ကြာရွက်များကြား ငါးလေးတွေကဆော့ကစား
Vol. 9 Ch. 817
ထို့နောက် မီလဲ့ကိုယ်တော်က ခြေတစ်လှမ်းလှမ်းလိုက်လေရာ အချိန်ကာလနှစ်ခု ဆုံတွေ့သည့် အချိန်အပိုင်းအခြားတစ်ခုထက်သို့ ရောက်ရှိသွားလေသည်။
အတိတ်တစ်ချိန်မှ လင်စန်းတောင်ရှိ ဗောဓိသကျများ ၊ ကျူဖူကိုယ်တော်များ ၊ လော်ဟန်ကိုယ်တော်များ၏ တရားစာရွတ်ဖတ်သံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ကြရသည်။
တရားစာရွတ်ဖတ်သံများတွင် တန်ခိုးစွမ်းအားများလည်း ပါဝင်လာလေသည်။
လင်စန်းတောင်၏ အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန် အချိန်အပိုင်းအခြားများကို လှည့်ပြောင်းသုံးစွဲနိုင်သည့် တန်ခိုးစွမ်းအားကို မီလဲ့ကိုယ်တော်က ပြသလိုက်ခြင်းဖြစ်သည်။
သူက အတိတ်ဆီမှ တန်ခိုးစွမ်းအားများကို ရယူကာ တာအိုဆရာလီချင်းဆွေကို တိုက်ခိုက်လိုက်လေသည်။
လီချင်းဆွေ၏ ပေသိုကြယ်စင်တန်ခိုးစွမ်းအားနှင့် အတိတ်ဆီမှတရားဓမ္မတန်ခိုးစွမ်းအားများသည် တာ့လေယင်းကျောင်းတော်ကြီး၏ ခန်မဆောင်အလည်တွင် ပြင်းထန်စွာ ရိုက်ခတ်မိသွားကြသည်။
ချက်ချင်းပင် တိုက်ပွဲအခြေအနေက မတိုးသာ မဆုတ်သာ အနေအထားသို့ ရောက်ရှိသွားသည်။
ထိုအချိန်မှာပင်… ဘယ်ဆီက ထွက်ပေါ်လာမှန်းမသိသည့် နေစကြာတထာဂတဿ၏ အလင်းတန်းလက်သီးက လီချင်းဆွေထံသို့ ဝင်ရောက်လာကာ လီချင်းဆွေ၏ နတ်ဘုရားခန္ဓာမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေတော့သည်။
သို့သော်… ချက်ချင်းပင် အလင်းတန်းများဖြာလင်းလာပြီး ထိုနေရာတွင်ပင် တာအိုဆရာလီချင်းဆွေ၏ နောက်ထပ် နတ်ဘုရားခန္ဓာတစ်ခု ထွက်ပေါ်လာလေသည်။
အလင်းတန်းများမှာ လီချင်းဆွေ၏ သွေးကြောဆုံချက်များမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူမ၏ မျက်နှာက မပြောင်းမလဲ တည်ငြိမ်နေပြီး သူမ၏ အသွင်အပြင်ကလည်း ကျက်သရေရှိလှလေသည်။ သူမ၏ ခန္ဓာကိုယ်မှ အလင်းတန်းများက မီလဲ့ကိုယ်တော်၏ အလင်းတန်းလက်သီးကို ဖိနှိပ်ထားလိုက်သည်။
အချိန်က ရပ်တန့်နေသည့်အလား ပတ်ဝန်းကျင်တစ်ခုလုံးရှိ အဖြစ်အပျက်များ ရုတ်တရက် ရပ်တန့်သွားသည်။
ထိုအချိန်မှာပင်…
လီချင်းဆွေက လက်လှမ်းလိုက်လေရာ နှလုံးသားမီးအိမ်သည် လီချင်းဆွေ၏ လက်ထဲသို့ ပျံသန်းရောက်ရှိလာလေသည်။
ထို့နောက်… ခန်းမဆောင်တစ်ခုလုံးတွင် စူးရှသည့်အလင်းတန်းများ တောက်ပသွားပြီး တရားစာရွတ်ဖတ်သံများလည်း ပျောက်ကွယ်သွားလေသည်။
ထို့နောက်…
ခန်းမဆောင်ထဲရှိ အရာအားလုံး ပျောက်ကွယ်သွားပြီး မီလဲ့ကိုယ်တော်တစ်ပါးတည်းသာ မတ်တတ်ရပ်လျှက် ကျန်ရစ်ခဲ့လေသည်။
လီချင်းဆွေ ပျောက်ကွယ်သွားပြီဖြစ်လေသည်။
ထိုအချိန်မှာပင်…
လေထဲတွင် ကိုယ်တော်တစ်ပါးပေါ်လာလေသည်။
