← Chapters

မရဏဓား(၄)လက်

Vol. 9 Ch. 819

မရဏဓား(၄)လက်

Vol. 9 Ch. 819

ရွှမ်တုက သူ့နေရာတွင် ရပ်တန့်နေဆဲ ဖြစ်သည်။

သူ၏ဝတ်ရုံက လေထဲတွင် အနည်းငယ် ပျံ့လွင့်နေပြီး သူ၏မျက်နှာအမူအရာကတော့ ပြောင်းလဲသွားခြင်း မရှိပေ။

သို့သော်… ဆန်းလျန်၏ စာလုံး (၆)လုံး ဂါထာဖြင့် ဖန်ဆင်းထားသည့် ရွှေရောင်ပိုက်ကွန်သည် ရွှမ်တုတောက်ကျွင်းအနားသို့ရောက်သည်နှင့်  ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

လေထုထဲတွင် တန်ခိုးစွမ်းအားလှိုင်းလုံးတစ်ခု မြင့်တက်လာပြီး အတိတ်နှင့်အနာဂတ်ကိုပင် ပျံ့နှံ့ဖုံးလွှမ်းသွားသည့်အလား ထင်မှတ်ရသည်။

ကြီးမားသည့် တန်ခိုးစွမ်းအားလှိုင်းလုံးကြီးကို ခံစားလိုက်ရသည့်အခါ ဆန်းလျန်၏ ဝိညာဉ်သည်ပင် အေးစက်သွားရသည်။

ယခုတော့ ထွက်ပြေးရန်ကြံစည်ထားသည့် အစီအစဉ်ကို လက်လျှော့လိုက်ရလေပြီ။

သို့သော်… ဆန်းလျန်က တည်ငြိမ်နေဆဲ ဖြစ်သည်။

ရွှမ်တုတောက်ကျွင်းသည် တန်ခိုးစွမ်းအားမြင့်မားကောင်းမြင့်မားပေလိမ့်မည်။ သို့ရာတွင် ဟာကွက်တစ်ခုတော့ ရှိရပေမည်။

ရွှမ်တုတောက်ကျွင်းရရှိထားသည့် ဟွင့်ယွမ်ဝူကျီအဆင့်သည် သူကိုယ်တိုင် ကျင့်ကြံပြီး အဆင့်တက်ရောက်နိုင်ခြင်းမျိုး မဟုတ်ဘဲ သူနှင့်ပေါင်းစပ်ထားသည့် ထိုက်ချိယင်ယန်ပန်းချီကားကြောင့်သာ အဆင့်တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

ထို့ကြောင့် အားနည်းချက်များ ရှိနိုင်သည်။

ဆန်းလျန်က ပါးစပ်ကိုဖွင့်ကာ မီးတောက်တစ်ခု မှုတ်ထုတ်လိုက်လေသည်။ ထိုမီးတောက်မှာ စစ်မှန်သည့် မိုးကောင်းကင်မီးတောက် ဖြစ်သည်။ မီးတောက်က ကြောက်မက်ဖွယ်ရာကောင်းလှပြီး လေထုတစ်ခုလုံး အရည်ပျော်သွားစေသည့်အလား များပြားလှစွာသည့် မြင်နိုင်သည့်အရာ ၊ မမြင်နိုင်သည့်အရာ များစွာကို တစ်ခုပြီးတစ်ခု လောင်ကျွမ်းပစ်လိုက်လေသည်။

ဆန်းလျန်၏ မိုးကောင်းကင်မီးတောက်က ရွှမ်တုတောက်ကျွင်း၏ တန်ခိုးစွမ်းအားလှိုင်းလုံးကြီးများကို လောင်ကျွမ်းပစ်လိုက်သည်။

ထိုအချိန်မှာပင်….

အနက်ရောင်တောင်ကြီးတစ်ခု လေထဲတွင်လွင့်မျောလာပြီး ရွှမ်တုတောက်ကျွင်းကို အရှိန်ပြင်းစွာဖြင့် ရိုက်ချလိုက်လေတော့သည်။

ထိုတောင်ကြီးမှာ လော်ဝါဒတည်ထောင်သူဆရာသခင် တရားဒေသနာဟောပြောခဲ့လေရာ "ကျီမော့" တောင်ကြီးပင် ဖြစ်သည်။

ကျီမော့တောင်ထက်တွင် ဆန်းလျန် လောကနတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်နိုင်ခဲ့သည့် သဲလွန်စလမ်းကြောင်းတစ်ခုပင် မပျောက်ပျက်ဘဲ ကျန်ရှိနေသေးသည်။

