← Chapters

တစ်လောကလုံးကိုဖုံးလွှမ်း စကြာဝဠာအလင်းတန်း

Vol. 9 Ch. 816

တစ်လောကလုံးကိုဖုံးလွှမ်း စကြာဝဠာအလင်းတန်း

Vol. 9 Ch. 816

ကျောက်ရှောင်ယွီက သံသယရှိနေဆဲဖြစ်ပြီး ထပ်မံမေးခွန်းထုတ်လိုက်သည်။

"ဒါဖြင့် အခု ကျွန်မ ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံနေတာက အနတ္တတရားလမ်းစဉ်ကို သွားတာထက် ပိုကောင်းသလား ၊ 'ဝူကျီ' ဆိုတဲ့အချက်ကိုနားလည်သွားရင် အနတ္တလမ်းစဉ်ကို ဆက်ပြီးကျင့်ကြံဖို့ မလိုတော့ဘူး မဟုတ်လား…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"အနတ္တတရားဆိုတာ အံ့သြစရာကောင်းတယ် ၊ ဒါပေမဲ့ မင်း ဘယ်လမ်းစဉ်ကိုပဲ ကျင့်ကြံပါစေ နောက်ဆုံးမှာတော့ ဟွင့်ယွမ်ဝူကျီအဆင့်ကို ရောက်မှာပါပဲ…"

ကျောက်ရှောင်ယွီက…

"ဒါဖြင့် ကျွန်မ အခု ထိုက်ချင်တာအိုကျမ်းကို ဆက်ပြီး ကျင့်ကြံသင့်သလား ၊ လော်ဝါဒကျင့်စဉ်ဖြစ်တဲ့ အနတ္တလမ်းစဉ်ကိုပဲ ဆက်ပြီး ကျင့်ကြံသင့်သလား…"

သူမသည် အစကတည်းကပင် ကျင့်စဉ်လမ်းတွင် ဆန်းလျန်လောက် မတော်ခဲ့သည်ကို ယခုတော့ လက်ခံနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူမက ဆန်းလျန်ထံမှ အကြံဉာဏ် ရယူရန် ရှက်ရွံ့နေခြင်း မရှိတော့ပေ။

ကျင့်စဉ်လမ်းတွင် ဆန်းလျန်က သူမထက်ပိုပြီး ပါရမီရှိသည်မှာ ဝန်ခံရပေမည်။

ဆန်းလျန်က…

"လောကကြီးကို ရှုမြင်ပါ ၊ သက်ရှိသတ္တဝါတွေကို ရှုမြင်ပါ ၊ ပြီးတော့ မင်းကိုယ်မင်း ရှုမြင်သုံးသပ်ပါ ၊ ဘယ်ကျင့်စဉ်ကို ကျင့်ကြံမလဲဆိုတာ မင်းကိုယ်တိုင် ဆုံးဖြတ်ပါ…"

ကျောက်ရှောင်ယွီက အလွန်ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်သည်။

မည်သည့်ကျင့်စဉ်ကို ကျင့်ကြံမည်ဆိုသည်ထက် သူမ၏စိတ်ကို ပြောင်းလဲလိုက်ရန်သာ လိုအပ်သည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ ဆန်းလျန်က သူမကို ပညာချက်များကို လျစ်လျူရှုစေနိုင်ရန် ညွှန်ပြပေးလိုက်ခြင်း ဖြစ်သည်။

ပညတ်ချက်များကိုသာ လစ်လျူရှုလိုက်လျှင် ထိုက်ချင်တာအိုကျမ်း ၊ လော်ဝါဒကျင့်စဉ်လမ်းဟူ၍ သတ်မှတ်ချက်များ မရှိတော့ပေ။ ကျင့်စဉ်ကို ကျင့်ကြံခြင်းနှင့် ကျင့်စဉ်ကို မေ့ဖျောက်ပစ်လိုက်ခြင်းတွင်လည်း ခြားနားမှု မရှိတော့ပေ။

ထိုအခါ မည်သည့်ကျင့်စဉ်ကို ကျင့်ကြံသည်ဖြစ်စေ ဦးတည်ရာကတော့ တစ်ခုတည်းဖြစ်သည်ကို သိမြင်နိုင်မည် ဖြစ်သည်။

သို့သော်… အပြောလွယ်သလောက် အလုပ်ခက်လှသည်။

………….