ထိုကိုယ်တော်သည် အသိဉာဏ်ပညာငါးပါးကိုကိုယ်စားပြုသော အဖြူရောင်သရဖူကို ဆောင်းထားပြီး ကြာပလ္လင်ထက်တွင် တည်ငြိမ်စွာထိုင်နေလေသည်။ သူ၏လက်တွင် ကြီးမြတ်သည့်ဉာဏ်ပညာမုဒြာကို ပြုလုပ်ထားသည်။
ထိုကိုယ်တော်သည်ကား နေစကြာတထာဂတဿဟု လူသိများကြသည့် တာအိုဆရာလုယာပင် ဖြစ်လေတော့သည်။
တာအိုဆရာလုယာသည် တာအိုကျင့်စဉ် ၊ ဗုဒ္ဓဘာသာကျင့်စဉ်နှင့် နတ်မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံခဲ့သူဖြစ်ပြီး ဗုဒ္ဓခန္ဓာကို ကျင့်ကြံအောင်မြင်ခဲ့သလိုအထွတ်ထိပ်မိစ္ဆာခန္ဓာကိုလည်းကျင့်ကြံအောင်မြင်ခဲ့သူ ဖြစ်လေသည်။
ထို့ကြောင့် သူ့ကို တာအိုဆရာတစ်ယောက်အသွင်လည်း မြင်တွေ့နိုင်သလို ဗုဒ္ဓဘာသာ ကိုယ်တော်တစ်ပါးအသွင်ဖြင့်လည်း မြင်တွေ့နိုင်လေသည်။
မီလဲ့ကိုယ်တော်က တည်ကြည်လေးနက်သည့်လေသံဖြင့်…
"လီချင်းဆွေ နှလုံးသားမီးအိမ်ကို ယူသွားပြီ…"
နေစကြာတထာဂတဿက…
"ကျုပ်ရဲ့ အလင်းတန်းလက်သီးကတောင် သူ့ကို မတားဆီးနိုင်ခဲ့ဘူး…"
လီချင်းဆွေကို မည်သည့်နေရာက ထွက်ပေါ်လာမှန်းမသိသည့် အလင်းတန်းလက်သီးနှင့် တိုက်ခိုက်လိုက်သူမှာ နေစကြာတထာဂတဿပင် ဖြစ်လေသည်။
မီလဲ့ကိုယ်တော်က…
"သူ တရားအလင်းရတာ နောက်ကျတာပဲ တော်သေးတယ်လို့ ပြောရမယ် ၊ မဟုတ်ရင် အခုလောက်ဆို ဟွင့်ယွမ်ဝူကျီအဆင့်ကို ရောက်နေလောက်ပြီ… ကျုပ်ရင်ထဲ စိတ်ပူမိတယ်…"
နေစကြာတထာဂတဿက…
"ဒါပေမဲ့ သူကျုပ်ရဲ့ အလင်းတန်းလက်သီးထိသွားတယ် ၊ ဟွင့်ယွမ်ဝူကျီအဆင့် ကျင့်ကြံသူမဟုတ်ဘူးဆိုရင် ကျုပ်ရဲ့ အလင်းတန်းလက်သီးကို ဘယ်သူမှ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး…"
မီလဲ့ကိုယ်တော်က ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
နေစကြာတထာဂတဿ၏ အလင်းတန်းလက်သီးချက်ကြောင့် လီချင်းဆွေ ဒဏ်ရာရသွားလျှင်လည်း ကောင်းတာပဲဟု သူက တွေးလိုက်သည်။
ထို့ပြင်… လီချင်းဆွေသာ လင်စန်းတောင်ကို ကျူးကျော်လာခြင်း မရှိလျှင် နေစကြာတထာဂတဿအနေဖြင့်လည်း လီချင်းဆွေ၏ တန်ခိုးစွမ်းအား မည်မျှအဆင့်မြင့်သည်ကို လေ့လာခွင့်ရမည် မဟုတ်ပေ။
အမှန်တော့ နေစကြာတထာဂတဿသည် မီလဲ့ကိုယ်တော်နှင့် လီချင်းဆွေတို့၏ တိုက်ပွဲကို တိတ်တဆိတ်လေ့လာနေခဲ့ခြင်း ဖြစ်လေသည်။ ထိုအချက်ကို မီလဲ့ကိုယ်တော်ပင်လျှင် သိရှိခဲ့ခြင်း မရှိပေ။
ထိုအချက်ကြောင့် မီလဲ့ကိုယ်တော်က နေစကြာတထာဂတဿကို အနည်းငယ်မကျေမနပ် ဖြစ်နေမိသည်။
သို့သော်… သူတို့ (၂)ယောက်သည် တစ်ခရီးတည်းသွားသူများ ဖြစ်လေရကား မခံမရပ်နိုင်အနေအထားမျိုး မဟုတ်သရွေ့ တစ်ယောက်နှင့်တစ်ယောက် မျက်နှာပျက်အောင်လုပ်ကြမည် မဟုတ်ပေ။ ထို့ကြောင့် မီလဲ့ကိုယ်တော်က မကျေနပ်ချက်ကို ထုတ်ဖော်ပြနေခြင်းမျိုး မပြုလုပ်တော့ပေ။
