အတိတ်ကိုသွားပြီးအနာဂတ်ကိုပြင်ဆင်
Vol. 9 Ch. 808
အစိမ်းရောင်ဝတ်မိန်းကလေးသည်ပင် တာအိုဆရာလီချင်းဆွေနှင့် တွေ့ဆုံခွင့်ရရန် မလွယ်ကူခဲ့ပေ။
တာအိုဆရာလီချင်းဆွေသည် အစိမ်းရောင်ဝတ်မိန်းကလေးနှင့် ခင်မင်ရင်းနှီးသည့်တိုင် မျက်နှာထားကတော့ ခပ်တည်တည်ပဲ ဖြစ်လေသည်။
အစိမ်းရောင်ဝတ်မိန်းကလေးက အရှေ့သို့ ခပ်ဖြည်းဖြည်းလျှောက်သွားလိုက်ပြီး…
"တာအိုဆရာချင်းဆွေကို ဂါရဝပြုပါတယ်…"
ထူးဆန်သည်မှာ ရေကန်ထဲတွင် တာအိုဆရာလီချင်းဆွေ၏ အဖြူရောင်ပုံရိပ်ရောင်ပြန်ဟပ်နေသော်လည်း အစိမ်းရောင်မိန်းကလေး၏ ပုံရိပ်ကတော့ ရောင်ပြန်ဟပ်နေခြင်း မရှိပေ။
ရေကန်ထဲတွင် တာအိုဆရာလီချင်းဆွေ၏ ပုံရိပ်တစ်ခုတည်းသာ ပေါ်နေခြင်း ဖြစ်လေသည်။
တာအိုဆရာလီချင်းဆွေက…
"ကွေလိ… ဘာကိစ္စရောက်လာတာလဲ…"
သူမ၏ လေသံက ချိုမြခြင်းမရှိ ခပ်မာမာပင် ဖြစ်လေသည်။
သို့သော်… ကြားရသူတိုင်း၏ နားထဲတွင် သက်သောင့်သက်သာရှိပြီး တည်ငြိမ်သည့်နေရောင်ခြည်အလား ၊ တိတ်ဆိတ်သည့်လရောင်ခြည်အလား ခံစားရစေလေသည်။
ကွေလိက…
"ဆန်းလျန် ပြန်ပေါ်လာပြီ…"
တာအိုဆရာလီချင်းဆွေက ခပ်တည်တည်မျက်နှာထားဖြင့်…
"အဲဒီတော့ ဘာဖြစ်လဲ…"
ကွေလိက…
"အဲဒါ တာအိုဆရာချင်းဆွေဆီက ဒုတိယယွမ်တုဓားကို လာတောင်းတာပါ ၊ အဲဒီဓားကို ဆန်းလျန်ကို ပေးခွင့်ပြုပါနော်…"
တာအိုဆရာလီချင်းဆွေက တည်ကြည်သည့်အပြုံးတစ်ချက် ပြုံးလိုက်ရင်း…
"သူ ဓားသိုင်းကို စွန့်လွှတ်လိုက်ပြီ မဟုတ်ဘူးလား ၊ အဲဒီဓားကို ဘယ်လိုလုပ် ပြန်ကိုင်နိုင်မှာတဲ့လဲ…"
ကွေလိက…
"ဒါပေမဲ့ အဲဒီဓားသာမရှိရင် သူ ချင်းယွမ်မြောင်တောက်အရှင်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ…"
တာအိုဆရာလီချင်းဆွေက ဖြည်းညင်းသည့်လေသံဖြင့်…
"ကျင့်ကြံသူတစ်ယောက်ရဲ့ အနိုင်အရှုံးကို အမြင်နဲ့ ဆုံးဖြတ်လို့မရဘူး ၊ အနိုင်အရှုံးဆိုတာ တန်ခိုးစွမ်းအားနဲ့ မဆိုင်ဘူး ၊ အခု နှစ်ပေါင်းတစ်သောင်းကြာခဲ့ပြီ ၊ သူ အမှန်တရားကို အခုထိ နားမလည်သေးဘူးဆိုရင် ရှုံးနိမ့်ရဦးမှာပဲ ၊ အရင်တစ်ခေါက် သူ ရှုံးနိမ့်ခဲ့တုန်းက ချင်းရွှမ်နတ်တံခါးတစ်ခုလုံး လောကကနေ ပျောက်ကွယ်ပေးရတဲ့အထိ စတေးခဲ့ရတယ် ၊ အခု တစ်ကြိမ် သူထပ်ပြီးရှုံးနိမ့်ဦးမယ်ဆိုရင် မင်းတောင် အသေဆိုးနဲ့ သေမလား မပြောနိုုင်ဘူး ၊ ဒီအကြောင်းတွေ မင်းသိပါတယ် ကွေလိရယ်…"