အနောက်ဘက်ကောင်းကင်ဘုံ ၊ လင်စန်းတောင်…။

တာအိုဆရာလီချင်းဆွေက အလျင်စလို တိုက်ခိုက်ခြင်းမပြုသေးဘဲ မီလဲ့ကိုယ်တော်၏ အနတ္တမုဒြာ လက်များကို စိုက်ကြည့်နေလေသည်။

သူမထံ၌ တာအိုကျင့်ကြံသူတစ်ယောက်၏ တိတ်ဆိတ်မှုနှင့်မရှိမှုတရားကို တွေ့မြင်ရသည်။

သူမက မီလဲ့ကိုယ်တော်ကို စတင်တိုက်ခိုက်ခြင်း မပြုလုပ်ခဲ့ပေ။

လင်စန်းတောင်စတင်တည်ထောင်စဉ် ကာလများကတည်းက မီလဲ့ကိုယ်တော် တိုက်ခိုက်သည်ဆိုသည်မှာ ရှားပါးလှသည်။

အဘယ်ကြောင့်ဆိုသော်… တစ်ချိန်ကတော့ လင်စန်းတောင်တွင် ဗုဒ္ဓကိုယ်တော်တိုင်သာမက အော်မီတော်ဖူဘုရားလည်းရှိလေရာ လင်စန်းတောင်အရေးကိစ္စများကို အော်မီတော်ဖူဘုရားက ဖြေရှင်းလေ့ရှိလေသည်။

ကြီးမားသည့်ပြဿနာကြီးများကို အော်မီတော်ဖူဘုရားက ဖြေရှင်းလေ့ရှိပြီး သိပ်ပြီးမကြီးမားသည့် ပြဿနာများကိုတော့ ထိပ်တန်းဗောဓိသကျ (၄)ပါးက ဖြေရှင်းလေ့ရှိကြလေသည်။

နောက်ပိုင်း လင်စန်းတောင်သို့ သိုကျန့်စန့်ဖူကိုယ်တော်လည်း ရောက်လာလေရာ မီလဲ့ကိုယ်တော် လုံး၀ တိုက်ခိုက်စရာ မလိုတော့ဘဲ အေးအေးဆေးဆေး နေထိုင်နိုင်ခဲ့လေသည်။

သို့သော်… မည်သူမှ မီလဲ့ကိုယ်တော်ကို လျှော့မတွက်ရဲကြချေ။ သူသည်ကား မြင့်မြတ်သည့် ဗောဓိသကျတစ်ပါးဖြစ်ပြီး တန်ခိုးစွမ်းအားအရာတွင် သူမတူအောင် ထူးချွန်သူ ဖြစ်လေသည်။ သူ၏ ထက်မြက်လှသည့် တန်ခိုးစွမ်းအားကို ခုခံကာကွယ်နိုင်သူဆို၍ လောကတွင် သိပ်မရှိပေ။

ယခုတော့ မီလဲ့ကိုယ်တော် တိုက်ခိုက်ရတော့မည် ဖြစ်သည်။ မီလဲ့ကိုယ်တော် တိုက်ခိုက်ခြင်းသည် ကံဆိုးခြင်းလည်း ဖြစ်နိုင်သလို ကံကောင်းခြင်းလည်း ဖြစ်နိုင်လေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်ခန့်က လင်စန်းတောင်သို့ ဆန်းလျန်ရောက်ရှိလာခဲ့ပြီး တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့လေသည်။ ထိုတိုက်ပွဲကြီးသည် သမိုင်းဝင်တိုက်ပွဲကြီးတစ်ခု ဖြစ်လေသည်။ လင်စန်းတောင်အတွက် ကြေကွဲစရာ တိုက်ပွဲကြီးတစ်ခုပင် ဖြစ်သည်။

ထိုတိုက်ပွဲကြီးတွင် မီလဲ့ကိုယ်တော် တိုက်ခိုက်ခဲ့ရလေသည်။

သို့သော်… လင်စန်းတောင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီးအကြောင်းကို သိရှိကြသူ လောကတွင် အနည်းငယ်သာ ရှိသည်။ ထိုလူအနည်းငယ်ထဲတွင် တာအိုဆရာလီချင်းဆွေလည်း အပါအဝင် ဖြစ်သည်။

လင်စန်းတောင်သည် ဗုဒ္ဓဘုရား ဒေသနာတရား ဟောကြားခဲ့ရာနေရာတစ်ခုဖြစ်လေသည်။ ထို့ကြောင့် ဗုဒ္ဓကိုယ်တော်တိုင် သီတင်းသုံးနေထိုင်ခြင်း မရှိတော့သည့်တိုင် မြင့်မြတ်သည့် နေရာတစ်ခုအဖြစ် အားလုံးက အလေးအမြတ်ထားကြသည်။

အပြာရောင်ခရီးရှည်နန်းတော် ၊ ကျောက်စိမ်းဝိညာဉ်နန်းတော် ၊ ဘုရင်ရှစ်ပါးနန်းတော်နှင့် လင်ထိုင်ဖန်းကျွမ်းတောင်များကဲ့သို့  လင်စန်းတောင်သည်လည်း အစဉ်အလာကောင်းနှင့် ရပ်တည်နေသည့် နေရာတစ်ခု ဖြစ်လေသည်။

