည်ဖို့ လိုတယ်ထင်တယ်" သူသည် သူ့ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်ထဲက ပြောင်းလဲမှုများကို ခံစားရန် မျက်လုံးများကို ခေတ္တမှိတ်ပြီးနောက် သူ့လမ်းသူ ဆက်သွားလိုက်၏။ ဝဲကြီးမှာ ဘယ်တုန်းကမှ မတည်ရှိခဲ့သည့်အလား ပျောက်ကွယ်သွားသည်။
“အနှစ်သာရ ... “ သူက ခပ်တိုးတိုး ရေရွတ်သည်။ နောက်တစ်ကြိမ် သူ ပေါ်လာသောအခါ အကွဲကြောင်းနား ရောက်နေလေပြီ။ ဤတစ်ကြိမ်တွင် သူ၏နတ်ဘုရားအာရုံနှင့် အာကာသအပေါ် ၎င်း၏သက်ရောက်မှုများကြောင့် မည်သူမှ သူ ပြန်ရောက်လာသည်ကို သတိမထားမိပေ။ သတ္တမတောင်ပင်လယ်၏ ကျင့်ကြံသူများအသာထား ဆံနီအဘိုးအိုပင်လျှင် သတိမထားမိ။
“တာအိုနယ်ပယ်ကို မဝင်ရောက်ဘဲနဲ့တောင် ငါ့အနေနဲ့ အနှစ်သာရတွေကို နားလည်လာနိုင်တယ်...
“မိစ္ဆာချုပ်နှောင်သူအဖွဲ့ရဲ့ မှော်အစွမ်းတွေနဲ့ ငါ့သွေးကြောထဲက လောကပါလတာအိုအင်မော်တယ်သွေးကြောင့် ငါ့ရဲ့လမ်းစဉ်ဟာ အခြားသူတွေနဲ့ မတူကွဲပြားတယ်...
“ငါ့လိုကျင့်ကြံသူတွေက အင်မတန် ရှားပါးတယ်... အရင်တုန်းက တစ်ခါမှ ပေါ်မလာဖူးတာတောင် ဖြစ်နိုင်တယ်
“ငါရဲ့ တကယ့်ကျင့်ကြံခြင်းအဆင့်က မီးငြိမ်းဝိညာဉ်မီးအိမ်ငါးလုံးနဲ့ ရှေးဟောင်းနယ်ပယ်အဆင့်။ ဒါပေမဲ့ ငါ့ အတိုက်အခိုက်စွမ်းရည်က ... တောင်ပင်လယ်သခင်တွေရဲ့ အတိုက်အခိုက်စွမ်းရည်ထက် မြင့်မားနေပြီ
“ငါ့လမ်းစဉ်က ... အခြားသူကို မှီခိုရတဲ့ လမ်းမဟုတ်ဘူး ... ငါဟာ ငါ့လမ်းကို ငါ့ဘာသာ လျှောက်ရလိမ့်မယ်
“အနှစ်သာရ ... အနှစ်သာရ ...” မန်ဟိုသည် အကွဲကြောင်းထံ ဆက်သွားနေစဉ် မျက်လုံးများ ထူးဆန်းစွာ တောက်ပနေ၏။ သူက တွန့်ဆုတ်မနေဘဲ အထဲဝင်လိုက်သည်။ ချက်ချင်းပင် ကြယ်တာရာကောင်းကင်သည် ဝါးတားတား ဟင်းလင်းပြင် ဖြစ်လာ၏။
သူ အကွဲကြောင်းထဲ ဝင်လိုက်သောအခိုက်အတန့်တွင် ဆံနီအဘိုးအိုနှင့် ကျန်တာအိုနယ်ပယ်ပညာရှင်သုံးယောက်လုံး တုန်ရီသွားသည်။ သူတို့၏မျက်လုံးများ ပွင့်လာပြီး အကွဲကြောင်းကို လှမ်းကြည့်လိုက်ကြသည်။
“ထူးဆန်းတယ်။ အကွဲကြောင်းကနေ အငွေ့အသက်တချို့ကို ငါ အခုလေးတင် ခံစားလိုက်ရသလိုပဲ...”
