တထာဂတဿစည်းတံဆိပ်
Vol. 9 Ch. 814
ဉာဏ်ရည်ထက်မြက်ပြီး မြင့်မြတ်သည့် ဗောဓိသကျ (သို့မဟုတ်) နတ်ဘုရားတစ်ပါးပင်လျှင် မည်သူက ဝက်ဝံသခင်အစစ် ၊ မည်သူက ဆန်းလျန်ဖြစ်သည်ကို ခွဲခြားနိုင်မည် မဟုတ်ပေ။ စိတ်စွမ်းအားနှင့် ကြည့်လျှင်တော့ သိရှိနိုင်မည် ဖြစ်သည်။
ဆန်းလျန်အသုံးပြုလိုက်သည့် ယိလမ်းစဉ်မှာ ကြောက်မက်ဖွယ်ရာအတိဖြစ်ပြီး တန်ခိုးစွမ်းအားအနှစ်သာရများကိုပင် ပြောင်းလဲပစ်နိုင်စွမ်း ရှိလေသည်။
ဆန်းလျန်သည် ယခုတော့ဝက်ဝံသခင်နှင့် ခွဲမရအောင် တူညီသည့် ပုံစံမျိုး ဖန်ဆင်းထားလေသည်။
ဆန်းလျန်၏ "ထျန်းဟော်ထုန်ရန်" တန်ခိုးစွမ်းအားသည် ထျန်းကန်းပုံပြောင်းပညာနှင့်ယှဉ်လျှင်တောင်မှ အလှည့်အပြောင်းပိုမိုများပြားပြီး စေ့စပ်သေချာကာ အနှစ်သာရပြည့်ဝလေသည်။
သို့သော်… ဆန်းလျန်၏ တန်ခိုးစွမ်းအားအလှည့်အပြောင်းများ မည်မျှပင်မြင့်မားပါစေ ဝက်ဝံလူသားကလည်း သူ၏ တန်ခိုးစွမ်းအားများကို သိပ်သည်းသည်ထက်သိပ်သည်းအောင် လုပ်ဆောင်နိုင်စွမ်းရှိလေသည်။
ဝက်ဝံလူသားသည် ရုပ်ခန္ဓာ ၊ စိတ်ဝိညာဉ် ၊ တန်ခိုးစွမ်းအားများကို တစ်သားတည်းပေါင်းစပ်သည့်ကျင့်စဉ်ကို ကျင့်ကြံထားသူ ဖြစ်လေရာ စကြာဝဠာတစ်ခုလုံးတွင် သူ့ကိုယ်သူသာ ဗဟိုပြုသည့် ထူးဆန်းသည့် နတ်မိစ္ဆာတစ်ပါး ဖြစ်လေသည်။
ကောင်းကင်ထက်မှ ကြယ်စင်များ၏ တန်ခိုးစွမ်းအားသည် အကန့်အသတ်မရှိပေ။ ထိုကြယ်စင်များအားလုံးသည်ပင် ဝက်ဝံလူသားကို ဗဟိုပြုခဲ့ကြရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီ မဟုတ်ပါလား။
ဝက်ဝံနတ်ဘုရားသည် အကန့်အသတ်မဲ့ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းများ မြင့်တက်လာလေသည်။ လောကတစ်ခုလုံးမှာလည်း တုန်လှုပ်လျှက်ရှိလေ၏။
ဝက်ဝံသခင်သည် မြေပြင်ထက်တွင် မြင့်မြင့်မားမား မတ်တတ်ရပ်နေပြီး လေထဲသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
လေထုထဲတွင် လက်သီးရိပ်များ အဆက်မပြတ်ဖုံးလွှမ်းသွားလေသည်။
အဝေးတစ်နေရာတွင် ကျောက်ရှောင်ယွီ၏ ကာကွယ်ပေးမှုအောက်တွင် တိုက်ပွဲကို ကြည့်နေသည့် ဟယ်ရှန်းသည်ပင် ဝက်ဝံသခင်၏ ကျယ်လောင်သည့် နှလုံးခုန်သံကြီးကို ကြားလိုက်ရပြီး သူမ၏ကိုယ်ထဲမှ သွေးများ ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရသည်။
