ရက်စက်စွာသတ်ဖြတ်ခြင်း
Vol. 176 Ch. 2510
နတ်ဘုရားချိပ်စည်း၏ ကြောက်မက်ဖွယ်စွမ်းအားသည် ထိုနေရာရှိ ကောင်းကင်ကို ချိပ်ပိတ်လိုက်ပြီး တုန်းဟွာနန်းတော် တည်ရှိသည့် မြေပြင်တစ်ခုလုံးအား လွှမ်းခြုံလိုက်သည်။ ရီဖူရှင်းတို့အုပ်စုသည်လည်း ထိုချိပ်စည်းထဲတွင် ပိတ်မိသွား၏။
ရီဖူရှင်းဘေးမှ အင်ပါယာရှီက တစ်ချက်လှမ်းကြည့်သည်။
ချန်ယိ၏အင်အားသည် အမှန်ပင် အံ့အားသင့်ဖွယ်ကောင်း၏။ သူသည် နင်ဟွာကို အလွယ်တကူ ဖိနှိပ်နိုင်ကာ တစ်ဖက်လူအား အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိနေသည်။ သို့သော် အခြေအနေကတော့ အနည်းငယ် ရှုပ်ထွေး၏။ နင်ယွမ်၏ စွမ်းအားနှင့်အာဏာကို ထည့်မတွက်လျှင်ပင် ကုန်းမြေသခင်အိမ်တော်များမှ စွမ်းအားမြင့်တန်ခိုးရှင်များသည် သေချာစောင့်ကြည့်နေကြသေးသည်။
အကယ်၍ နင်ဟွာသေသွားခဲ့လျှင် မည်သို့ဖြစ်လာမည်နည်း။ ချန်ယိတို့အတွက် ထိုနေရာမှ လုံခြုံစွာထွက်ခွာသွားနိုင်ရန် မလွယ်ကူတော့ပါ။
“သူ့ကို လွှတ်လိုက်စမ်း”
နင်ယွမ်က ချန်ယိကို ကြည့်လျှက် အေးစက်စွာ အော်ပြောသည်။ နတ်ဘုရားချိပ်စည်း၏ ခပ်ဖျော့ဖျော့အရှိန်အဝါတစ်ခုသည် ချန်ယိထံသို့ ရွေ့လျားသွား၏။ ၎င်းသည် ချန်ယိကို အချိန်မရွေး စည်းနှောင်ချိပ်ပိတ်တော့မည့်ဟန် ရှိသည်။
“ခင်ဗျား ဝင်မပါတာ ကောင်းလိမ့်မယ်”
ချင်ယိက နင်ယွမ်ကို သတိပေးလိုက်သည်။ နင်ယွမ် မည်သို့တွေးနေသည်ကို သူ ကောင်းကောင်းသိ၏။
နင်ယွမ်သည် သူ့ကို ဆက်စိုက်ကြည့်နေသည်။ ထို့နောက် သူသည် ရီဖူရှင်းနှင့်အခြားသူများကို လှမ်းကြည့်လိုက်ကာ အေးစက်စွာ ပြောလိုက်၏။
“မင်းတို့ သူ့ကိုထိခိုက်အောင် လုပ်ဝံ့ရင် ဒီနေရာကနေ ဘယ်သူမှ အသက်ရှင်လွတ်မြောက်နိုင်မယ် မထင်နဲ့။ စီဝေ့ကြယ်ကောင်းကင်ကိုလည်း အမြစ်လှန်ပစ်မယ်”
နင်ယွမ်၏စကားက သူ့ယုံကြည်မှုကို ပြသနေသည်။ သူ့တွင် ထိုသို့ ခြိမ်းခြောက်ရန် အင်အားရှိ၏။ သူသည် သူ၏ကပ်ဘေးများကို လွန်ခဲ့သောနှစ်များစွာကပင် ကျော်ဖြတ်ခဲ့ပြီးဖြစ်ရာ အင်ပါယာရှီကဲ့သို့ အစွမ်းကြီးသူများပင် သူ့ကို အလွယ်တကူမယှဉ်နိုင်ပေ။ ဆေးအင်ပါယာသည် ယခင်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကိုသုံး၍ နင်ယွမ်နှင့် တိုက်ခိုက်ဖူး၏။ ထိုစဉ်က ဆေးအင်ပါယာသည် ဒဏ်ရာအပြင်းအထန်ဖြင့်သာ ထွက်ပြေးခဲ့ရသည်။
သို့သော် နင်ယွမ်သည် ရီဖူရှင်း၏တိုက်ခိုက်ရေးစွမ်းရည်ကို ထည့်မတွက်ခဲ့ပေ။ ရီဖူရှင်း မည်မျှ သန်မာလာသည်ကို သူ မသိချေ။
သို့သော် ရီဖူရှင်း မည်မျှ သန်မာလာပါစေ၊ ရန်ဟောင်အဆင့်ရှစ်သာ ရှိသူတစ်ဦးသည် သူ့အား ယှဉ်နိုင်ပါမည်လော။
သူသည် အဆင့်ကိုး၌ရှိနေလျှင်လည်း အဆင့်ကွာဟချက်မှာ အဆမတန်ကြီးမားနေသေးသည်။
