← Chapters

ထျန်းဟော်ထုန်ရန်

Vol. 9 Ch. 813

ထျန်းဟော်ထုန်ရန်

Vol. 9 Ch. 813

အနက်ရောင်ဝက်ဝံကြီးက အော်ဟစ်ရယ်မောလိုက်ရင်း…

"သေချာတာပေါ့…"

ဟု ပြန်ပြောလိုက်သည်။

သူရယ်လိုက်သည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရွှေရောင်လေလှိုင်းများဖြာထွက်လာပြီး ကောင်းကင်ထက်မှ တိမ်တိုက်များပင် လွင့်စင်ထွက်သွားကြသည်။

အဝေးတစ်နေရာမှ မိုးသောက်ပန်းများသာမက လမင်းနှင့် ကြယ်စင်များပင် မှေးမှိန်သွားသည့်အလား ထင်မှတ်ရသည်။

ဟယ်ရှန်းမှာ ကြောက်ရွံ့လွန်းသည့်အတွက် တစ်ကိုယ်လုံးတုန်လှုပ်နေပြီး သေတော့မည့်အလား ခံစားနေရလေသည်။ သို့သော်… သူမလက်ထဲတွင်ကိုင်ထားသည့် ကြာပန်းမှ ဝိညာဉ်စွမ်းအားများထွက်ပေါ်လာကာ သူမကို ကာကွယ်ပေးထားလိုက်လေသည်။

ဆန်းလျန်က ဝက်ဝံကြီးကို စိုက်ကြည့်ရင်း တစ်ချက်ရယ်မောလိုက်လေသည်။

ဆန်းလျန်၏ ရယ်သံက ဝက်ဝံကြီး၏ ရယ်သံကို ဖုံးလွှမ်းဖျက်ဆီးပစ်လိုက်လေသည်။

ဆန်းလျန်၏ ရယ်သံသည် နွေဦးလေပြေအလားဖြစ်သော်လည်း လောကတစ်ခုလုံးကို သုတ်သင်ပစ်တော့မည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်နေသည်။

ဆန်းလျန်က…

"ဗုဒ္ဓဘာသာမှာ စကားလုံး(၆)လုံးပါတဲ့ ဂါထာတစ်ခုရှိတယ် ၊ အဲဒီဂါထာကိုအသုံးပြုပြီး ရယ်မောလိုက်မယ်ဆိုရင် သာမန်ရယ်သံနဲ့ဆင်တူပေမယ့် ဘယ်ကျင့်ကြံသူမှ ခုခံနိုင်မယ်မထင်ဘူး ၊ တကယ့်ကို တန်ခိုးစွမ်းအားမြင့်မားတာပါပဲ…"

ဝက်ဝံသခင်က…

"ဒီလောက်ပညာလေးကို ချီးကျူးမနေပါနဲ့ ၊ ဆန်းလျန်ထျန်းကျွင်းလိုလူတစ်ယောက်နဲ့ယှဉ်လိုက်ရင် ကျုပ်က ဘာကောင်မှ မဟုတ်ပါဘူး…"

ဝက်ဝံသခင်က ဆန်းလျန်ကို သူ့ထက်ပိုတော်သည်ဟု ပြောနေသည့်တိုင် ဆန်းလျန်ကို တစ်စက်ကလေးမှ ကြောက်ရွံ့ဟန်မပြပေ။

ဝက်ဝံသခင်၏ ဝိညာဉ်နှင့် တန်ခိုးစွမ်းအားများက တစ်သားတည်းပေါင်းစပ်နေပြီး ရုပ်ခန္ဓာက နတ်ဘုရားခန္ဓာ ဖြစ်သလို ဝိညာဉ်ကလည်း နတ်ဘုရားဝိညာဉ်ဖြစ်လေသည်။

သူ့တွင် ရုပ်ခန္ဓာ ၊ စိတ်ဝိညာဉ် ၊ တန်ခိုးစွမ်းအား (၃)ခုသည် တစ်သားတည်းကျနေလေသည်။

ထိုကျင့်စဉ်သည် အစွန်းရောက်ကျင့်စဉ်တစ်ခုဖြစ်ပြီး အသက်ဓာတ်စွမ်းအား (၅)မျိုးကို တစ်မျိုးတည်းဖြစ်အောင် ပေါင်းစပ်ကျင့်ကြံရသည့် ကျင့်စဉ်ဖြစ်လေသည်။

