← Chapters

ထိုက်စန့်တာအိုဆရာသခင်လို မပြောင်းလဲသည့်ထုန်ထျန်းမြစ်

Vol. 9 Ch. 812

ထိုက်စန့်တာအိုဆရာသခင်လို မပြောင်းလဲသည့်ထုန်ထျန်းမြစ်

Vol. 9 Ch. 812

ကွေလိက တိုးတိတ်သည့်လေသံဖြင့်…

"ယွမ်ကျွင်းဧကရီနတ်ဘုရားမဖြစ်ခင်အချိန်ကာလဆိုတော့ မိုးနတ်မင်းခေတ်ပေါ့ ၊ ဒါဆို ငါ ဘာလို့ မင်းအကြောင်းကို မသိခဲ့ရတာလဲ…"

ဆန်းရော့ရှီက…

"အဲဒီအတိတ်မှာ လူတွေက ငါ့ကို ကျိုးထျန်းရွှမ်နွီလို့ သိကြတယ်…"

ကွေလိက အလွန်အမင်း အံ့အားသင့်သွားဟန်ဖြင့်…

"လက်စသတ်တော့ ကျိုးထျန်းရွှမ်နွီဆိုတာ မင်းကိုး ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းကျော်က ထိုက်စုနတ်ဘုရားဂိုဏ်းတည်ရှိခဲ့တဲ့နေရာမှာ ရွှမ်နွီနန်းတော်ကို တည်ထောင်ခဲ့တဲ့ ကျိုးထျန်းရွှမ်နွီဆိုတာ တကယ်တော့ မင်းကိုး…"

ဆန်းရော့ရှီက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

"အမှန်ပဲ ၊ အဲဒီအချိန်တုန်းက ငါက ကျိုးထျန်းရွှမ်နွီ ဖြစ်လာခဲ့တယ် ၊ ပြီးတော့ အတိတ်ကိုပြန်သွားပြီး ယွမ်ကျွင်းဧကရီနဲ့ တိုက်ခိုက်ခဲ့တယ် ၊ ငါတို့တိုက်ပွဲဘယ်လောက်ပြင်းထန်လဲဆိုရင် မိုးနတ်မင်းရဲ့ ကောင်းကင်ဘုံနန်းတော်တစ်ခုလုံး ပြိုကျပျက်စီးသွားတဲ့အထိပဲ ၊ တကယ်ဆိုရင် အတိတ်မှာ ငါ ကျဆုံးသွားခဲ့သင့်တာ ၊ ဒါပေမဲ့ ငါ့ဦးလေးရောက်လာပြီး ငါ့ကို ကယ်တင်ခဲ့တယ်…"

ကွေလိက…

"ဘာရယ်… မင်း အတိတ်ကို ထွက်သွားတဲ့အချိန် ဆန်းလျန်ကလည်း အတိတ်မှာ ရှိနေတာလား…"

ဆန်းရော့ရှီက…

"အမှန်ပဲ ၊ အဲဒီခေတ်ကာလ ဘေးဒုက္ခတွေအကြီးအကျယ်ရောက်နေကြတဲ့အချိန်မှာ ငါ့ဦးလေးက ငါ့ကို ကယ်တင်ပြီး အခု လက်ရှိပစ္စုပ္ပန်ကို ပို့ပေးခဲ့တယ် ၊ အဲဒီအချိန်တုန်းက သူအရမ်းအားနည်းနေတာ ငါသတိထားမိတယ်…"

ကွေလိက…

"ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကတည်းက မင်းက ကျိုးထျန်းရွှမ်နွီဖြစ်နေပြီပဲ ၊ မင်း ဘယ်လိုနည်းနဲ့ အတိတ်ကို ထွက်ခွာသွားတာလဲ…"