ကွေလိက…
"တာအိုဆရာချင်းဆွေကြောင့်သာ မဟုတ်ရင် သူက သုံးဆင့်ဘဝပြောင်းပညာကို ကျင့်ကြံခဲ့မှာ မဟုတ်ဘူး ၊ အဲဒါဆိုရင် အချိန်တိုအတွင်း အောင်မြင်မှုရပြီးတော့ လမ်းမှားကိုလိုက်မိမှာ မဟုတ်ဘူးလေ…"
နှစ်ပေါင်းများစွာ မပြောရဲသည့်အတွက် အောင့်ထားရသည့် စကားတစ်ခွန်းကို ကွေလိသည် တာအိုဆရာလီချင်းဆွေကို ပြောလိုက်မိပြီ ဖြစ်လေသည်။
သုံးဆင့်ဘဝပြောင်းပညာဆိုသည်မှာ အမြင့်ဆုံးအဆင့် မှော်ပညာတစ်ခုဖြစ်ပြီး အတိတ်ကိုနောက်ပြန်လှည့်ပြီး အနာဂတ်ကို ပြုပြင်နိုင်သည့် ကျင့်စဉ် ဖြစ်လေသည်။
ကျောက်တုံး ၊ မီး ၊ လျှပ်စီး နှင့် အလင်းတို့တွင် ဘ၀ (၃)ခု ဖြတ်သန်းသွားနိုင်သည့် ထိပ်တန်းအဆင့် လူပြန်ဝင်စားခြင်း ကျင့်စဉ်တစ်ခု ဖြစ်လေသည်။
သေဆုံးသွားခဲ့လျှင်လည်း ချက်ချင်းပင် လူပြန်ဝင်စားနိုင်သည့် ထိပ်တန်းအဆင့် ကျင့်စဉ် ဖြစ်လေသည်။
ထိုကျင့်စဉ်ကိုသာ မကျင့်ကြံခဲ့လျှင် ဆန်းလျန်သည် အချိန်တိုအတွင်းတွင် အောင်မြင်မှုရရှိခဲ့မည် မဟုတ်ပေ။
ထို့ပြင် ထိုကျင့်စဉ်ကို ဆန်းလျန်ကို သင်ပြပေးလိုက်သူမှာ တာအိုဆရာလီချင်းဆွေကိုယ်တိုင်ပင် ဖြစ်လေသည်။ ထိုအရင်အချိန်များတုန်းက ထိုကျင့်စဉ်ကို သိရှိသူမှာ လောကတစ်ခုလုံးတွင် တာအိုဆရာလီချင်းဆွေတစ်ယောက်သာ ရှိလေသည်။
တာအိုဆရာလီချင်းဆွေက…
"ငါက သင်ပေးရုံပဲ သင်ပေးလိုက်တာလေ ၊ သူကျင့်ကြံလိုက်တာက သူ့ကိစ္စပဲ ၊ ဘာလဲ အဲဒီကိစ္စကို မကျေနပ်လို့ မင်းက ငါ့ကိုအပြစ်တင်ဖို့ အခု ရောက်လာတာလား…"
ကွေလိက တိုးတိတ်သည့်လေသံဖြင့်…
"တာအိုဆရာချင်းဆွေကို ကွေလိ အပြစ်မတင်ရဲပါဘူး ၊ ဒါပေမဲ့ တာအိုဆရာချင်းဆွေမှာ သူ့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုခုတော့ ရှိတယ် မဟုတ်လား…"
တာအိုဆရာလီချင်းဆွေက…
"ကဲ… မင်းပြန်တော့… ၊ သူအနှေးနဲ့အမြန် ငါ့ဆီကို ရောက်လာမှာပဲ ၊ သူ့မှာအရည်အချင်းရှိတယ်ဆိုရင် ဒုတိယယွမ်တုဓားကို သူ့ကို ပြန်ပေးလိုက်မယ် ၊ မဟုတ်ရင်တော့ မသေမချင်း ကျင့်ကြံပေတော့ပဲ…"