နေစကြာတထာဂတဿကလည်း ထိုကိစ္စကို မီလဲ့ကိုယ်တော်ကို တကူးတက ရှင်းပြမနေတော့ပေ။
နေစကြာတထာဂတဿက…
"ဒဏ်ရာရသွားတာတောင် နှလုံးသားမီးအိမ်ကို ရအောင်ယူသွားပုံထောက်ရင် လီချင်းဆွေက မီးအိမ် (၃)ခုလုံးကို ရှာဖွေနေတာ ဖြစ်ရမယ်…"
မီလဲ့ကိုယ်တော်က ပြုံးလိုက်ရင်း…
"အဲဒါကတော့ ကျောက်စိမ်းဝိညာဉ်နန်းတော်နဲ့ ဘုရင်ရှစ်ပါးနန်းတော်ရဲ့ ကိစ္စဖြစ်သွားပြီ ၊ ကျုပ်တို့က ပွဲကြီးပွဲကောင်း စောင့်ကြည့်ရုံပဲ…"
မိုးနှင့်မြေတွင် လျှို့ဝှက်ဆန်းကျယ်သည့် မီးအိမ် (၃)ခု ရှိလေသည်။
ပထမမီးအိမ်က ကျောက်စိမ်းဝိညာဉ်နန်းတော်တွင်ရှိပြီး ဒုတိယမီးအိမ်က ဘုရင်ရှစ်ပါးနန်းတော်တွင် ရှိလေသည်။ တတိယမီးအိမ်ကတော့ လင်စန်းတောင်တွင်ရှိလေရာ ယခုတော့ လီချင်းဆွေက ယူသွားခဲ့ပြီ ဖြစ်သည်။
သို့သော်… လင်စန်းတောင်မှ နှလုံးသားမီးအိမ်သည် မီးအိမ်ကိုယ်တော် အသက်ဆုံးခဲ့ပြီးသည့်နောက်ပိုင်း အလင်းရောင်လည်း မှေးမှိန်သွားခဲ့လေသည်။
မည်သူမှ မီးအိမ်ကို လင်းလက်လာအောင် ထပ်မံ မီးထွန်းညှိနိုင်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် နှလုံးသားမီးအိမ်သည် အလွန်တန်ဖိုးရှိလင့်ကစား မီးရောင်လင်းလက်ခြင်းမရှိတော့သည့်နောက်ပိုင်း မီလဲ့ကိုယ်တော်အတွက် သိပ်ပြီး အသုံးမဝင်လှပေ။
သို့သော်… နောက်ထပ်မီးအိမ် (၂)လုံးကိုသာ ရရှိမည်ဆိုလျှင် မယုံကြည်နိုင်စရာ ကိစ္စများ ဖြစ်လာနိုင်လေသည်။
မည်သို့ပင်ဖြစ်စေ ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် ဘုရင်ရှစ်ပါးနန်းတော်ကို စိန်ခေါ်ပြီး မီးအိမ် (၂)လုံးကို ရယူရန်မှာတော့ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။
နေစကြာတထာဂတဿက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…
"ဒီတော့ နှလုံးသားမီးအိမ်ကို လီချင်းဆွေယူသွားတဲ့ကိစ္စ ဖုံးကွယ်ထားစရာမလိုဘူး ၊ သတင်းလွှင့်လိုက်ကြရုံပေါ့…"
မီလဲ့ကိုယ်တော်က ပြုံးရုံသာပြုံးနေပြီး မည်သည့်စကားမှ ပြန်လည်ပြောကြားခြင်း မရှိခဲ့ပေ။
…………..
လအနည်းငယ်ကြာပြီးသည့်နောက်….
ဆန်းလျန် ဘုရင့်နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာလေသည်။
ကြာပန်းဖြူပဲဖြစ်ဖြစ် ကျောက်ရှောင်ယွီပဲဖြစ်ဖြစ် သူ့ဘဝထဲသို့ မထင်မှတ်စွာ ဝင်ရောက်လာခဲ့ကြပြီး မထင်မှတ်စွာပင် ပြန်လည်ထွက်ခွာသွားကြသူများ ဖြစ်လေသည်။
ကြာပန်းဖြူပျောက်ကွယ်မသွားခင် "ချင်းရှကျောင်းတော်" တွင် သူ့ကိုမှာကြားသွားသည့် စကားများကို ဆန်းလျန် သတိရမိသည့်တိုင် လောလောဆယ်တွင် ချင်းရှကျောင်းတော်သို့ သွားချင်စိတ်မရှိသေးပေ။
ကျောက်ရှောင်ယွီသည် သူ့ကို အဖော်ပြုပေးနေရင်းမှပင် ရုတ်တရက် ထွက်ခွာသွားခဲ့လေသည်။