ကျောက်ရှောင်ယွီသည် ကျီမော့တောင်ထိပ်တွင် ရပ်နေလေသည်။ သူမထံမှ ထိုက်ချင်အလင်းတန်းများဖြာထွက်လာကာ ဆန်းလျန်ကို ကျီမော့တောင်ထိပ်သို့ ဆွဲခေါ်လိုက်သည်။

ဆန်းလျန်မှာ ကျောက်ရှောင်ယွီကို ကြည့်ရုံသာကြည့်နေမိပြီး စကားတစ်လုံးမှပင် မပြောနိုင်ခဲ့ပေ။

သူဒုက္ခရောက်နေသည့်အချိန်တွင် သူမက မကြောက်မရွံ့ရောက်လာပြီး ကယ်တင်ခဲ့သည် မဟုတ်ပါလား။

ရွှမ်တုတောက်ကျွင်း၏ မျက်ဝန်းများဆီမှာ တောက်ပသည့် အလင်းတန်းများထွက်ပေါ်လာပြီး ကျီမော့တောင်ကြီးကို ပစ်ခတ်လိုက်သည်။

ရွှမ်တု၏ တန်ခိုးစွမ်းအားများက ပြိုင်ဘက်ကင်းလွန်းလှလေရာ ကျောက်ရှောင်ယွီပင် မျက်လုံးများကို မှိတ်လိုက်မိလေသည်။ ရွှမ်တုပစ်ခတ်လိုက်သည့် အလင်းတန်းများက သူမ၏ အမြင်အာရုံများကို မှုံဝါးသွားစေသည်။

ဆန်းလျန်က သူမ၏ခါးလေးကို အသာလှမ်းဖက်လိုက်ပြီး သူ၏ မူလဝိညာဉ်ခန္ဓာမှ တန်ခိုးစွမ်းအားများကို ကျောက်ရှောင်ယွီ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။ ထိုအခါမှ ကျောက်ရှောင်ယွီ၏ အမြင်အာရုံများ ပြန်လည် ကြည်လင်လာလေသည်။

လျှပ်တပြက်အတွင်းမှာပင်….

ကျီမော့တောင်ကြီးသည် ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားကာ စကြာဝဠာထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

သို့သော်… ရွှမ်တုကလည်း သူတို့ (၂)ယောက်ကို အလွတ်မပေးပါ။

များပြားလှစွာသော ရွှမ်တု၏ ကိုယ်ခွဲများထွက်ပေါ်လာပြီး ကျီမော့တောင်ကြီးကို ဝန်းရံထားလိုက်ကြလေသည်။

ဆန်းလျန်က ကျီမော့တောင်ကြီးကို လှည့်ပတ်နေသည့် ရွှမ်တု၏ ကိုယ်ခွဲများကို စူးစိုက်ကြည့်နေလေသည်။ ကိုယ်ခွဲများထဲတွင် မည်သူက ရွှမ်တုအစစ်ဖြစ်သည်ကို ခန့်မှန်းနိုင်ရန် ခက်ခဲလွန်းလှသည်။

ကိုယ်ခွဲများက တစ်ခုနှင့်တစ်ခု တူညီနေကြပြီး ကွဲပြားမှုမရှိပေ။

ကိုယ်ခွဲများအားလုံးက ကျီမော့တောင်ကြီးကို လှည့်ပတ်နေကြလေသည်။ တန်ခိုးစွမ်းအားများကလည်း ကြောက်မက်ဖွယ်ရာကောင်းလှသည်။

ဆန်းလျန်က ခပ်တိုးတိုးလေသံဖြင့်…

"ရှောင်ယွီ… မင်းရောက်မလာသင့်ဘူး…"

ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…

"ကျွန်မသေရမယ်ဆိုရင်တောင် ရှင်နဲ့အတူတူသေမယ်…"

သူမ၏ စကားကြောင့် ဆန်းလျန် ရင်ခုန်သွားရပြီး…

"ကျုပ် မသေနိုင်သေးပါဘူးဗျာ…"

ချက်ချင်းပင် ဆန်းလျန်၏ မျက်ဝန်းများထဲတွင် လျှပ်စီးအလင်းရောင်များ လင်းလက်သွားသည်။

သူက ယိလမ်းစဉ်ကို အသုံးပြုကာ ရွှမ်တုတောက်ကျွင်း၏ အားနည်းချက်ကို အလျှင်အမြန် ရှာဖွေနေခြင်း ဖြစ်လေသည်။