ဆန်းလျန်သည် လေထဲသို့ ခုန်ဝင်သွားပြီး ဝက်ဝံသခင်ကို ရင်ဆိုင်လိုက်လေသည်။

သူတို့၏ တိုက်ပွဲသည် နတ်ဘုရားများကိုပင် ထိတ်လန့်စေသည့်တိုက်ပွဲ ဖြစ်လာမည်မှာ အမှန်ပင်ဖြစ်သည်။

ကျောက်ရှောင်ယွီက ဟယ်ရှန်းကိုခေါ်ကာ ဘေးလွတ်ရာ အဝေးတစ်နေရာသို့ ဆုတ်ခွာသွားလေသည်။

တစ်ချိန်တည်းမှာပင် ဆန်းလျန်ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာပြီး ဝက်ဝံသခင်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

သို့သော်… ဝက်ဝံသခင်က အရေးစိုက်ခြင်းမရှိဘဲ အသာလေးပင် ရှောင်တိမ်းလိုက်သည်။

ဝက်ဝံသခင်ဆိုသည်က နတ်မိစ္ဆာတစ်ပါးဖြစ်လင့်ကစား ကွယ်ယင်မယ်တော်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်လေရာ ခေသူတစ်ယောက်တော့ မဟုတ်ပေ။

အတိတ်နှင့်အနာဂတ်ကို သိမြင်နိုင်သူတစ်ယောက် ဖြစ်သည့်အပြင် တန်ခိုးစွမ်းအားအရာတွင်လည်း ထိပ်တန်းအဆင့် ဖြစ်လေသည်။

ဆန်းလျန်က…

"ဝက်ဝံသခင် ၊ အခုနေ နောက်ပြန်ဆုတ်မယ်ဆိုရင် မင်းကို ကျုပ် အလွတ်ပေးလိုက်မယ်…"

ဝက်ဝံသခင်က ရယ်မောလိုက်ရင်း…

"ဆန်းလျန်ထျန်းကျွင်းလည်း ကျုပ်နဲ့ အသာတကြည်လိုက်ခဲ့မယ်ဆိုရင် အချိန်မီသေးတယ်နော် ၊ မဟုတ်ရင် ကျုပ် တိုက်ခိုက်ပြီးမှ ဖမ်းခေါ်သွားရရင် မျက်နှာပူစရာတွေ ဖြစ်ကုန်မယ်…"

ဝက်ဝံသခင်ပြောသည့်စကားလည်း မမှားပေ။

သူတို့ (၂)ယောက်လုံး နောက်ဆုတ်ကြမည့် သူများမဟုတ်ပေ။ တိုက်ခိုက်ကြမည့်သူများ ဖြစ်လေသည်။

ဝက်ဝံသခင်ရော ဆန်းလျန်ပါ စကားဆက်ပြောခြင်း မရှိတော့ပေ။

ကောင်းကင်တစ်ခုလုံးတွင် ဝက်ဝံလက်သည်းရာများဖြင့် ပြည့်နက်သွားသည်။ ဆန်းလျန်သည် ဝက်ဝံလက်သည်းများကို ရှောင်တိမ်းရင်း ဝက်ဝံသခင်၏ အဆုံးမရှိသည့် တန်ခိုးစွမ်းအားပင်လယ်ထဲတွင် နစ်မြုပ်လျှက်ရှိသည်။

ဝက်ဝံလက်သည်းများသည် ဆန်းလျန်ကို အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ အထက် ၊ အောက် ပိတ်ဆို့ထားလေသည်။

ဆန်းလျန်၏ခန္ဓာကိုယ်မှ ကြည်လင်သည့်နတ်ဘုရားအလင်းတန်းများ လင်းလက်နေလေသည်။ ထိုအလင်းတန်းများသည် ဆန်းလျန်၏ သွေးကြောက်ဆုံချက်နေရာတိုင်းမှ ထွက်ပေါ်နေခြင်းဖြစ်ပြီး နတ်ဘုရားအလင်းတန်းတစ်ခုစီတိုင်းတွင် ထူးဆန်းသည့် တန်ခိုးစွမ်းအား တစ်ခုစီ ပါရှိလေသည်။

