ခရမ်းရောင်အခိုးအငွေ့များကြားဝယ်
Vol. 9 Ch. 818
ဆန်းလျန် ရေကန်ဘက်ဆီ လမ်းလျှောက်ထွက်ပြီး ပြန်လာသည့်အချိန်တွင် ရွှင်ယောင်းက အိမ်အပြင်ဘက်တွင် ဆန်းလျန်ကို စောင့်မျှော်နေလေသည်။
ထိုအချိန်မှာပင်…
အရှေ့ဘက်ကောင်းကင်ရှိ ကြယ်စင်များဆီတွင် ခရမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်ကို ဆန်းလျန် တွေ့မြင်လိုက်ရသည်။ ထိုခရမ်းရောင်အခိုးအငွေ့များသည် မိုင်ပေါင်းတစ်သောင်းမက ရှည်လျားလေသည်။
ဆန်းလျန်က မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး ရွှင်ယောင်းကို လက် (၂)ချောင်းဖြင့် ထိုးညွှန်လိုက်သည်။ ဆန်းလျန်၏ လက်ချောင်းထိပ်များမှ ထူးဆန်းသည့် လူပြန်ဝင်စားခြင်းတန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး ရွှင်ယောင်းမှာ မြေပြင်ထက်သို့ လဲကျသွားကာ အိပ်ပျော်သွားလေတော့သည်။
ရွှင်ယောင်း၏ဝိညာဉ်သည် အိပ်မက်လှလှမက်နေပေလိမ့်မည်။
ဆန်းလျန်အသုံးပြုလိုက်သည့် တန်ခိုးစွမ်းအားမှာ လူပြန်ဝင်စားခြင်းအနှစ်သာရကို ဆန်းလျန် သိမြင်ခဲ့သည့်အချိန်တွင် ရရှိခဲ့သည့် တန်ခိုးစွမ်းအားများ ဖြစ်လေသည်။
ထို့ကြောင့် ရွှင်ယောင်းသာ အမှားများကို ဖယ်ခွာကာ အိပ်မက်ထဲတွင် ကျင့်ကြံနိုင်ခဲ့မည်ဆိုလျှင် အိပ်ယာမှ နိုးလာသည့်အချိန်တွင် လောကနတ်ဘုရားတစ်ပါး သေချာပေါက် ဖြစ်နေပေလိမ့်မည်။
ဆန်းလျန်က ရွှင်ယောင်းကို သစ်ပင်ကြီးတစ်ပင်နောက်သို့ အသာရွှေ့ထားလိုက်သည်။
ထို့နောက်… ဆန်းလျန်သည် ဘုရင့်နေပြည်တော်အပြင်ဘက်ဆီသို့ ထွက်ခွာလာခဲ့လေတော့သည်။
အရှေ့ဘက်ကောင်းကင်ဆီမှ ခရမ်းရောင်အခိုးအငွေ့များက ပိုမိုအားကောင်းလာပြီး အရှေ့ဘက်ကောင်းကင်တစ်ခုလုံး ခရမ်းရောင်တောက်ပလျှက် ရှိတော့သည်။
ဆန်းလျန်က ဖုန်းဆိုးမြေအလယ်ရှိ တောင်ကုန်းလေးတစ်ခုဘေးသို့ ရောက်လာလေသည်။
ထိုနေရာတွင်…
ခရမ်းရောင်အခိုးအငွေ့များအနည်းငယ်ပြယ်လွင့်သွားပြီး သန့်စင်သည့် ခရမ်းရောင်လှေကားတစ်ခု ပေါ်လာလေသည်။
လူတစ်ယောက်သည် ခရမ်းရောင်လှေကားထစ်များအတိုင်း တစ်လှမ်းချင်း လမ်းလျှောက်ပြီး ကောင်းကင်ထက်မှ ဆင်းလာလေသည်။
ထိုသူ၏မျက်နှာက ထူးဆန်းပြီး ဦးခေါင်းထက်တွင် ဆံထုံး (၂)ခု ထုံးထားလေသည်။ ခရမ်းရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ လှုပ်ရှားမှုက ရေပြင်ကို ဖြတ်သန်းတိုက်ခတ်သွားသည့် လေပြေအလား ပေါ့ပါးလျှင်မြန်လှသည်။
"ဒီလို ကြယ်တွေ လတွေ ဆုံတဲ့ညဟာ ဆန်းလျန်ကိုသတ်ပစ်ဖို့ အကောင်းဆုံးအချိန်ပဲ…"
ခရမ်းရောင်လှေကားထက်မှ ဆင်းသက်လာသည့် တာအိုဆရာသည် တောင်ကုန်းထိပ်တွင် ရပ်တန့်ရပ်လိုက်ပြီး ဆန်းလျန်ကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