မီလဲ့ကိုယ်တော် စတင်တိုက်ခိုက်လိုက်သည်နှင့် တာအိုဆရာလီချင်းဆွေက ပါးစပ်ကိုဖွင့်ကာ စာလုံးတစ်လုံးကို ရွတ်လိုက်လေသည်။

သူမရွတ်ဆိုလိုက်သည့်စာလုံးမှာ "ကျား" ဆိုသည့် အသံထွက်ရှိသည့် စာလုံးဖြစ်သည်။

"ကျား" ဆိုသည့်စာလုံးသည် စကြာဝဠာစတင်ဖွင့်လှစ်ချိန်တွင် ပထမဆုံး ဖြစ်ပေါ်လာသည့် အသံစာလုံး ဖြစ်လေသည်။ ထိုစာလုံးထဲတွင် အရာအားလုံးကို သုတ်သင်ရှင်းလင်းပစ်နိုင်သည့် ထိပ်တန်းတန်ခိုးစွမ်းအားများ ပါဝင်သည်။

ထို "ကျား" ဆိုသည် အသံတန်ခိုးစွမ်းအားမှာ တစ်ချိန်တုန်းက တာအိုဆရာသခင်ထိုက်ယီ အသုံးပြုခဲ့သည့် ထိပ်တန်းတန်ခိုးစွမ်းအားတစ်ခုဖြစ်ပြီး "လူသတ်အသံလှိုင်းတန်ခိုးစွမ်းအား" ဟု လူသိများသည်။

ယခု တာအိုဆရာလီချင်းဆွေအသုံးပြုလိုက်သည့် "ကျား" ဆိုသည့်အသံတန်ခိုးစွမ်းအားသည် ဆန်းလျန်နှင့် ဝက်ဝံသခင်တိုက်ခိုက်သည့်အချိန်တွင် ဝက်ဝံသခင်အသုံးပြုသည့် စာလုံး (၆)လုံးပါသည့် ဂါထာကိုအသုံးပြုထားသော ရယ်သံထက် များစွာ သာလွန်လေသည်။

တာအိုဆရာ လီချင်းဆွေထံမှ "ကျား" ဆိုသည့်အသံထွက်ပေါ်လာသည်နှင့် လင်စန်းတောင်တစ်ခုလုံးတွင် လှည့်လည်သွားလာနေကြသည့် မြင်အပ်၊ မမြင်အပ် ပရလောကသားများအားလုံး ချက်ချင်းပင် ပျက်စီးပျောက်ကွယ်သွားကြရလေသည်။

အနတ္တမုဒြာတန်ခိုးစွမ်းအားဖြင့် မီလဲ့ကိုယ်တော်ဖန်ဆင်းထားသည့် လက် (၇)နက်ဖက်သည်ပင်လျှင် "ကျား" ဆိုသည့် အသံအောက်တွင် ထိန်းချုပ်နိုင်ခြင်း ကင်းမဲ့စွာ ပျောက်ကွယ်သွားရလေတော့သည်။

မီလဲ့ကိုုယ်တော်၏ အနတ္တမုဒြာ တန်ခိုးစွမ်းအားသည် လီချင်းဆွေ၏ လူသတ်အသံလှိုင်းတန်ခိုးစွမ်းအားကို မယှဉ်နိုင်ဘဲ ရှုံးနိမ့်သွားရပြီ ဖြစ်သည်။

မီလဲ့ကိုယ်တော် တုန်လှုပ်သွားလေသည်။

သူရင်ဆိုင်နေရသူမှာ တာအိုဆရာလီချင်းဆွေမဟုတ်ဘဲ တာအိုဆရာသခင်ထိုက်ယီများလားဟု ထင်မြင်လာမိသည်။

"တာအိုဆရာသခင်ထိုက်ယီ လုပ်နိုင်တဲ့အရာမှန်သမျှ ငါလည်းလုပ်နိုင်တယ်…"

ဆိုသည့်စကားကို လီချင်းဆွေပြောခဲ့ခြင်းမှာ တမင်တကာ ကြွားဝါပြောဆိုခြင်းမဟုတ်သည်ကို မီလဲ့ကိုယ်တော် သိရှိခဲ့ရပြီ။

သို့သော်… ဤမျှလောက်ဖြင့် မီလဲ့ကိုယ်တော်က နောက်ဆုတ်သွားမည် မဟုတ်ပေ။

ကျင့်စဉ်လမ်းတွင် မီလဲ့ကိုယ်တော်သည် ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်ပြီး သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိသူလည်းဖြစ်သည်။ သူသည် ကြီးမြတ်သည့် ကံတရားကို ပိုင်ဆိုင်ထားသည့် စကြာဝဠာတွင် တစ်ယောက်တည်းရှိသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။

