သုံးပင်လယ်သခင်
Vol. 9 Ch. 810
ဆန်းလျန်က ရယ်ရုံသာရယ်နေပြီး ကျောက်ရှောင်ယွီနှင့် ပြိုင်မငြင်းတော့ပေ။
ဟယ်ရှန်းက ကျောက်ရှောင်ယွီကို တိတ်တဆိတ် လေ့လာနေလေသည်။ ဆရာဒေါ်လေးက ဆရာဖြစ်သူကို တစ်ချက်ပင် မကြောက်ရွံ့ဘဲ စ နောက် နေသည့်အတွက် သူမစိတ်ထဲတွင် အံ့သြနေမိသည်။
ဆန်းလျန်ဆိုသည်က အလိုက်အထိုက်နေထိုင်တတ်သူတစ်ယောက်ဖြစ်သည့်တိုုင် မြင့်မြတ်ပြီး တည်ကြည်သူတစ်ယောက် ဖြစ်ရကား မည်သူမှ မလေးမစား မလုပ်ရဲကြပေ။
ထို့ကြောင့် ဆန်းလျန်ကို ကျောက်ရှောင်ယွီကဲ့သို့ စ နောက် ရဲသည့် လူမျိုးကို ဟယ်ရှန်းဘဝတွင် တစ်ခါမှ မတွေ့မြင်ခဲ့ဖူးပေ။
ကျောက်ရှောင်ယွီသည် မြင့်မြတ်သည့် နတ်သမီးတစ်ပါးဖြစ်လေသည်။ သူမက ချစ်စရာကောင်းသလို ချောမောလှပသူလည်း ဖြစ်လေသည်။ ထို့ပြင် သူမ၏ ပညာရှိမှုသည်လည်း ရှေးဟောင်းနတ်ဘုရားများနှင့် ပခုံးချင်းယှဉ်ရပ်တည်နိုင်စွမ်း ရှိလေသည်။
သူမသည်သာ ဆရာဖြစ်သူ၏ ဘဝလက်တွဲဖော်ဆိုလျှင်တော့ လိုက်ဖက်လွန်းလှသည်ဟု ဟယ်ရှန်း တွေးနေမိလေသည်။
အဝေးတစ်နေရာဆီတွင်…
အနီရောင်နှင့် ခရမ်းရောင် မိုးသောက်ပန်းများ လှပစွာ ပွင့်လန်းနေလေသည်။
ပန်းပွင့်များ၏ အနောက်ဘက်တွင် အပြာရောင်တောင်တန်းကြီးရှိနေပြီး မြစ်တစ်စင်းက ရစ်ခွေစီးဆင်းနေလေသည်။
ဆန်းလျန်၏ မျက်ဝန်းများက မိုးသောက်ပန်းများကို ငေးကြည့်နေလေသည်။ သူ၏မျက်ဝန်းများတွင် ရေလှိုင်းများအလား ဂယက်တစ်ချက် ထသွားလေသည်။
ရုတ်တရက်….
လေထဲတွင် သက်တံ့တံတားတစ်စင်းပေါ်လာပြီး အဝေးဆီမှ မိုးသောက်ပန်းများ ပွင့်လန်းနေရာနေရာနှင့် ဆက်သွယ်သွားလေသည်။
သက်တံ့တံတားထက်တွင် မိုးသောက်ပန်းများ အနည်းငယ်လှုပ်ရှားသွားပြီး အနီရောင်နှင့် ခရမ်းရောင်များ ပိုမိုလင်းလက်တောက်ပလာလေသည်။
ကျောက်ရှောင်ယွီနှင့် ဟယ်ရှန်းတို့ (၂)ယောက်လုံး တိတ်ဆိတ်နေကြလေသည်။
ဆန်းလျန်က အဝေးဆီမှ မိုးသောက်ပန်းများ၏ တန်ခိုးစွမ်းအား အနှစ်သာရကို ထုတ်ယူနေခြင်း ဖြစ်လေသည်။ မိုးသောက်ပန်းများကို အသုံးပြုပြီး သူက ဟယ်ရှန်းအတွက် မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်ပေးလိုခြင်း ဖြစ်သည်။
အလင်းရောင်က ပိုမိုတောက်ပလာပြီး ဝိညာဉ်စွမ်းအားများက မြင့်တက်လာလေသည်။
ဟယ်ရှန်းသည် မြင်ကွင်းကို စိတ်ဝင်တစားကြည့်နေလေသည်။
ခရမ်းရောင်နှင့်အနီရောင်များက ရောယှက်သွားလေသည်။ ထို့နောက် မရေမတွက်နိုင်သည့် လှပသည့် ရှုမျှော်ခင်းများအဖြစ် ခဏချင်းတွင် ပြောင်းလဲသွားကြသည်။
ထိုပြောင်းလဲမှုများထဲတွင်….