ဝက်ဝံသခင်၏ သတ်ဖြတ်လိုသည့် အငွေ့အသက်များကြားတွင် ဆန်းလျန်သည် မည်သည့်အခါမှ ပျောက်ကွယ်မသွားတော့မည့် ပန်းတစ်ပွင့်အလား ၊  မည်သည့်အခါမှ ပြိုကျမည်မဟုတ်သည့် တောင်တစ်တောင်အလား ဖြစ်လေသည်။

ဝက်ဝံသခင်၏ လက်ဝါးရိုက်ချက်များ ၊ လက်သည်းကုတ်ချက်များက ဆန်းလျန်ဆီသို့ မရေမတွက်နိုင်အောင် ဝင်ရောက်လာလေသည်။ သို့သော်… သူ၏ တန်ခိုးစွမ်းအားများသည် ဆန်းလျန်အတွက်တော့ အကန့်အသတ်ရှိလေသည်။

ဆန်းလျန်က ဝက်ဝံသခင်၏ တိုက်ခိုက်မှုအားလုံးကို ရှောင်တိမ်းခြင်းမရှိဘဲ လက်ခံလိုက်လေသည်။

ဝက်ဝံသခင်၏ လက်ဝါးရိုက်ချက်သည် ဆန်းလျန်ကို ထိမှန်သွားသည်။ ထိုအခါ ဆန်းလျန်ဆီမှ ကြီးမားသည့်တန်ခိုးစွမ်းအား တုံ့ပြန်မှုကြီးတစ်ခု ထွက်ပေါ်လာပြီး ဝက်ဝံသခင် နောက်ပြန်လန် လဲကျလုမတတ် ဖြစ်သွားရသည်။

ဝက်ဝံသခင်က ချက်ချင်းပင် အော်ဟစ်ရယ်မောလိုက်သည်။

သူ၏ရယ်သံထွက်ပေါ်လာသည်နှင့် မိုးမြေတစ်ခုလုံး တုန်လှုပ်သွားသည့်အလား ခံစားလိုက်ရသည်။ ဝက်ဝံသခင်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။

ရွှေရောင်အလင်းတန်းများသည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

…………

ဖူထော်တောင် ၊ ချောင်ယင်းဂူ…။

ကွမ်ယင်မယ်တော်သည် တံငါသည်မိန်းမပျိုပုံစံမျိုး ဝတ်ဆင်ထားပြီး အေးအေးဆေးဆေး လက်ဖက်ရည်ကြမ်း သောက်နေလေသည်။

ကွမ်ယင်မယ်တော်နှင့် မျက်နှာချင်းဆိုင်တွင် အမွှေးထူထူဖြင့် ရွှေရောင်ဝတ်ရုံကိုခြုံထားသည့် မျောက်တစ်ကောင် ထိုင်နေလေသည်။ ထိုမျောက်၏ ရွှေမျက်စံမီးမျက်စိများက လျှပ်စီးအလား တဖျတ်ဖျတ်လက်နေလေသည်။

မျောက်က…

"မယ်တော်… လောင်စွန်းက တကူးတက မယ်တော်ဆီကိုလာလည်တာ ၊ ဒီလောက် အရသာဆိုးတဲ့ လက်ဖက်ရည်ကြမ်းနဲ့ ဧည့်ခံရသလား…"

မိမိကိုယ်ကို လောင်စွန်းဟု သုံးနှုန်းသည့် ထိုမျောက်ကား အခြားသူမဟုတ်ပေ။ စွန်းဝူခုံးပင် ဖြစ်တော့သည်။

ကွမ်ယင်မယ်တော်က…

"ဒီလက်ဖက်ရည်ကြမ်းက ဘယ်လောက်ကောင်းလဲဆိုတာ မင်းမသိဘူး…"

ဝူခုံုးက ကွမ်ယင်မယ်တော်၏စကားကို လက်မခံလိုသည့်ဟန်ဖြင့် ဟိုကြည့်ဒီကြည့်လုပ်နေလေသည်။