သို့သော်… ကျောက်ရှောင်ယွီသည် အခြားသောမိန်းကလေးများနှင့် မတူဘဲ ဆန်းလျန်ကို အဘယ်မျှချစ်မြတ်နိုးကြောင်း ပွင့်ပွင့်လင်းလင်းပင် ဝန်ခံခဲ့သူဖြစ်လေသည်။
သူမသည် လွတ်လပ်ပြီး သတ္တိရှိသူ မိန်းမပျိုတစ်ယောက် ဖြစ်သည်။
သူတို့အတူတူရှိခဲ့ကြသည့် အချိန်တိုလေးအတွင်းမှာပင် ဆန်းလျန်သည် သူမကို နက်နက်ရှိုင်းရှိုင်းမြတ်နိုးမိခဲ့လေသည်။
သို့သော်… ဆန်းလျန်၏အချစ်များ အထွတ်ထိပ်မရောက်ခင်မှာပင် သူမသည် ဆန်းလျန်ကို ထားသွားခဲ့ပြန်လေသည်။ ထိုမိန်းမပျိုသည် ဆန်းလျန်ကို မမေ့နိုင်သည့်အမှတ်တရများပေးကာ တစ်ယောက်တည်း ချန်ထားရစ်ခဲ့ပြန်လေပြီ။
ကျောက်ရှောင်ယွီက သူ့ကိုထားသွားသည့်အတွက် ဆန်းလျန်မှာ မထင်မှတ်စွာပင် ဝမ်းနည်းကြေကွဲခြင်းကို ခံစားနေရလေသည်။
ထိုနေ့က…
ဟယ်ရှန်းကို ကျိုးယီတောင်သို့ ပြန်ပို့ပေးသည့်အချိန်မှာပင် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ ကျောက်ရှောင်ယွီ အထင်မှတ်စွာ သူ့နံဘေးမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်၏ သင်ပြပေးမှုအောက်တွင် ရွှင်ယောင်းသည် အလျှင်အမြန်ပင် တိုးတက်လာခဲ့သည်။ လောကနတ်ဘုရားတစ်ပါးဖြစ်လာရန်အတွက် စက္ကူအလွှာပါးလေးတစ်လွှာမျှသာ လိုတော့သည်။
သို့သော်… လောကနတ်ဘုရားတစ်ပါး ဖြစ်လာရန်အတွက် ရွှင်ယောင်းအနေဖြင့် သူ့ကိုယ်တိုင် ကြိုးစားမှ ရပေလိမ့်မည်။ ဆန်းလျန်က လမ်းပြပေးရုံသာ တတ်နိုင်လေသည်။
ဆန်းလျန်က အလျှင်လိုခြင်းမရှိပါ။ သူက စိတ်အေးလက်အေးဖြင့်ပင် နေ့ရက်များကို ရေတွက်ရင်း စောင့်ဆိုင်းနေခဲ့လေသည်။
နန်းတော် (၃)ခုနှင့် ကျောင်းတော်ကြီး (၄)ခုမှ လူများကလည်း ဆန်းလျန်ကို တိတ်တဆိတ်စောင့်ကြည့်နေကြလေသည်။ သို့သော်… ဆန်းလျန်က အရေးမစိုက်ပေ။
အချိန်ကြာလာသည်နှင့်အမျှ စောင့်ကြည့်နေကြသူများလျော့နည်းသွားပြီး သူတို့က ဆန်းလျန်ကို သိပ်ပြီး စိတ်ဝင်စားကြခြင်း မရှိတော့ပေ။
ဆန်းလျန်၏ အပြုအမူများက အားလုံးကို ပဟေဠိဖြစ်စေလေသည်။ အမှန်ဆိုလျှင် အားလော်ဟယ်နှင့် တိုက်ပွဲအပြီးတွင် ဆန်းလျန်အနေဖြင့် တစ်နေရာတွင် လျှို့ဝှက်နေထိုင်သင့်လေသည်။ သို့သော်… ဆန်းလျန်ကတော့ လမ်းမများထက် ထင်ထင်ပေါ်ပေါ်ပင် သွားလာလျှက် ရှိလေတော့သည်။
ကျင့်ကြံခြင်းလောကရှိလူအများ ဆန်းလျန်ကို အာရုံစိုက်နေကြချိန်တွင် မယ်တော်ဝမ်မူကတော့ လူ့လောကအရေးများတွင် ပျော်ပျော်ရွှင်ရွှင် ပါဝင်ပတ်သက်ကာ အကျေနပ်ကြီး ကျေနပ်လျှက် ရှိနေလေတော့သည်။
မယ်တော်ဝမ်မူ၏ သြဇာအာဏာမှာ ကြီးမားလာပြီး အချိန် (၁)လအတွင်းမှာပင် သူမကို ဆန့်ကျင်ရဲသူ တစ်ယောက်မှ မရှိတော့ပေ။
နန်းတော် (၃)ခုနှင့် ကျောင်းတော်ကြီး (၄)ခုမှ လူများကလည်း သူမကို နှောက်ယှက်ကြခြင်း မရှိတော့ပေ။
ယနေ့တွင်တော့….