ဆန်းရော့ရှီက…

"အရင်တုန်းက မိုးနတ်မင်းကိုယ်တိုင်လည်း အတိတ်နဲ့အနာဂတ်ကို ထိုးဖောက်သွားလာခဲ့ဖူးတယ် ၊ မိုးနတ်မင်းက အချိန်နဲ့ပတ်သက်တဲ့ လျှို့ဝှက်ရတနာတစ်ခုကို ချန်ထားခဲ့တယ် ၊ အဲဒီရတနာကို ငါ ရခဲ့လို့ အတိတ်ကို ပြန်သွားနိုင်ခဲ့တာ ၊ ပြီးတော့ ငါက ဘာလို့ ကျိုးထျန်းရွှမ်နွီဖြစ်လာခဲ့သလဲဆိုတော့ ထိုက်ချင်တာအိုဆရာသခင်ရဲ့ ခရမ်းရောင်ကိုးဆင့်ရွှေဆေးလုံးကို စားခဲ့လို့ပဲ…"

ကွေလိက…

"ခရမ်းရောင်ကိုးဆင့်ရွှေဆေးလုံးကို မင်း ဘယ်လိုရခဲ့တာလဲ…"

ဆန်းရော့ရှီက…

"လောလောဆယ်တော့ ဒီအကြောင်းတွေ ပြောမပြနိုင်သေးဘူး ၊ ဒါပေမဲ့ မင်းသိသင့်တယ်လို့ ထင်တဲ့အရာတွေ မင်းကို ပြောပြပြီးပြီ ၊ ဒီတော့ မင်း ငါ့ကို ကူညီဖို့ပဲလိုတယ်…"

ကွေလိက…

"ဒါဖြင့်ပြောပါ…"

ဆန်းရော့ရှီက…

"မင်းတို့ ဇာမဏီနတ်ဘုရားနန်းတော်ဟာ ဘယ်တော့မှ မငြိမ်းတဲ့ မီးတောင်တစ်ခုထက်မှာတည်ရှိတာ မဟုတ်လား ၊ အခု ငါ့ကို အဲဒီမီးတောင်ရဲ့ ဗဟိုချက်ကို ပို့ပေးနိုင်မလား…"

ကွေလိက မျက်လုံးများကို တစ်ချက်မှေးစင်းလိုက်ရင်း…

"မင်း အဲဒီမှာ ဘာသွားလုပ်မလို့လဲ…"

ဆန်းရော့ရှီက အတန်ကြာတိတ်ဆိတ်နေပြီးမှ…

"အဲဒီနေရာမှာ ဘိုးဘေးဇာမဏီနတ်ဘုရား ချန်ထားခဲ့တဲ့ နိဗ္ဗာနမီးတောက်ရှိတယ်…"

ကွေလိက…

"မင်းက အဲဒီမီးတောက်နဲ့ ဘာလုပ်မလို့လဲ…"

ဆန်းရော့ရှီက…

"ဒါတော့ ပြောပြလို့ မဖြစ်ဘူး…"

ကွေလိက ဆန်းရော့ရှီကို နက်ရှိုင်းသည့်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး…

"မင်းပြောနေတဲ့စကားတွေက မှန်လား မှားလား ငါ မဝေခွဲတတ်တော့ဘူး…"

ဆန်းရော့ရှီက…

"ငါလည်း လက်ရှိအချိန်မှာ ဘာကိုမှ ရှင်းပြလို့ မဖြစ်သေးဘူး…"

ကွေလိသည် အချိန်ကြာမြင့်စွာ စဉ်းစားနေခဲ့လေသည်။

နောက်ဆုံးတွင်တော့…

"ကောင်းပြီလေ… ငါ ကူညီပါ့မယ်…"

ဆန်းရော့ရှီက…

"ကျေးဇူးပါပဲ…"

ကွေလိသည် ချင်းရွှမ်နတ်တံခါးတွင် နှစ်ပေါင်းရာနှင့်ချီပြီး နေထိုင်ခဲ့သူတစ်ယောက် ဖြစ်လေသည်။