ဟယ်ရှန်းသည် အားနည်းသူတစ်ယောက်မဟုတ်ပေ။
ထို့ပြင် ကျောက်ရှောင်ယွီကလည်း သူမကို ကာကွယ်ပေးထားလေသည်။ သို့တိုင်အောင် ဝက်ဝံသခင်၏ လက်သီးချက် မည်မျှပြင်းထန်သည်ကို သူမခံစားလိုက်ရသည်။
ထိုလက်သီးချက်ကို ရင်ဆိုင်ရမည့် ဆန်းလျန်အတွက် မည်မျှအန္တရယ်များသည်ကို သူမ ရိပ်မိလိုက်သည်။
တိုက်ပွဲကို ကြည့်နေရင်းမှာပင် ကျောက်ရှောင်ယွီသည် ဝက်ဝံသခင်၏ ဇာစ်မြစ်ကို သိရှိသွားလေသည်။
ဝက်ဝံသခင်ကျင့်ကြံထားသည့် ကျင့်စဉ်သည် အစောပိုင်းအချိန်ကာလများဆီက မိုးနတ်မင်းကဲ့သို့ တန်ခိုးစွမ်အား မြင့်မားသည့် မိုးနတ်ဧကရီ၏ နတ်ဘုရားခန္ဓာကျင့်စဉ်ကို ကျင့်ကြံထားခဲ့ခြင်း ဖြစ်လေသည်။
မိုးနတ်ဧကရီ၏ ကျင့်စဉ်ပညာများသည် ပျောက်ကွယ်သွားပြီဖြစ်လေရာ ဝက်ဝံသခင်သည် အဘယ့်ကြောင့် ထိုပညာကို ကျင့်ကြံနိုင်ခဲ့ပါသနည်း။
မိုးနတ်ဧကရီသည် မိုးနတ်မင်းနှင့် ကောင်းကောင်းယှဉ်ပြိုင်နိုင်သူတစ်ယောက် ဖြစ်လေသည်။
မိုးနတ်မင်းသည် တန်ခိုးစွမ်းအား အလွန်မြင့်မားသလို ရန်သူလည်း အလွန်များလေသည်။ သို့သော်… မိုးနတ်မင်းကို အရှက်ကွဲအောင် အနိုင်ယူတိုက်ခိုက်နိုင်သူဆို၍ လောကတွင်အနည်းငယ်သာ ရှိလေသည်။ ထိုသူများထဲတွင် မိုးနတ်ဧကရီလည်း အပါအဝင်ဖြစ်သည်။
ထို့ပြင် မိုးနတ်မင်းကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူ နောက်ထပ်တစ်ယောက် ရှိသေးသည်။
လူ့လောကတွင် ထိုသူကို "ရှင်ထျန်း" ဟု ခေါ်ဆိုကြလေသည်။ သို့သော်… နောက်ဆုံးတော့ ရှင်ထျန်းသည်လည်း မိုးနတ်မင်း၏ သုတ်သင်နှိမ်နင်းခြင်းကို ခံခဲ့ရလေသည်။
မိုးနတ်ဧကရီသည် မိုးနတ်မင်း၏ နဂါးစွမ်းအားကို အသုံးပြုကာ ထူးဆန်းသည့်နတ်ဘုရားခန္ဓာကျင့်စဉ်ကို ကျင့်ကြံခဲ့ခြင်းဖြစ်သည်။
ယခုတော့ မိုးနတ်ဧကရီ၏ ထူးဆန်းသည့် ကျင့်စဉ်ကို ကျောက်ရှောင်ယွီသည် မျက်စိရှေ့တွင် တွေ့မြင်နေရပြီ ဖြစ်သည်။
ထိုကျင့်စဉ် ကျင့်ကြံအောင်မြင်သွားလျှင် ရုပ်ခန္ဓာ ၊ စိတ်ဝိညာဉ် ၊ တန်ခိုးစွမ်းအား (၃)ခုသည် ခွဲမရအောင် တစ်သားတည်းပေါင်းစပ်သွားမည်ဖြစ်သည်။
မည်သူ့ကိုမှာ မကြောက်ရွံ့သည့် တစ်ပါးတည်းသော နတ်ဘုရားဖြစ်လာပြီး မည်သည့်အစစ်ဆေးခံခြင်းကို မဆို ရင်ဆိုင်နိုင်မည် ဖြစ်သည်။