လမင်းကလည်းသာနေသလို လေပြေလေးကလည်း တိုက်ခတ်နေလေသည်။
ဆန်းလျန်သည် ဘုရင့်နန်းတော်အနီးအပါးရှိ ရေကန်တစ်ခု နံဘေးသို့ ရောက်ရှိနေလေသည်။
လေပြေအဝှေ့တွင် ရေကန်ထဲလွင့်မျောသွားသည့် ကြာပန်းလေးများ ၊ ကောင်းကင်ထက်တွင် လွင့်မျောသွားသည့် တိမ်တိုက်များဖြင့် ညခင်းက အလွန်ပင် သာယာလျှက်ရှိသည်။
"ကျန်းနန်ကမြစ်တစ်စင်း…
လယ်ကွင်းတွေကို ဖြတ်သန်းစီးဆင်း…
မြစ်ရေထဲမှာ ကြာပန်းပွင့်တွေစီးမျောသွား…
ကြာရွက်များကြား ငါးလေးတွေက ဆော့ကစား …
အရှေ့ဘက်က ကြာရွက်များကြား ငါးလေးတွေက ဆော့ကစား …
အနောက်ဘက်က ကြာရွက်များကြား ငါးလေးတွေက ဆော့ကစား …
တောင်ဘက်က ကြာရွက်များကြား ငါးလေးတွေက ဆော့ကစား …
မြောက်ဘက်က ကြာရွက်များကြား ငါးလေးတွေက ဆော့ကစား … "
ဆန်းလျန်က ရေကန်နံဘေးတွင် ရှေးဟောင်းကဗျာတစ်ပုဒ်ကို သက်သောင့်သက်သာ ရွတ်ဆိုနေလေသည်။
"ဒီကဗျာက တကယ်ကောင်းတာပဲ…"
နူးညံ့သိမ်မွေ့သည့် မိန်းကလေးသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ဆန်းလျန်က လှမ်းကြည့်လိုက်သည့်အခါတွင်တော့ နတ်သမီးတစ်ပါးကဲ့သို့ ချောမောလှပပြီး ဗောဓိသကျတစ်ပါးကဲ့သို့ တည်ကြည်သည့် မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရလေသည်။
ဆန်းလျန်က သူ့ရှေ့မှ မိန်းမပျိုကို အတန်ကြာစိုက်ကြည့်နေလေသည်။
နောက်ဆုံးမှ တစ်ချက်ပြုံးလိုက်ရင်း…
"မယ်တော်… ဘာကိစ္စရှိလို့ ရောက်လာရတာလဲ…"
ထိုမိန်းမပျိုသည်ကား ကွမ်ယင်မယ်တော်ပင် ဖြစ်လေ၏။
ဆန်းလျန်မှာ ကွမ်ယင်မယ်တော်ကို တွေ့လိုက်ရသည့်အတွက် အံ့သြသွားမိသည်။ ကွမ်ယင်မယ်တော်သည် ထူးခြားဆန်းကျယ်သူတစ်ယောက် ဖြစ်ရုံသာမက သူမထံတွင် တာအိုဝါဒနှင့် ဗုဒ္ဓဘာသာ (၂)မျိုးစလုံး ကာရံညီလျှက် ရှိသည်ကို တွေ့ရလေသည်။
လောကတွင် တာအိုဝါဒနှင့် ဗုဒ္ဓဘာသာ (၂)မျိုးလုံးကို ကျင့်ကြံနိုင်သူဆို၍ အနည်းငယ်သာရှိပြီး ဆန်းလျန်ပင်လျှင် (၂)ယောက်ခန့်သာ တွေ့မြင်ခဲ့ဖူးလေသည်။
တစ်ယောက်မှာ ဆန်းလျန်ကိုယ်တိုင်ဖြစ်ပြီး နောက်တစ်ယောက်မှာ ယခု သူ့ရှေ့တွင်ရောက်ရှိနေသည့် ကွမ်ယင်မယ်တော်ပင် ဖြစ်သည်။
သို့သော်… မတူညီသည့်အချက်မှာ ဆန်းလျန်က ဗုဒ္ဓဘာသာကျင့်စဉ်များကို ကျင့်ကြံရင်း တာအိုလမ်းစဉ်ကို လျှောက်လှမ်းခဲ့သူဖြစ်ပြီး ကွမ်ယင်မယ်တော်ကတော့ တာအိုကျင့်စဉ်များကို ကျင့်ကြံရင်း ဗုဒ္ဓဘာသာလမ်းစဉ်ကို လျှောက်လှမ်းခဲ့သူ ဖြစ်လေသည်။
ကွမ်ယင်မယ်တော်က ကြည်လင်သည့်မျက်ဝန်းများဖြင့် ဆန်းလျန်ကို ကြည့်လိုက်ပြီး တစ်ချက်ပြုံးလိုက်သည်။
"ဝက်ဝံသခင်ကိုလွှတ်ပြီး မင်းကို ဖိတ်ကြားခိုင်းလိုက်တာ ၊ မင်းက မလာတော့ ငါကိုယ်တိုင်ပဲ မင်းကိုလာတွေ့ရတော့တာပေါ့…"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"မယ်တော်ကလာမတွေ့လည်း ကျုပ်က လာတွေ့တော့မလို့ပါပဲ…"