ရွှမ်တုတောက်ကျွင်းသည် ထိုက်ချိယင်ယန်ပန်းချီကားဖြစ်သည့် ပြင်ပရတနာပစ္စည်းတစ်ခု၏ အကူအညီကို ရယူကာ ဟွင့်ယွမ်ဝူကျီအဆင့်သို့ ရောက်ရှိခဲ့သူဖြစ်သည့်တိုင် သူ့ထံတွင် အားနည်းချက်ကို ရှာတွေ့ရန် ခက်ခဲလှသည်။

ရုတ်တရက်…

ရွှမ်တုတောက်ကျွင်း၏ သန်းနှင့်ချီသည့် ကိုယ်ခွဲများထဲမှ အလင်းရောင်မှိန်ပျပျပလေးတောက်ပနေသည့် ကိုယ်ခွဲတစ်ခုကို ဆန်းလျန် တွေ့လိုက်ရသည်။

ထိုကိုယ်ခွဲမှာ ရွှမ်တုတောက်ကျွင်းအစစ်၏ တာအိုခန္ဓာဖြစ်လေသည်။

ကျောက်ရှောင်ယွီက…

"သူက ကျင့်စဉ်လမ်းကိုလျှောက်လှမ်းပြီး ပထမဆုံး နတ်ဘုရားဖြစ်လာခဲ့တဲ့သူပဲ ၊ ဒါကြောင့် ဒီလောက် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိနေတာ…"

ဆန်းလျန်က ရွှမ်တုတောက်ကျွင်းအစစ်ကို ရှာတွေ့လိုက်သည်နှင့် ရွှမ်တုကလည်း အမြင့်ဆုံးသော သဘာဝလွန်စွမ်းအားများနှင့် နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ကာ ဆန်းလျန်ကို တိုက်ခိုက်လိုက်လေသည်။

ကျောက်ရှောင်ယွီပင် ရင်ထဲတွင် အောင့်သွားရသည်။

ရွှမ်တု ထိုမျှ တန်ခိုးစွမ်းအား မြင့်မားနေသည့်အတွက် သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲနေခြင်း ဖြစ်ဟန်တူသည်။ ထို့ကြောင့်ပင် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်ချင်နေဟန်ရှိသည်။

ကျောက်ရှောင်ယွီက အံတစ်ချက်ကြိတ်လိုက်ပြီး သူမ၏ လက်များကို ဝှေ့ယမ်းလိုက်သည်။

ထိုအခါ လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး ရွှမ်တုတောက်ကျွင်း၏ တာအိုခန္ဓာကို တိုက်ခိုက်လိုက်လေသည်။

သို့သော်… လောကတွင် ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားသည် ရွှမ်တုတောက်ကျွင်း၏ ဝတ်ရုံကိုပင် ထိခိုက်အောင် တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ပေ။

ကျောက်ရှောင်ယွီ၏တန်ခိုးစွမ်းအားများသည် အာကာသအမှောင်ထုထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားလေသည်။

ကျောက်ရှောင်ယွီက…

"ဆန်းလျန်… လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားတောင် သူ့ကို မထိခိုက်နိုင်ဘူးဟ…"

အားလော်ဟယ်နှင့် ရင်ဆိုင်ရတုန်းကပင်လျှင် ကျောက်ရှောင်ယွီသည် ထိုမျှ ပြာယာခတ်မနေခဲ့ပေ။

ယခု ရွှမ်တုတောက်ကျွင်း၏ တန်ခိုးစွမ်းအားများကတော့ အရာအားလုံးထက် သာလွန်နေလေသည်။

ရွှမ်တုတောက်ကျွင်းသည် နှစ်ပေါင်းများစွာ လျှို့ဝှက်နေခဲ့ပြီး သူ၏ဂုဏ်သတင်းသည် အားလော်ဟယ် ၊ ကျန့်ယွမ်ကျီနတ်မင်းကြီးနှင့် နတ်မိစ္ဆာအဓိပတိကြီးတို့၏နေက်တွင် ဖုံးကွယ်နေခဲ့လေသည်။

ယခုတော့… ရွှမ်တုတောက်ကျွင်းသည် စကြာဝဠာတစ်ခုလုံးတွင် စွမ်းအားအကြီးမားဆုံးနတ်ဘုရားတစ်ပါးအဖြစ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

သူသည် အလွန်မှ ကြီးကျယ်ခမ်းနားပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသူတစ်ယောက် ဖြစ်လေသည်။

ကျောက်ရှောင်ယွီသာ တအံ့တသြဖြစ်နေသည်မဟုတ်ပါ။ ကွမ်ယင်မယ်တော်နှင့် အခြားသူများမှာလည်း တအံ့တကြဖြစ်နေကြရလေသည်။

သို့သော်… ဆန်းလျန်က စကားတစ်ခွန်းမှ မဆိုဘဲ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက….