“တစ်ယောက်ယောက် အခုလေးတင် ဝင်သွားသလိုမျိုးပဲ”
“မဖြစ်နိုင်ဘူး။ သခင်အဖြူ နဲ့ဟိုလူ မဟုတ်သရွေ့ ... မဖြစ်နိုင်ဘူး။ ဟိုလူတောင်မှ ငါတို့မမြင်အောင် ဖြတ်သွားနိုင်မှာမဟုတ်ဘူး”
ဆံနီအဘိုးအိုနှင့် သူ၏အပေါင်းအပါအားလုံး မျက်မှောင်ကြုတ်နေသော်လည်း ထိုကိစ္စကို မေ့ဖျောက်လိုက်ကြသည်။ သူတို့ ခံစားခဲ့ရသည့်အရာက ဘာလဲ မတွေးနိုင်၍မဟုတ်၊ မတွေးချင်၍ဖြစ်သည်။ ဤတောင်ပင်လယ်စစ်ပွဲသည် သိပ်မကြာခဲ့သော်လည်း သမိုင်းမှတ်တမ်းတင်ခဲ့သော စစ်ပွဲများပင် ဤစစ်ပွဲကဲ့သို့ မပြင်းထန်ခဲ့ပေ။ တူညီသောစစ်ပွဲများ တိုက်ခိုက်ခဲ့ဖူးသော်လည်း ဤစစ်ပွဲနှင့် မည်သည့်စစ်ပွဲမှ မယှဉ်နိုင်။ ထို့အပြင် ဤအခိုက်အတန့်တွင် စစ်တပ်နှစ်တပ်လုံး၏ ကျင့်ကြံသူများမှာ ပင်ပန်းနေကြလေပြီ။
အထူးသဖြင့် မန်ဟိုနှင့် သခင်အဖြူ၏တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရသောအုပ်စုပင်။ သူတို့မှာ စိတ်ဓာတ်အကြီးအကျယ် ကျနေကြသည်။
အကွဲကြောင်း၏အတွင်းတွင် မန်ဟိုသည် အလျင်လိုခြင်းမရှိဘဲ တည်ငြိမ်စွာ ဆက်သွားနေ၏။ သူ စဉ်းစားရသရွေ့ ဤစစ်ပွဲတွင် သူ့အတွက် အန္တရာယ်ဖြစ်စရာ မရှိတော့သည့်အတွက် သူ့အနာဂတ်သာ သူ့အတွေးကို စိုးမိုးထားသည်။
“ငါ့အနှစ်သာရတွေက ဘာဖြစ်မလဲ မသိဘူး...” သူက အတွေးနက်နေသော မျက်နှာထားဖြင့် တုံ့ခနဲ ရပ်လိုက်သည်။
“မိစ္ဆာချုပ်နှောင်မန္တန်ကိုးခု... အနှစ်သာရကိုးခု။ အဲဒါက တကယ်ပဲ ပါရာဂွန်လောကရဲ့ အကန့်အသတ်လား”
“အဲဒီလိုဆို ငါ ငါ့ရဲ့မိစ္ဆာချုပ်နှောင်မှော်အစွမ်းအားလုံးကို အနှစ်သာရတွေအဖြစ် အသုံးပြုလိုက်ရင် ... ငါ မန်ဟိုက သက်ရှိထင်ရှား အစွမ်းထက်ဆုံးပါရာဂွန်ဖြစ်လာလိမ့်မယ်
“ငါ့မှာ အနှစ်သာရ ၇ ခု ရှိလာရင် ပါရာဂွန်တစ်ဦးဖြစ်လာမှာ။ အခုက ငါက မန္တန်အစွမ်းခြောက်ခုကို တတ်မြောက်ထားပြီးပြီ။ ဆိုတော့ အနှစ်သာရ ၆ ခု ရှိထားပြီးပြီ” သူ၏အတွေးရထား ဤဘူတာဆိုက်သော် မန်ဟို့မျက်လုံးများသည် လင်းလက်စွာ တောက်ပလာ၏။
သူ့လမ်းကို သူ ရှာတွေ့သွားလေပြီ။
ဤလမ်းက .... သူမတူသော သူ၏ကျင့်စဉ်လမ်းဖြစ်သည်.
