အတိတ်ကိုပြောင်းလဲခြင်း
Vol. 9 Ch. 811
ဆန်းလျန်က…
"ပထမမှတ်တမ်းအရဆိုရင် သုံးပင်လယ်သခင်နီကျားက ရှန်မင်းဆက်ခေတ် ၊ ချန်ထန်းကွမ်းက စစ်သူကြီးလီကျင့်ရဲ့ တတိယသားတော်ပဲ ၊ သူ့ကို မွေးကတည်းက ထိုက်ယီကျန်းရန်က တပည့်အဖြစ် လက်ခံခဲ့တယ် ၊ အဲဒီနောက် နီကျားက ရှဟိုင်ပင်လယ်ကိုသွားပြီး နဂါးတစ်ကောင်ကို ဖမ်းဆီးဖို့အတွက် ဖန်သားနန်းတော်ကို တိုက်ခိုက်ခဲ့တယ် ၊ နဂါးမင်းက မကျေနပ်လို့ လီကျင့်ကိုတိုင်တဲ့အခါ လီကျင့်က နီကျားကို စစ်ဆေးမေးမြန်းခဲ့တယ် ၊ နီကျားက ဒေါသထွက်ပြီး ဓားကိုဆွဲထုတ်လိုက်တယ် ၊ ပြီးတော့ အသားကိုလှီးပြီး မိခင်ကိုပြန်ပေးတယ် ၊ အရိုးကိုထုတ်ပြီး ဖခင်ကို ပြန်ပေးတယ် ၊ အသွေးကိုတော့ မိခင်ကိုရော ဖခင်ကိုရော ပြန်ပေးလိုက်တယ် ၊ အဲဒီအချိန်မှာ လွင့်မျောနေတဲ့ သူ့ဝိညာဉ်ကို ထိုက်ယီကျန်းရန်က ကယ်တင်ခဲ့တာပဲ ၊ သူ့ရဲ့ဝိညာဉ်အတွက် ကြာပန်းနဲ့ နတ်ဘုရားခန္ဓာပြုလုပ်ပေးခဲ့တယ်…"
"ဒါပေမဲ့ ဒုတိယမှတ်တမ်းမှာကျတော့ ထိုက်ယီကျန်းရန်က ကြာပန်းနတ်ဘုရားခန္ဓာပြုလုပ်ပေးတာ မဟုတ်တော့ဘူး ၊ နီကျားရဲ့ဝိညာဉ်က အနောက်ဘက် လင်စန်းတောင်ကို ရောက်သွားခဲ့တယ် ၊ ဗုဒ္ဓက အစိမ်းရောင်ကြာရိုးကြာစွယ်တွေနဲ့ အရိုးအသားကိုဖန်ဆင်း ၊ ကြာရွက်နဲ့အင်္ကျီအဝတ်အစားတွေကိုဖြစ်တည်စေပြီး အသက်သွင်းဂါထာကိုရွတ်ဖတ်ကာ နီကျားကို ဘဝအသစ်ပေးအပ်ခဲ့တယ်..."
ကျောက်ရှောင်ယွီက…
"ရှင်ပြောတဲ့ ဒုတိယမှတ်တမ်းကို ကျွန်မ သိတယ် ၊ တန်ခိုးစွမ်းအားကင်းလွတ်ရာ ကမ္ဘာမြေက အနောက်သို့ ခရီးသွားမှတ်တမ်းဆိုတဲ့စာအုပ်ထဲမှာ ကျွန်မ ဖတ်ခဲ့ရဖူးတယ်…"
ထို့နောက် ကျောက်ရှောင်ယွီက စိတ်ပျက်လက်ပျက်ဖြင့် ဆက်ပြောလိုက်သည်။
"အဲဒီမှတ်တမ်း (၂)ခုမှာ ဘယ် (၁)ခုက အမှန်လဲ ၊ ဒါမှမဟုတ် (၂)ခုလုံးက မှားနေတာလား…"
ဆန်းလျန်က…
"ကျုပ်အထင်တော့ (၂)ခုလုံး မှန်တယ်ထင်တာပဲ…"
ကျောက်ရှောင်ယွီက တအံ့တသြဖြင့်…
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ နီကျားကို ထိုက်ယီကျန်းရန်နဲ့ ဗုဒ္ဓက တစ်ချိန်တည်းမှာ ဘယ်လိုလုပ် ကယ်တင်နိုင်မှာလဲ…"
ဆန်းလျန်က ဖြည်းဖြည်းမှန်မှန်လေသံဖြင့်…