ထိုသူ၏အကြည့်မျိုးကို ဆန်းလျန်၏ဘဝတွင်တစ်ခါမှ မတွေ့မြင်ခဲ့ဖူးပေ။ ထိုအကြည့်များထဲတွင် ခံစားချက် ကင်းမဲ့လို့နေသည်။ ထို့ပြင် အနတ္တတရားနှင့် မရှိမှုတရားကို တစ်ပြိုင်တည်းတွေ့မြင်နေရပြန်လေသည်။
ဆန်းလျန်က…
"မင်းက ရွှမ်တုတောက်ကျွင်းပဲ…"
ဆန်းလျန်သည် ရွှမ်တုတောက်ကျွင်းကို တစ်ခါမှ တွေ့မြင်ဖူးခြင်း မရှိပေ။
သို့သော်… ယခု သူ့ရှေ့တွင် ရပ်နေသူမှာ ရွှမ်တုတောက်ကျွင်းဖြစ်သည်ကို သူ ကောင်းကောင်း ခန့်မှန်းမိလေသည်။
ကြီးမြတ်သည့် ရွှမ်တုတောက်ကျွင်း ၊ တာအိုဝါဒ၏ ပထမဆုံးနတ်ဘုရား ရွှမ်တုတောက်ကျွင်း ၊ အမြဲတမ်း လူ့လောကနှင့် ပတ်သက်ခြင်းမရှိဘဲ မာနကြီးလွန်းသည့် ရွှမ်တုတောက်ကျွင်းသည် ယခုတော့ မမျှော်လင့်စွာပင် လူ့လောကသို့ ဆင်းသက်လာပြီ ဖြစ်လေသည်။
ရွှမ်တုတောက်ကျွင်းသည် တောင်ကုန်းထက်တွင် မတ်တတ်ရပ်နေလေသည်။
သူ၏အနောက်ဘက်တွင် အဆုံးမရှိသည့် ခရမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်နေပြီး ကြယ်စင်များပင် သူ့ကို ခစားနေသည့်အလား ထင်မှတ်ရသည်။
ထိုသို့သော ခမ်းနားမှုမျိုးကို ဆန်းလျန်တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
သူသည် အားလော်ဟယ်၏ သြဇာအာဏာပိုင်ဆိုးမှုများကို တွေ့မြင်ခဲ့ဖူးပြီ။
ကွမ်ယင်မယ်တော်၏ လျှို့ဝှက်ဆန်းကျယ်မှုများနှင့် မခန့်မှန်းနိုင်မှုများကို တွေ့မြင်ခဲ့ဖူးပြီ။
ဝက်ဝံသခင်၏ မာနကြီးပြီးမောက်မာမှုများကို တွေ့မြင်ခဲ့ဖူးပြီ။
သို့သော်… သူတို့အားလုံးသည် ရွှမ်တုတောက်ကျွင်းနှင့်ယှဉ်လျှင် မှေးမှိန်သွားကြရလေသည်။
ထိုသို့ဖြစ်ရသည်မှာ အားလော်ဟယ်နှင့် ကွမ်ယင်မယ်တော်သည် ရွှမ်တုတောက်ကျွင်းလောက် မတော်သောကြောင့် မဟုတ်ပေ။
ရွှမ်တုတောက်ကျွင်း ကျင့်ကြံထားသည့် အခြားသူများ နားမလည်နိုင်သည့်အဆင့်ကို ရောက်ရှိသွားပြီး ကန့်သတ်ချက်များကို ကျော်လွန်သွားသောကြောင့် ထိုသို့ဖြစ်ရခြင်း ဖြစ်လေသည်။
ရေကန်နံဘေးတွင် ကွမ်ယင်မယ်တော်နှင့် ဝူခုံး ရှိနေဆဲ ဖြစ်သည်။
ဝူခုံး၏ ခန္ဓာကိုယ်မှ ရွှေရောင်အမွှေးများ ထောင်နေလေသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ဘုရင့်နေပြည်တော်တွင် ထူးဆန်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်နေသည်ကို သတိပေးနေသည့်အလားပင် ဖြစ်သည်။
ကွမ်ယင်မယ်တော်က…
"ငါ ကျောက်စိမ်းဝိညာဉ်နန်းတော်မှာ တပည့်တစ်ယောက်ဖြစ်ခဲ့တုန်းက ရွှမ်တုတောက်ကျွင်းကို လုံး၀ မယှဉ်နိုင်ခဲ့ဘူး ၊ အခု ငါ ဗုဒ္ဓဘာသာကျင့်စဉ်တွေကိုကျင့်ကြံခဲ့တဲ့အခါ သူနဲ့ ငါနဲ့ သိပ်မကွာတော့ဘူးလို့ ခံစားရတယ် ၊ ဒါပေမဲ့ သူက ငါ့ထက်သာနေသေးတာတော့ အမှန်ပဲ…"
ဝူခုံးက…
"'ဒါပေမဲ့ တာအိုဆရာသခင်ထိုက်ယီ တာအိုဆရာသခင်ကြီးတစ်ပါး မဖြစ်ခင်က သူ့ထက်အများကြီးသာတယ်မဟုတ်လား…."
