ချင်းဆွေထျန်းကောင်းကင်ဘုံ
Vol. 9 Ch. 807
သတ္တုသံလိုက်စွမ်းအားများသည် ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားတစ်ပါးကိုပင် တစ်စစီဖြစ်သွားနိုင်လောက်အောင် ပြင်းထန်လွန်းလှလေသည်။
ကျောက်ရှောင်ယွီသာ ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံထားခြင်းမရှိလျှင် သူမ၏ မူလဝိညာဉ်ခန္ဓာသည် သံလိုက်စွမ်းအားများအောက်တွင် သေချာပေါက် တစ်စစီဖြစ်သွားပေလိမ့်မည်။
(၉)ရက် (၉)ည တိတိ ကျင့်ကြံပြီးသည့်နောက် ကျောက်ရှောင်ယွီ၏ လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားမှာ တဖြည်းဖြည်းပုံပေါ်လာလေသည်။
ယင်နှင့်ယန်ပေါင်းစပ်ထားသည့် သံလိုက်စက်ကွင်းဂူပေါက်ကြီးမှာလည်း တဖြည်းဖြည်းပျောက်ကွယ်စပြုနေပြီ ဖြစ်လေသည်။ တဖြည်းဖြည်း ဂူပေါက်ဝသည် တစ်ပေပတ်လည်မျှသာ ကျယ်တော့သည်။ ဂူဝတွင် အဖြူရောင်နှင့်အနက်ရောင်ထိုက်ချိယင်ယန်သင်္ကေတက စက်ဝိုင်းပုံသဏ္ဍန် လှည့်ပတ်နေလေသည်။
စက်ဝိုင်းပုံစံ ထိုက်ချိယင်ယန်သင်္ကေတ ပျောက်ကွယ်သွားသည်နှင့် ထိုနေရာတွင် ကျောက်ရှောင်ယွီ ထွက်ပေါ်လာလေသည်။
သူမ၏ တာအိုကျင့်စဉ်လမ်းက အဆင့်တက်သွားခြင်းမရှိသည့်တိုင် သူမ၏ စိတ်နေစိတ်ထားနှင့် တန်ခိုးစွမ်းအားမျာက ထူးဆန်းစွာပင် ပြောင်းလဲသွားပြီ ဖြစ်လေသည်။
ဆေးပညာနှင့်ပတ်သက်သည့် ကျူဖူဗုဒ္ဓတစ်ပါးဖြစ်သည့် လျိုလီကွမ်းဝမ်ဖူကဲ့သို့ သူမ၏ ပုံစံက တည်ငြိမ်လျှက် ရှိလေသည်။
ပြင်းထန်လှသည့် သတ္တုသံလိုက်စွမ်းအားများက သူမကို လုံး၀ ထိခိုက်စေနိုင်ခြင်း မရှိတော့ပေ။ သူမနှင့် ဘက်ညီလျှက်ပင် ရှိလေသည်။ အချင်းချင်း တွန်းကန်တိုက်ခိုက်နေခြင်း အလျဉ်းမရှိတော့ပေ။
တာအိုကာရံညီသည့်နတ်ဘုရားတစ်ပါးအလား ကျောက်ရှောင်ယွီသည် လေထဲတွင် ရပ်တန့်နေလေသည်။ သတ္တုသံလိုက်စွမ်းအားများက သူမကို ဝန်းရံနေပြီး စကြာဝဠာကြီးက သူမ၏ အောင်မြင်မှုကို အသိအမှတ်ပြုနေသည့်အလား ထင်မှတ်ရလေသည်။
ကျောက်ရှောင်ယွီက ကျက်သရေရှိလှသည့် ခြေလှမ်းများဖြင့် ဆန်းလျန်ရှိရာသို့ လျှောက်လှမ်းလာလေသည်။
မျက်ခုံးလေးများက လခြမ်းကွေးအလားလှပလွန်းပြီး မျက်ဝန်းလေးများကလည်း ကြည်လင်လျှက်ရှိလေသည်။
ဆန်းလျန်က သူမကို ငေးကြည့်နေရင်းမှ တိုးတိတ်စွာ ပြောလိုက်သည်။
"မင်းရဲ့ လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားကို စမ်းကြည့်ရအောင်…"
ကျောက်ရှောင်ယွီက အနည်းငယ် တွန့်ဆုတ်သွားပြီး…
"ဒီတန်ခိုးစွမ်းအားကို ရှင်ခံနိုင်မှာ မဟုတ်ဘူး…"
ဆန်းလျန်က…
"မခံနိုင်လည်း ဒဏ်ရာလေးနည်းနည်းပါးပါး ရရုံလောက်ပဲ ရှိမှာပါ…"