"ကျုပ်လည်း အဲဒီအကြောင်းတွေကို အခုပဲ စဉ်းစားနေမိတာ ၊ မှတ်တမ်း (၂)ခုလုံးက မှန်ခဲ့မယ်ဆိုရင် အစပိုင်းမှာ နီကျားကိုကယ်ခဲ့တဲ့သူက သူ့ရဲ့ဆရာ ထိုက်ယီကျန်းရန်ဖြစ်လိမ့်မယ် ၊ ဒါပေမဲ့ အတိတ်မှာ တစ်စုံတစ်ခု ပြောင်းလဲသွားခဲ့လိမ့်မယ် ၊ အတိတ်ကပြောင်းလဲသွားတဲ့အကြောင်းအရာထဲမှာ ထိုက်ယီကျန်းရန်က နီကျားကို တပည့်အဖြစ်လက်မခံတော့တဲ့ အကြောင်းတစ်ခု ပါဝင်သွားလိမ့်မယ် ၊ ဒါကြောင့် ဒုတိယမှတ်တမ်းအရဆိုရင် နီကျားဟာ ထိုက်ယီကျန်းရန်ရဲ့ တပည့်မဟုတ်တော့ဘူး ၊ အတိတ်ကဖြစ်ရပ် ပြောင်းလဲသွားတဲ့အတွက် အနာဂတ်မှာ နီကျားကို ကယ်တင်တဲ့သူက ဗုဒ္ဓအဖြစ် ပြောင်းလဲ သွားခဲ့ရတာပဲ…"
ကျောက်ရှောင်ယွီက…
"အတိတ်ကိုပြောင်းလဲလိုက်လို့ အနာဂတ်အဖြစ်အပျက် ပြောင်းလဲသွားတဲ့ ကိစ္စမျိုးပဲ ၊ ရှင်က ဘာကို ပြောချင်တာလဲ…"
ဆန်းလျန်က…
"တကယ်တော့ အဲဒီမှတ်တမ်း (၂)ခုမှာ (၁)ခုက 'နတ်ဘုရားတို့ရဲ့ကမ္ဘာ' ဆိုတဲ့ စာအုပ်ပဲ ၊ နောက် (၁)ခုကတော့ အနောက်သို့ ခရီးသွားမှတ်တမ်းဆိုတဲ့ စာအုပ်လေ ၊ ပြန်တွေးကြည့်မယ်ဆိုရင် စဉ်းစားစရာ နောက်တစ်ချက် ပေါ်လာတယ် ၊ 'နတ်ဘုရားတို့ရဲ့ကမ္ဘာ' စာအုပ်ကို ကြည့်လိုက်မယ်ဆိုရင် ထိုက်ယီကျန်းရန်ပါဝင်တာကိုတွေ့ရပြီး ဗုဒ္ဓပါဝင်တာကို မတွေ့ရဘူး ၊ ဒါပေမဲ့ အနောက်သို့ခရီးသွားမှတ်တမ်းကို ကြည့်လိုက်မယ်ဆိုရင်တော့ ဗုဒ္ဓပါဝင်တာကို တွေ့ရပြီး ထိုက်ယီကျန်းရန် ပါဝင်တာကို မတွေ့ရဘူး…"
ကျောက်ရှောင်ယွီက…
"မှတ်တမ်း (၂)ခုလုံးက မှန်နေတယ်ဆိုရင် အတိတ်မှာ ထိုက်ယီကျန်းရန်နဲ့ ဗုဒ္ဓက အတူတူရှိမနေဘူးဆိုတဲ့ အဓိပ္ပါယ် ဖြစ်နေတာပေါ့…"
သူမ နောက်ထပ်တစ်ခု စဉ်းစားလိုက်မိသည်မှာ…
'ထိုက်ယီကျန်းရန်' ဆိုသည်မှာ 'တာအိုဆရာသခင်ထိုက်ယီ' ပင် ဖြစ်နိုင်လေသည်။
ထိုသို့ဆိုလျှင် တာအိုဆရာသခင်ထိုက်ယီနှင့် ဗုဒ္ဓ၏ကြားတွင် မမြင်နိုင်သည့် အဖြစ်အပျက်များစွာ ရှိနေနိုင်သည်။
တူညီသည့်အတိတ်…။
သို့သော် … တာအိုဆရာသခင်ထိုက်ယီသာ ရှိပြီး ဗုဒ္ဓမရှိခဲ့သည့် အတိတ်… ၊ ဗုဒ္ဓသာရှိခဲ့ပြီး တာအိုဆရာသခင် ထိုက်ယီမရှိခဲ့သည့်အတိတ်။
ထိုအချက်ကတော့ ရှင်းလင်းသည့် သက်သေပင် ဖြစ်သည်။
တာအိုဆရာသခင်ထိုက်ယီ၏အတိတ်ကို ဗုဒ္ဓက ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိသလို ၊ ဗုဒ္ဓပါဝင်သည့် အတိတ်အဖြစ်အပျက်များကိုလည်း တာအိုဆရာသခင် ထိုက်ယီက ဝင်ရောက်စွက်ဖက်ခဲ့ဟန် မရှိပေ။