ကွမ်ယင်မယ်တော်က တည်ငြိမ်သည့်လေသံဖြင့်…
"တာအိုဆရာသခင်ထိုက်ယီကိုတော့ ဘယ်သူက ယှဉ်နိုင်မှာတဲ့လဲ…"
ဝူခုံးငြိမ်သက်သွားလေသည်။
ဝူခုံး၏ ရွှေမျက်စံမီးမျက်စိများက တစ်လက်လက်တောက်ပနေပြီး တစ်စုံတစ်ခုကို စဉ်းစားတွက်ချက်ကြည့်နေဟန် ရှိသည်။
ဝူခုံး၏စိတ်ထဲတွင် မည်သည့်အတွေးများတွေးနေသည်ကို ကွမ်ယင်မယ်တော် သိရှိလေသည်။
ဆန်းလျန်သည် ရန်သူတစ်ယောက် ဖြစ်ချင်ဖြစ်မည်။ သို့သော်… ရွှမ်တုတောက်ကျွင်းကဲ့သို့ လူမျိုးကတော့ မည်သည့်နည်းနှင့်မှ ရန်သူမဖြစ်ထိုက်သည့်လူတစ်ယောက် ဖြစ်လေသည်။
ရှည်လျားသည့် ကျင့်စဉ်လမ်းသည် အထီးကျန်လွန်းလှသည်။ ထို့ပြင် အထီးမကျန်သည့် ကျင့်ကြံသူများကတော့ သေဆုံးသွားကြရမည်ဖြစ်လေသည်။ အရိုးဆွေးသွားကြသည့် ကျင့်ကြံသူများက ဒုနှင့်ဒေးပင်ဖြစ်သည်။
အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန် အချိန်အပိုင်းအခြားနှင့် ဤလောကတစ်ခွင်တွင် တာအိုဆရာသခင်ကြီး တစ်ပါးသာ ပွင့်ရန်ကျန်ရှိတော့သည်။
တာအိုဆရာသခင်ကြီးဖြစ်ရန်အတွက် ဆန်းလျန်က အရှိန်အဟုန်ပြင်းစွာဖြင့် ရှေ့တန်းရောက်နေသူတစ်ယောက်ဖြစ်လေသည်။ သို့သော်… ရွှမ်တုတောက်ကျွင်းကတော့ ဆန်းလျန်နောက်မှ ကပ်လိုက်နေသည်ဟုပြောလျှင် မမှားနိုုင်ပေ။
ထိုအချိန်ခဏအတွင်းမှာပင်…
ဝူခုံးက ကျွမ်းတစ်ပတ်ထိုးလိုက်ကာ နဂါးငွေ့တန်းကို ဖြတ်သန်းထွက်ခွာသွားလေသည်။ သူသည် ချက်ချင်းပင် နတ်ဘုရားတောင်တစ်တောင်ထက်မှ တာအိုကျောင်းတော်ကြီးတစ်ခုဆီသို့ ရောက်ရှိသွားလေတော့သည်။
ထိုတာအိုကျောင်းတော်ကြီးမှာ ကျန့်ယွမ်ကျီနတ်မင်းကြီးနေထိုင်ရာ ဝူကျွမ်းကျောင်းတော်ကြီးပင် ဖြစ်လေသည်။ ဝူခုံးက ကွမ်ယင်မယ်တော်၏ အမိန့်ဖြင့် ကျန့်ယွမ်ကျီနတ်မင်းကြီးကို လာရောက် ခေါ်ဆောင်ခြင်းပင် ဖြစ်သည်။
ဆန်းလျန်က ရွှမ်တုတောက်ကျွင်းကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့သည်။
သူ၏အကြည့်များက ကြည်လင်ပြီး ရှင်းလင်းလေသည်။
ရွှမ်တုတောက်ကျွင်း၏ မျက်နှာက အခြားသောလူသားများနှင့်မတူဘဲ အနည်းငယ် ထူးခြားသည်။ သူ့မျက်နှာပုံစံက မျောက်ဝံတစ်ကောင်နှင့် အနည်းငယ် ဆင်တူလေသည်။ ထို့ကြောင့် ထူးဆန်းပြီး ရှေးကျသည်ဟု ဆိုနိုင်သည်။
ရွှမ်တုတောက်ကျွင်းက ဆန်းလျန်ကို ကြည့်နေရင်း ရုတ်တရက် ရယ်မောလိုက်သည်။
သူ၏မျက်ဝန်းများက ခံစားချက်ကင်းမဲ့သည့်တိုင် ရယ်မောလိုက်သည့်အခါတွင်တော့ ခံစားချက်များနှင့်ပြည့်ဝနေသည့် နွေဦးပန်းပွင့်လေးအလား ၊ ဆောင်းဦးတွင်သာသည့် လစန္ဒာအလား ဖြစ်လေသည်။ ချက်ချင်းပင် လူသားတစ်ယောက် ပီသသွားသလို ခံစားရစေသည်။
ရွှမ်တုတောက်ကျွင်းက…
"ဆန်းလျန် ၊ မင်း ကျုပ်ကို မှတ်မိတယ်ဆိုမှတော့ မေးစရာတစ်ခုရှိတယ် ၊ စိတ်ခံစားချက်ရှိတာကောင်းသလား ၊ အကြင်နာတရားကင်းမဲ့တာ ကောင်းသလား…"