ကွေလိက စကားဆက်ပြောရန် ဟန်ပြင်လိုက်သော်လည်း ရေကန်အတွင်းမှ အဖြူရောင် တိမ်တိုက်တစ်စ ထွက်ပေါ်လာကာ ကွေလိကို ရစ်ပတ်လိုက်လေသည်။
ကွေလိသည် ချက်ချင်းပင် ချင်းဆွေထျန်းကောင်းကင်ဘုံအပြင်ဘက်သို့ ရောက်ရှိသွားလေတော့သည်။
ချင်းဆွေထျန်းကောင်းကင်ဘုံသည် တာအိုဆရာလီချင်းဆွေဖန်ဆင်းထားသည့် ကောင်းကင်ဘုံတစ်ခုဖြစ်လေသည်။ ထိုနေရာသည် သူမ၏ ပိုင်နက်ဖြစ်ပြီး သူမ စိတ်တစ်ချက်ညွှတ်လိုက်ရုံဖြင့် သူမဖြစ်ချင်သည့် ဆန္ဒအတိုင်း ဖြစ်လာနိုင်စွမ်း ရှိလေသည်။
ကွေလိသည် ချင်းဆွေထျန်းကောင်းကင်ဘုံအပြင်ဘက် မရှိမှုကျေးရွာသို့ ရောက်ရှိသွားလေသည်။
သို့သော်… ကြည်လင်သည့်ကန်ရေပြင်ကို တွေ့မြင်ရခြင်း မရှိတော့ပေ။ ထို့ကြောင့် သူမအနေဖြင့် ချင်းဆွေထျန်း ကောင်းကင်ဘုံအတွင်းသို့ ထပ်မံဝင်ရောက်နိုင်ခြင်း မရှိတော့ပေ။
သူမကဲ့သို့ ဇာမဏီနတ်ဘုရားနန်းတော်၏ အရှင်သခင်ကို ထိုကဲ့သို့ နှင်ထုတ်ရဲသူ လောကတွင် သိပ်မရှိပေ။ သို့သော်… တာအိုဆရာ လီချင်းဆွေကတော့ ချွင်းချက်ဖြစ်လေ၏။
ကွေလိ မချိပြုံးတစ်ချက် ပြုံးလိုက်မိသည်။
သူမ ဘာလုပ်သင့်ပါသနည်း။
အားလော်ဟယ်နှင့် ဆန်းလျန်၏ တိုက်ခိုက်မှုကို ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် ဘုရင်ရှစ်ပါးနန်းတော်တို့ကလည်း အနှေးနှင့်အမြန်သိရှိသွားကြပေလိမ့်မည်။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ခန့်က ချင်းယွမ်မြောင်တောက်အရှင်သည်လည်း အစစ်ဆေးခံရခြင်းကို အောင်မြင်ခဲ့ပြီး ကျောက်စိမ်းဝိညာဉ်နန်းတော်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။
ချင်းယွမ်မြောင်တောက်အရှင်၏ တန်ခိုးစွမ်းအား မည်မျှ မြင့်မားနေသည်ကို မည်သူမှ မသိနိုင်ပေ။
ထို့ပြင် ဆန်းလျန်က ကျူးရှန်းပန်းချီကားကို ရယူရန်အတွက် လင်စန်းတောင်ကိုလည်း တစ်ယောက်တည်းသွားကာ စိန်ခေါ်ခဲ့သေးသည်။
ဆန်းလျန်ကြောင့် မဟာကျားရဲ့ကိုယ်တော်ကြီး အသက်ဆုံးခဲ့ရပြီး လင်စန်းတောင်မှ ဗောဓိသကျ (၄)ပါးနှင့် မျောက်မင်းစွန်းဝူခုံးဖြစ်သည့် သိုးကျန့်စန့်ဖူကိုယ်တော်သည်လည်း ဒဏ်ရာအပြင်းအထန် ရခဲ့ကြလေသည်။