ကျောက်ရှောင်ယွီ တန်ခိုးစွမ်းအားကင်းလွတ်ရာကမ္ဘာမြေမှ အကြောင်းများကို ပြန်စဉ်းစားလိုက်မိသည်။
ခွန်လွန်တောင်သို့ သူမရောက်ရှိသည့်အချိန်တွင် ဆန်းလျန်က ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ဆန်းလျန်က ကိုယ်ခွဲတစ်ခုချန်ထားခဲ့ပြီး…
"အစစ်ဆေးခံရမှုများနှင့်ဘေးအန္တရယ်များအားလုံးသည် ဤနေရာတွင် အဆုံးသတ်ခဲ့ကြောင်း ဆန်းလျန်က သက်သေပြခဲ့သည်"
ဆိုသည့်စာကြောင်းကို ရေးသားထားခဲ့သည်။
ဆန်းလျန်သည် ခွန်လွန်တောင်သို့ ရောက်ခဲ့သည်ဆိုသည့်အချက်မှာ သေချာလှသည်။
ထိုသို့ဆိုလျှင် ဆန်းလျန်သည်လည်း အတိတ်ကို ပြောင်းလဲခဲ့သည့် အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်နိုင်လေသည်။
သို့မဟုတ်…
ဗုဒ္ဓ (သို့မဟုတ်) တာအိုဆရာသခင်ကြီးတစ်ပါးပါးက ဆန်းလျန်၏ အတိတ်ကို ခြယ်လှယ်ခဲ့ပြီး ပြောင်းလဲ ပစ်ခဲ့သည်လားလဲ မဆိုနိုင်ပေ။
ထိုသို့ ရှင်းရှင်းလင်းလင်းစဉ်းစားခဲ့ပြီးသည့်နောက် ကျောက်ရှောင်ယွီက ကြည်လင်သည့် မျက်ဝန်းများဖြင့် ဆန်းလျန်ကို ကြည့်လိုက်သည်။
ဆန်းလျန်ကလည်း သူမကို ပြန်ကြည့်လိုက်သည့်အချိန်တွင် (၂)ယောက်စလုံး ပြိုင်တူ ပြုံးလိုက်မိကြလေသည်။
ကြည့်ရသည်မှာ… သူတို့ (၂)ယောက်စလုံး သူတို့သိချင်သည့်အဖြေများကို နားလည်သွားကြဟန်တူလေသည်။
ကျောက်ရှောင်ယွီက…
"ရှင် အတိတ်မေ့သွားပေမဲ့ ဒီလို မှတ်တမ်းတွေထဲက အကြောင်းအရာတွေကိုကျတော့ မှတ်မိနေတုန်းပဲနော် ၊ ကျွန်မတို့ ဒီအကြောင်းကို အစကတည်းက စဉ်းစားမိသင့်တာ ၊ ရှင်က အတိတ်မေ့နေတာ မဟုတ်ဘူး ၊ အတိတ်ကို ဖြတ်တောက်ခံခဲ့ရတာ…"
ဆန်းလျန် ခေါင်းညိတ်ပြလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့ရင်ထဲတွင် အတွေးတစ်ခု ဝင်ရောက်လာလေသည်။ အရာအားလုံးက ဖြစ်နိုင်ချေရှိသည်။
အတိတ်သည် မတည်ငြိမ်ဘူးဆိုသည့်တိုင် အနာဂတ်သည်လည်း အဆုံးမရှိပေ။
ဘဝဆိုသည်က လက်ရှိအချိန်လေးတွင်ပင် ကန့်သတ်ထားခြင်း မဟုတ်ပေ။ ထို့အတူ အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်တို့၌လည်း ဘဝကို ကန့်သတ်ထားနိုင်ခြင်း မရှိပေ။