“မန္တန်ကိုးခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ရင် အဲဒီအချိန်က ငါ့ရဲ့အနှစ်သာရကိုးခု ပေါင်းစည်းသွားခဲ့အချိန်ဖြစ်မယ်။ ပြီးရင် အဲဒီအခိုက်အတန့်မှာ ... တောင်ပင်လယ်လောကသခင် ငါဟာ ... ပါရာဂွန်နယ်ပယ်ကနေ တာအိုအရင်းအမြစ်နယ်ပယ်ကို တက်လှမ်းသွားလိမ့်မယ်” သူ့အမြင်များ ပွင့်သွားသည့်အလားပင်။ သူ့မျက်နှာသည် အပြုံးတစ်ခုဖြင့် ဝင်းပလာပြီး သူ့အမူအရာက မျှော်လင့်နေသောဟန်ပန် ဖြစ်လာ၏။
“အချိန်မရွေး တက်လှမ်းနိုင်တာကို ထည့်တွက်လိုက်ရင် ငါ့အတွက် တာအိုနယ်ပယ်က အဲဒီလောက်အရေးမပါတော့ဘူး။ အစက ရှေးဟောင်းနယ်ပယ်ကို တက်တာက အလွယ်လေးဖြစ်လိမ့်မယ်လို့ ငါ ထင်ထားခဲ့ပေမယ့် အဲဒီနယ်ပယ်က ငါ့ကို အမှန်တကယ် သန်မာလာစေတဲ့ အခြေခံစစ်စစ် ဖြစ်နေတာပဲ
“ငါ မန္တန်ကိုးခုကို ပေါင်းစည်းပြီး အနှစ်သာရကိုးခုလည်း တစ်သားတည်းဖြစ်သွားရင် ....” မန်ဟိုက ချူယွီယန်၏လေလွင့်ဝိညာဉ် ရှိနေသော သူ၏သိုလှောင်အိတ်ကို ငုံ့ကြည့်လိုက်သည်။
“အဲဒီအချိန်မှာ ချူယွီယန်ရဲ့ ဝိညာဉ်ကို ပြန်ထည့်ပေးနိုင်လောက်ပြီ... ငါ သူ့အပေါ် အကြွေးတင်နေတာ များလွန်းတယ်” မန်ဟိုက သက်ပြင်းချပြီး သူ့အတွေးများကို ရှင်းလင်းကာ သူ့အရှေ့ရှိ ဟင်းလင်းပြင်ကို လှမ်းကြည့်လိုက်သည်။ သိပ်မလှမ်းမကမ်းတွင် အရိပ်တစ်ခုသည် အကွဲကြောင်း၏ထွက်ပေါက်ထံ လျင်မြန်စွာ ရွေ့လျားလာနေသည်ကို သူ ခံစားလိုက်ရသည်။ ဤပုဂ္ဂိုလ်၏အမြန်နှုန်းအရ အဋ္ဌမတောင်ပင်လယ်သို့ ထွက်လာဖို့ တစ်ရက်သာ ကြာလိမ့်မည်။
“သခင်အဖြူ ...” မန်ဟိုက အေးစက်စက် ပြောသည်။ “ခင်ဗျားက သိပ်နှေးလွန်းတယ်။ ကျုပ် နည်းနည်းပါးပါး ကူညီပေးရသေးတာပေါ့”
သူက ပါရာဂွန်အဆင့်၏ ရှစ်ဆယ်ရာခိုင်နှုန်းနှင့် ညီမျှသော သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ အကွဲကြောင်းအတွင်းရှိ ဟင်းလင်းပြင်တစ်ခုလုံး ကြောက်မက်ဖွယ် အခိုးအငွေ့များဖြင့် တုန်ရီလာစဉ် မန်ဟိုက အရိပ်ကို ညာလက်ဖြင့် လှမ်း၍ ဆုပ်ကိုင်ကာ ဆွဲလိုက်သည်။