ဆန်းလျန်က တစ်ချက်ရေရွတ်လိုက်ပြီးမှ အဖြေစကားပြောလိုက်သည်။
"မေ့ပစ်လိုက်တာက အကောင်းဆုံးပဲ ၊ သည်းမခံနိုင်တာကတော့ အဆိုးဆုံးပဲ…"
ရွှမ်တုတောက်ကျွင်းက တစ်ချက်ပြုံးလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။
"အင်း… မှန်တယ် ၊ သည်းမခံနိုင်တာကတော့ အဆိုးဆုံးပဲ ၊ ဒါပေမဲ့ မင်း ကျုပ်မေးတာကို ဘာလို့ တည့်တည့် မဖြေဘဲ ရှောင်နေရတာလဲ ၊ ကျုပ်က မင်းဆီက အဖြေကိုသိချင်နေတာ…"
အကြင်နာကင်းမဲ့ခြင်းဆိုသည်မှာ ခံစားချက်များစွာကို ရင်ဆိုင်ကြုံတွေ့ပြီးမှ စတင်ဖြစ်တည်လာခြင်း ဖြစ်လေသည်။
ထို့ကြောင့် ခွင့်မလွှတ်နိုင်သေးဘူးဆိုလျှင် ခံစားချက်ရှိနေသေးသည်ဟု ယူဆနိုင်ပြီး မေ့ပျောက်ပစ်လိုက်ခြင်းကတော့ အကြင်နာကင်းမဲ့ခြင်း ဖြစ်လေသည်။ ထိုအချက်ကို ဥပေက္ခာပြုခြင်းဟုလည်း ခေါ်ဆိုနိုင်လေ၏။
သို့သော်… ဆန်းလျန်ကတော့ ရွှမ်တုတောက်ကျွင်း၏ မေးခွန်းများကို တိတိကျကျဖြေဆိုရင် ရှောင်ရှားလိုက်မိသည်။ ဤသည်မှာ သူတို့ (၂)ယောက်ကြားမှ ပြိုင်ဆိုင်မှုကို ရှောင်ရှားလိုက်ခြင်းသာ ဖြစ်သည်။
လူ (၂)ယောက်တွင် မည်သူက ကျင့်ကြံခြင်းအဆင့်မြင့်မားသည်ကို ကြည့်ရုံနှင့်သိနိုင်လေသည်။
သို့သော်… သူသေကိုယ်သေတိုက်ခိုက်ကြသည့်တိုက်ပွဲများတွင် ကျင့်ကြံခြင်းအဆင့်က သိပ်ပြီး အရေးမပါတော့ပေ။
ဆန်းလျန်၏ စိတ်ထဲတွင်တော့ ရွှမ်တုတောက်ကျွင်းနှင့် သူသည်သိပ်ပြီး ကွဲပြားမှုမရှိပေ။ ရွှမ်တုတောက်ကျွင်းက သူ့ထက် တန်ခိုးစွမ်းအားအရာတွင် သာလွန်စေဦးတော့ ဆန်းလျန်တွင်လည်း တိုက်ခိုက်နိုင်စွမ်းရှိနေသေးသည် မဟုတ်ပါလား။
ရွှမ်တုတောက်ကျွင်း၏ ခြေထောက်အောက်မှ တောင်ကုန်းမှာ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
ဉာဏ်ရည်ထက်မြက်သည့် ဆန်းလျန်ပင်လျှင် ရွှမ်တုတောက်ကျွင်း မည်သည့်တန်ခိုးစွမ်းအားကို အသုံးပြုကာ
တောင်ကုန်းကို ဖျောက်ပစ်လိုက်သည်ကို မခန့်မှန်းနိုင်ခဲ့ပေ။
ယခုတော့ သူတို့ (၂)ယောက် မြေပြင်ထက်တွင် မျက်နှာချင်းဆိုင် ရပ်နေကြလေသည်။
သူတို့ (၂)ယောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး အကြည့်တစ်ချက်ဖြင့်ပင် အကြောင်းအရာများစွာကို သူတို့ သိမြင်လိုက်ကြရသည်။
သို့သော် ပွင့်ပွင့်လင်းလင်းဝန်ခံရလျှင် ရွှမ်တုတောက်ကျွင်းအကြောင်း အသေးစိတ်ကို ဆန်းလျန် သိမြင်နိုင်ခြင်း မရှိပေ။
ထိုသူသည် ကြောက်မက်ဖွယ်ရာကောင်းသူတစ်ယောက် ဖြစ်သည်ကိုတော့ ဆန်းလျန် လက်ခံလိုက်မိသည်။
ဆန်းလျန်သည်လည်း မပျက်စီးနိုင်သည့် မူလဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားလင့်ကစား လက်ရှိအချိန်တွင် သူ၏ တန်ခိုးစွမ်းအားများက လျော့နည်းလာနေသည်ဖြစ်လေရာ ရွှမ်တုတောက်ကျွင်းနှင့်တိုက်ခိုက်ရမည်ဆိုလျှင် သေချာပေါက် အခြေအနေဆိုးရွားသွားမည် ဖြစ်လေသည်။
သို့သော်… ဆန်းလျန်က အရေးမစိုက်ပေ။