သို့သော်… ထိုကျင့်စဉ်ကို ကျင့်ကြံရန်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။ အောင်မြင်မှုရရှိရန်လည်း ခက်ခဲလေသည်။
ဝက်ဝံသခင်သည် ဖူထော်တောင်မှ အကူအညီကိုမရလျှင် ထိုကျင့်စဉ်ကို ကျင့်ကြံနိုင်မည် မထင်ပေ။
ဝက်ဝံသခင်၏ ပြင်းထန်လွန်းသည့် လက်သီးချက်ကို ရင်ဆိုင်လိုက်ရသည့်အခါ ဆန်းလျန်က ခေါင်းကိုအသာငုံ့ချလိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
ဆန်းလျန်သည် လက်ရှိအချိန်တွင် ဝက်ဝံသခင်ပုံစံဖန်ဆင်းထားပြီး တန်ခိုးစွမ်းအားအရာတွင်လည်း ဝက်ဝံသခင်ထက် သာလွန်လေသည်။
သူ၏တန်ခိုးစွမ်းအားများမှာ ကြောက်မက်ဖွယ်ရာဖြစ်ပြီး လေထုတစ်ခုလုံး ရုတ်တရက် အေးခဲသွားလေသည်။ ထို့နောက် လေထုသည် ပင့်ကူအိမ်ပုံသဏ္ဍန် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့သည်။
ကျောက်ရှောင်ယွီမှာ ဆန်းလျန်၏ တန်ခိုးစွမ်းအားများကို တွေ့မြင်လိုက်ရသည့်အခါ အံတစ်ချက် ကြိတ်ထားလိုက်မိသည်။
ဆန်းလျန်၏ တန်ပြန်တိုက်ခိုက်မှုကို ကြည့်ခြင်းအားဖြင့် သူသည်လည်း နတ်ဘုရားခန္ဓာကျင့်စဉ်အကြောင်းကို ကောင်းကောင်းနားလည်ထားဟန် ရှိသည်။
မှော်ဝင်ပစ္စည်းများကို အသုံးပြုခြင်းမရှိဘဲ သူ၏ ကိုယ်ပိုင်တန်ခိုးစွမ်းအားသည်ပင် လောကတစ်ခုလုံးကို တုန်လှုပ်စေသည်။ နေ ၊ လ ၊ ကြယ်စင်များအားလုံးကို မှေးမှိန်သွးစေသည်။ မိုးကောင်းကင်ကို ကြောက်ရွံ့ထိတ်လန့်စေသည်။
မိုးနတ်မင်း၏ ကောင်းကင်ဘုံနန်းတော်ကို တစ်ယောက်တည်းရင်ဆိုင်ခဲသည့် "ရှင်ထျန်း" ကဲ့သို့ ပင် ဖြစ်လေသည်။
ဆန်းလျန်၏ စိတ်များက ကြည်လင်နေသည်။
ဆန်းလျန်သည် အတိတ်နှင့်အနာဂတ်တွင် ရှင်ထျန်းချန်ထားခဲ့သည့် သဲလွန်စများကို မြင်တွေ့နေရသည်။ သူ၏ အနိုင်မခံ အရှုံးမပေးစိတ်ဓာသည် မည်သည့်အခါမှ ပျက်စီးသွားမည်မဟုတ်ပေ။
လောကတွင် မည်သည့်အခါမှ ပျက်စီးမသွားသည့်အရာမှာ ခိုင်မာသည့် စိတ်ဓာတ်ဖြစ်သည်။ ထိုစိတ်ဓာတ်သည် ရှင်ထျန်းအတွက်သာမဟုတ် ၊ လောကတစ်ခုလုံးရှိ သက်ရှိသတ္တဝါများအားလုံးအတွက် ဖြစ်လေသည်။
"ငါ့အသက်ကို ကောင်းကင်ဘုံကယူဆောင်ဦးတော့ ၊ ငါ့စိတ်ဓာတ်ကိုတော့ငါပိုင်သည်"
ဆိုသကဲ့သို့ပင် ဖြစ်သည်။