တစ်ချိန်တည်းမှာပင် သူက တစ်စုံတစ်ခုကို ဆွဲနေသည့်အလား နောက်ဆုတ်ပျံသန်းလိုက်ရာ အစကတည်းက အထဲ သိပ်မဝင်ထား၍ အကွဲကြောင်း၏ထွက်ပေါက်သို့ ချက်ချင်း ရောက်ရှိသွားလေသည်။
**
မန်ဟို ဟင်းလင်းပြင်တစ်လျှောက် တဟုန်ထိုး ရွေ့လျားလာနေကြောင်း ခံစားခဲ့ရသော အရိပ်မှာ အဖြူရောင်ဝတ်ရုံအရှည်နှင့် အမျိုးသားတစ်ယောက် ဖြစ်သည်။ သူ့မျက်နှာထားသည် တင်းမာခက်ထန်နေသလို မာန်တက်နေဟန်ရှိ၏။
ထိုလူကား ... သတ္တမတောင်ပင်လယ်သခင်၊ သခင်အဖြူမှတစ်ပါး အခြားမဟုတ်ပေ။
သူ၏ကျင့်ကြံခြင်းအခြေခံသည် အကောင်းပကတိသက်သာသွားခဲ့သည့်အပြင် တိုးတက်မှုတချို့ပင် ကြုံတွေ့ခဲ့၏။ သူ့မျက်လုံးများက နေ၊ လနှင့် ကြယ်များ လည်နေသည့်အလား လင်းလက်တောက်ပနေသည်။ သူ၏တန်ခိုးသည် အရှိန်အဟုန်ကြီးမားနေပြီး သူ့အရှိန်အဝါကလည်း အားကောင်းလျက်ရှိ၏။
သူကား သိပ်မြန်မြန် ရွေ့လျားနေပုံမပေါ်သော်လည်း သူ၏ခြေတစ်လှမ်းတိုင်းက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် သူ့အား ဖျတ်ခနဲ ရွေ့လျားသွားစေသည်။ သူ့နှုတ်ခမ်းသည် သွေးအေးသောအပြုံးကို ဖော်ဆောင်ထားပြီး အသတ်အဖြတ်စိတ်ဆန္ဒက သူ၏မျက်ဝန်းများတွင် တောက်လောင်နေသည်။
“ဒီတစ်ခေါက် မင်း ထွက်ပေါက်မှာ စောင့်နေနေ၊ မစောင့်နေနေ ငါ မင်းကို အသေရိုက်သတ်ပစ်မယ်
“တကယ်တော့ မင်း ငါ့ကို စောင့်နေဖို့ ငါ မျှော်လင့်တယ်။ အဲဒါမှ မင်းကို သတ်ဖို့ အချိန်မကုန်မှာ။ ပြီးရင် မင်းကို သေရွာလိုက်ပို့ပေးဖို့ ကျန်တဲ့ အဋ္ဌမတောင်ပင်လယ်ကိုလည်း သတ်ပစ်မယ်
“အဋ္ဌမတောင်ပင်လယ်သခင်ကတော့ ငါ ကောင်းကင်ဘုံ ၃၃ ဘုံအတွက် ပြင်ဆင်ပေးထားတဲ့ စတေးခံသားကောင်ပေါ့လေ။ တောင်ပင်လယ်သခင်တစ်ဦးကို ဆက်သလိုက်ရင် ကောင်းကင်ဘုံ ၃၃ ဘုံ သေချာပေါက် ဆင်းသက်လာလိမ့်မယ်
“ဒါ့အပြင် မင်းရဲ့အိမ် နဝမတောင်ပင်လယ်ရဲ့ တည်နေရာကိုလည်း ငါ ရှာပြီးပြီ... မပူနဲ့ မင်းတို့တစ်မျိုးလုံး၊ သွေးဆက်တစ်ဆက်လုံး ငါ သေသေချာချာ သုတ်သင်ပေးမယ်