ဆန်းလျန်သည် ကျီမော့တောင်ထိပ်တွင် လောကနတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်ခဲ့သူ ဖြစ်သည်။

ယခု…

သူသည် ယွိဟွားစင်မြင့်ထက်တွင် သူချန်ထားခဲ့သည့် တာအိုသင်္ကေတကို စိုက်ကြည့်နေခဲ့လေသည်။ ထိုတာအိုသင်္ကေတသည် ပျံသန်းထွက်ခွာရန် အားယူနေလေသည်။

ချက်ချင်းပင် သူ၏စိတ်အစဉ်သည် အချိန်စီးကြောင်းကို ဖြတ်သန်းသွားပြီး အတိတ်မှ အဖြစ်အပျက်အချို့ကို ပြန်လည်မြင်ယောင်လာလေသည်။

သူချန်ထားခဲ့သည့် တာအိုသင်္ကေတမှတစ်ဆင့် ကျီမော့တောင်ထိပ်တွင် လောကနတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်ခဲ့သည့် မြင်ကွင်းများမှာ သူ့စိတ်အာရုံတွင် ထင်ရှားပေါ်လွင်လာလေသည်။

အဖြစ်အပျက်များက ခမ်းနားလွန်းပြီး သံသယဝင်စရာ တစ်ချက် မရှိပေ။ သူ၏နှလုံးသွေးကြောများပင် တုန်လှုပ်သွားရလေသည်။

အားလော်ဟယ်နှင့်တိုက်ပွဲတွင် သူ၏ စိတ်အာရုံတွင် မြင်ယောင်မိသည့် ဓားနတ်ဘုရားသည်လည်း အတိတ်တစ်ချိန်က သူနှင့်အတူ ရှိနေခဲ့လေသည်။ ထိုဓားနတ်ဘုရား၏မျက်ခုံးများက ဓားသွားသဏ္ဍန်ဖြစ်ပြီး သူ့ကို 'ဂိုဏ်းတူညီလေး' ဟု ခေါ်ခဲ့သူဖြစ်သည်။

ထိုသူမှာ သူ၏ ဂိုဏ်းတူအစ်ကို ချန်ကျန့်မေဖြစ်သည်ကို ဆန်းလျန် မှတ်မိသွားခဲ့ပြီ။ လောကနတ်ဘုရားတစ်ပါးအဖြစ် သူ အဆင့်တက်ရောက်သည့်အချိန်တွင် ချန်ကျန့်မေသည် သူ့ကို ကာကွယ်ပေးရန် အတူရှိနေခဲ့သည်။

ကျီမော့တောင်ထိပ်တွင် လောကနတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်စဉ်က သူချန်ထားခဲ့သည့် တာအိုသင်္ကေတသည် အတိတ်နှင့်ပစ္စုပ္ပန်ကို ချိတ်ဆက်ပေးနိုင်စွမ်း ရှိဟန်တူလေသည်။

သူ၏အတိတ်က ဖြတ်တောက်ခြင်းခံထားရသည့်တိုင် ကျီမော့တောင်ထိပ်မှ တာအိုသင်္ကေတထဲမှ အတိတ်အပိုင်းအစများကတော့ ထင်ကျန်နေဆဲ ဖြစ်လေသည်။

ထို့နောက်…

တာအိုသင်္ကေတသည် ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထိုဓားမှာ ဆန်းလျန် လောကနတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်ခဲ့ခြင်းကို သက်သေပြုရာ "ဇီဝဓား" ဖြစ်လေသည်။ သတ်ဖြတ်လိုသည့်အငွေ့အသက် တစ်စက်ကလေးမှ ရှိမနေခဲ့ပေ။

ဆန်းလျန်ချန်ထားခဲ့သည့် ကျီမော့တောင်ထိပ်ရှိ နတ်ဘုရားလမ်းကြောင်း၏ နိဒါန်း ဖြစ်လေသည်။