ကွမ်ယင်မယ်တော်ကို သူပြောခဲ့သလိုပင် ဖြစ်လေသည်။
သူ့အတွေက်တော့ "ကြာရွက်များကြား ငါးလေးတွေက ဆော့ကစား…" နေသလိုသာ ခံစားရသည်။
"တာအိုရောင်းရင်းရွှမ်တု ၊ မင်း ကျုပ်ကိုသတ်ဖို့ရောက်လာတာ မဟုတ်လား ၊ ဒါပေမဲ့ မင်း ပြန်ပေးဆပ်ရမယ့် တန်ဖိုးကို မကြောက်ဘူးလား…"
ဆန်းလျန်က အေးဆေးစွာပင် မေးခွန်းထုတ်လိုက်သည်။
ရွှမ်တုတောက်ကျွင်းက ပြုံးလိုက်ရင်း…
"အားလော်ဟယ်က အရိုးဆွေးနေပြီ ၊ ကျန့်ယွမ်ကျီနတ်မင်းကြီးက ကောက်ရိုးပုံစောင့်ခွေးပဲ ၊ ထိပ်တန်းဗောဓိသကျ (၄)ပါးနဲ့ မီလဲ့ကိုယ်တော်တို့ကမှ နည်းနည်းပါးပါး သတ္တိရှိကြသေးတယ် ၊ ဒါပေမဲ့ စကြာဝဠာတစ်ခုလုံးကို ကြည့်လိုက်မယ်ဆိုရင် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာဖို့ အဆင့်မီတဲ့သူဆိုလို့ မင်းနဲ့ ကျုပ် (၂)ယောက်ပဲ ရှိတယ် ၊ တခြားသူတွေအကုန်လုံးက ဝါးတားတားတွေချည်းပဲ ၊ ဗုဒ္ဓနဲ့ တာအိုဆရာသခင်ထိုက်ယီကတော့ ချွင်းချက်ပေါ့လေ…"
အားလော်ဟယ် ၊ ကျန့်ယွမ်ကျီနတ်မင်းကြီး ၊ မီလဲ့ကိုယ်တော်နှင့် ထိပ်တန်းဗောဓိသကျ (၄)ပါးတို့ကို ထိုသို့သောမှတ်ချက်စကားပြောဝံ့သူမှာ ရွှမ်တုတောက်ကျွင်းသာ ရှိပေလိမ့်မည်။
သို့သော်… ရွှမ်တုတောက်ကျွင်းသည် သူ စော်စော်ကားကားပြောဆိုနေသည့်လူများထက် များစွာသာလွန်နေခြင်း မရှိပေ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲနေခြင်းက စိတ်ပျက်စရာတော့ ကောင်းလှသည်။
မည်သို့ပင်ဖြစ်စေ… ရွှမ်တုသည် ဆန်းလျန်၏ အဓိကပြိုင်ဘက်ဖြစ်သည်ကတော့ သေချာလေသည်။ ထို့ကြောင့် လေးစားမိသည်ကိုတော့ မငြင်းနိုင်ပေ။
ဆန်းလျန်က…
"ကြည့်ရတာ ဗုဒ္ဓနဲ့ တာအိုဆရာသခင်ထိုက်ယီရဲ့ကြားမှာ ပြိုင်ပွဲတစ်ခုကတော့ သေချာပေါက် ရှိခဲ့တယ်ထင်တယ် ၊ သူတို့ (၂)ယောက် ပတ်သက်နေကြတာတော့ အသေအချာပဲ ၊ တာအိုရောင်းရင်းရွှမ်တု မင်း ဒီလောက်သေချာနေတယ်ဆိုရင်လည်း ဘာလို့ ကျုပ်ကို သတ်ဖို့ ကြိုးစားနေသေးလဲ ၊ ကျင့်စဉ်လမ်းဆိုတာ လျှောက်လှမ်းရတာ အထီးကျန်လွန်းတယ် ၊ ကျုပ် မင်းကို အဖော်ပြုပေးမယ်လေ…မကောင်းဘူးလား…"
ရွှမ်တုက…
"ဗုဒ္ဓက တာအိုဆရာသခင်ထိုက်ယီနဲ့ မပတ်သက်ပါဘူး ၊ ၊ ဒါပေမဲ့ တာအိုဆရာသခင်ထိုက်ယီက လိုက်ပတ်သက်နေတာ ၊ ဒါပေမဲ့ ကျုပ်ကတော့ မင်းကို အလွတ်မပေးနိုင်ဘူး ဆန်းလျန် ၊ မင်း ဒီနေ့ ကျုပ်လက်က လွတ်မယ်ဆိုရင် ကံကောင်းလို့သာမှတ်ပေတော့…"
ရွှမ်တု၏ စကားလုံးများထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နက်နေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
ဆန်းလျန်၏ စိတ်ကိုပင် လှိုင်းထန်သွားစေလေသည်။
ယနေ့ည ရွှမ်တုတောက်ကျွင်းက သူ့ကို သေချာပေါက် သတ်ပေလိမ့်မည်။ မည်သည့်အရာကမှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