အမှန်တော့ ကျောက်ရှောင်ယွီကလည်း လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားကို စမ်းသပ်ကြည့်ချင်နေမိလေသည်။ သူမအတွက် အသင့်တော်ဆုံးပြိုင်ဘက်သည် ဆန်းလျန်မှလွဲပြီး အခြားသူ မရှိပေ။
သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ လက်ချောင်းများထိပ်မှ လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားများ ထွက်ပေါ်လာလေသည်။
ဆန်းလျန်က သူမ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းခြင်း မရှိပေ။
လျန်ယိမြူခိုးအလင်းတန်းက ဆန်းလျန်၏လက်မောင်းကို ထိမှန်သွားပြီး အင်္ကျီလက်တစ်ခုလုံး လောင်ကျွမ်းပျက်စီးသွားလေသည်။ ဆန်းလျန်၏ လက်မောင်းတစ်လျှောက်တွင် ခပ်ပါးပါးပြတ်ရှဒဏ်ရာတစ်ခု ဖြစ်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။
ဆန်းလျန်က သူ၏ဒဏ်ရာကို တစ်ချက်ကြည့်လိုက်ရင်း…
"မင်းရဲ့ လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားက ကြောက်စရာပဲ ၊ ကျုပ်ရဲ့ ကျင့်ကြံခြင်းတန်ခိုးစွမ်းအား နည်းနည်းတောင် ပျက်စီးသွားရတယ် ၊ တကယ်တမ်းတိုက်ခိုက်ကြလို့ ကျုပ်တစ်ကိုယ်လုံးသာ အဲဒီသံလိုက်တန်ခိုးစွမ်းအားနဲ့ ထိမှန်ခံရရင် ဒဏ်ရာကောင်းကောင်းရသွားနိုင်တယ်…"
ကျောက်ရှောင်ယွီ၏ လျန်ယိမြူခိုးသံလိုက်တံခိုးစွမ်းအား ထိမိသွားသည်နှင့် ဆန်းလျန်၏ နတ်ဘုရားခန္ဓာ အစိတ်အပိုင်းအနည်းငယ် ပျက်စီးသွားသည်ဟု ခံစားလိုက်ရလေသည်။ သူ၏ မူလဝိညာဉ်ခန္ဓာမှာလည်း အနည်းငယ် တုန်လှုပ်သွားလေသည်။
သို့သော်… သူ၏ မူလဝိညာဉ်ခန္ဓာ မည်မျှ ထူးခြားသည်ကို ဆန်းလျန်က ကောင်းကောင်းသိရှိလိုက်ရသည်။
လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားမှာ အလွန်ပင် ထိတ်လန့်ဖွယ်ရာဖြစ်လေသည်။ သို့သော်… သူ၏ မူလဝိညာဉ်ခန္ဓာ အနည်းငယ်တုန်ခါသွားသည်မှအပ အနည်းငယ်ပင် ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။
သူ၏ မူလဝိညာဉ်ခန္ဓာကို မည်သည့်အရာကမှ ထိခိုက်အောင် မလုပ်နိုင်သည့် လက္ခဏာပင် ဖြစ်လေသည်။
ယနေ့တွင် လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားဖြင့်သာ တိုက်ခိုက်မခံရလျှင် သူကိုယ်တိုင်ပင် ထိုအချက်ကို သိရှိမည် မဟုတ်ပေ။
အားလော်ဟယ်နှင့် သူသေကိုယ်သေတိုက်ခိုက်ကြ၍ သူ့ဘက်မှ ရှုံးနိမ့်သွားမည်ဆိုလျှင်တောင်မှ သူ၏ မူလဝိညာဉ် ခန္ဓာကတော့ ပျက်စီးနိုင်မည် မဟုတ်ပေ။ သူ၏ မူလဝိညာဉ်ခန္ဓာသည် တာ့လော်အဆင့် နတ်ဘုရားများနှင့် ဆင်တူနေလေသည်။
လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားနှင့် ထိခိုက်မိခြင်းအပေါ်တွင် သုံးသပ်နိုင်မှုသည် အမှန်ဖြစ်နိုင်လေသည်။
ထို့ပြင်… သူ၏ မူလဝိညာဉ်ခန္ဓာသည် တာ့လော် ဒုတိယအဆင့်သို့ပင် ရောက်ရှိနေဟန် ရှိလေသည်။ ဆန်းလျန်လည်း ထိုသို့ဖြစ်ရသည်ကို နားမလည်ပေ။ ကြည့်ရသည်မှာ အခြားသောအကြောင်းများလည်း ရှိနိုင်လေသည်။
ကျောက်ရှောင်ယွီက ဆန်းလျန်အတွေးလွန်နေသည်ကို တွေ့သည်နှင့် …
"ရှင် ဘာတွေတွေးနေတာလဲ…"
ဆန်းလျန်က သူတွေးနေသည့် အကြောင်းများကို ကျောက်ရှောင်ယွီကို ပြောပြလိုက်သည်။
ကျောက်ရှောင်ယွီက…
"အဲဒါဆိုရင် အစစ်ဆေးခံရခြင်းတွေကို ကျော်လွှားနိုင်မှာပဲ…"
ဆန်းလျန်က…
"ဘာဖြစ်လို့လဲ…"
ကျောက်ရှောင်ယွီက…
"ဒီပုံစံအတိုင်းသာဆိုရင် ရှင့်ရဲ့ မူလဝိညာဉ်ခန္ဓာက ထူးခြားတယ် ၊ မပျက်စီးနိုင်တဲ့ စိန်သားလိုပဲ ၊ လောကမှာ စိန်သားထက်မာကျောတဲ့အရာ ဘာမှ မရှိဘူး ၊ ကျွန်မအထင်ပြောရရင် ရှင့်ရဲ့ မူလဝိညာဉ်ခန္ဓာက အရမ်းကို သိပ်သည်းကျစ်လျစ်နေပြီး တန်ခိုးစွမ်းအားအနှစ်သာရတွေအားလုံးကို စုပ်ယူထားတဲ့ပုံပဲ…အရမ်းကို ခိုင်ခံ့နေတယ်…"
……………
မရှိမှုကျေးရွာတွင် ချင်းဆွေထျန်းကောင်းကင်ဘုံ တည်ရှိလေသည်။
ထိုနေရာသည် အလွန်မှ အထီးကျန်ဆန်သည့်နေရာတစ်ခုဖြစ်လေသည်။ မရှိမှုကျေးရွာသို့ နတ်ဘုရားတစ်ပါး ရောက်ရှိလာမည်ဆိုလျှင် ချင်းဆွေထျန်းကောင်းကင်ဘုံတည်ရှိရာနေရာကို ကန်ရေပြင်တစ်ခုအလားမြင်တွေ့ရမည် ဖြစ်ပြီး အခြား မည်သည့်အရာကိုမှ မြင်တွေ့ရမည် မဟုတ်ပေ။
မည်သည့်အရာမှ မရှိသည့် မရှိမှုကျေးရွာတွင် ကောင်းကင်ဘုံတစ်ခုကို ဖွင့်လှစ်နိုင်ခြင်းသည် ရှည်လျားသည့် အချိန်စီးဆင်းမှုတစ်လျှောက်တွင် ကြီးမားသည့် မှတ်ကျောက်တစ်ခုကို တင်နိုင်ခဲ့သူများသာ ဖြစ်လေသည်။
သူတို့၏အမည်သည် ဒဏ္ဍာရီအလား တွင်ကျန်ရစ်ခဲ့ပြီး ကမ္ဘာအဆက်ဆက် တည်ရှိနေမည် ဖြစ်လေသည်။
ထိုသူများထဲတွင် တာအိုဆရာလီချင်းဆွေသည် အထူးဆန်းဆုံးနှင့် ခန့်မှန်းရအခက်ဆုံးဖြစ်သလို အလျှို့ဝှက်ဆုံး နတ်ဘုရားတစ်ပါးဖြစ်လေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက…
ကျောက်စိမ်းဝိညာဉ်နန်းတော်မှ ချင်းယွမ်မြောက်တောက်အရှင်သည် တာအိုဆရာလီချင်းဆွေကို ရှုံးနိမ့်ခဲ့ပြီးသည့်နောက်ပိုင်း သူမကို မည်သူမှ သွားပြီး ရန်မစရဲကြတော့ပေ။
သူမ၏ အဆင့်အတန်းကို နတ်မိစ္ဆာအဓိပတိကြီး ၊ ကျန့်ယွမ်ကျီနတ်မင်းကြီး ၊ အားလော်ဟယ်တို့နှင့် တစ်တန်းတည်း သတ်မှတ်ထားကြလေသည်။
ယခု…
မရှိမှုကျေးရွာရှိ ကြည်လင်သည့်ကန်ရေပြင်ထက်တွင် ရောင်စဉ်ငါးမျိုးအလင်းတန်းများ ရောင်ပြန်ဟပ် ထွက်ပေါ်လာလေသည်။