“မင်း ငါ့ကို အပေါက်ရှေ့မှာ ထိုင်စောင့်နေရဲတဲ့ သတ္တိရှိရင်လည်း မင်းကံတရားက ထွက်ပြေးတာနဲ့ အတူတူဖြစ်မှာပဲ... မင်းမှာ ပြေးစရာ၊ ပုန်းစရာမြေမှ မရှိတာလေ မဟုတ်ဘူးလား
“မင်း သေကိုသေစေရမယ်
“ကောင်းကင်ဘုံ ၃၃ ဘုံ လာနေပြီ
“တောင်ပင်လယ်လောကအတွက် ငါ စိတ်မကောင်းပေမယ့် ... ဒါဟာ ပါရာဂွန်အင်မော်တယ်လောကအတွက် ကံတရားပဲ” သခင်အဖြူ၏မျက်လုံးများသည် တောက်ပနေပြီး သူ့တန်ခိုးသည် တဟုန်းဟုန်းတောက်နေ၏။ သူကား သူ့ကို ရစ်သိုင်းလှည့်ပတ်နေသော အလင်းစီးကြောင်းနှစ်ကြောင်းကြောင့် အထူးသဖြင့် ယုံကြည်ချက်အပြည့်ရှိနေသည်။ တစ်ကြောင်းထဲတွင် ဆေဘာအတိုတစ်လက်၊ တစ်ကြောင်းတွင်တော့ ဓားတိုတစ်လက် ပါသည်။ နှစ်လက်လုံးသည် သာမန်ဟုသာ ထင်ရသည့်တိုင် သခင်အဖြူပင်လျှင် ၎င်းတို့ကို ထိတ်လန့်ရလောက်အောင် အဖိုးတန်သော ရတနာများ ဖြစ်ကြသည်။
ထိုအပြင် သူ့နဖူးထက်တွင် တဖျတ်ဖျတ်လက်နေသော အစိမ်းရောင်သစ်ရွက်အမှတ်အသားတစ်ခုကိုလည်း မြင်ရနိုင်သည်။ ၎င်းက မြစိမ်းဧကရာဇ်၏ထာဝရဂါထာအငွေ့အသက်များကို ထုတ်လွှတ်ရင်း အသက်စွမ်းအားများအား သူ့ကိုယ်ထဲ အဆက်မပြတ် စီးဆင်းနေစေသည်။
မန်ဟိုနှင့်ပတ်သက်၍ သူ သိထားပြီးသည့် အကြောင်းအရာများနှင့် သူ၏လက်ရှိ ပြင်ဆင်မှုများအရ သခင်အဖြူသည် ယုံကြည်ချက်အခိုင်အမာရှိနေ၏။
ထိုပြင်ဆင်မှုများထဲ သူ့လက်ဖမိုးထက်တွင် မြင်ရနိုင်သော အမှတ်အသားကို ထည့်မတွက်ရသေးပေ။ ထိုအမှတ်သည် ကောက်ကျစ်စွာ ပြုံးနေသော မကောင်းဆိုးဝါးစိတ်ဝိညာဉ်တစ်ကောင်ပုံစံကို ဖော်ပြထား၏။
သခင်အဖြူက အမြန်ဆုံး ဆက်သွားနေသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေသည်။
သို့သော် သူ ယုံကြည်ချက်တို့ ပြည့်ဝနေစဉ် သူ့အရှေ့ရှိ ဟင်းလင်းပြင်မှ ပေါက်ကွဲသံအကျယ်ကြီး ထွက်လာသည်။ ကြောက်မက်ဖွယ်ဖြစ်တည်မှုကြီးတစ်ခု မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် သူ့ဆီ ရွေ့လျားလာနေသည့်အလား အရာအားလုံး ကြေမွပြန့်ကြဲသွားသယောင်ပင်။