ထိုအချိန်များကတည်းက ဆန်းရော့ရှီသည် အခြားသူများကို ကျေးဇူးတင်စကား ပြောခဲလှသည်။

ယခု ဆန်းရော့ရှိထံမှ ကျေးဇူးတင်စကားကြားရလေရာ သူမပြုလုပ်မည့်ကိစ္စမှာ အလွန်အမင်းအရေးကြီးနေကြောင်း ထင်ရှားလေသည်။

ကွေလိအတွက်ကတော့ ဆန်းရော့ရှီ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဆန်းလျန်လောက် စိတ်မဝင်စားပေ။ သူမ ဆန်းရော့ရှီကို ကူညီရသည့်အဓိကအကြောင်းရင်းမှာ ဆန်းလျန်ကြောင့်သာ ဖြစ်လေသည်။

ဆန်းရော့ရှီက လျှို့ဝှက်ချက်များကို မပြောပြသလို ကွေလိကလည်း မေးမြန်းခြင်းမပြုတော့ပေ။

ကွေလိက ရုတ်တရက် ပြောလိုက်သည်။

"ဒီမြစ်က ထုန်ထျန်းမြစ်လို့ခေါ်တယ်မဟုတ်လား…"

ဆန်းရော့ရှီက ခေါင်းညိတ်ပြလိုက်သည်။

ကွေလိက သက်ပြင်းချလိုက်ရင်း…

"ထုန်ထျန်းအရှင်သခင်ရဲ့ ထုန်ထျန်းလား…"

ဆန်းရော့ရှီက…

"ဟုတ်တယ်…"

ကွေလိက ကြည်လင်သည့်မျက်ဝန်းများဖြင့် အဆုံးမရှိသည့် ထုန်ထျန်းမြစ်ကို မျှော်ကြည့်လိုက်လေသည်။

သူမ၏ မျက်ဝန်းထဲတွင် ရေများစီးဆင်းနေခြင်းကို မတွေ့မြင်ရတော့ဘဲ အဆုံးမရှိသည့် ဓားဝိညာဉ်များ စီးဆင်းနေသည်ကို တွေ့မြင်လိုက်ရသည်။

အဆုံးမရှိသည့် ထုန်ထျန်းမြစ်တစ်ခုလုံးသည် ဓားဝိညာဉ်များစီးဆင်းရာ မြစ်ကြီးတစ်ခုသာ ဖြစ်လေတော့သည်။

ဓားဝိညာဉ်များ ပေါင်းစပ်သွားသည့်အခါ မြစ်ရေပြင်ကြီး ဖြစ်သွားရခြင်းဖြစ်သည်။ ထိုသို့သော မြစ်ထဲတွင်ပင် နေထိုင်သည့်သတ္တဝါများ ရှိနေကြဆဲပင်။

ဓားဝိညာဉ်ဆိုသည်က သတ်ဖြတ်လိုသည့် အငွေ့အသက်များရှိသော်လည်း ဓားဝိညာဉ်မြစ်ကြီး စီးဆင်းသွားသည့်အခါတွင်တော့ အသက်ဓာတ်စွမ်းအားများ ဖြစ်တည်လာလေသည်။

သေခြင်းမှ ရှင်သန်ခြင်းဆီသို့ ကူးပြောင်းသွားသည့် လျှို့ဝှက်ချက်တစ်ခုကို ထုန်ထျန်းမြစ်တွင် တွေ့မြင်နိုင်လေသည်။

ဆန်းလျန်သာ တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာလျှင် မည်မျှကောင်းပါမည်နည်းဟု ကွေလိသည် မဆီမဆိုင် တွေးလိုက်မိလေသည်။

ကွေလိက တိုးတိတ်သည့်လေသံဖြင့်…

"ထုန်ထျန်းမြစ်ရဲ့ ဇာစ်မြစ်ကို မင်းသိလား…"