ထို့နောက် ဆန်းလျန်က လက်ဝှေ့ယမ်းလိုက်လေရာ ကြည်လင်သည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူတို့ (၂)ယောက်လုံး တိမ်တိုက်နန်းတော်တစ်ခုအတွင်းသို့ ရောက်ရှိသွားကြလေသည်။
တိမ်တိုက်နန်းတော်နံဘေးရှိ ရေကန်ထဲတွင် ကြာပန်းများပွင့်လန်းနေပြီး အေးမြသည့် လရောင်က ကန်ရေပြင်ထက်သို့ ဖြာကျနေလေသည်။
တိမ်တိုက်နန်းတော်ထဲတွင် ကျောက်သားစားပွဲတစ်ခုနှင့် ကျောက်သားထိုင်ခုံများ ရှိနေလေသည်။
ဆန်းလျန်နှင့် ကွမ်ယင်မယ်တော်တို့ မျက်နှာချင်းဆိုင် ထိုက်လိုက်ကြလေသည်။
စားပွဲထက်တွင် ရေနွေးကြမ်းအိုးတစ်အိုးရှိနေလေသည်။
တိမ်ခိုးများကလွင့်မျောနေပြီး လရောင်ကတောက်ပနေသည်။
အပြင်မှ လှမ်းကြည့်မည်ဆိုလျှင် နတ်ဘုရားကမ္ဘာမှ မိန်းမပျိုတစ်ယောက်နှင့် ယောကျ်ားပျိုတစ်ယောက် လက်ဖက်ရည်ကြမ်းသောက်နေကြသည်ကို တွေ့မြင်ရမည် ဖြစ်လေသည်။
ကွမ်ယင်မယ်တော်က လက်ဖက်ရည်ကြမ်းကို တစ်ငုံသောက်လိုက်ပြီး…
"ကောင်းလိုက်တဲ့လက်ဖက်ရည်ကြမ်း…"
ဆန်းလျန်က…
"တိုက်ဆိုင်သွားတာပါ…"
ကွမ်ယင်မယ်တော်က…
"တိုက်ဆိုင်တယ်ဆိုတာမျိုးကို ငါ လက်မခံဘူး…"
ဆန်းလျန်က ကွမ်ယင်မယ်တော်ကို လက်နှစ်ဖက်စုပ်ကာ အရိုအသေပေးလိုက်သည်။
ကွမ်ယင်မယ်တော် သူ့ဆီရောက်လာသည်မှာ ကောင်းသည့်ရည်ရွယ်ချက်ဖြင့် မဟုတ်သည်ကို သိရှိသည့်တိုင် သူကတော့ ကွမ်ယင်မယ်တော်ကို မလေးစားဘဲ မနေနိုင်ပါချေ။
အမှန်တော့ လက်ဖက်ရည်ကြမ်းမှာ ဆန်းလျန်ဖန်ဆင်းထားသည့် လက်ဖက်ရည်ကြမ်း ဖြစ်လေသည်။ လက်ဖက်ရည်ကြမ်းအရသာရှိသည့်တိုင် လက်ဖက်ခြောက်၏ အနှစ်သာရ ပါဝင်ခြင်း မရှိပေ။ ဖန်ဆင်းထားခြင်း ဖြစ်သည့်အတွက် အရင်းအမြစ်မရှိပေ။
ထို့ကြောင့် ကွမ်ယင်မယ်တော်က "တိုက်ဆိုင်တယ်ဆိုတာကိုလက်မခံဘူး" ဟု ပြောခဲ့ခြင်း ဖြစ်လေသည်။
ကွမ်ယင်မယ်တော်က…
"ငါတို့အရှေ့မှာ ရှုခင်းတစ်ခုရှိနေတယ် ၊ ဒါပေမဲ့ ငါမလုပ်နိုင်တဲ့အရာတစ်ခုရှိတယ် ၊ ဆန်းလျန်ထျန်းကျွင်း လုပ်ပေးနိုင်မလား…"
အရှေ့တွင် မြင်နေသည့် ရှုခင်း… ၊
ကွမ်ယင်မယ်တော် မလုပ်နိုင်သည့်အရာ… ၊
ဆန်းလျန်လုပ်ပေးနိုင်သည့်အရာ…။
ကွမ်ယင်မယ်တော်၏ စကားက မည်သို့ အဓိပ္ပါယ်ရှိပါသနည်း။
သို့သော်… ကွမ်ယင်မယ်တော်ဆိုလိုသည့်အဓိပ္ပါယ်ကို ဆန်းလျန်ကတော့ နားလည်လိုက်သည်။
ဆန်းလျန်က တိုးလျသည့်လေသံဖြင့်…
"ဧကန္တ…"
ကွမ်ယင်မယ်တော်က…
"ကျေးဇူးပြုပြီး ဆန်းလျန်ထျန်းကျွင်း ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်…"
ဆန်းလျန်က…
"ပန်းချီကားကို ရေးဆွဲတာ…"
ကွမ်ယင်မယ်တော်က နူးညံ့သည့်လေသံဖြင့်…
"ဟုတ်တယ်…."