လူတစ်ယောက် မွေးဖွားခြင်း ၊ သေဆုံးခြင်း ၊ အိုခြင်း ၊ နာခြင်း ၊ အချစ် ၊ ခွဲခွာရခြင်း ၊ အမျက်ဒေါသဖြစ်ခြင်းများ အားလုံး ပါဝင်လေသည်။
ဆန်းလျန်ပြုလုပ်နေသည့် မှော်ဝင်ပစ္စည်းထဲတွင် လူတစ်ယောက် မွေးဖွားခြင်း ၊ သေဆုံးခြင်းနှင့် ဘဝအဓိပ္ပါယ်များ ပါဝင်နေလေသည်။
ထို့နောက် ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ ကောင်းကင်ထက်သို့ အဖြူရောင်အငွေ့များ လွင့်ပျံသွားလေသည်။
အဖြူရောင်အငွေ့များသည် ကောင်းကင်ထက်တွင် စစ်မှန်သည့် သမာဓိမီးတောက်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
သမာဓိမီးတောက်ဆိုသည်က ပြဒါးသန့်စင်ခြင်းတွင်အသုံးပြုသည့် ထိပ်တန်းအဆင့် တာအိုမီးတောက်ဖြစ်လေသည်။ ဆန်းလျန်၏ သမာဓိမီးတောက်သည် သိုးလွိနန်းတော်အတွင်းရှိ ပါးကွဖိုတွင် အငွေ့အသက်ကျန်ရစ်ခဲ့သည့် သမာဓိမီးတောက်နှင့် ကောင်းကောင်း ယှဉ်နိုင်လေသည်။
မည်သူမှ ယုံနိုင်မည် မဟုတ်ပေ။
သို့သော်… ကျောက်ရှောင်ယွီကတော့ ယုံကြည်လေသည်။ သူမမြင်တွေ့ရသည့်မြင်ကွင်းကို သူမ ယုံကြည်လေသည်။ ဆန်းလျန်သည် သမာဓိမီးတောက်ကို ပြုလုပ်ရန်အတွက် သူမ၏ မူလိဝိညာဉ်ခန္ဓာမှ တန်ခိုးစွမ်းအားများကို အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် မီးတောက်တွင် တာအိုအနှစ်သာရများနှင့် ပြည့်ဝလျှက်ရှိလေသည်။
ကျောက်ရှောင်ယွီ ပျော်ရွှင်နေမိလေသည်။
လက်ရှိအချိန်တွင် အားလော်ဟယ်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ သူမတို့ (၂)ယောက်ပေါင်းလျှင် အားလော်ဟယ်ကို ကောင်းကောင်း ရင်ဆိုင်နိုင်မည် ဖြစ်လေသည်။ ဆန်းလျန်သာ ရှိနေပါက သူမ အသက်မပျောက်ရန် အာမခံချက်အပြည့်ရှိလေသည်။
ဆန်းလျန်ကတော့ အတိတ်မေ့နေခဲ့လေသည်။ သူမှတ်မိသည်မှာ အိပ်မက်ထဲတွင် ကြုံတွေ့ခဲ့ရသည့် ဘေးအန္တရယ်ဆိုးကြီးဖြစ်လေသည်။
ဆန်းလျန်က သမာဓိမီးတောက်ကို ဖန်ဆင်းသည့်အချိန်တွင် အိပ်မက်ထဲမှ ဘေးအန္တရယ်ဆိုးကြီးအကြောင်းကို စဉ်းစားနေမိလေသည်။ သူသည် ထိုဘေးအန္တရယ်ဆိုးကြီးတွင် အဓိက ပါဝင်ပတ်သက်နေသည့် နတ်ဘုရားတစ်ပါး ဖြစ်ဟန်တူလေသည်။
သို့သော်… ထိုအိပ်မက်ကို စဉ်းစားမိတိုင်း သူ့ရင်ထဲတွင် အကြောက်တရား ကိန်းအောင်းလာစမြဲပင် ဖြစ်သည်။ အကြောက်အတရားကို ထိန်းချုပ်မရနိုင်ပေ။
ကျင့်ကြံနေရင်းနှင့်ပင် အကြောက်တရားကို ခံစားရလေသည်။ ဘေးအန္တရယ်ဆိုးကြီး၏ ထိတ်လန့်ဖွယ်ရာကောင်းမှုမှာ မယုံကြည်နိုင်စရာ ဖြစ်လေသည်။
ဆန်းလျန်၏အတွေးများ ပျံ့လွင့်နေသည့်တိုင် စစ်မှန်သည့်သမာဓိမီးတောက်ကိုတော့ တည်ငြိမ်စွာ ထိန်းချုပ်ထားနိုင်လေသည်။
ထို့နောက်… သမာဓိမီးတောက်ထဲတွင် ကြာပန်းတစ်ပွင့် ဖြစ်တည်လာလေသည်။