ထိုဓားကို ပြုလုပ်ခဲ့သူမှာ "ဆန်းလျန်" ကိုယ်တိုင်ပင် ဖြစ်ခဲ့သည်။

ရုတ်တရက်…

ဆန်းလျန်သည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားလေသည်။

သူ့နှလုံးသားထဲမှ သွေးများဆူပွက်လာပြီး ထိုဓားသည် သူနှင့် ရင်းနှီးကျွမ်းဝင်နေသလို ခံစားလိုက်ရသည်။ များပြားလှစွာသည့် တန်ခိုးစွမ်းအားများသည် သူ၏ဝိညာဉ်အတွင်းပိုင်းမှ အလျှံအပယ် ထွက်ပေါ်လာလေသည်။

ဆန်းလျန်၏ ပုံသဏ္ဍန်မှာ အလွန်မြင့်မြတ်သည့် နတ်ဘုရားတစ်ပါးအလား ကျက်သရေအပေါင်းနှင့် ပြည့်ဝလျှက် ရှိလေ၏။

ဆန်းလျန်၏ ပြောင်းလဲသွားမှုက ရွှမ်တုကိုပင် တုန်လှုပ်သွားစေလေသည်။

အတန်ကြာမှ ရွှမ်တုတောက်ကျွင်းက…

"မင်းထွက်ခွာသွားတာကြာခဲ့ပြီ ၊ ဒါတောင်မှ မင်းဟာ ဒီနေ့အထိ မပြောင်းမလဲ တည်ရှိနေတုန်းပဲ ၊ အံ့သြစရာပဲကွာ…"

ယနေ့ ဆန်းလျန်ကို သေချာပေါက် အနိုင်ယူမည်ဟု တွေးထင်ထားခဲ့လေသူ ရွှမ်တုသည် ယခုတော့ မသေမချာ ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။

"ဇီဝဓား" သည် ဆန်းလျန်ကို များစွာ အကူအညီပေးခဲ့လေသည်။

ဆန်းလျန်သည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်က ဘုရင်ရှစ်ပါးနန်းတော်တွင် ထိုက်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတကို လာရောက်ယူငင်ခဲ့စဉ်ကအတိုင်း တန်ခိုးစွမ်းအားများ မြင့်မားကာ ခမ်းနားလျှက်ရှိသည်။

ရွှမ်တုတောက်ကျွင်းက ဆန်းလျန်ကို စိုက်ကြည့်နေရင်းမှ….

ကြောက်မက်ဖွယ် အတွေးတစ်ခုကို သူတွေးလိုက်မိသည့်အခါ သူ၏ မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားလေသည်။

"ဆန်းလျန် မင်း ဒီနေ့ သေရမယ်…"

ယနေ့ ထိုစကားကို ရွှမ်တု ပြောခဲ့သည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး အရင်တစ်ချိန်ကထက် ဆုံးဖြတ်ချက် ခိုင်မာနေဟန် ရှိသည်။

ရွှမ်တု၏လက်ထဲတွင် ကြီးမားသည့် တင်းပုတ်ကြီးတစ်ခုပေါ်လာသည်။

ထိုတင်းပုတ်ကြီးမှာ အတိတ်တစ်ချိန်တုန်းက နတ်ဘီလူးကိုင်ဆောင်ခဲ့သည့် တင်းပုတ်ကြီး ဖြစ်သည်။ သို့သော်… ယခု ရွှမ်တု၏လက်ထဲတွင် ကိုင်ထားသည့်အခါတွင်တော့ နတ်ဘီလူးထက်ပင် အဆ (၁၀၀)ခန့်ပိုပြီး တန်ခိုးစွမ်းအား မြင့်မားနေဟန်ရှိသည်။

တင်းပုတ်ကြီးက လေထုကိုထိုးခွင်းကာ ပျံသန်းလာလေသည်။ ယင်နှင့်ယန် ရှုတ်ထွေးကုန်ပြီး ဒြပ်စင်စွမ်းအား (၅)မျိုးသည်လည်း ကပြောင်းကပြန်ဖြစ်ကုန်ကြသည်။

ကြောက်မက်ဖွယ်ရာ ဧရာမတင်းပုတ်ကြီးကို ရင်ဆိုင်လိုက်ရသည့်အတွက် ဆန်းလျန်က တစ်စက်ကလေးမှ ကြောက်ရွံ့သွားခြင်း မရှိပေ။

သူက ဇီဝဓားကို လေထဲတွင် တစ်ချက် ဝှေ့ယမ်းလိုက်သည်။

ဓားသည် စက်ဝိုင်းခြမ်းပမာ လှည့်ပတ်သွားပြီး နဂါးငွေ့တန်းကိုပင် အက်ကွဲသွားစေလောက်သည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာလေသည်။