ကျင့်စဉ်လမ်းအဆုံးသတ်သွားသည့်တစ်နေ့တွင်လည်း သူသည် အခြားသူများထက် သာလွန်သူဖြစ်သည်ကို လူတိုင်းသိရှိကြရမည်ပင် ဖြစ်သည်။

အနတ္တမုဒြာတန်ခိုးစွမ်းအားပျောက်ကွယ်သွားသော်လည်း မီလဲ့ကိုယ်တော်က လီချင်းဆွေကို တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ခြင်း မရှိပေ။

သူတို့ (၂)ယောက်တိုက်ခိုက်ခြင်းကြောင့် လင်စန်းတောင် ပျက်စီးသွားမည်ကို စိတ်ပူစရာမရှိပေ။

စကြာဝဠာတစ်ခုလုံးရှိ ကြယ်စင်များပျက်စီးသွားစေဦးတော့ လင်စန်းတောင်ကတော့ ပျက်စီးသွားမည် မဟုတ်ပေ။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်က လင်စန်းတောင်ကို လာရောက်စိန်ခေါ်ခဲ့သည့် ဆန်းလျန်ထျန်းကျွင်းသည်ပင်လျှင် လင်စန်းတောင်ကို ဖျက်စီးပစ်နိုင်ခဲ့ခြင်း မရှိပေ။

လီချင်းဆွေကတော့ မီလဲ့ကိုယ်တော်၏ တန်ပြန်တိုက်ခိုက်မှုကို ရှင်းလင်းစွာ သိမြင်နေသည်။

မီလဲ့ကိုယ်တော်၏ အနတ္တမုဒြာသည် မီလဲ့ကိုယ်တော် တီထွင်ထားသည့် တန်ခိုးစွမ်းအား ဖြစ်လေသည်။

ထိုတန်ခိုးစွမ်းအားသည် အစလည်းမရှိ ၊ အဆုံးလည်းမရှိသလို သန့်စင်မြင့်မြတ်လေသည်။ တစ်ချိန်တည်းမှာပင် အနတ္တမုဒြာတန်ခိုးစွမ်းအားသည် ထောင်ပေါင်းများစွာသော လက်သီးချက်များအဖြစ် ပြောင်းလဲသွားပြီး လီချင်းဆွေကို ထိုးနှက်တိုက်ခိုက်လိုက်သည်။

လီချင်းဆွေက သူမ၏ ခန္ဓာကိုယ်ကို အသာအယာလှုပ်ရမ်းလိုက်ရာ ချက်ချင်းပင် ကြည်လင်သည့်ရေများအဖြစ်သို့ ပြောင်းလဲစီးဆင်းသွားလေသည်။

မီလဲ့ကိုယ်တော်၏ ထောင်ပေါင်းများစွာသော လက်သီးချက်များသည် ရေထဲတွင် ပျော်ဝင်ပျောက်ကွယ်သွားလေတော့သည်။

ရေသည် ကောင်းမြတ်သန့်စင်သည့် သဘောသဘာဝရှိပြီး အရာအားလုံးကို လက်ခံနိုင်သည့် သတ္တိရှိလေသည်။

မီလဲ့ကိုယ်တော်က လီချင်းဆွေကို မလေးစားဘဲ မနေနိုင်တော့ပေ။

အကယ်၍ သူတို့ (၂)ယောက်သာ ယခုကဲ့သို့ တိုက်ခိုက်ကြရန် ကြမ္မာဖန်မလာဘဲ အခြားနေရာတစ်ခုတွင်သာ အေးအေးဆေးဆေး ဆုံတွေ့ခွင့်ရခဲ့မည်ဆိုလျှင် ကျင့်စဉ်လမ်းအကြောင်း ဆွေးနွေးရင်း မိတ်ဆွေများ ဖြစ်ခွင့်ရမည်မှာ အသေအချာပင်။

သို့ပေမဲ့… 'အကယ်၍' ဆိုသည်မှာ မရှိပေ။

မီလဲ့ကိုယ်တော်က လက်မလျှော့ဘဲ ဆက်လက်တိုက်ခိုက်လိုက်သည်။

လက်ဖဝါးကြီးတစ်ဖက် ပေါ်လာပြီး ရုတ်တရက် လင်စန်းတောင်တစ်ခုလုံး ကပြောင်းကပြန်ဖြစ်သွားလေသည်။

အပေါ် ၊ အောက် ၊ ဘယ် ၊ ညာ အရာအားလုံး လှည့်ပတ်သွားပြီး ပြောင်းလဲမှုပေါင်းများစွာ ဖြစ်ပေါ်သွားလေသည်။