ဝူခုံး၏ ရွှေမျက်စံမီးမျက်စိများက တစ်လက်လက်တောက်ပနေပြီး အရာအားလုံးကို ထိုးဖောက်သိမြင်နိုင်စွမ်း ရှိလေသည်။

သို့သော်… ကွမ်ယင်မယ်တော်နေထိုင်သည့် ချောင်ယင်းဂူတွင်တော့ မည်သည့်နေရာကိုမှ ထိုးဖောက်ကြည့်မြင်နိုင်ခြင်း မရှိပေ။

ဝူခုံးက စိတ်ပျက်သွားဟန်ဖြင့်…

"ဒီလောက်နှစ်တွေကြာတာတောင် မယ်တော်ရဲ့ နေရာမှာ စားကောင်းမယ့် အစားအသောက်လေးဘာလေး နည်းနည်းမှ မရှိဘူးလား…"

ကွမ်ယင်မယ်တော်က…

"ဘာမှမရှိတော့ ဘာမှ မဆုံးရှုံးရတော့ဘူးပေါ့…"

ဝူခုံးက ရယ်မောလိုက်ရင်း…

"တော်ပြီ… မယ်တော်နဲ့ ပြိုင်ငြင်းမနေတော့ဘူး ၊ လောင်စွန်းမေးချင်တာက အားလော်ဟယ်ကို စွဲဆောင်ဖို့အတွက် မယ်တော်ရဲ့ကိုယ်ခွဲ တံငါသည်မိန်းကလေးကို ဘာလို့ စေလွှတ်လိုက်ရတာလဲ…"

ကွမ်ယင်မယ်တော်က…

"အားလော်ဟယ်ကို စွဲဆောင်ဖို့ မဟုတ်ပါဘူး ၊ အားလော်ဟယ်ဆီမှာ မေးခွန်းတစ်ခု မေးဖို့ သူ့ကိုလွှတ်လိုက်တာ…"

ဝူခုံးက…

"ဘာမေးခွန်းမေးဖို့လဲ…"

ကွမ်ယင်မယ်တော်က…

"ဝူခုံး သေပြီလားဆိုတဲ့ မေးခွန်း…"

ဝူခုံးက…

"အဲဒီတော့ အားလော်ဟယ်က ဘာပြန်ဖြေလိုက်သလဲ…"

ကွမ်ယင်မယ်တော်က…

"ဝူခုံးဖြစ်မှတော့ ဘယ်လိုလုပ်သေမလဲကွာ…တဲ့"

ကွမ်ယင်မယ်တော်၏ စကားကိုကြားသည်နှင့် ဝူခုံးက လက်ခုပ်လက်ဝါးတီးကာ ခုန်စွခုန်စွဖြင့် ရယ်မောလေတော့သည်။

"ဟဲဟဲဟဲ… တော်လိုက်တဲ့ အားလော်ဟယ်…"

ကွမ်ယင်မယ်တော်က…

"ဝူခုံး ဝူခုံး… ၊ လောကမှာ အရာအားလုံးက အနတ္တပါပဲ ၊ ဒါပေမဲ့ လောကမှာ ဆန်းလျန်ကို တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်မလာအောင် တားဆီးနိုင်မယ့်သူ တစ်ယောက်ရှိမယ်ဆိုရင် အဲဒီလူက မင်းပါပဲ…"

ဝူခုံးက…

"လောင်စွန်းလုပ်မှ ဖြစ်မှာလား…"

ဝူခုံး ရယ်မောခြင်းမရှိတော့ပေ။

ချက်ချင်းပင် သူ့မျက်နှာက မှိုင်တွေသွားလေသည်။

ကွမ်ယင်မယ်တော်က…

"အခု ဆန်းလျန်ကို ဒီကိုခေါ်ခဲ့ဖို့ ဝက်ဝံသခင်ကို လွှတ်လိုက်တယ် ၊ လောကမှာ ဝက်ဝံသခင်ကို ယှဉ်နိုင်တဲ့သူ သိပ်မရှိဘူး ၊ ဆန်းလျန်ထျန်းကျွင်း ရောက်လာမလားဆိုတာ ကြည့်ကြတာပေါ့…"

ဝူခုံးက…

"ဒါဖြင့်လည်း စောင့်ကြည့်ကြတာပေါ့…"