ဟု ပြောလိုက်လေသည်။
ထို့နောက် ကွမ်ယင်မယ်တော်၏လက်ဖဝါးထက်တွင် စာရွက်ဖြူတစ်ရွက်နှင့် စုတ်တံတစ်ချောင်းပေါ်လာလေသည်။ သာမန်စက္ကူနှင့် သာမန်စုတ်တံတစ်ချောင်းမျှသာ ဖြစ်သော်လည်း ဖန်ဆင်းခြင်းကို ကိုယ်စားပြုလလေသည်။
ဆန်းလျန်က ကွမ်ယင်မယ်တော်၏လက်ထဲမှ စက္ကူနှင့် စုတ်တံကိုယူလိုက်ပြီး အချိန်တစ်ခဏမျှ စဉ်းစားနေလိုက်ပြီးမှ ပန်းချီကားကို စတင် ရေးဆွဲလိုက်သည်။
သူက စုတ်ချက်တစ်ချက်ချင်းစီ အကြမ်းဖျင်းရေးဆွဲလိုက်သည်။
သို့သော်… စုတ်တံနှင့် ရေးခြစ်လိုက်လေတိုင်း မမြင်ရသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာလေသည်။
အနီးကပ်ကြည့်မည်ဆိုလျှင် ထိုပြောင်းလဲမှုများသည် ပြင်ပရှုခင်းများနှင့် တစ်ပြိုင်တည်း အချိန်ကိုက်ပြောင်းလဲနေသည်ကို တွေ့ရှိရမည် ဖြစ်သည်။
ဆန်းလျန်ရေးဆွဲနေသည့် ပန်းချီကားက ရုပ်သေပန်းချီကားချပ်တစ်ခု မဟုတ်ပေ။ အသက်ဝင်ရှင်သန်နေသည့် ပန်းချီကားတစ်ချပ် ဖြစ်လေသည်။
အချိန်တိုအတွင်းမှာပင် ပန်းချီကား ရေးဆွဲပြီးသွားလေသည်။
ပန်းချီကားက အသက်ဝင်နေပြီး မင်ရောင်ကို ဖယ်ရှားလိုက်မည်ဆိုလျှင် ပြင်ပမှရှုခင်းပုံနှင့် တစ်ထေရာတည်းတူသည်ကို တွေ့မြင်နိုင်သည်။
ပြင်ပမှ ရှုခင်းများပြောင်းလဲသွားသည်နှင့် ပန်းချီကားကလည်း လိုက်လံ ပြောင်းလဲသွားမည် ဖြစ်သည်။
အပြင်ဘက်ရှိ ရှုခင်းထဲတွင် ကြာရွက်ပေါ်သို့ ပုဇဉ်းတစ်ကောင် လာနားလေသည်။ ထိုအခါ ပန်းချီကားထဲတွင်လည်း ပုဇဉ်းတစ်ကောင်ပေါ်လာကာ ကြာရွက်ပေါ်တွင် လာနားလေသည်။
ကွမ်ယင်မယ်တော်သည် ပန်းချီကားကို ကြည့်ပြီး တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ဆန်းလျန်၏ ပြောင်းလဲခြင်းကိုအခြေခံသည့် တာအိုတန်ခိုးစွမ်းအားများသည် ပန်းချီးကားထဲတွင် ထင်ဟပ်နေလေသည်။
ဆန်းလျန်သည် ပန်းချီကားကို ရေးဆွဲသည့်အချိန်တွင် အနာဂတ်အချိန်တွင် ရှုခင်း၏ ပြောင်းလဲလာနိုင်ချေများကို ခန့်မှန်းတွက်ချက်ကာ ထည့်သွင်းထားခဲ့လေသည်။ ထို့ကြောင့် ပန်းချီကားသည် ပြင်ပရှုခင်းနှင့်အညီ လိုက်လံပြောင်းလဲနေခြင်းပင် ဖြစ်တော့သည်။
အနာဂတ်ကို ဖမ်းယူဆုပ်ကိုင်ထားသည့် ပန်းချီကားသည် ကွမ်ယင်မယ်တော်ကို စကားပင်မပြောနိုင်လောက်အောင် အံ့သြစေလေသည်။
ကွမ်ယင်မယ်တော်သည် နတ်ဘုရားများ၏ အဆုံးသတ်နိဂုံးခေတ်တစ်ခေတ်ကို တွေ့မြင်လိုက်ရလေသည်။
ကွမ်ယင်မယ်တော်က…
"ဆန်းလျန်ထျန်းကျွင်းလည်း သိပါတယ်လေ ၊ အခုဆိုရင် ထျန်းကျွင်းရင်ဆိုင်ရမယ့် ရန်သူတွေ အများကြီး ရှိနေတယ် ဆိုတာ ၊ အားလော်ဟယ်ကိုအသာထား… ကျောက်စိမ်းဝိညာဉ်နန်းတော် ၊ ဘုရင်ရှစ်ပါးနန်းတော် ၊ နတ်မိစ္ဆာအဓိပတိနန်းတော်အပြင် ရှေးဟောင်းနတ်ဘုရားပေါင်းများစွာက ထျန်းကျွင်းကို သတ်ပစ်ချင်လောက်အောင် မုန်းတီးနေကြတာ ၊ ဒါပေမဲ့ ထျန်းကျွင်းအနားမှာနေပြီး ရပ်တည်ပေးမယ့်သူကတော့ ကျောက်ရှောင်ယွီ တစ်ယောက်ပဲ ရှိတယ်…"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"မယ်တော်ဆိုရင်ရော အဲဒီလို နတ်ဘုရားတွေအများကြီးနဲ့ ရန်သူဖြစ်ချင်ပါ့မလား…"
ကွမ်ယင်မယ်တော်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ဖြစ်သင့်ရင် ဖြစ်ရမှာပေါ့…"