ဆန်းရော့ရှီက…

"အင်း… သိတယ် ၊ တာအိုဆရာချီဟန် ဗုဒ္ဓဘာသာထဲကိုဝင်ခဲ့ပြီးတဲ့နောက် ဗုဒ္ဓဘာသာရဲ့ ကြီးမြတ်တဲ့ ဗောဓိသကျ (၄)ပါးမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့ ကွမ်ယင်မယ်တော် ဖြစ်လာခဲ့တယ် ၊ အဲဒီနောက် ဒီထုန်ထျန်းမြစ်ကမ်းနံဘေးမှာ ကွမ်ယင်မယ်တော်နဲ့ ထုန်ထျန်းအရှင်သခင်တို့ တိုက်ခိုက်ခဲ့ကြတယ်…"

"ထုန်ထျန်းအရှင်သခင်ဟာ ထိုက်စန့်တာအိုဆရာသခင်ရဲ့ ကိုယ်ခွဲတစ်ခုပဲ ၊ သူက အရမ်းကို လျှို့ဝှက်ဆန်းကျယ်လွန်းတယ် ၊ ဓားတစ်လက်လိုလည်း ထက်ရှလွန်းတယ် ၊ သူတို့ (၂)ယောက်တိုက်ပွဲမှာ ထုန်ထျန်းအရှင်သခင်က ကွမ်ယင်မယ်တော်ကို တစ်ခါတည်း သံသယာလည်ခြင်းစက်ဝန်းဆီ ပို့ပေးလိုက်တယ် ၊ အဲဒီနောက် ဒီမြစ်ထဲမှာ ထုန်ထျန်းအရှင်သခင်ရဲ့ ဓားဝိညာဉ်စွမ်းအားတွေ ကျန်ရစ်ခဲ့တယ်… ၊ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် ဒီမြစ်ကတော့ မပြောင်းမလဲ စီးဆင်းနေခဲ့တယ်…"

ကွေလိက…

"နှစ်ပေါင်းများစွာကြာခဲ့လည်း ဒီမြစ်ကတော့ ထိုက်စန့်တာအိုဆရာသခင်လို မပြောင်းမလဲ ကျန်ရှိနေခဲ့တာပေါ့…"

ဆန်းရော့ရှီက…

"အင်း… ဟုတ်တယ် ၊ ထိုက်စန့်တာအိုဆရာသခင်လိုပဲပေါ့…"

ထိုက်စန့်တာအိုဆရာသခင် လင်ပေါင်ထျန်းကျွင်းဆိုသည်က မမြင်နိုင်မတွေ့နိုင်သည့်တိုင် နေရာတိုင်းတွင် ရှိနေနိုင်လေသည်။

ကွေလိက…

"ဆန်းလျန်လည်း အပြာရောင်ခရီးရှည်နန်းတော်ကို အုပ်ဆိုးခဲ့သေးတယ်လေ ၊ ငါတွေးနေခဲ့တာ ဆန်းလျန်သာ စန့်ချင်တာအိုဆရာသခင်လို တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်သွားရင် ကွမ်ရင်မယ်တော်နဲ့ ရင်ဆိုင်ရဦးမလား မသိဘူးနော်…"

ဆန်းရော့ရှီက…

"အင်း… ဟုတ်တယ်…"

ကွေလိသည် အခြားအကြောင်းအရာများကို ပြောနေခဲ့သော်လည်း ဆန်းလျန် ဤလောကတွင် ပြန်လည်ရောက်ရှိနေခဲ့ပြီဆိုသည့်အချက်ကို ဆန်းရော့ရှီကို ပြောပြခဲ့ခြင်း မရှိပေ။

ထို့နောက် သူတို့ (၂)ယောက်သည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ထုန်ထျန်းမြစ်ကမ်းနံဘေးမှ ပျောက်ကွယ်သွားကြလေတော့သည်။

……………

ဟယ်ရှန်းက…

"ဆရာ… ဟိုမှာကြည့်ပါဦး ၊ ကောင်းကင်ပေါ်မှာ အလင်းတန်း (၂)ခု လင်းလာတာ ၊ နတ်ဘုရားတွေလား မသိဘူး…"