ရေအဖြစ် ပြောင်းလဲဖန်ဆင်းထားသည့် လီချင်းဆွေမှာလည်း ပြောင်းလဲမှုများနှင့်အတူ လှည့်ပတ်သွားပြီး ဘောင်ဘင်ခတ်သွားရသည်။ ရေလှိုင်းများထန်လာပြီး ရေများကပြောင်းကပြန်စီးဆင်းကုန်တော့သည်။

လီချင်းဆွေက အလိုက်သင့်ရွေ့လျားမှုကို ထိန်းသိမ်းထားလိုက်ပြီး မကျေမနပ်ဖြင့် အနည်းငယ် ရေရွတ်လိုက်သည်။

ထို့နောက် ရေထဲမှ အလင်းတန်းများဖြာထွက်လာပြီး လေထဲတွင် သန်းနှင့်ချီသည့် လီချင်းဆွေ၏ ကိုယ်ခွဲများ ထွက်ပေါ်လာကာ မီလဲ့ကိုယ်တော်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်လေသည်။

မီလဲ့ကိုယ်တော်၏ စိတ်ထဲတွင် တစ်ချက်လှုပ်ခတ်သွားရပြန်သည်။

လီချင်းဆွေ အသုံးပြုလိုက်သည့် တန်ခိုးစွမ်းအားမှာ "ကိုယ်ခွဲကုဋေကုဋာ" တန်ခိုးစွမ်းအားဖြစ်လေသည်။

ကိုယ်ခွဲကုဋေကုဋာတန်ခိုးစွမ်းအားသည် ရှေးခေတ်အချိန်ကာလများကတည်းက ရှိခဲ့သည့် တန်ခိုးစွမ်းအား တစ်ခုဖြစ်သည်။ ထျန်းကန်းပုံပြောင်းပညာနှင့် တိရှပုံပြောင်းပညာများနှင့် ဆင်တူလေသည်။

ထိုသို့သော တန်ခိုးစွမ်းအားမျိုးက ဗုဒ္ဓနှင့် တာအိုဆရာသခင်ကြီးများကိုတော့ ထိခိုက်စေနိုင်မည် မဟုတ်ပေ။ သို့သော်… မိုးနတ်မင်းသာ ရှိနေလျှင် မိုးနတ်မင်းကိုပင် လှုပ်ခါပစ်နိုင်စွမ်း ရှိမည် ဖြစ်လေသည်။

ထို့ပြင်… ကိုယ်ခွဲကုဋေကုဋာတန်ခိုးစွမ်းအားကို လီချင်းဆွေ အသုံးပြုလိုက်ခြင်းက အခြားသူများနှင့်မတူ တစ်မူ ထူးခြားလေသည်။ အခြားသူများအသုံးပြုသည်ထက်ပိုပြီး ကြောက်မက်ဖွယ်ရာ ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော်… ကိုယ်ခွဲတစ်ခုချင်းစီတိုင်းတွင် လီချင်းဆွေ၏ စိတ်အာရုံစူးစိုက်မှုတစ်ခုစီ ပါဝင်နေသောကြောင့် ဖြစ်လေသည်။

ပြောကြသည်မှာ ထိုသို့သော တန်ခိုးစွမ်းအားမျိုးရရှိရန်အတွက် မရေမတွက်နိုင်အောင် လူပြန်ဝင်စားပြီး ကျင့်ကြံရမည် ဖြစ်လေသည်။ မရေမတွက်နိုင်သည့် ဘဝများတွင် မရေမတွက်နိုင်သည့် အသက်များကို ပိုင်ဆိုင်နိုင်အောင် ကျင့်ကြံနိုင်မှသာ ကိုယ်ခွဲတိုင်းတွင် စိတ်အာရုံစူးစိုက်မှုတစ်ခုစီကို ထည့်သွင်းနိုင်မည် ဖြစ်လေသည်။

ထိုသို့သောအဆင့်သို့ရောက်ရှိလျှင်တော့ အလွန်မြင့်မားသည့် တိုက်ခိုက်မှု တန်ခိုးစွမ်းအားကို ရရှိမည် ဖြစ်သည်။

သို့သော်… လူပြန်ဝင်စားပြီး ကျင့်ကြံသည့်တိုင်အောင် ကိုယ်ခွဲကုဋောကုဋာတန်ခိုးစွမ်းအားကို အောင်မြင်အောင် ကျင့်ကြံနိုင်သူမှာ ရှာမှရှားဖြစ်လေ၏။

ထို့ပြင် ထိုကျင့်စဉ်သည် တန်ခိုးစွမ်းအားကျင့်စဉ်တစ်ခုသာဖြစ်ပြီး ကျင့်စဉ်လမ်းအတွက် များစွာ အထောက်အကူမပြုလှသောကြောင့် ဒုက္ခခံပြီး ကျင့်ကြံသူ သိပ်မရှိလှပေ။