ဘဝဆိုသည်က အချိန်တစ်လျှောက်လုံး အကန့်အသတ်မရှိ လျှောက်လှမ်းရမည့် 'လမ်း' တစ်ခု ဖြစ်သည်။
သို့သော်… အတိတ်နှင့်အနာဂတ် အချိန်ကာလနှင့် ကင်းလွတ်ရာတစ်နေရာတွင် သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေသည့် အခြားသူတစ်ယောက် ရှိနိုင်လေသည်။
တစ်ယောက်တည်း ဟုတ်ချင်မှ ဟုတ်မည်။ များစွာသောလူများလည်း ဖြစ်နိုင်သည်။ သူ့ဘဝကို များပြားလှစွာသည့် အတိတ်များ ၊ အနာဂတ်များ အဖြစ် ပြောင်းလဲပစ်နိုင်ကြသည်။
ထိုသို့စဉ်းစားလိုက်မိသည့်အခါ ဆန်းလျန်သည် ကြောက်ရွံ့ခြင်းလည်း မရှိတော့သလို စိတ်ရှုတ်ထွေးခြင်းများလည်း မရှိတော့ပေ။
မွေးဖွားခြင်းမှ သေဆုံခြင်းအထိ လျှောက်လှမ်းရမည့်ဘဝလမ်းကို တရားအလင်းဖြင့် ရှင်းလင်းစွာသိမြင်သွားခဲ့ပြီး သူ၏စိတ်အစဉ်သည် ဖန်သားပြင်အလား ကြည်လင်လာသည်။
ပြတင်းပေါက်မှ စက္ကူပါးလေးကို ထိုးဖောက်ကြည့်ရှုရန် သူ့အနေဖြင့် စောင့်နေရုံသာ ရှိသည်။
ပြတင်းပေါက်မှ စက္ကူပါးလေးကို ထိုးဖောက်ကြည့်နိုင်သည့်အချိန်သို့ ရောက်ခဲ့လျှင်… သူသည် အခြားလောက်တစ်ခုကို တွေ့မြင်ရပေမည်။
တစ်ခဏအတွင်းမှာပင်… ဆန်းလျန် ရုတ်တရက်ပြောင်းလဲသွားသည်ကို တွေ့မြင်လိုက်ရပြီး ကျောက်ရှောင်ယွီမှာ ဆန်းလျန်အတွက် အလွန်ပင် ကျေနပ်ပီတိဖြစ်သွားမိသည်။
တစ်ချိန်တည်းမှာပင်… သူမသည်လည်း အကြောင်းအရာအချို့ကို သိမြင်ခဲ့သည်။
ဘဝဆိုသည့် လမ်းမကြီးက အဆုံးမရှိပေ။ ကံကြမ္မာနှင့် အချိန်ကာလဆိုသည်က ဘဝဆိုသည့်လမ်းမကြီးတွင် အရေးပါသည့် လမ်းသွယ်များဖြစ်လေသည်။ အခြားသောလမ်းသွယ်များက တန်ဆာဆင်ထားရုံမျှဖြစ်ပြီး သိပ်ပြီးအရေးမကြီးလှပေ။
…………
ယွမ်ကျိုးနယ်မြောက်ဖျားတွင် ထုန်ထျန်းမြစ်ဟုခေါ်သည့် မြစ်တစ်စင်းရှိလေသည်။
ထိုမြစ်သည် မည်သည့်နေရာက မြစ်ဖျားခံလာသည်ကို မည်သူမျှ မသိကြပေ။ ထိုမြစ်သည် မိုးကောင်းကင်အထိရောက်သည်ဟု ပြောသည့်သူများကလည်း ပြောကြသည်။
ကွေလိသည် ထုန်ထျန်းမြစ်ကမ်းနံဘေးတွင် လမ်းလျှောက်နေလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် အသက်ဓာတ်စွမ်းအားများ မြင့်တက်နေပြီး ကျင့်ကြံသူများအတွက် အလွန်မှ သင့်တော်သည့် နေရာတစ်ခု ဖြစ်သည်။