ကျောက်ရှောင်ယွီက ထိုအလင်းတန်း (၂)ခုကို တွေ့လိုက်သည်နှင့် ကွေလိနှင့် ဆန်းရော့ရှီဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။

သို့သော်… သူမက ဆန်းလျန်ကို ပြောပြခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော်… လက်ရှိအခြေအနေတွင် ဆန်းလျန်သည် လူပေါင်းများစွာနှင့် တွေ့ဆုံရန် မသင့်တော်သေးဟု သူမက ယူဆထားသည်။

ဆန်းလျန်က အလင်းတန်း (၂)ခု ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေပြီးမှ…

"သူတို့ (၂)ယောက်ကို ကျုပ်သိနေသလိုပဲ…"

ကျောက်ရှောင်ယွီက ခေါင်းညိတ်ပြလိုက်သည်။

ဆန်းလျန်က…

"အတိတ်ကအကြောင်းတွေကို ကျုပ်ပြန်သိနိုင်မှာပါ…"

ကျောက်ရှောင်ယွီက…

"အတိတ်က ဖြတ်တောက်ခြင်းခံခဲ့ရပြီမဟုတ်လား ၊ ဘာလို့ စိတ်ရှုတ်ခံပြီး ပြန်သိအောင် ကြိုးစားနေဦးမှာလဲ…"

ဆန်းလျန်က…

"ကျုပ်ဘယ်လိုလူစားလဲဆိုတာ မင်းအသိဆုံးပါ ၊ တကယ်တမ်း အတိတ်ကို ဖြတ်တောက်ခံခဲ့ရတယ်ဆိုရင်တောင်မှ ကျုပ်ကတော့ လက်လျှော့မှာ မဟုတ်ဘူး …"

ကျောက်ရှောင်ယွီက…

"ရှင်က အမြဲတမ်း ဆန်းလျန်ပါပဲ ၊ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး…"

ဆန်းလျန်က ကျောက်ရှောင်ယွီကို စကားပြန်မပြောတော့ဘဲ အရှေ့ဆီမှ တောအုပ်ကြီးကိုသာ စိတ်ဝင်တစားနှင့် ငေးစိုက်ကြည့်နေလေသည်။

မှောင်မှိုင်းနေသည့် အလင်းရောင်ပျပျအောက်တွင် ငှက်များ ရုတ်တရက် ပျံသန်းထွက်ခွာသွားကြလေသည်။

ကောင်းကင်ထက်ရှိ နဂါးငွေ့တန်းက ယခင်ကထက်ပိုပြီး တောက်ပလာသည်။ တောအုပ်ကြီးအတွင်းမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များက တက်လိုက်ကျလိုက်ဖြင့် ထွက်ပေါ်လာလေသည်။

သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာ အလွန်မှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

ကျောက်ရှောင်ယွီက…

"ကောင်းကင်မှာ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေမြင့်တက်နေရာ ကြယ်စင်တွေ တိုက်ခိုက်နေကြလို့ပဲ ၊ လူ့လောကမှာ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေမြင့်တက်နေရင်တော့ နဂါးနဲ့မြွေရဲ့ တိုက်ပွဲ စတင်တော့မယ် ၊ လူတစ်ယောက်မှာ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေမြင့်တက်လာရင်တော့ မိုးမြေတစ်ခုလုံး ပြောင်းပြန်လှန်ပစ်တော့မယ် ၊ မေးပါရစေ… အဲဒီက တာအိုမိတ်ဆွေက ဘယ်သူများလဲ…"

ကျောက်ရှောင်ယွီ၏ အမေးစကားဆုံးသွားသည်နှင့် တောအုပ်အတွင်းမှ လူတစ်ယောက် ထွက်လာလေသည်။