သို့ရာတွင်… မီလဲ့ကိုယ်တော်ကတော့ သူ့ကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည့် လီချင်းဆွေ၏ ကိုယ်ခွဲများထံမှ ချက်ချင်းပင် လွတ်မြောက်အောင် ရှောင်တိမ်းသွားနိုင်လေသည်။

မီလဲ့ကိုယ်တော် အသုံးပြုလိုက်သည့်တန်ခိုးစွမ်းအားမှာ "နှလုံသားလွတ်မြောက်ခြင်း" တန်ခိုးစွမ်းအား ဖြစ်လေသည်။

"နှလုံးသားလွတ်မြောက်ခြင်း" တန်ခိုးစွမ်းအားမှာ မိမိသွားလိုသည့်နေရာကို စိတ်အာရုံပြုလိုက်သည်နှင့် ချက်ချင်းရောက်ရှိသွားသည့် တန်ခိုးစွမ်းအားဖြစ်သည်။

သို့သော်… မီလဲ့ကိုယ်တော်ကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်မဟုတ်ပါက ထိုပညာကို အသုံးပြုလျှင်လည်း အချည်းအနှီးပင် ဖြစ်ပေလိမ့်မည်။

သို့သော်… မီလဲ့ကိုယ်တော်သည်လည်း လီချင်းဆွေ၏ ကိုယ်ခွဲများရန်မှ ရှောင်တိမ်းနိုင်ရန် လွယ်ကူမနေခဲ့ပေ။

ချက်ချင်းပင် မီလဲ့ကိုယ်တော်သည် နဂါးငွေ့တန်းနံဘေးသို့ရောက်ရှိလာလေသည်။ သို့သော်… သန်းနှင့်ချီသည့် လီချင်းဆွေ၏ ကိုယ်ခွဲများက သူ့နောက်မှ လိုက်ပါလာလေသည်။

တောက်ပနေသည့် ကြယ်စင်များအကြားရှိ မှောင်မှိုင်းနေသည့်စကြာဝဠာအလယ်တွင် ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။ တစ်ကြိမ်တည်းပေါက်ကွဲရုံမျှဖြင့်ပင် အာကာသထဲမှ ဥက္ကာပျံပေါင်းများစွာ အမှုံ့ဖြစ်သွားကြရသည်။

စကြာဝဠာထဲတွင်မဟုတ်ဘဲ လူ့လောကအလယ်တွင်သာ ပေါက်ကွဲလိုက်ပါက မရေမတွက်နိုုင်သည့် သက်ရှိသတ္တဝါများစွာ အသက်ဆုံးရှုံးကြရမည်မှာ ဧကန်ပင်။

မီလဲ့ကိုယ်တော်နှင့် လီချင်းဆွေ၏ ပြင်းထန်လှသည့်တိုက်ပွဲကို စကြာဝဠာကြီးပင် သည်းခံနိုင်ခြင်း မရှိတော့ပေ။

စကြာဝဠာမဟာတွင်းနက်ကြီးတစ်ခု ရုတ်တရက်ပေါ်လာပြီး တန်ခိုးစွမ်းအားများအားလုံးကို စုပ်ယူပစ်လိုက်လေတော့သည်။

မီလဲ့ကိုယ်တော်၏မျက်နှာမှာ မဲမှောင်နေပြီး စကြာဝဠာထဲမှ ချက်ချင်းပျောက်ကွယ်သွားကာ လင်စန်းတောင်တွင် ပြန်ပေါ်လာလေသည်။

သူက နှလုံးသားလွတ်မြောက်ခြင်းတန်ခိုးစွမ်းအားကိုပင် အသုံးပြုကာ လင်စန်းတောင်သို့ ပြန်လာခြင်းဖြစ်ပြီး မဆိုသလောက်သာ နောက်ကျသွားပါက သူသည်လည်း မဟာတွင်းနက်ကြီး၏ စုပ်ယူခြင်းကို ခံရကာ ထာဝရပျောက်ကွယ်သွားရမည် ဖြစ်သည်။

သို့သော်… လီချင်းဆွေက တာ့လေယင်းကျောင်းတော်ခန်းမဆောင်ကြီးအတွင်းသို့ မီလဲ့ကိုယ်တော်ထက်အရင် ပြန်လည်ရောက်ရှိနေခဲ့လေသည်။

မီလဲ့ကိုယ်တော်က လီချင်းဆွေထက် ခြေတစ်လှမ်းနောက်ကျနေခဲ့သည်။

မီလဲ့ကိုုယ်တော်က သူရရှိထားသည့် ဒဏ်ရာကိုပင် အရေးမစိုက်နိုင်ဘဲ မိုးကြိုးတန်ခိုးစွမ်းအားကိုအသုံးပြုကာ လီချင်းဆွေကို တားဆီးလိုက်သည်။