ဆန်းလျန်၏ တန်ခိုးစွမ်းအားများနှင့် ထိခိုက်မိသည့်အခါ ဝက်ဝံသခင်၏ လက်သီးချက် ပျက်ပြယ်သွားလေသည်။
သူတို့ (၂)ယောက်သည် တစ်ပုံစံတည်း အတူတူပင် ဖြစ်လေသည်။ သူတို့ (၂)ယောက် ရပ်တန့်နေပြီး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
"ဝက်ဝံသခင် ၊ မင်းက ရုပ်ခန္ဓာ ၊ စိတ်ဝိညာဉ် ၊ တန်ခိုးစွမ်အား တစ်သားတည်းကျအောင် ကျင့်တဲ့ကျင့်စဉ်ကို ဘယ်ဟာက အစစ်အမှန် ၊ ဘယ်ဟာကအတုအယောင်ဆိုတာ မခွဲခြားနိုင်သေးဘူးပဲ…"
ဝက်ဝံသခင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ရင်း…
"ကျုပ်ကျင့်ကြံတဲ့ကျင့်စဉ်က အတုအယောင်ဆိုရင်တောင်မှ ကျုပ်ကိုယ်တိုင်ပဲ ပြန်လည်ပြုပြင်မယ်…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဒါဖြင့် ဘယ်နေရာကလာပြီး ဘယ်နေရာကို သွားမှာလဲ…"
ဝက်ဝံသခင်က…
"ဘယ်ကနေပဲလာလာ ဘယ်ကိုပဲသွားသွား မင်းကိုတော့ အနိုင်ယူရမယ်…"
ပြောပြီးသည်နှင့် ဝက်ဝံသခင်သည် ပြင်းထန်လှသည့် နောက်ထပ်လက်သီးချက်တစ်ချက်ဖြင့် ဆန်းလျန်ကို ထိုးနှက်လိုက်ပြန်သည်။
လက်သီးချက်မှာ လျှင်မြန်လွန်းသည့်အတွက် မည်သည့်နတ်ဘုရားမှ ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ပေ။
ဆန်းလျန်သည်လည်း ထိုလက်သီးချက်ကို ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။
ဆန်းလျန်က လက်နှစ်ဖက်ကို သူ၏ရင်ပတ်ထက်တွင် ကန့်လတ်ဖြတ်အနေအထား ပြုလုပ်လိုက်သည်။ ထိုအခါ သူ၏လက်များမှ မိုးကြိုးတန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး ဝက်ဝံသခင်၏ လက်သီးချက်ကို ခုခံထားလိုက်သည်။
ဆန်းလျန်သည် ပင်လယ်ပြင်ထက်မှ ကျောက်တောင်ကြီးတစ်ခုအလား မားမားမတ်မတ်ရပ်တည်လေသည်။ တစ်ချက်ကလေးပင် ရွှေ့လျားသွားခြင်း မရှိပေ။
လူသားများ မြေပြင်ထက်တွင် ရပ်တည်နိုင်မှုသည် မြေဆွဲအားကြောင့် ဖြစ်သော်ငြား ဆန်းလျန်၏ ရပ်တည်မှုကတော့ ကိုယ်ပိုင်စွမ်းအားနှင့် ဖြစ်လေသည်။
ဆန်းလျန်၏ ပတ်ဝန်းကျင်မှ နှင်းပွင့်များ တစ်စစီလွင့်ပျံသွားပြီး လေထုက လတ်ဆတ်ကြည်လင်သွားသည်။
ဝက်ဝံသခင်၏ လက်သီးချက်သည် ဆန်းလျန်၏ မိုးကြိုးတန်ခိုးစွမ်းအားများနှင့် ရင်ဆိုင်လိုက်ရသည်နှင့် ဝက်ဝံသခင်သည် အနောက်သို့ လွင့်စင်ထွက်သွားလေသည်။