ထို့ကြောင့် ဆန်းလျန်သာ ပြန်ပေါ်လာလျှင် လင်စန်းတောင်သည်လည်း သူ့ကို အလွတ်ပေးလိမ့်မည် မဟုတ်ပေ။
ဆန်းလျန် ပြုလုပ်ခဲ့သည့် အတိတ်မှ ရမ်းကားခဲ့မှုများသည် ယခု သူပြန်ပေါ်လာသည့်အချိန်တွင် ပြန်လည် ပေးဆပ်ရတော့မည် ဖြစ်လေသည်။
အရင်အချိန်များတုန်းက ဆန်းလျန်သည် မိုးနတ်မင်းနှင့်ပင်ဖက်ပြိုင်နိုင်လောက်အောင် တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက် ဖြစ်ခဲ့လေသည်။
သို့သော်… ယခုအချိန်တွင် ဆန်းလျန်သည် ယခင်ကလောက် တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိတော့ပေ။
ထို့ကြောင့် ဒုတိယယွမ်တုဓားသာမရှိလျှင် သူ့ဘဝသည် မရှုမလှအဆုံးသတ်ရပေလိမ့်မည်။
သူမသည် ဇာမဏီနတ်ဘုရားနန်းတော်၏ နန်းတော်သခင်ဖြစ်သည့်တိုင် ဆန်းလျန်ကို ကာကွယ်ပေးရန် မည်သို့မှ မတတ်နိုင်ပေ။
သို့သော် … တာအိုဆရာလီချင်းဆွေကတော့ ဆန်းလျန်သည် ချင်းဆွေထျန်းကောင်းကင်ဘုံသို့ အနှေးနှင့်အမြန် ရောက်လာမည်ဟုဆိုခဲ့လေသည်။ ထိုအချက်က ကွေလိကို အနည်းငယ် စိတ်သက်သာရာရစေသည်။
တာအိုဆရာလီချင်းဆွေကတော့ ဆန်းလျန် ချင်းဆွေထျန်းကောင်းကင်ဘုံကို ရောက်လာမည်ကို ငြင်းပယ်မည့်ဟန် မရှိပေ။
ချင်းဆွေထျန်းကောင်းကင်ဘုံသို့ ရောက်ရှိနိုင်ခဲ့လျှင် ဒုတိယယွမ်တုဓား ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ချင်းဆွေထျန်းကောင်းကင်ဘုံ၏ ကာကွယ်မှုအောက်သို့ ရောက်ရှိသွားမည် ဖြစ်လေသည်။
ထိုအခါ ဆန်းလျန်တွင် မည်မျှပင် ရန်သူများစေဦးတော့ ချင်းဆွေထျန်းကောင်းကင်ဘုံကိုတော့ မည်သူမှ ပြဿနာရှာရဲကြမည် မဟုတ်ပေ။
ချင်းဆွေထျန်းကောင်းကင်ဘုံဆိုသည်က မရှိမှုကျေးရွာတွင်တည်ရှိသည့် ကောင်းကင်ဘုံတစ်ခုဖြစ်ပြီး အလွန် ကြံ့ခိုင်လုံခြုံသည့် နေရာတစ်ခု ဖြစ်လေသည်။ ထို့ပြင် တာအိုဆရာလီချင်းဆွေ၏ မူလဇစ်မြစ်ဖြစ်တည်လာရာ ချင်းရွှမ်နတ်တံခါးနှင့် ရှင်သန်စေခြင်းကျောင်းတော်မှ နတ်ဘုရားများလည်း အများအပြားနေထိုင်ကြသည့် နေရာ ဖြစ်သည်။
ထို့ကြောင့် ဆန်းလျန်သာ ချင်းဆွေထျန်းကောင်းကင်ဘုံသို့ ဝင်ရောက်ခွင့်ရလျှင် မည်သူမှ သူ့ကို အန္တရယ် ပြုရဲတော့မည် မဟုတ်ပေ။