လေထဲတွင် လျှပ်စီးများလင်းလက်လာပြီး ကြာပန်းကို တိုက်ခိုက်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် မှော်ဝင်ပစ္စည်း၏ တန်ခိုးစွမ်းအားမြင့်မားမှုကြောင့် မိုးကြိုးပစ် အစစ်ဆေးခံရခြင်း ဖြစ်လေသည်။
ဆန်းလျန်က လျှပ်စီးများကို ကြာပန်းအတွင်းသို့ စီးဝင်စေလိုက်သည်။ ထိုအခါ… လေထုတစ်ခုလုံး တုန်လှုပ်သွားပြီး ကြီးမားလှသည့်တန်ခိုးစွမ်းအားများက ပတ်ဝန်းကျင်တွင် နိမ့်လိုက်မြင့်လိုက်ဖြင့် စီးဆင်းနေကြလေသည်။
ကြာပန်းသည် မဝေးလှသည့် နေရာတွင် ရှိနေသည့်တိုင် လောက (၂)ခု ခြားနားနေသည့်အလား ထင်မှတ်ရသည်။
ထိုမြင်ကွင်းကိုကြည့်နေသည့် နတ်မိစ္ဆာတစ်ကောင်က သိလိုစိတ်ဖြင့် ကြာပန်းအနားသို့ ချဉ်းကပ်လာလေသည်။
ရုတ်တရက်….
ကြာပန်းဆီမှ ပြင်းထန်သည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး နတ်မိစ္ဆာ၏ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားလေသည်။
ပတ်ဝန်းကျင်တွင်လျှပ်စီးများ လင်းလက်နေလေသည်။
ဆန်းလျန်က ကြာပန်းကို သိမ်မွေ့စွာဖြင့် ထိန်းချုပ်ထားလေသည်။
နတ်မိစ္ဆာများနှင့် သတ္တဝါများက စိတ်ဝင်တစားဖြင့် ကြာပန်းအနားသို့ ချဉ်းကပ်လာကြလေသည်။ ထိုသတ္တဝါများ သေဆုံးမည်ကို စိတ်ပူသည့်အတွက် ဟယ်ရှန်းက မောင်းထုတ်နေလေသည်။ သို့သော်… သတ္တဝါများက အနားသို့သာ တိုးကပ်ချင်နေကြသည်။
လှပသည့်ကြာပန်းထံမှ မွှေးရနံ့များ ထွက်ပေါ်နေပြီး ပွင့်ချပ်များ အနီရောင် ဖြစ်လေသည်။
ကြာပန်းက တစ်ပတ်လည်သွားပြီး ဟယ်ရှန်း၏ လက်ထဲသို့ ဆင်းသက်လာလေသည်။
ဟယ်ရှန်းက ကြာပန်းရိုးတံလေးကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ အေးစိမ်းသည့် တန်ခိုးစွမ်းအားများ စိမ့်ဝင်သွားသလို ခံစားလိုက်ရလေသည်။ ဝိညာဉ်စွမ်းအားများ မြင့်တက်လာပြီး သူမ၏စိတ်က ကြည်လင်သည်ထက် ကြည်လင်လာလေသည်။
ဟယ်ရှန်းက သူမ၏ခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် နတ်ဘုရားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ ချက်ချင်းပင် ပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားများမြင့်တက်လာပြီး အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူမကို ကာကွယ်ပေးထားလိုက်လေသည်။
ယခုအချိန်တွင်သာ လီတုန်းယွမ်၏ ကျောက်စိမ်းခေါင်းလောင်းလေးဖြင့် တိုက်ခိုက်ခံရမည်ဆိုလျှင် သူမ ကောင်းကောင်းကာကွယ်နိုင်ပြီဟု ဟယ်ရှန်းသိရှိလိုက်လေသည်။
ဆန်းလျန်က သူဖန်ဆင်းခဲ့သည့် ကြာပန်းလေးကို စိတ်ကျေနပ်မှုအပြည့်ဖြင့် ကြည့်ရှုနေခဲ့လေသည်။
ဆန်းလျန်က…
"ရှန်းအယ်… မင်း အဲဒီမှော်ဝင်ပစ္စည်းကို နေ့နေ့ညည အမြဲတမ်း သန့်စင်ပေးလို့ရတယ် ၊ အနာဂတ်တစ်ချိန်ကျရင် မင်းရဲ့ ကိုယ်ခွဲတစ်ခုဖြစ်လာနိုင်တယ် ၊ မင်းရဲ့ နတ်ဘုရားခန္ဓာတစ်ခုအနေနဲ့လည်း အသုံးပြုလို့ ရနိုင်တယ်…"