မြစ်ကမ်းတစ်လျှောက် မိုးမခပင်များ အစီအရီပေါက်ရောက်နေပြီး လေတိုက်ခတ်သည့်အခါ ယိမ်းနွဲ့နေသည့် မိုးမခနွယ်များသည် နတ်သမီးလေးများ ကခုန်နေသည့်အလား လှပလွန်းသည်။
အရှေ့ဆီမှ တောက်ပသည့်လဝန်းထွက်ပေါ်လာပြီး လရောင်သည် မြစ်ရေထဲသို့ဖြာကျကာ လှိုင်းများနှင့်အတူ စီးဆင်းနေလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေပြီး အေးချမ်းခြင်းကို ခံစားရစေသည်။
ကွေလိက ရုတ်တရက် လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။
"ရောက်လာပြီ…"
မြစ်ရေထဲတွင် သစ်ရွက်လှေလေးတစ်စင်းထွက်ပေါ်လာပြီး လှေပေါ်တွင် အဖြူရောင်ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက်ရှိနေလေသည်။
ကွေလိမှာ တာအိုဆရာလီချင်းဆွေကို အဖြူရောင်ဝတ်စုံနှင့် မည်မျှခမ်းနားသည်ကို တွေ့မြင်ခဲ့ဖူးလေသည်။ ယခု သစ်ရွက်လှေထက်တွင် မတ်တတ်ရပ်နေသည့် အဖြူရောင်ဝတ်စုံနှင့်မိန်းကလေးကတော့ အလွန်မှ လျှို့ဝှက်ဆန်းကျယ်လွန်းသည်။
အဖြူရောင်ဝတ်မိန်းမပျိုထံမှ ထွက်ပေါ်နေသည့် လျှို့ဝှက်နက်နဲပြီး ခန့်မှန်းရခက်သည့် တန်ခိုးစွမ်းအားများသည် ထုန်ထျန်းမြစ်တစ်ခုလုံး ပြည့်နက်သွားလေသည်။
အမှားအမှန်အယူအဆများစွာဖြင့် ပြည့်နက်နေသည့် လူ့လောကတစ်ခုလုံးမှ ပြဿနာများအားလုံးသည် ထိုမိန်းကလေးထံတွင် အဖြေတစ်ခုရှိနေသည့်အလား ထင်မှတ်ရလေသည်။
ကွေလိက မြစ်ကမ်းနံဘေးတွင် ရပ်နေလေသည်။
သူမ၏ မျက်နှာကတည်ငြိမ်နေပြီး တဖြည်းဖြည်းနီးကပ်လာသည့် သစ်ရွက်လှေလေးကို တည်ငြိမ်စွာဖြင့် ကြည့်နေသည်။
သစ်ရွက်လှေလေးသည် ကွေလိနှင့် မနီးမဝေးတစ်နေရာတွင် ရပ်တန့်သွားသည်။
ကြယ်စင်ရောင်များအောက်တွင် အဖြူရောင်ဝတ်မိန်းမပျို၏ လှုပ်ရှားမှုတိုင်းက လျှို့ဝှက်ဆန်းကျယ်လျှက်ရှိသည်။
ကွေလိက အဖြူရောင်ဝတ်မိန်းကလေးကိ အတန်ကြာစိုက်ကြည့်နေပြီးမှ…
"မင်းက ဆန်းရော့ရှီလား…"
ဟု မေးခွန်းထုတ်လိုက်သည်။
'ဆန်းရော့ရှီ' ဆိုသည့်အမည်ကိုကြားသည်နှင့် အဖြူရောင်ဝတ်မိန်းကလေး၏ မျက်ခုံးလေးများ အနည်းငယ် မြင့်တက်သွားလေသည်။
ပြီးမှ သူမက တည်ငြိမ်သည့်လေသံဖြင့်…
"ဒီနာမည်ကို ခေါ်တဲ့သူမရှိခဲ့တာ အတော်ကြာခဲ့ပြီပဲ…"
ကွေလိက…
"ငါ မင်းကို အစောကြီးကတည်းက ရှာနေတာ ၊ ဒါပေမဲ့ မင်းဘယ်ရောက်နေမှန်း မသိခဲ့ရဘူး ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က မင်း ဘယ်မှာရောက်နေခဲ့သလဲ…"