နတ်ဘုရားများသည် ထိုကဲ့သို့ပင် ဖြစ်လေသည်။
မျှော်လင့်ချက်အနည်းငယ်မျှသာ ရှိသည့်တိုင် အခွင့်အရေးတစ်ခုကို လက်လွှတ်မခံနိုင်ခဲ့ကြပေ။
ထိုအချက်ကြောင့်ပင် ကွမ်ယင်မယ်တော်သည် ကျောက်စိမ်းဝိညာဉ်နန်းတော်မှ ထွက်ခွာလာခဲ့ပြီး ယွမ်စီထျန်းကျွင်း၏ တပည့်တစ်ယောက်ဖြစ်သည့် "တာအိုဆရာချီဟန်" ဆိုသည့် ဂုဏ်ပုဒ်ကို စွန့်လွှတ်ကာ ဗုဒ္ဓ၏အရိပ်ကို ခိုလှုံခဲ့ခြင်း ဖြစ်လေသည်။
သို့သော်…ထိုသို့ဆုံးဖြတ်ခဲ့ခြင်းအတွက် သူမ မည်သည့်အခါမှ နောင်တရမည် မဟုတ်ပေ။
ဆန်းလျန်က…
"အမှန်တော့ တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာသည်ဖြစ်စေ ဖြစ်မလာသည်ဖြစ်စေ ကိုယ့်ကိုကိုယ်တော့ ကောင်းအောင် အတတ်နိုင်ဆုံးကြိုးစားကြရမှာပဲ ၊ ကျုပ်က တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်ချင်တဲ့အတွက် ကြုံတွေ့ရမယ့် အခက်အခဲတွေအားလုံးကို ရင်ဆိုင်မှာပဲ ၊ ဒါပေမဲ့ အဲဒါက ကျုပ်ရဲ့ ဦးတည်ရာမဟုတ်ပါဘူး… ၊ ကြာရွက်များကြား ငါးလေးတွေက ဆော့ကစား … ၊ အရှေ့ဘက်က ကြာရွက်များကြား ငါးလေးတွေက ဆော့ကစား … ၊ အနောက်ဘက်က ကြာရွက်များကြား ငါးလေးတွေက ဆော့ကစား … ၊ တောင်ဘက်က ကြာရွက်များကြား ငါးလေးတွေက ဆော့ကစား … ၊ မြောက်ဘက်က ကြာရွက်များကြား ငါးလေးတွေက ဆော့ကစား …"
ဆန်းလျန်က ထိုင်ရာမှထလိုက်ပြီး ကွမ်ယင်မယ်တော်ကို လှည့်မကြည့်တော့ဘဲ တိမ်တိုက်နန်းတော်ထဲမှ ထွက်ခွာသွားလေသည်။
သူရွတ်ဆိုခဲ့သည့် ရှေးဟောင်းကဗျာလေးက အတူတူပင်ဖြစ်သော်လည်း အမြင်များကတော့ ပြောင်းလဲသွားပြီ ဖြစ်လေသည်။
ကွမ်ယင်မယ်တော်၏ စိတ်ထဲတွင်လည်း အမြင်များ ပြောင်းလဲသွားလေသည်။
ဆန်းလျန်ဆိုသည်က….
အစမှသည် အဆုံးထိတိုင် မည်သည့်အခါမှ မပြောင်းလဲသည့် စိတ်ဓာတ်ခိုင်မာသူတစ်ယောက် ဖြစ်လေသည်။
ငါးလေးများဆိုသည်က ရည်ရွယ်ချက်မရှိသည့်တိုင် ရေထဲတွင် အမြဲတမ်းဆော့ကစားနေကြမည် ဖြစ်လေသည်။
ကြာရွက်များကြား ဆော့ကစားနေရခြင်းသည်ပင်လျှင် ငါးလေးများအတွက် အံ့သြစရာ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် အခြားသောအကြောင်းအရာများကြောင့် အဘယ်မှာ စိတ်အနှောက်အယှက် ဖြစ်နေစရာ လိုပါသနည်း။
ဆန်းလျန်သည်လည်း ကျင့်စဉ်လမ်းကိုလျှောက်လှမ်းရန် ရွေးခြယ်ခဲ့သူတစ်ယောက် ဖြစ်လေသည်။ သူက ငါးလေးများ ကြာရွက်များကြားတွင် ပျော်ရွှင်စွာ ဆော့ကစားနေသကဲ့သို့ ကျင့်စဉ်လမ်းတွင် ပျော်ရွှင်စွာ လျှောက်လှမ်းနေမည် ဖြစ်ပြီး ရန်သူများကြောင့်တော့ဖြင့် စိတ်အနှောက်အယှက် ဖြစ်နေစရာ အဘယ်မှာ ရှိပါမည်နည်း။
ဆန်းလျန် ထွက်ခွာသွားသည်နှင့်…
တိမ်တိုက်နန်းတော်သည်လည်း ပျောက်ကွယ်သွားလေသည်။
ထိုအချိန် ဝူခုံးက ကွမ်ယင်မယ်တော်၏ရှေ့တွင် ပေါ်လာလေသည်။
ကွမ်ယင်မယ်တော်က ဝူခုံးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ရုတ်တရက် စကားတစ်ခွန်းကို ဆိုလိုက်သည်။
"နှစ်ပေါင်းတစ်သောင်းကျော်တောင် ကြာခဲ့ပြီးပြီ ၊ သူက ဘာလို့ ဆန်းလျန်ထျန်းကျွင်းအဖြစ် အခုချိန်ထိ တည်ရှိနေရသေးသလဲဆိုတာကို ငါ နားလည်သွားပြီ…"
***