လီချင်းဆွေက ခြေလှမ်းများ ရပ်တန့်လိုက်ပြီး အနောက်သို့လှည့်ကြည့်ကာ လက်သီးချက်တစ်ချက်ဖြင့် မီလဲ့ကိုယ်တော်ကို ထိုးနှက်လိုက်သည်။

မရေမတွက်နိုင်သည့် လက်သီးချက်များသည် မိုးရေစက်များအလား ထွက်ပေါ်လာပြီး မီလဲ့ကိုုယ်တော်ကို ဝိုင်းဝန်းထိုးနှက်ကြလေတော့သည်။

မီလဲ့ကိုယ်တော်ကလည်း လီချင်းဆွေ၏ တိုက်ခိုက်မှုကို ချက်ချင်းပင် ခုခံကာကွယ်လိုက်လေသည်။

နောက်ဆုံးတွင်တော့ မီလဲ့ကိုယ်တော်နှင့် လီချင်းဆွေတို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ကြလေသည်။

သူတို့ (၂)ယောက်၏ တိုက်ပွဲကို နတ်ဘုရားများပင် ခန့်မှန်းနိုင်ခြင်း မရှိကြတော့ပေ။ အချိန်ကာလကိုပင် ကျော်လွန်သွားသည့် တိုက်ပွဲတစ်ခု ဖြစ်လာခဲ့လေသည်။

ရုတ်တရက်ပင်…

တာ့လေယင်းကျောင်းတော်ခန်းမဆောင်ကြီးအတွင်းမှ ဗုဒ္ဓအလင်းတန်းများထွက်ပေါ်လာလေသည်။

ပြင်းထန်လှသည့်တိုက်ပွဲကြောင့် ခန်းမဆောင်ကြီး ပျက်စီးမသွားစေရန် အလင်းတန်းများက ကာကွယ်ထားလိုက်ကြလေသည်။

သို့သော်… ပြင်းထန်လှသည့်တိုက်ခိုက်မှုကြောင့် ခန်းမကြီးမှာ သိမ့်ခနဲ လှုပ်ခါသွားရသည်။

မီလဲ့ကိုယ်တော်မှာ အသက်ပင် မရှူနိုင်တော့ပေ။

သိမ့်ခနဲလှုပ်ခတ်သွားမှုကြောင့် ခန်းမဆောင်ကြီး၏ ထောင့်စွန်းတစ်နေရာမှ တဖြည်းဖြည်း စတင် ပြိုကျလာလေသည်။

ကျူဖူကိုယ်တော်များ ၊ ဗောဓိသကျများ ၊ လော်ဟန်ကိုယ်တော်များ၏ တန်ခိုးစွမ်းအားများ ကိန်းအောင်းရာ ခန်းမကြီးသည်ပင်လျှင် တိုက်ပွဲဒဏ်ကို ခံနိုင်ရည် မရှိတော့ပေ။

မီလဲ့ကိုယ်တော်နှင့် လီချင်းဆွေ၏တိုက်ပွဲက ပို၍ပင် ပြင်းထန်လာလေသည်။

ထိုအချိန်မှာပင်…

ခန်းမဆောင်ကြီး၏တစ်နေရာမှ မှေးမှိန်သည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းသည် လင်စန်းတောင်သို့ လီချင်းဆွေ ရောက်ရှိလာရခြင်း အကြောင်းရင်းပင် ဖြစ်တော့သည်။

ထိုအလင်းတန်းထွက်ပေါ်လာရာနေရာတွင် "နှလုံးသားမီးအိမ်" ရှိနေလေသည်။

ထိုမီးအိမ်သည် ဗုဒ္ဓကိုုယ်တော်တိုင် ပိုင်ဆိုင်သည့် မီးအိမ်မဟုတ်ပေ။

ထိုမီးအိမ်၏ ပိုင်ရှင်မှာ ရှေးဟောင်းကိုယ်တော်တစ်ပါးဖြစ်သည့် မီးအိမ်ကိုယ်တော်ပိုင်ဆိုင်သည့် မီးအိမ်ဖြစ်လေသည်။ "နှလုံးသားမီးအိမ်" သည် လောကရှိ အဆန်းကျယ်ဆုံးမီးအိမ် (၃)ခုတွင် တစ်ခုအပါအဝင်ဖြစ်လေသည်။

မီးအိမ်ကိုယ်တော်ဆိုသည်က ရှေးခေတ်အချိန်အခါမှ ယခုအချိန်ထို ဗုဒ္ဓဘာသာနှင့် တာအိုဝါဒတွင် ထင်ရှားသည့် ကိုယ်တော်တစ်ပါး ဖြစ်လေသည်။

မီးအိမ်ကိုယ်တော်သည် မိုးနတ်မင်းခေတ်ကတည်းက လောကတွင် ရှိနေခဲ့သည့် ရှေးဟောင်းကိုယ်တော်တစ်ပါး ဖြစ်လေသည်။