ဟယ်ရှန်းက ဆန်းလျန်၏ စကားများကို စိတ်ထဲတွင် မှတ်သားထားလိုက်လေသည်။
ဆန်းလျန်သည် သူမအပေါ်တွင် အလွန်ကောင်းလေသည်။ သို့သော်… သူမကတော့ ဆန်းလျန်အတွက် မည်သည့်အရာမှ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိပေ။
ယခုအချိန်တွင် ကျေးဇူးတင်စကားပြောပါကလည်း အပိုလုပ်ရာကျပေမည်။ ထို့ကြောင့် သူမသည် ဆန်းလျန်၏ စေတနာနှင့် ကျေးဇူးတရားများကို စိတ်ထဲတွင်သာ မှတ်သားထားလိုက်လေတော့သည်။
ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…
"ဒဏ္ဍာရီထဲမှာတော့ သုံးပင်လယ်သခင်နီကျား လူ့ဇာတိအသွင်ပြောင်းတာက ကြာပန်းကြာစွယ်နဲ့လို့ ကြားဖူးတယ် ၊ ရှင့်ရဲ့ကြာပန်းက နီကျားနဲ့ယှဉ်ရင် ဘယ်သူသာမလဲ မသိဘူးနော်…"
ဆန်းလျန်က ခေါင်းခါယမ်းလိုက်ရင်း…
"ကျုပ်ရဲ့ကြာပန်းက ပြိုင်ဘက်မရှိဘူး…"
ကျောက်ရှောင်ယွီက…
"ဒါပေမဲ့ ရှင်က ထိုက်ယီကျန်းရန်လောက်မှ တန်ခိုးစွမ်းအား မမြင့်မားသေးတာ ၊ ဘယ်လိုလုပ် ဒီလိုပြောနိုင်ရတာလဲ…"
ထိုက်ယီကျန်းရန်က သုံးပင်လယ်သခင်နီကျား၏ ရုပ်ခန္ဓာကို ပြန်လည်ဖန်ဆင်းရန်အတွက် ကြာပန်းကို အသုံးပြုခဲ့လေသည်။
ထိုက်ယီကျန်းရန်သည် ကျင်းရှန်းနတ်ဘုရား (၁၂)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်လေသည်။ ထိုက်ယီကျန်းရန်ကို တာအိုဆရာသခင် ထိုက်ယီ၏ ကိုယ်ခွဲဖြစ်သည်ဟု လူအများက ပြောကြသော်လည်း သက်သေမရှိပေ။
တာအိုဆရာသခင်ထိုက်ယီ ထွက်ခွာသွားပြီးသည့်နောက် ထိုကိစ္စက သိပ်ပြီး အရေးမကြီးတော့ပေ။
ဆန်းလျန်က…
"နတ်ဘုရားခန္ဓာဆိုတာ ပြုလုပ်ရတာလွယ်တယ် ၊ ဒါပေမဲ့ ကြာပန်းဆိုတာကတော့ ရှားပါးပစ္စည်းပဲ ၊ ပြီးတော့ ဒီကြာပန်းက မိုးသောက်ပန်းတွေရဲ့ အနှစ်သာရနဲ့ ပြုလုပ်ထားတာ ၊ မိုးသောက်ပန်းတွေကလည်း ရှားပါးတယ်လေ ၊ ဒါကြောင့် သုံးပင်လယ်သခင်ရဲ့ နတ်ဘုရားခန္ဓာအဖြစ်ဖန်ဆင်းထားတဲ့ ကြာပန်းနဲ့ မတူဘူး…"
ကျောက်ရှောင်ယွီက…
"အဲဒီကြာပန်းက နောက်ခံအကြောင်းတစ်ခုခု ရှိတယ် မဟုတ်လား…"
ရုတ်တရက် …
ဆန်းလျန်၏ စိတ်ထဲတွင် လှုံ့ဆော်မှုတစ်ခု ဖြစ်သွားပြီး…
"ကျုပ်မှတ်မိတာ တစ်ခုရှိတယ် ၊ အဲဒါ တော်တာ် စိတ်ဝင်စားဖို့ ကောင်းတယ်…"
ဆန်းလျန်၏ မျက်ဝန်းများက တစ်လက်လက်တောက်ပနေလေသည်။
ဆန်းလျန်၏အတွေးများမှာ ပုံမှန်မဟုတ်သည်ကို ကျောက်ရှောင်ယွီ ရိပ်မိလိုက်သည်။
ကျောက်ရှောင်ယွီက…
"ရှင် ဘာတွေးမိလို့လဲ…"
ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း…
"သုံးပင်လယ်သခင်ရဲ့ ဇာစ်မြစ်လေ ၊ သူ့အကြောင်းက မှတ်တမ်း (၂)ခုမှာ (၂)မျိုးဖြစ်နေတယ် ၊ ဒါပေမဲ့ အဖြစ်အပျက်ကတော့ အတူတူပဲ…."
***