အားလော်ဟယ်နှင့် ဆန်းလျန် တိုက်ခိုက်ခဲ့စဉ်က အားလော်ဟယ်က မြားဒဏ်ရာ ပျောက်ကင်းခြင်း မရှိသေးပေ။
သို့သော်… ယနေ့ သူ့ရှေ့တွင် ရောက်ရှိနေသည့် ရွှမ်တုတောက်ကျွင်းကတော့ မည်သည့်ဒဏ်ရာမှရရှိထားခြင်းမရှိဘဲ တန်ခိုးစွမ်းအားမြင့်မားလွန်းသည့် လူတစ်ယောက် ဖြစ်လေသည်။
ကျောက်ရှောင်ယွီ သူ့အနားတွင် မရှိသည်မှာ တော်သေးသည်ဟု ဆန်းလျန်တွေးလိုက်မိသည်။
မဟုတ်လျှင် သူ့အတွက်နှင့် ကျောက်ရှောင်ယွီပါ နာကျင်ရမည် ဖြစ်လေသည်။
ထို့ပြင် ကျောက်ရှောင်ယွီသည် ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံထားသူဖြစ်လေရာ ထိုက်ချင်တာအိုဆရာသခင်၏ အနွယ်တော်တစ်ယောက်ဖြစ်သည့် ရွှမ်တုတောက်ကျွင်းသည် သူမကိုလည်း မည်သည့်နည်းနှင့်မှ အလွတ်ပေးမည် မဟုတ်ပေ။
ထိုအချက်ကို ဆန်းလျန်က စိတ်ပူနေမိခြင်း ဖြစ်သည်။
ဆန်းလျန်က တည်ကြည်လေးနက်သည့်လေသံဖြင့်…
"ရွှမ်တု… ကျုပ်ကြားဖူးတာတော့ မင်းတို့ ဘုရင်ရှစ်ပါးနန်းတော်မှာ ထိုက်ချိယင်ယန်ပန်းချီကားရှိတယ်ဆို ၊ ကျုပ် ဆန်းလျန် မျက်စိပွင့် နားပွင့်ဖြစ်သွားအောင် ထုတ်မပြချင်ဘူးလား…"
ရွှမ်တုက ပြုံးလိုက်ရင်း…
"ထိုက်ချိယင်ယန်ပန်းချီကားဆိုတာ ကျုပ်ပဲလေ ၊ ကျုပ်နဲ့ ထိုက်ချိယင်ယန်ပန်းချီကားဆိုတာ ခွဲခြားလို့ မရနိုင်ဘူး ၊ တကယ်တော့ ထိုက်ချိယင်ယန်ပန်းချီကားထဲက ထိုက်ချင်တာအိုဆရာသခင်ရဲ့ မူလဝိညာဉ်သင်္ကေတကို မင်းဆိုတဲ့ ဆန်းလျန်ကသာ တစ်ချိန်တုန်းက ယူမသွားခဲ့ဘူးဆိုရင် ဒီနေ့ ကျုပ်ဆိုတာ ဒီလိုအဆင့်မျိုး ရောက်လာမှာ မဟုတ်ဘူး…"
ရွှမ်တုတောက်ကျွင်း၏ စကားကိုကြားလိုက်ရသည်နှင့် အဘယ့်ကြောင့် ရွှမ်တုတောက်ကျွင်း တန်ခိုးစွမ်းအားများ အဆမတန် မြင့်မားနေရသည်ကို ကွမ်ယင်မယ်တော် ချက်ချင်း သဘောပေါက်လိုက်သည်။
ရွှမ်တုတောက်ကျွင်းသည် ထိုက်ချိယင်ယန်ပန်းချီကားကို အသုံးပြုကာ ဟွင့်ယွမ်ဝူကျီအဆင့်ကို တက်လှမ်းခဲ့ခြင်း ဖြစ်ဟန်တူလေသည်။
သူကိုယ်တိုင်က ဟွင့်ယွမ်ဝူကျီအဆင့် မရောက်ရှိသေးသော်လည်း ထိပ်တန်းအဆင့် ရတနာပစ္စည်းတစ်ခုဖြစ်သည့် ထိုက်ချိယင်ယန်ပန်းချီကားကြောင့် ဟွင့်ယွမ်ဝူကျီအဆင့်နှင့်မခြား တန်ခိုးစွမ်းအား မြင့်မားနေရခြင်း ဖြစ်သည်။
ထို့ကြောင့် အစောပိုင်းကာလများတုန်းက ဆန်းလျန်သည် ထိုက်ချင်မူလဝိညာဉ်သင်္ကေတကို အလွယ်တကူ ရယူနိုင်လိုက်ခြင်းမှာ အံ့သြစရာ မရှိတော့ပေ။
ကွမ်ယင်မယ်တော်၏ စိတ်ထဲတွင်ပင် အံ့သြမှုများဖြင့် ပြည့်နက်သွားရလေသည်။
ဤသူသည်ကား… ပြိုင်ဘက်ကင်းပြီး ခန့်မှန်းရခက်သူတစ်ယောက်ဖြစ်သည့်အပြင် ကြောက်မက်ဖွယ်ရာလည်း အလွန်ကောင်းသူ ဖြစ်လေသည်။
ဝူခုံး၏တွေးထင်မှုမှာ အမှန်တရားနှင့် နီးစပ်လေသည်။
ယနေ့ ရွှမ်တုတောက်ကျွင်းကို နောက်ဆုတ်သွားစေရန် မည်သူကမှ ပြုလုပ်နိုင်မည် မဟုတ်ပေ။
ကွမ်ယင်မယ်တော်က ကောင်းကင်ထက်သို့ တစ်ချက်မော့ကြည့်လိုက်ရင်း….