မီးအိမ်ကိုယ်တော်၏တန်ခိုးစွမ်းအားများမှာ ကျန့်ယွမ်ကျီနတ်မင်းကြီးထက် အနည်းငယ်သာ လျော့နည်းသည်ဟု ဆိုကြသည်။

သို့သော်… စိတ်မကောင်းစရာအချက်မှာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်ခန့်က ဆန်းလျန် လင်စန်းတောင်သို့ လာရောက်တိုက်ခိုက်သည့်အချိန်တွင် မီးအိမ်ကိုယ်တော် အသက်ဆုံးခဲ့ရလေသည်။

နှလုံးသားမီးအိမ်ကို တွေ့ရှိလိုက်ရသည့်အတွက် လီချင်းဆွေက စိတ်လှုပ်ရှားသွားခြင်း မရှိပေ။ သူမသည် စိတ်ပူပန်ခြင်းလည်းမရှိသလို အနိုင်အရှုံးများကိုလည်း အလေးထားခြင်း မရှိပေ။

မီလဲ့ကိုယ်တော်၏မျက်နှာသည် မီးတောက်တစ်တောက်အလား နီရဲတောက်ပနေလေသည်။ ဒေါသထွက်နေခြင်းကြောင့် ထိုသို့ ဖြစ်နေခြင်း မဟုတ်ပေ။

သို့သော်… သူ၏အသွင်သဏ္ဍန်သည် လောကတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မည့် ဧကရာဇ်တစ်ပါးအလား ဖြစ်လေသည်။

ချက်ချင်းပင်…  မီလဲ့ကိုယ်တော်ထံမှ အဆင့်လွန်တန်ခိုးစွမ်းအားများ ထွက်ပေါ်လာလေသည်။

တာအိုဆရာလီချင်းဆွေ၏ မျက်နှာကလည်း အေးစက်ခက်ထန်နေလေသည်။

စကြာဝဠာကဲ့သို့ ကျယ်ပြန့်သည့် သူမ၏ တာအိုစိတ်ထားထဲတွင် ခုနစ်စဉ်ကြယ်မွေးဖွား ဖြစ်တည်လာပြီး   အကန့်အသတ်မရှိသည့် စကြာဝဠာအလင်းတန်းများ ဖြာလင်းတောက်ပလာလေသည်။

အလင်းတန်းများတွင် အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သည့် တန်ခိုးစွမ်းအားများ ပါဝင်လေသည်။

မီလဲ့ကိုယ်တော်သည် လီချင်းဆွေအသုံးပြုလိုက်သည့် ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားအကြောင်းကို ချက်ချင်းပင် သိရှိလိုက်သည်။ ထိုတန်ခိုးစွမ်းအားမှာ တာအိုဆရာသခင်ထိုက်ယီ၏ တန်ခိုးစွမ်းအားတစ်ခုပင်ဖြစ်ပြီး "ပေသိုကြယ်စင်" တန်ခိုးစွမ်းအားပင် ဖြစ်လေသည်။

ထိုတန်ခိုးစွမ်းအားကို တစ်ချိန်က မိုးနတ်ဧကရီလည်း အသုံးပြုခဲ့ဖူးလေသည်။

သို့သော်… မိုးနတ်ဧကရီနှင့် လီချင်းဆွေ မည်သူသာသည်ကိုတော့ ခန့်မှန်းကြည့်ရန် ခက်လှသည်။

အဆုံးမရှိသည့် စကြာဝဠာအလင်းတန်းများအောက်တွင် မီလဲ့ကိုယ်တော်သည် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ သူ၏မျက်ဝန်းများထဲတွင် ကရုဏာတရားများ ပြန်လည် ပြည့်လျှမ်းလာလေသည်။

ရုတ်တရက်… မည်သည့်နေရာက ထွက်ပေါ်လာမှန်းမသိသည့် ကန့်လန့်ဖြတ်လက်သီးချက်တစ်ချက် လီချင်းဆွေထံသို့ ပြင်းထန်လွန်းသည့် အရှိန်ဖြင့် ဝင်ရောက်လာလေသည်။

လက်သီးချက်သည် တိတ်ဆိတ်လွန်းပြီး မထင်မှတ်သည့် ရှုထောင့်မှ ဝင်ရောက်လာခြင်း ဖြစ်သည်။

လက်သီးချက်ထွက်ပေါ်လာသည်နှင့် စကြာဝဠာတစ်ခုလုံးတွင် အလင်းတန်းများ ဖြာလင်းသွားသည့်အလား ထင်မှတ်လိုက်ရလေသည်။

ထိုလက်သီးချက်မှာ "နေစကြာတထာဂတသ၏ အလင်းတန်းလက်သီး" ပင် ဖြစ်လေတော့သည်။

***

All Chapters