ထို့နောက် ကန်ရေပြင်နှစ်ခြမ်းကွဲသွားပြီး ဝင်ပေါက်တစ်ခု ဖြစ်ပေါ်လာလေသည်။
ရောင်စဉ်ငါးမျိုးအလင်းတန်းများသည် နှစ်ခြမ်းကွဲသွားသည့် ကန်ရေပြင်ဝင်ပေါက်အတွင်းသို့ တိုးဝင်သွားလေသည်။
ရေကန်အတွင်းတစ်ဖက်ခြမ်းသို့ရောက်သွားသည်နှင့် ရောင်စဉ်ငါးမျိုးအလင်းတန်းများသည် အစိမ်းရောင်ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားလေသည်။
မိန်းကလေး၏ ဦးခေါင်းထက်တွင် သရဖူတစ်ခုဆောင်းထားပြီး သူမ၏ ခြေဖဝါးအောက်တွင် တိမ်တိုက်များကို စီးနင်းထားလေသည်။ ထိုတိမ်တိုက်များမှာ ဒေါင်းစိမ်းအမွှေးအတောင်များနှင့် ဆင်တူလေသည်။
ကန်ရေပြင်တစ်ဖက်သို့ ရောက်ရှိသွားသည်နှင့် သူမကို စောင့်ကြိုနေသည့် နတ်သားလေးတစ်ပါးကို တွေ့လိုက်ရလေသည်။
နတ်သားလေးက…
"တာအိုဆရာလီချင်းဆွေက နန်းတော်သခင်ကို ကြိုဆိုဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ…"
နတ်သူငယ်လေးမှာ နတ်ဘုရားတစ်ပါးဖြစ်လေသည်။
သို့သော်… သူသည် အစိမ်းရောင်ဝတ်ဆင်ထားသည့် မိန်းကလေးကို မော့ပင်မကြည့်ရဲပေ။
အဘယ်ကြောင့်ဆိုသော် ထိုမိန်းကလေးသည် ဇာမဏီနတ်ဘုရားနန်းတော်၏ အရှင်သခင်ဖြစ်နေသောကြောင့်ပင်။ ဒဏ္ဍာရီအရဆိုလျှင် ဘိုးဘေးဇာမဏီငှက်များသည် အလွန်မှ တန်ခိုးစွမ်းအားမြင့်မားကြလေသည်။ သူတို့၏ အဆင့်အတန်းသည် မြင့်မားကြလေသည်။
ထို့ကြောင့် အစိမ်းရောင်မိန်းကလေး၏ ဂုဏ်သရေ မြင့်မြတ်မှုကို နှိုင်းယှဉ်နိုင်သူ မည်သူမှ မရှိပေ။
ထို့ပြင်... တာအိုဆရာလီချင်းဆွေနှင့် ဇာမဏီနတ်ဘုရားနန်းတော်သခင်မှာ အလွန်ပင် ဆက်ဆံရေး ကောင်းမွန်လေသည်။ ထို့ကြောင့် ချင်းဆွေထျန်းကောင်းကင်ဘုံတွင် အားလုံးက ဇာမဏီနတ်ဘုရားနန်းတော်သခင်ကို လေးလေးစားစားဆက်ဆံကြသည်။
နတ်သားလေးက အစိမ်းရောင်ဝတ်မိန်းကလေးကို ကောင်းကင်ဘုံလမ်းတစ်လျှောက် ခေါ်ဆောင်သွားလေသည်။
လမ်းတစ်လျှောက်တွင် တာအိုတရားအကြောင်းဆွေးနွေးနေကြသည့် နတ်ဘုရားများ ၊ ဗျပ်စောင်းတီးခတ်နေကြသည့် နတ်ဘုရားများ ၊ လက်ဖက်ရည်သောက်နေကြသည့် နတ်ဘုရားများကို တွေ့မြင်ကြရလေသည်။
ချင်းဆွေထျန်းကောင်းကင်ဘုံသည် နတ်ဘုရားများအတွက် အမှန်ပင် ကောင်းမွန်သည့် နေထိုင်ရာနေရာတစ်ခု ဖြစ်လေသည်။
ထိုနတ်ဘုရားများက အစိမ်းရောင်ဝတ်မိန်းကလေးကို တွေ့သည့်အခါ လုပ်လက်စအလုပ်များကို ရပ်တန့်လိုက်ကြပြီး မိန်းကလေးကို နှုတ်ဆက်စကားဆိုကြလေသည်။
နောက်ဆုံး သူတို့သည် ရေကန်တစ်ကန်ရှိရာသို့ ရောက်ရှိလာလေသည်။ ရေကန်အလယ်တွင် မြူခိုးတိမ်တိုက်များ ဝန်းရံနေသည့် ကျောက်သားဂေဟာကြီးတစ်ခု တည်ရှိလေသည်။ မြင်ရသည့်ရှုခင်းက အလွန်မှ လှပလွန်းသည်။