"ကျန့်ယွမ်ကျီနတ်မင်းကြီး… ၊ ရှင်သာ ဒီနေ့ ရောက်မလာဘူးဆိုရင် နောက်ထပ် နောင်တရစရာတွေ ဖြစ်ကုန်တော့မှာ ကျွန်မ စိတ်ပူမိပါတယ်…"
ကွမ်ယင်မယ်တော်အနေဖြင့် ဝန်ခံချင်သည်ဖြစ်စေ ၊ ဝန်မခံချင်သည်ဖြစ်စေ ရွှမ်တုတောက်ကျွင်းသည် လောကတွင် ပထမဆုံး နတ်ဘုရားအဖြစ် အဆင့်တက်ရောက်နိုင်ခဲ့သူ လူသားဖြစ်လေသည်။
ထိုက်ချိယင်ယန်ပန်းချီကားကို သန့်စင်ပြီး သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သည်ကို အသာထား ၊ သူကိုယ်တိုင်ကလည်း ကနဦးကတည်းကပင် တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက် ဖြစ်သည်။
ဗုဒ္ဓနှင့်တာအိုဆရာသခင်ကြီးများကို ခဏဖယ်ထားပြီး မိုးနတ်မင်းလည်း ပြန်ပေါ်မလာဘူးဆိုလျှင် ခေတ်သစ် ကျင့်ကြံခြင်းလောကတွင် ရွှမ်တုတောက်ကျွင်းထက် တန်ခိုးစွမ်းအားမြင့်မားသူ တစ်ဦးတစ်ယောက်မှ မရှိပေ။
ဆန်းလျန်က…
"ရွှမ်တု… မင်းက ကျုပ်ကို စဉ့်တုံးပေါ်က အသားလို့ ထင်နေတာလား ၊ မင်းခုတ်ထစ်ဖို့ ကျုပ်က လည်စင်းခံမယ်များ ထင်နေသလား ၊ အင်းလေ… မင်း ဒီနေ့ ကျုပ်ကို မသတ်နိုင်ဘူးဆိုရင်တော့ အပြောကြီးတာလို့ပဲ ယူဆလိုက်မယ်…"
ပြောပြီးသည်နှင့် ဆန်းလျန်၏လက်ထဲတွင် ဓားတစ်လက် ပေါ်လာလေသည်။
မပျက်စီးနိုင်သည့် မူလဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားခြင်းက ဆန်းလျန်၏ အားသာချက် ဖြစ်လေသည်။ ယနေ့ညတိုက်ပွဲတွင် သူအသက်ရှင်မည်လား ၊ သေမည်လားဆိုသည်ကတော့ သူ၏ မူလဝိညာဉ်ခန္ဓာ မည်မျှ ကြံ့ခိုင်သည်ဆိုသည့်အချက်အပေါ်တွင်သာ မူတည်ပေလိမ့်မည်။
သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြင်းထန်စွာထွက်ပေါ်နေသည့် ကျန်းဝူမရဏဓားကို တွေ့မြင်လိုက်ရသည့်တိုင် ရွှမ်တုတောက်ကျွင်းက တစ်ချက်ပင် ဖြုံသွားခြင်း မရှိပေ။
ရွှမ်တု၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မရေမတွက်နိုင်သည့် ထိုက်ချိယင်ယန်သင်္ကေတများ ထွက်ပေါ်လာလေသည်။ ထိုသင်္ကေတများသည် နဂါးငွေ့တန်းအလား စွမ်းအားမြင့်မားလှပြီး ဆန်းလျန်၏ မရဏဓားမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ဖျက်စီးပစ်လိုက်လေသည်။
အားလော်ဟယ်ကိုပင် ကြောက်ရွံ့တုန်လှုပ်စေခဲ့သည့် ကျန်းဝူမရဏဓားသည် ရွှမ်တုတောက်ကျွင်းအတွက်တော့ ယားတုတ်တစ်ချာင်းလောက်ပင် အသုံးမဝင်ခဲ့ပေ။
ရွှမ်တုတောက်ကျွင်း မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ဆန်းလျန် သိလိုက်ရသည်။