တာအိုဆရာလီချင်းဆွေ၏ ကြီးမြတ်သည့် ဂုဏ်သိက္ခာကြောင့် ဆန်းလျန်ကိုထုတ်ပေးရန်အတွက် မည်သူကမှလည်း ဖိအားပေးရဲကြမည် မဟုတ်ပေ။
သို့သော်… ယခုအချိန်ထိ သူမ၏ စိတ်ထဲတွင် သံသယတစ်ခု ရှိနေသေးသည်။
ဆန်းလျန်ကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်သည် အဘယ့်ကြောင့် လူ့လောကသို့ ရုတ်တရက် ပြန်လည် ရောက်ရှိလာရပါသနည်း။
ထိုအချက်က မယုံကြည်နိုင်စရာ ဖြစ်လေသည်။
တာအိုဆရာလီချင်းဆွေကတော့ ထိုအကြောင်းများအားလုံးကို သိရှိမည်ဖြစ်သည်။ သို့သော် သူမက ကွေလိကို ပြောပြခဲ့ခြင်း မရှိပေ။
အတန်ကြာစဉ်းစားပြီးသည့်နောက် ကွေလိက လူ့လောကသို့သွားကာ ဆန်းလျန်နှင့်တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက်… လူ့လောကတစ်နေရာတွင် ရောင်စဉ်ငါးမျိုးအလင်းတန်းများ ဖြာလင်းလာပြီး အစိမ်းရောင်ဝတ်ဆင်ထားသည့် မိန်းကေလးတစ်ယောက် ထွက်ပေါ်လာလေသည်။
ထိုမိန်းကလေးမှာ ကွေလိပင် ဖြစ်လေသည်။
လူ့လောကရှိ လေပြေအေးက သူမ၏ မျက်နှာကို ဖြတ်သန်းတိုက်ခတ်လာသည့်အခါ အနည်းငယ် မသက်မသာ ခံစားလိုက်ရလေသည်။
သူမအနေဖြင့် ဤလူ့လောကနှင့် ကင်းကွာနေခဲ့သည်မှာ ကြာခဲ့ပြီ မဟုတ်ပါလား။
သူမက လက်ချောင်းလေးများကို အသာကွေးညွှတ်လိုက်ပြီး ဆန်းလျန် မည်သည့်နေရာတွင်ရှိမည်ကို တွက်ချက်ကြည့်လိုက်လေသည်။ သို့သော်… ဆန်းလျန် မည်သည့်နေရာတွင်ရှိသည်ကို ခန့်မှန်း၍ မရနိုင်ဖြစ်နေလေသည်။
သူမ စိတ်ပျက်လက်ပျက်ဖြစ်သွားလေသည်။
သူမနှင့်ဆန်းလျန်သည် သဘာဝတရားအရ ခွဲခြားမရနိုင်သည့် ဆက်သွယ်မှုတစ်ခုရှိလေသည်။ ထို့ကြောင့် သူမအနေဖြင့် ဆန်းလျန်ကို ရှာဖွေရန်မှာ အခြားသူများထက်ပိုပြီး လွယ်ကူလေသည်။
အတိတ်တစ်ချိန်က ဆန်းလျန်ကျင့်ကြံခဲ့သည့် ကျင့်စဉ်သည် ယင်နှင့်ယန် ၊ ဒြပ်စင်စွမ်းအားငါးမျိုးနှင့် ဆက်စပ်နေသည့် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ဖြစ်လေရာ ကွေလိနှင့် အလွန်ပင် နီးနီးကပ်ကပ် ဆက်နွယ်မှု ရှိခဲ့လေသည်။
ထို့ကြောင့် သူမကဲ့သို့သောလူမျိုးပင် ဆန်းလျန် မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မခန့်မှန်းနိုင်လျှင် အခြားသူများဆိုလျှင်တော့ ဝေလာဝေးပင် ဖြစ်လေသည်။
……….