သူတို့သည် ဝါးတံတားလေးကို ဖြတ်ကျော်ပြီး ကျောက်သားဂေဟာကြီးရှိရာသို့ ရောက်ရှိလာကြလေသည်။ ရေကန်အတွင်းမှ လှပသည့် နတ်ဘုရားသံစဉ်များထွက်ပေါ်နေလေသည်။ လောကတစ်ခုလုံးတွင် အသာယာဆုံးသော နတ်ဘုရားသံစဉ်ဟုပင် ထင်မှတ်ရသည်။
ဝါးတံတားလေးဆုံးသွားသည်နှင့် စြင်္ကန်လမ်းအချိုးအကွေ့ (၈)ခု (၉)ခုခန့် ဖြတ်သန်းရလေသည်။ စြင်္ကန်လမ်းများက ရှည်လျားပြီး အပြင်အဆင်က ခမ်းနားလေသည်။
သို့သော် မြစ်ဝါကိုးကွေ့အရံအတားကို ပုံဖော်ထားသည့်အတွက် သွားနေကျဖြစ်သည့် နတ်သားလေးပင်လျှင် ပေါ့ပေါ့တန်တန်မသွားရဲပေ။ ခြေတစ်လှမ်းမှားသွားသည်နှင့် သေချာပေါက် ဒုက္ခရောက်မည် ဖြစ်လေသည်။
"ချင်းဆွေထျန်းကောင်းကင်ဘုံသို့ မည်သူက လာရောက် အန္တရယ်ပြုဝံ့ပါမည်နည်း။ အဘယ့်ကြောင့် မလိုအပ်ဘဲ မြစ်ဝါကိုးကွေ့အရံအတားကို ပြုလုပ်ထားရပါသနည်း" ဟု နတ်သားလေးက စိတ်ထဲတွင် အမြဲတမ်း အပြစ်တင်လေ့ ရှိလေသည်။
သို့သော်… သူက တွေးရုံသာတွေးရဲပြီး တစ်စက်ကလေးမှ ဖွင့်မပြောရဲပေ။
ထူးဆန်းသည့် ခြေလှမ်းများအတိုင်း လမ်းလျှောက်လာပြီးသည့်နောက် စြင်္ကန်လမ်းအဆုံးသတ်သွားလေသည်။
စြင်္ကန်လမ်းဆုံးသည်နှင့် ရေကန်ငယ်တစ်ခုကို တွေ့မြင်ရပြီး ရေကန်ထဲတွင် အဖြူရောင်တိမ်တိုက်အလား ရောင်ပြန်ဟပ်နေသည့် အရိပ်တစ်ခုကို တွေ့မြင်ရလေသည်။
ရေကန်နံဘေးတွင်တော့ …
ပခုံးထိရှည်လျားသည့် ဆံနွယ်များကိုပိုင်ဆိုင်ပြီး အဖြူရောင်ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက် ထိုင်နေလေသည်။ အလွန်မှ ချောမောလှပသည့် မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။
ထိုမိန်းမပျိုသည်ကား ကျော်ကြားလွန်းသည့် တာအိုဆရာလီချင်းဆွေပင် ဖြစ်လေသည်။
သူမသည် တိမ်တိုက်ကဲ့သို့ ဖြူစင်သည့် အဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိလေသည်။ သူမ အဖြူရောင်ဝတ်ဆင်သည်ကိုသာ သိရှိရလျှင် လောကတွင် မည်သူမှ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ရဲတော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ ခမ်းနားမှုကို မည်သူမှ တုနှိုင်းမရနိုင်သောကြောင့် ဖြစ်လေသည်။
သို့သော်… စွဲဆောင်မှုအရှိဆုံးမှာ သူမ၏နှုတ်ခမ်းများပင် ဖြစ်လေသည်။ သူမ၏ နှုတ်ခမ်းများသည် ပြုံးနေသယောင်ထင်ရသော်လည်း တကယ်တမ်းတွင် ပြုံးနေခြင်း မရှိပေ။
အရာအားလုံးကို အနိုင်ယူချိုးဖျက်ပ်စတော့မည့် အငွေ့အသက်များ သူမထံမှ ထွက်ပေါ်နေသည်ကို ခံစားလိုက်ကြရလေသည်။
***