ဆန်းလျန်က ဇီဝါဓားဖြင့် ဧရာမတင်းပုတ်ကြီးကို ခုခံထားလိုက်သည်။

ကြီးမားသည့် တန်ခိုးစွမ်းအား (၂)ခု ရိုက်ခတ်မိပြီး ကျီမော့တောင်သည် တန်ခိုးစွမ်းအားများအောက်တွင် နစ်မြုပ်သွားလေသည်။

ဆူနာမီလှိုင်းများအလား တန်ခိုးစွမ်းအားလှိုင်းလုံးကြီးများထွက်ပေါ်လာပြီး တောင်တစ်ခုလုံးရှိ တုန်လှုပ်သွားကာ သစ်ရွက်များ လွင့်ပျံကုန်ကြသည်။

ကျောက်ရှောင်ယွီက လျန်ယိမြူခိုးတန်ခိုးစွမ်းအားကို အသုံးပြုကာ ကျီမော့တောင်ကြီး ယိမ်းယိုင်မသွားအောင် ထိမ်းချုပ်ထားလေသည်။

ဆန်းလျန်က လျှပ်စီးလက်လိုက်သည့်အလား အာကာသအလွှာများကို ဖြတ်ကျော်ပျံသန်းသွားသည်။ သူ့လက်ထဲမှ ဇီဝဓားဖြင့် ရွှမ်တုကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ဆန်းလျန် လောကနတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်ခဲ့ခြင်း၏ လှပခမ်းနားမှုနှင့် ရည်မှန်းချက်များက ဇီဝဓားကို ရစ်ပတ်ထားလေသည်။

ထို့ကြောင့်ပင် ဆန်းလျန်၏ ဇီဝဓားက ရွှမ်တု၏ နတ်ဘီလူးတင်းပုတ်ကြီးကို ဖိနှိပ်ထားနိုင်ခဲ့ခြင်း ဖြစ်လေ၏။

ရွှမ်တုက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး သူ၏လက်နှစ်ဖက်ကို တစ်ချက်လှုပ်ရှားလိုက်ကာ ထိုက်ချိစည်းတံဆိပ်တစ်ခုကို ဖန်ဆင်းလိုက်သည်။

ထိုခဏအတွင်းမှာပင်…

စကြာဝဠာကြီးသည် ပထမအဆင့် ပြိုကွဲသွားပြီး ယင်နှင့်ယန် နှစ်ပိုင်းကွဲပြားသွားလေသည်။

အခြေအနေက စကြာဝဠာမဖြစ်ပေါ်မီအခြေအနေဖြစ်ပြီး မွေးဖွားခြင်းလည်းမရှိသလို သေးဆုံးခြင်းလည်း မရှိပေ။

ဆန်းလျန် နတ်ဘုရားတစ်ပါးအဖြစ်အဆင့်တက်ရောက်ခဲ့စဉ်က ဖြစ်ပေါ်ခဲ့သည့် ရည်မှန်းချက်များသည် မရှိမှုတရားအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ရွှမ်တုက ထိုက်ချိစည်းတံဆိပ်ဖြင့်တိုက်ခိုက်လိုက်သည့်အခါ ဇီဝဓားက အနည်းငယ်တုန်ခါသွားလေသည်။ သို့သော်… ဇီဝဓား၏ သဘောသဘာဝက အံ့သြစရာကောင်းလေသည်။ တစ်ချက်ကလေးပင် ပြောင်းလဲသွားခြင်း မရှိပေ။

ထိုဓားသည် ဆန်းလျန် နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်သည့်အချိန်က ချန်ရစ်ခဲ့သည့် တာအိုသင်္ကေတဖြစ်ပြီး သာမန်လူများအနေဖြင့် မည်သို့မှ နားမလည်နိုင်အောင် ထူးဆန်းမှုများပါဝင်နေလေ၏။

ဆန်းလျန်သည် ဤတိုက်ပွဲကို သေချာပေါက် ရင်ဆိုင်နိုင်တော့မည်ဟု ယုံကြည်ချက်များနှင့် ပြည့်နေလေသည်။ အဘယ်ကြောင့်ဆိုသော်… ဇီဝဓားသည် အချိန်စီးဆင်းမှုလမ်းကြောင်းတစ်လျှောက်တွင် "သူ" ကိုယ်တိုင် ပြုလုပ်ထားခဲ့သည့် ဓားတစ်လက် ဖြစ်နေသောကြောင့်ပင်။