ဝက်ဝံသခင်က…
"ဆန်းလျန်ထျန်းကျွင်းက တော်လွန်းတယ် ၊ နောက်ဆုံးတစ်ကြိမ် ကျုပ်ရဲ့တိုက်ခိုက်မှုကို ခံနိုင်မည်ဆိုရင် ဆန်းလျန်ထျန်းကျွင်းကို ကျုပ်ခေါ်မသွားတော့ပါဘူး ၊ ဒီအတိုင်း ပြန်ပါတော့မယ်…"
ဆန်းလျန်သည် ဝက်ဝံသခင်ကို စိုက်ကြည့်နေလေသည်။
သူက ဝက်ဝံသခင်၏ နှလုံးခုန်သံကို တွက်ချက်ကြည့်နေခြင်း ဖြစ်သည်။ သို့သော်… တွက်ချက်မရနိုင် ဖြစ်နေလေသည်။ ထို့ကြောင့် ဝက်ဝံသခင် မည်သည့်တိုက်ကွက်ကို အသုံးပြုမည်လည်း မခန့်မှန်းနိုင် ဖြစ်နေရလေသည်။
ထိုအချိန်မှာပင်…
ဝက်ဝံသခင်က လက်ဖဝါးများကို ယှက်လိုက်လေရာ သူ၏ လက်ဖဝါးများထက်တွင် စည်းတံဆိပ်တစ်ခု ပေါ်လာလေသည်။
ဆန်းလျန်က…
"တထာဂတဿ…"
ဟု ရေရွတ်လိုက်သည်။
တထာဂတဿဆိုသည်မှာ ဗုဒ္ဓ၏ဂုဏ်တော်ကို ချီးကျူးခြင်းဖြစ်သည်သာမက အမှန်တရားကိုလည်း ကိုယ်စားပြုလေသည်။ မှားယွင်းခြင်းများ ကင်းစင်ရာ သစ္စာတရားဖြစ်သည်။
ဝက်ဝံသခင်၏လက်ထဲမှ စည်းတံဆိပ်သည် ဗုဒ္ဓနှင့် ပတ်သက်နေပြီး အမှန်တရားနှင့်လည်းဆက်စပ်နေလေသည်။
စည်းတံဆိပ်သည် ချက်ချင်းပင် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး စကြာဝဠာတစ်ခုလုံးကို ဖိနှိပ်ထားတော့မည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာကာ ဆန်းလျန်ကို တိုက်ခိုက်လိုက်လေသည်။
ဆန်းလျန်က ဖြူစင်သန့်ရှင်းသည့် သူ၏လက်ဖဝါးများကို လေထဲတွင် အသာဖြန့်လိုက်သည်။
ဆန်းလျန်၏ လက်ဖဝါးဆီမှ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး စည်းတံဆိပ်ကို ရိုက်ချလိုက်လေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် အလင်းတန်းများဖြာလင်းလာပြီး တရားစာရွတ်ဖတ်သံများထွက်ပေါ်လာလေသည်။ ပန်းပွင့်များသည်လည်း မိုးရွာသည့်အလား နေရာအနှံ့တွင် ပျံ့ကျဲကျလာတော့သည်။
လောကတွင် မည်သူကများ တထာဂတဿ စည်းတံဆိပ်ကို အံတုရဲပါသနည်းဟု ဝက်ဝံသခင် တွေးလိုက်မိသည်။ တထာဂတဿစည်းတံဆိပ်ကို အံတုရဲသူဆို၍ လောကတွင် တာအိုဆရာသခင်ကြီးများသာလျှင် ရှိလေသည်။
ဆန်းလျန်၏ လက်ဖဝါးထက်မှ တန်ခိုးစွမ်းအားများ အဆက်မပြတ်ထွက်ပေါ်နေပြီး တထာဂတဿစည်းတံဆိပ်သည် ဆန်းလျန်ရှိရာသို့ တဖြည်းဖြည်း နီးကပ်လာလေသည်။
***