သခင်အဖြူ၏ မျက်လုံးများ ဝိုင်းစက်သွားပြီး မျက်နှာပျက်သွားသည်။ သူက တုန်လှုပ်စွာဖြင့် ရှောင်ဖို့ ပြင်သည်။ သူက ဤလမ်းကို ဖွင့်ခဲ့သူမဟုတ်ပါလော။ ထို့ကြောင့် ဤနေရာတွင် မည်သည့်အန္တရာယ်မှ မရှိသင့်ပေ။ လက်ရှိဖြစ်ပျက်နေသောအရာက သူ့ကို အလွန်အံ့အားသင့်စေသည်။
“အဲဒါ ဘာပါလိမ့်”
သခင်အဖြူ တုန်လှုပ်စွာဖြင့် ကြည့်နေပြီး သူ့အရှေ့ရှိ ဟင်းလင်းပြင် ကြေမွသွားသည့်အချိန်မှာပင် ဧရာမလက်ကြီးတစ်ဖက်က ခုခံမရသော အား၊ မဖော်ပြတတ်သော အမြန်နှုန်းဖြင့် သူ့ကို ဝင်တိုက်ရင်း ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက သူ့အရှေ့တည့်တည့် ရောက်လာခဲ့လေပြီ။
သူ မည်မျှခုခံခုခံ၊ မည်မျှရုန်းကန်ရုန်းကန် ဘာမှမထူးသလို၊ ရှောင်နိုင်စွမ်းပင် မရှိပေ။ သူ ဘာမှမလုပ်နိုင်ခင် လက်ကြီးက သူ့ကို ဖမ်းဆုပ်လိုက်သည်။
၎င်း သူ့ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏မျက်လုံးများသည် မယုံကြည်နိုင်မှု၊ ထိတ်လန့်မှုတို့ဖြင့် ဝိုင်းစက်ပြူးကျယ်သွား၏။ သူ ခံစားရသည်အပေါ် အခြေခံ၍ ထိုလက်သည် ကြောက်မက်ဖွယ် နတ်ဘုရားအာရုံမှ ဖန်ဆင်းခံထားရခြင်းပင်။ သူ့မှာ ထိတ်လန့်တကြား ဗလုံးဗထွေး အော်ဟစ်လိုက်မိသည်။
“ပါရာဂွန်
“ပါရာဂွန်ပင်လယ်အိပ်မက်ပဲ”
“မဟုတ်ဘူး ဒါက ပင်လယ်အိပ်မက်ရဲ့ အရှိန်အဝါမဟုတ်ဘူး ... သူ့အနေနဲ့ ဒီမှာမရှိနိုင်ဘူး။ ကောင်းကင်ဘုံ ၃၃ ဘုံက သူ့ကို ချုပ်ထားဖို့ လူတွေ လွှတ်ပြီးပြီ
“ပင်လယ်အိပ်မက်မဟုတ်ရင် ဘယ်သူလဲ ၊ ဘယ်သူဖြစ်နိုင်လဲ
“တောင်ပင်လယ်လောကမှာ ပါရာဂွန်နောက်တစ်ဦးလည်း မရှိနိုင်ပါဘူး” ဖော်ပြမတတ်သော အံ့အားသင့်မှုက သခင်အဖြူ၏နှလုံးသားကို ဖြစ်ညစ်နေပြီး သူ ထပ်မတွေးနိုင်ခင် ဧရာမလက်ကြီးက သူ့ကို ဆွဲခေါ်သွားသည်။
ဝုန်းးးးး
ဟင်းလင်းပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ရီလာသည်။ ပုံမှန်ဆိုလျှင် သခင်အဖြူအတွက် လက်ရှိနှုန်းဖြင့် ထွက်ပေါက်သို့ ရောက်ရန် တစ်ရက်တိတိ ကြာမည်။ သို့သော် ယခုတွင် ဧရာမလက်ကြီးအတွက် သူ့ကို ... အဋ္ဌမတောင်ပင်လယ်အထိ ဆွဲခေါ်သွားရန် အသက်ရှူချိန်အနည်းငယ်မျှသာ ကြာလိုက်သည်။
ဝုန်းးးးးးးးးးး