ဆန်းလျန်၏ စိတ်ဓာတ်ခိုင်မာမှုက ရွှမ်တု၏ ယုံကြည်ချက်များကို ဖျက်စီးပစ်လိုက်သည်။

ရွှမ်တု ဆန်းလျန်ကို သတ်ဖြတ်ချင်နေသေးသည့်တိုင် အနည်းငယ်လည်း စိတ်လှုပ်ရှားနေလေသည်။

သူနှင့် ဆန်းလျန်၏ လက်ရှိအခြေအနေသည် ဗုဒ္ဓနှင့် တာအိုဆရာသခင်ထိုက်ယီ ဥပမာနှင့် ဆင်တူလေသည်။

တာအိုဆရာသခင်ထိုက်ယီက ဆန်းလျန်ဆိုလျှင် သူကတော့ ဗုဒ္ဓအလား ဖြစ်သည်။ သူ့အနေဖြင့် ဆန်းလျန်ကို သတ်လိုက်နိုင်လျှင် ဗုဒ္ဓက တာအိုဆရာသခင်ထိုက်ယီကို နှိမ်နင်းလိုက်နိုင်သည့်အလား ခံစားရမည် ဖြစ်သည်။

ဆန်းလျန်သည် ဇီဝဓားကို အသုံးပြုကာ မယုံကြည်နိုင်စရာကောင်းလောက်အောင် ထက်မြက်သည့်ဓားသိုင်းဖြင့် ရွှမ်တု၏ ထိုက်ချိစည်းတံဆိပ်ကို တားဆီးထားလိုက်သည်။

ရွှမ်တုက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…

"လောကမှာ မင်းတစ်ယောက်တည်း ဓားသိုင်းတတ်တယ်များ ထင်နေသလား…"

စကားသံဆုံးသွားသည်နှင့် ရွှမ်တု၏ အနောက်ဘက်တွင် ဓား (၄)လက် ထွက်ပေါ်လာလေသည်။

ထိုဓားများမှ သွေးနီရောင်အလင်းတန်းများ တောက်ပနေပြီး ကြယ်စင်များပင် သွေးနီရောင်လွှမ်းသွားသကဲ့သို့ ထင်မှတ်လိုက်ရသည်။

မရဏဓား (၄)လက်မှ သတ်ဖြတ်လိုသည့် အငွေ့အသက် (၄)မျိုး ထွက်ပေါ်နေလေသည်။

ရွှမ်တုက…

"ဒါ မူလ မရဏဓား (၄)လက်ပဲ ၊ နတ်ဘုရားဒဏ်ခတ်ဓား ၊ နတ်ဘုရားထောင်ချောက်ဓား ၊ နတ်ဘုရားတန်ခိုးဖျက်ဓား ၊ နတ်ဘုရားသုတ်သင်ဓားတွေပဲ ဖြစ်တယ် ၊ ကျုပ်ရဲ့ ဟွင့်ယွမ်ဝူကျီတန်ခိုးစွမ်းအားတွေနဲ့ ဒီမရဏဓား (၄)လက်ကို ဘယ်လိုအသုံးပြုတိုက်ခိုက်မလဲဆိုတာ ကြည့်လိုက်စမ်း ၊ တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာမယ်လို့ ကိုယ့်ကိုကိုယ်ထင်နေတဲ့အကောင်… သေဖို့သာ ပြင်ပေတော့…"

ထို့နောက်… မရဏဓား (၄)လက်မှ ဓားဝိညာဉ်များ ပျံသန်းထွက်ခွာလာလေသည်။

ဓားဝိညာဉ်များသည် နဂါးများအလား လူးလွန့်နေပြီး သူတို့၏ ဦးတည်ရာက ခန့်မှန်း၍မရနိုင်ပေ။

ဆန်းလျန်၏ နှလုံးသားထဲတွင် အကြောက်တရားများဖြင့် ပြည့်သွားလေသည်။ မရဏဓား (၄)လက်မှ သတ်ဖြတ်လိုသည့်အငွေ့အသက်များသည် သူ၏ တာအိုနှလုံသားကို ဒီရေများအလားတိုက်စားကာ ဖျက်ဆီးပစ်နေခဲ့သည်။

မရဏဓား (၄)လက်ကို ထိန်းချုပ်ထားသူမှာ ရွှမ်တုတောက်ကျွင်းဖြစ်ပြီး ဆန်းလျန်အနေဖြင့် မည်သည့်နည်းနှင့်မှ လွတ်လမ်းမရှိတော့သလို ခံစားလိုက်ရသည်။