ဝူခုံးနှင့် ကွမ်ယင်မယ်တော်တို့က တန်ခိုးစွမ်းအားများကို အသုံးပြုကာ ဝက်ဝံသခင်နှင့် ဆန်းလျန်၏ တိုက်ပွဲကို ကြည့်ရှုနေလိုက်ကြသည်။

ဆန်းလျန်သည် ကွမ်ယင်မယ်တော်နှင့် တစ်ခါမှ ဆုံတွေ့ခဲ့ဖူးခြင်း မရှိသော်လည်း သူမ မည်မျှ တန်ခိုးစွမ်းအား မြင့်မားသည်ကို သိရှိပြီးသား ဖြစ်လေသည်။

ထို့ပြင် သူရှိသည့်နေရာကို ခန့်မှန်းနိုင်သူမှာ ကွမ်ယင်မယ်တော်တစ်ပါးတည်းသာ ရှိသေးသည်ကို ကြည့်ခြင်းအားဖြင့် ကွမ်ယင်မယ်တော် မည်မျှ ကြောက်မက်ဖွယ်ရာဖြစ်သည်ကို သိနိုင်လေသည်။

ထို့ကြောင့် ဝက်ဝံသခင်နှင့် မတိုက်ခိုက်လိုသည့်တိုင် ဆန်းလျန် တိုက်ခိုက်နေရခြင် ဖြစ်သည်။

ဝက်ဝံသခင်၏ အစွမ်းမှာလည်း ဆန်းလျန်အနေဖြင့် လျှော့တွက်နိုင်သည့် အနေအထားမျိုး မဟုတ်ပေ။

ဝက်ဝံသခင်က သူ၏ခန္ဓာကိုယ်ကြီးကို တစ်ချက်လှုပ်ခါလိုက်လေရာ နဂါးငွေပတန်းက သူ၏ ခန္ဓာကိုယ်ကို လှည့်ပတ်သွားလေသည်။

လူများအားလုံး နဂါးငွေ့တန်းအလွန်တောက်ပနေသည်ကို ယနေ့ညတွင် တွေ့မြင်ကြရမည်ဖြစ်ပြီး ကောင်းကင်တစ်ခုလုံးမှ ကြယ်စင်တန်ခိုးစွမ်းအားများသည် ယွမ်ကျိုးနယ် မြောက်ပိုင်းဒေသသို့ ဆင်းသက်လာကြလေသည်။

ဆန်းလျန်၏ မျက်ဝန်းများ တစ်ချက်လင်းလက်သွားလေသည်။

ထိုမျက်ဝန်းများထဲတွင် လှည့်ပတ်နေသည့် ဒြပ်စင်စွမ်းအား (၈)မျိုးကို မြင်တွေ့ရမည် ဖြစ်လေသည်။

ဆန်းလျန်က ဝက်ဝံသခင်သည် သူခန့်မှန်းထားသည်ထက်ပိုပြီး ကြောက်မက်ဖွယ်ရာဖြစ်သည်ကို သိရှိလိုက်ပြီး ရန်သူ၏တန်ခိုးစွမ်းအားများကို တိတ်တဆိတ်လေ့လာနေလေသည်။

ထို့နောက် ဆန်းလျန်က ယိလမ်းစဉ်ကို ထုတ်ဖော်အသုံးပြုလိုက်သည်နှင့် အရာအားလုံးက ပြောင်းလဲသွားလေသည်။

လေထုတစ်ခုလုံး ရုတ်တရက် အေးခဲသွားပြီး ဆန်းလျန်ပျောက်ကွယ်သွားလေသည်။

ဆန်းလျန်၏နေရာတွင် နောက်ထပ် ဝက်ဝံသခင်တစ်ပါး ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ကြရလေတော့သည်။

ဆန်းလျန်အသုံးပြုလိုက်သည့် တန်ခိုးစွမ်းအားမှာ "ထျန်းဟော်ထုန်ရန်" တန်ခိုးစွမ်းအားဖြစ်ပြီး ပြိုင်ဘက်ကို တန်ပြန်တိုက်ခိုက်ရန်အတွက် အသင့်တော်ဆုံး နည်းလမ်းဖြစ်လေ၏။

***

All Chapters