ထိုသူမှာ အရပ်မြင့်မြင့် ၊ ပခုံးများကကျယ်ပြန့်ပြီး ၊ ကျောပြင်က ပြည့်ဖြိုးလေသည်။

လရောင်အောက်တွင် ထိုသူ၏မျက်နှာကိုတွေ့မြင်လိုက်ရသည်။

လူတစ်ယောက်၏ မျက်နှာမဟုတ်ဘဲ အနက်ရောင်ဝက်ဝံခေါင်းကြီးတစ်ခု ဖြစ်နေလေသည်။

ထိုသူက သွားများကိုဖြဲကာ ပြုံးပြလိုက်လေသည်။ သူ၏မျက်ဝန်းများတွင် ဒေါသတရားများကို မတွေ့ရပေ။ သို့သော် သူ၏မျက်ဝန်းများက အဆုံးမရှိသည့် တွင်းနက်ကြီးအလား နက်ရှိုင်းလွန်းလှသည်။

ထိုသူသည် လူတစ်ယောက်မဟုတ်ပေ။ လူတစ်ယောက်ကဲ့သို့ လမ်းလျှောက်နေသည့် ဝက်ဝံကြီးတစ်ကောင်သာ ဖြစ်လေသည်။

နတ်မိစ္ဆာများသည် မိုးကြိုးပစ်အစစ်ဆေးခံပြီးသည့်အခါ လူသားအသွင်ပြောင်းလဲနိုင်ကြလေသည်။ သို့သော်… မိုးကြိုးပစ်အစစ်ဆေးခံပြီးသည့်တိုင် လူသားအသွင်မပြောင်းလဲနိုင်သည့် နတ်မိစ္ဆာများလည်း ဒုနှင့်ဒေးပင် ရှိကြသည်။

သူတို့ရှေ့မှ ဝက်ဝံကြီးသည်လည်း မိုးကြိုးပစ်အစစ်ဆေးခံပြီးသည့်တိုင် လူသားအသွင် ပြောင်းလဲနိုင်ခြင်းမရှိသည့် နတ်မိစ္ဆာတစ်ပါး ဖြစ်ဟန်တူလေသည်။

သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုက်သည့်အငွေ့အသက်များကြောင့် လမင်းနှင့် ကြယ်စင်များပင် တုန်လှုပ်နေသည့်အလား ထင်မှတ်ရလေသည်။

ဝက်ဝံကြီးကိုကြည့်ပြီး ကျောက်ရှောင်ယွီကဲ့သို့ အဆင့်မြင့်နတ်ဘုရားတစ်ပါးသည်ပင်လျှင် အနည်းငယ် ကြောက်ရွံ့သလို ဖြစ်လာမိသည်။

ကျောက်ရှောင်ယွီနှင့် ဆန်းလျန် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုဝက်ဝံကြီး မည်သူဖြစ်သည်ကို ချက်ချင်းသိရှိလိုက်ကြလေသည်။

ဝက်ဝံကြီးက သူတို့ရှေ့ ပေ (၁၀၀)အကွာတွင် ခြေလှမ်းများ ရပ်တန့်လိုက်သည်။

သူ၏မျက်ဝန်းများက ဟယ်ရှန်းနှင့် ကျောက်ရှောင်ယွီကို မကြည့်ဘဲ ဆန်းလျန်ကိုသာ တည့်တည့်စိုက်ကြည့်နေသည်။

ဝက်ဝံကြီးက…

"ကွမ်ယင်မယ်တော်ရဲ့အမိန့်နဲ့ ဆန်းလျန်ထျန်းကျွင်းကို ချောင်ယင်းဂူကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်…"

ဆန်းလျန်က…

"လက်စသတ်တော့ မင်းက ဖူထော်တောင်က ဝက်ဝံသခင်ကိုး…"

(ဖူထော်တောင်ဆိုသည်မှာ ကွမ်ယင်မယ်တော်နေထိုင်သည့် တောင်ဖြစ်ပါသည် - ဘာသာပြန်သူ)

***

All Chapters