သို့သော်… ဆန်းလျန်လက်ထဲတွင် ကိုင်ထားသည့် ဇီဝဓားမှာ ထူးခြားဆန်းကျယ်သည့် ဓားတစ်လက်ဖြစ်သည့်တိုင် မူလမရဏဓား (၄)လက်ကိုတော့ မည်သည့်နည်းနှင့်မှ မယှဉ်နိုင်ပေ။

သူ့ထံသို့ ပထမဆုံးဝင်ရောက်လာသည့် မရဏဓားဝိညာဉ်မှာ သူနှင့် အလွန်ရင်းနှီးနေသည့်အလားဆန်းလျန် ခံစားလိုက်ရသည်။

ကျောက်ရှောင်ယွီပြောပြသည့် သူ၏အတိတ်အကြောင်းအရာများထဲတွင် တစ်ခါတုန်းက သူသည် ချန်ပေသိုဆိုသည့် နတ်ဘုရားတစ်ပါးဖြင့် တိုက်ခိုက်ခဲ့ဖူးသည်ဟု ဆိုလေသည်။

ထိုနတ်ဘုရားသည် နတ်ဘုရားထောင်ချောက်ဓားဟုခေါ်သည့် မရဏဓားကို ကိုင်ဆောင်သူ ဖြစ်လေသည်။

ယခု သူ့ထံသို့ ပထမဆုံး ဝင်ရောက်လာသည့် ဓားဝိညာဉ်သည် နတ်ဘုရားထောင်ချောက် ဓားဝိညာဉ်များလေလလား…။

ဆန်းလျန်၏ အတွေးများမဆုံးခင်မှာပင် အခြားသော မရဏဓားဝိညာဉ် (၃)ခုကလည်း ဆန်းလျန်ထံသို့ ဝင်ရောက်လာသည်။

မရဏဓားဝိညာဉ်များသည် ဆန်းလျန်၏ ဇီဝဓားကို ချိုးဖျက်ကာ သူ၏ မူလဝိညာဉ်ခန္ဓာကို တန်းတန်းမတ်မတ် စိုက်ဝင်သွားကြလေတော့သည်။

ဆန်းလျန်၏ မပျက်ဆီးနိုင်သည့် မူလဝိညာဉ်ခန္ဓာတွင် ချက်ချင်းပင်အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားလေသည်။

လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားဖြင့် ကာကွယ်ထားသည့်တိုင် ကျောက်ရှောင်ယွီ၏ မူလဝိညာဉ်ခန္ဓာတွင်လည်း ဒဏ်ရာရသွားသည်မှာ ထင်ရှားသည်။

မူလမရဏဓားများ မည်မျှ တန်ခိုးစွမ်းအားမြင့်မားသည်ကို ဆန်းလျန် သဘောပေါက်သွားပြီ ဖြစ်သည်။ သို့သော်… သူ နာကျင်ခံစားရသလို ကျောက်ရှောင်ယွီကို မခံစားစေချင်မိပေ။

စကြာဝဠာကြီး စတင်ဖြစ်တည်သည့်အချိန်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြီးအလား ဆန်းလျန်၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားလေသည်။ ထို့နောက်…ဆန်းလျန်၏ နတ်ဘုရားခန္ဓာထွက်ပေါ်လာလေသည်။

ဆန်းလျန်၏ နတ်ဘုရားခန္ဓာရှိ သွေးကြေဆုံချက်တိုင်းသည် စကြာဝဠာတွင်းနက်ကြီးများအလား ဖြစ်နေပြီး အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း တန်ခိုးစွမ်းအားများ ထွက်ပေါ်လျှက်ရှိသည်။

မူလဝိညာဉ်ခန္ဓာအက်ကွဲသွားသောကြောင့် ဆန်းလျန်ခံစားနေရသည့် နာကျင်မှုသည် ခန္ဓာကိုယ်တွင်ရရှိသည့် အပြင်ပန်းဒဏ်ရာများထက် အဆပေါင်းသန်းနှင့်ချီပြီး နာကျင်ခံခက်လေသည်။

ဆန်းလျန် မည်မျှ နာကျင်ခံစားနေရသည်ကို မည်သူမှ မသိနိုင်ပေ။ သို့သော်… ဆန်းလျန်၏ပုံစံကတော့ အေးဆေးတည်ငြိမ်နေပြီး ကြောက်မက်ဖွယ်ရာ ကောင်းနေဆဲ ဖြစ်လေသည်။

***

All Chapters