ကွေလိ လူ့လောကသို့ ရောက်ရှိလာသည်နှင့် ဆန်းလျန်၏ ရင်ထဲတွင် တစ်ချက်လှုပ်ရှားသွားလေသည်။
ကွေလိနှင့်ဆန်းလျန်မှာ ကျင့်စဉ်လမ်းအရ နီးနီးကပ်ကပ် ဆက်နွယ်ကြသူများဖြစ်သည့်အတွက် ကွေလိ လူ့လောကသို့ ရောက်ရှိလာသည့်အခါ ဆန်းလျန်၏ ဝိညာဉ်ထဲတွင် လှုပ်ရှားမှုကို ခံစားလိုက်ရခြင်း ဖြစ်လေသည်။
သို့သော်… အတိတ်ကိုမမှတ်မိနိုင်သည့်အခြေအနေတွင် သူ့ရင်ထဲတွင် လှုပ်ရှားသွားရသည့် အကြောင်းရင်းကိုလည်း အဖြေရှာ၍ မရနိုင်ခဲ့ပေ။
ကျောက်ရှောင်ယွီက…
"အခု ရှင် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ…"
ဆန်းလျန်က…
"ကျုပ် တာအိုဆရာလီချင်းဆွေကို သွားတွေ့ရမယ်…"
ကျောက်ရှောင်ယွီက…
"တာအိုဆရာလီချင်းဆွေဆိုတာ ရှင့်ရဲ့ ဆရာဘွားဘွားပဲ မဟုတ်လား ၊ ဒါပေမဲ့ သူ့ကို သွားတွေ့ပြီး ဘာလုပ်မလို့လဲ…"
ဆန်းလျန်က…
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က မင်း ကျုပ်အနားမှာ မရှိခဲ့ဘူးလေ ၊ ကျုပ်ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျုပ်လည်းမသိသလို မင်းလည်း မသိနိုင်ဘူး ၊ ဒါပေမဲ့ တာအိုဆရာလီချင်းဆွေကတော့ အရာအားလုံးကို သိနေမယ်လို့ ကျုပ်စိတ်ထဲမှာ ထင်နေတယ် ၊ သူနဲ့သာ တွေ့ခွင့်ရခဲ့ရင် အတိတ်က ဘာတွေဖြစ်ခဲ့လဲဆိုတာကို သိခွင့်ရမယ်ထင်တယ်…"
ကျောက်ရှောင်ယွီက…
"တာအိုဆရာချင်းဆွေက မရှိမှုကျေးရွာမှာ ကောင်းကင်ဘုံတစ်ခုကို ဖွင့်လှစ်ခဲ့တယ်လို့ ကြားတယ် ၊ ရှင် သူ့ကို အဲဒီမှာ သွားတွေ့လိုက်ပေါ့ ၊ ဘာတွေကို စောင့်နေတာလဲ…"
ဆန်းလျန်က…
"ရှင်သန်စေခြင်းကျောင်းတော်က ကျင့်ကြံသူတွေ မိုးကောင်းကင်နတ်ဘုရားဖြစ်သွားရင် ချင်းဆွေထျန်းကောင်းကင်ဘုံကို ဝင်ခွင့်ရတယ်လို့ ကျုပ်သိရတယ် ၊ အဲဒါကြောင့် ရှင်သန်စေခြင်းကျောင်းတော်က တပည့်တစ်ယောက် မိုးကောင်းကင်နတ်ဘုရားဖြစ်သွားခဲ့ရင် ကျုပ်ကို ချင်းဆွေထျန်းကောင်းကင်ဘုံကို ခေါ်သွားပေးဖို့ စောင့်နေတာ…"
ကျောက်ရှောင်ယွီသည် သူမ မြင်တွေ့သမျှကို မေ့သွားတတ်သူတစ်ယောက် မဟုတ်ပေ။
သူမသည် ထိုနေ့က ဘုရင့်နေပြည်တော်မှ တိုက်ပွဲအကြောင်းကို ရုတ်တရက် ပြန်စဉ်းစားလိုက်မိလေသည်။
ရွှီချင်းဟွမ်နေရာတွင် ထွက်ပေါ်လာသည့် သူမကို တအံ့တသြဖြင့် ကြည့်နေကြသည့် မေနန့်စန်းနှင့် ရွှင်ယောင်းကို သူမ တစ်ချက်မှတ်မိသွားလေသည်။
သူမက တစ်ချက်ပြုံးလိုက်ရင်း…
"အဲဒီကောင်လေးတော့ ရှင်နဲ့တွေ့ခွင့်ရတာ တော်တော်ကံကောင်းတာပဲ…"
***