ရွှမ်တုပြောသည်မှာ အမှန်ပင် ဖြစ်လေသည်။ ထိုက်ချိယင်ယန်ပန်းချီကားသည် ရွှမ်တုနှင့် တစ်သားတည်းပေါင်းစပ်နေခဲ့ပြီ ဖြစ်သည်။
အစကတည်းက တန်ခိုးစွမ်းအားမြင့်မားသူ ရွှမ်တုတောက်ကျွင်းသည် ထိုက်ချိယင်ယန်ပန်းချီကားနှင့် ပေါင်းစပ်လိုက်သည့်အခါ မည်သူကမှ အနိုင်မယူနိုင်တော့သည့် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့လေသည်။
သူ လူ့လောကသို့ ဆင်းသက်လာသည်မှာ အံ့သြစရာ မရှိတော့ပေ။
မည်သူ့ကိုမှ ဂရုမစိုက်ဘဲ ဆန်းလျန်ကို အပြတ်ရှင်းပစ်ချင်သည်မှာလည်း အံ့သြစရာ မရှိတော့ပေ။
ဆန်းလျန်မှာ သနားစရာပင် ကောင်းနေတော့သည်။
ကြံရာမရသည့်အဆုံး ဆန်းလျန်က ဗုဒ္ဓဘာသာမှ စာလုံး (၆)လုံး ဂါထာကို ရွတ်ဆိုလိုက်လေသည်။
သို့သော်… စာလုံး (၆)လုံးဂါထာသည် ရွှမ်တုတောက်ကျွင်း၏ တန်ခိုးစွမ်းအားများကို အနိုင်ယူနိုင်ခြင်း မရှိပေ။
သို့ရာတွင် စာလုံး (၆)လုံးဂါထာမှ တန်ခိုးစွမ်းအားများသည် ထောင်နှင့်သောင်းနှင့်ချီသည့် ရွှေကြိုးများအဖြစ်ပြောင်းလဲသွားပြီး ကြီးမားသည့် ပိုက်ကွန်ကြီးတစ်ခု ဖြစ်ပေါ်လာကာ ရွှမ်တုတောက်ကျွင်း၏ ပတ်ပတ်လည်ကို ကာဆီးထားလိုက်လေတော့သည်။
ဆန်းလျန်သည် တန်ခိုးစွမ်းအားများကို တစ်ချက်သိမြင်ရုံဖြင့် ထိုတန်ခိုးစွမ်းအား၏ အနှစ်သာရကို သိမြင်နိုင်သည့် စွမ်းရည်ရှိလေသည်။
စာလုံး (၆)လုံးဂါထာသည် ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားဖြစ်ပြီး မပျက်စီးနိုင်သည့် အစွမ်းရှိသလို အခြားသောတန်ခိုးစွမ်းအားများကိုလည်း ဖိနှိပ်ထားနိုင်စွမ်းရှိလေ၏။
ဆန်းလျန်က စာလုံး (၆)လုံး တန်ခိုးစွမ်းအားကို ဝက်ဝံသခင်နှင့်တိုက်ခိုက်ရင်း လေ့လာထားခဲ့ခြင်း ဖြစ်သည်။
စာလုံး (၆)လုံး ရွှေရောင်ပိုက်ကွန်ကြီးသည် ရွှမ်တုတောက်ကျွင်းကို ပိတ်ဆို့တားဆီးထားလိုက်လေသည်။
ထိုအခဏအတွင်းမှာပင် ဆန်းလျန်က ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
ဆန်းလျန်က အခြေအနေကို နားမလည်သည့် ငတုံးတစ်ယောက်မဟုတ်ပေ။
ယခုအချိန်တွင် သူ၏တန်ခိုးစွမ်းအား (၁၀)ဆခန့် မြင့်တက်လာဦးတော့ ရွှမ်တုတောက်ကျွင်း၏ ဆံချည်တစ်မျှင်ကိုပင် ထိအောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူ့အနေဖြင့် ထွက်ပြေးသည်က အကောင်းဆုံးရွေးချယ်မှုဖြစ်ပေလိမ့်မည်။
အချိန်များစွာ ရှိသေးသည်ဖြစ်လေရာ နောင်အခါမှသာ ရွှမ်တုတောက်ကျွင်းကို ရင်ဆိုင်ရန် နည်းလမ်း ရှာဖွေမည်ဟု ဆန်းလျန် ဆုံးဖြတ်လိုက်လေ၏။
***