ဆန်းရော့ရှီသည် ယခင်က ကွေလိ သိခဲ့သည့် မိန်းကလေးငယ်လေးတစ်ယောက်မဟုတ်တော့ဘဲ ရင့်ကျက်တည်ငြိမ်သည့်ဟန် အပြည့်ရှိနေခဲ့ပြီ။
သူမ၏ မျက်ခုံးနှင့် မျက်လုံးများက ဆန်းလျန်နှင့်အလွန်ဆင်တူပြီး အမူအရာဟန်ပန်တို့ကလည်း ဆန်းလျန်ကဲ့သို့ပင် နူးညံ့သိမ်မွေ့လွန်းသည်။
ဆန်းရော့ရှီက…
"မင်း ငါ့ကို ဘယ်ရှာတွေ့နိုင်မှာလဲ ၊ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းကျော်ကတည်းက ငါ ဒီနေရာက ထွက်ခွာသွားခဲ့တာ ၊ ကြာလှပြီပေါ့…"
ကွေလိက…
"မင်းရဲ့ စကားက ဘာအဓိပ္ပါယ်လဲ…"
ဆန်းရော့ရှီက…
"ဘာတွေဖြစ်ခဲ့လဲဆိုတာ အချိန်တိုအတွင်း ပြောပြလို့ရမှာမဟုတ်ဘူး ၊ ပြီးတော့ မလိုအပ်တာတွေက မသိတာပဲ ကောင်းပါတယ် ၊ ဒီနေ့ ငါ မင်းကို လာတွေ့ရတာက အကူအညီတစ်ခုလောက် တောင်းစရာရှိလို့ပါ…"
ကွေလိက…
"မင်းရဲ့ဦးလေးမျက်နှာကိုထောက်ပြီး ငါ တတ်နိုင်သလောက် ကူညီပါ့မယ် ၊ ဘာအကူအညီတောင်းမှာလဲ ပြောပါ…"
ကွေလိ အံ့အားသင့်နေခဲ့လေသည်။
ဆန်းရော့ရှီကို မတွေ့ရသည်မှာ ကြာခဲ့ပြီ။ တွေ့မည့်တွေ့တော့လည်း ထိုမိန်းကလေးက သူမကို ပွင့်ပွင့်လင်းလင်းပင် အကူအညီတောင်းခံခဲ့သည်။
သို့သော်… ဆန်းရော့ရှီသည် ဆန်းလျန်၏ တူမလေးဖြစ်သည့်အတွက် မည်မျှပင်ခက်ခဲသည့်ကိစ္စဖြစ်ပါစေ ကွေလိက တတ်နိုင်သမျှ ကူညီမည်ဟု ဆုံးဖြတ်လိုက်သည်။
ဆန်းရော့ရှီက…
"ငါ ဘယ်သူလဲဆိုတာ မင်းလည်းသိပြီးသားပါ ၊ ငါ့ဦးလေးသာ ငါ့ကိုမကယ်ခဲ့ရင် အခု မင်းရှေ့မှာရောက်နေတဲ့သူက ဆန်းရော့ရှီမဟုတ်ဘဲ ယွမ်ကျွင်းဧကရီဖြစ်နေလောက်ပါပြီ ၊ ဒါပေမဲ့ ငါ့ဘဝတစ်လျှောက်လုံး ယွမ်ကျွင်းဧကရီရဲ့ လွှမ်းမိုးမှုကနေ မလွတ်မြောက်နိုင်ခဲ့ဘူး ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က ငါ ဒီလောကကနေ ဘာလို့ ပျောက်ကွယ်သွားရတာလဲဆိုတော့ ငါ အတိတ်ကို ပြန်သွားနေခဲ့တာ ၊ ယွမ်ကျွင်းဧကရီ နတ်ဘုရားတစ်ပါး မဖြစ်ခင်အချိန်ကို ငါ ပြန်သွားနေခဲ့တာ…"
ဆန်းရော့ရှီက ထိုစကားများကို နူးညံ့သိမ်မွေ့သည့်အသံနှင့် ပြောနေခြင်းဖြစ်သော်လည်း ကြားရသည့်အကြောင်းအရာများက ကွေလိ၏ နှလုံးသားကို တုန်လှုပ်သွားစေလေသည်။
***