ချင်ယိက ရီဖူရှင်းရှိနေရာသို့ လှမ်းကြည့်သည်။ သူသည် အနည်းငယ် ချီတုံချတုံဖြစ်နေကာ ရီဖူရှင်း၏အမိန့်ကို စောင့်နေပုံပေါ်၏။
ရီဖူရှင်း၏မျက်နှာကား ခံစားချက်ကင်းမဲ့နေသည်။ သူက နင်ယွင်ကို အရေးမလုပ်ဟန်ဖြင့်ပင် အေးဆေးစွာ ရပ်နေ၏။
ယနေ့တွင် သူသည် ဤနေရာသို့ တစ်ယောက်တည်းလာခဲ့လျှင်လည်း သူ့အနေဖြင့် နင်ဟွာကို အလွယ်လေးသတ်နိုင်၏။
သို့သော် နင်ဟွာသည် ကျုံးချန်ကို သတ်ခဲ့သူ ဖြစ်၏။ ဆေးအင်ပါယာနှင့် လီချန်ရှန်းတို့သည် နင်ဟွာ၏သေခြင်းကို သူတို့ကိုယ်တိုင် မြင်တွေ့သင့်၏။
ထို့အပြင် နင်ယွမ်သည် ထိုအရာအားလုံး၏ နောက်ကွယ်မှလူ ဖြစ်သည်။ ရီဖူရှင်းက နင်ယွမ်ကို တစ်ခါမှ ရန်မစခဲ့ဖူးပေ။ သူသည် တုန်းဟွာပွဲတော်ကိုပင် တက်ရောက်ခဲ့ပြီး နင်ယွမ်၏အလေးပေးမှုကို ရအောင်လုပ်ကာ ကုန်းမြေသခင်အိမ်တော်သို့ ဝင်ရန်ပင် ကြိုးစားခဲ့သေးသည်။ သို့သော် နင်ယွမ်က သူ့ကိုငရဲအထိတွန်းပို့ကာ ရန်ငြိုးရန်စများအား ကြီးထွားစေခဲ့၏။
သူနှင့် ဆေးအင်ပါယာတို့ခံစားခဲ့ရသည့် နာကျင်မှုမျိုး နင်ယွင်လည်း ခံစားသင့်၏။
“သွေးကြွေးကို သွေးနဲ့ပဲဆပ်ရမယ်”
ရီဖူရှင်းက နင်ယွမ်ကိုကြည့်လျှက် ပြောသည်။ သူ၏အသံက ပတ်ဝန်းကျင်တစ်ခုလုံးအား တိတ်ဆိတ်သွားစေ၏။
သွေးကြွေးကို သွေးဖြင့်သာ ဆပ်ရမည်။
ရီဖူရှင်းက နင်ဟွာကို သတ်တော့မည်မှာ သေချာ၏။
ရီဖူရှင်းဘေးမှ လူများသည် သူမည်မျှ ဆုံးဖြတ်ချက်ပြတ်သားသည်ကို သိကြ၏။ အင်ပါယာရှီနှင့် ဆေးအင်ပါယာတို့က ရီဖူရှင်းရှေ့တွင် ရပ်လိုက်ကြ၏။ သူတို့က တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားကြသည်။
အကယ်၍ ရီဖူရှင်းသာ နင်ဟွာကိုသတ်ရန် ဆုံးဖြတ်ခဲ့လျှင် အင်ပါယာရှီက အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။ သူသည် လွန်ခဲ့သည့်နှစ်များအတွင်း၌ ကြယ်တာရာကောင်းကင်၌ ကျင့်ကြံခဲ့သဖြင့် အကျိုးကျေးဇူးများစွာ ရခဲ့ပေသည်။ ယခုကား ဘက်ရွေးရန် အချိန်တန်လေပြီ။
ထိုမြင်ကွင်းကိုကြည့်ကာ နင်ယွင်၏မျက်နှာက ပိုမိုအေးစက်လာ၏။ သူက အင်ပါယာရှီကို တစ်ချက်ကြည့်လိုက်၏။ အင်ပါယာရှီသည် ရီဖူရှင်းနှင့်ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းက သူ့ကို အံ့အားသင့်စေသည်။
“မင်းက ငါ့ကို သတ်ရဲလို့လား”
နင်ဟွာသည် ထိုအခိုက်တွင် ထိန်းချုပ်ခံထားရသော်လည်း မာန်မလျှော့သေးပါ။ သူ့အကြည့်များတွင် ပြင်းထန်သော အမုန်းတရားများကို မြင်ရသည်။
ရီဖူရှင်းက ကုန်းမြေသခင်အိမ်တော်များမှ တန်ခိုးရှင်များ ရှိနေသည့်တိုင် သူ့အား အမှန်တကယ် သတ်ဖြတ်ရဲမည်လား။
သူ့ကိုသတ်ပြီးသွားလျှင် ရီဖူရှင်း ဤနေရာမှ မည်သို့ ပြန်ထွက်သွားနိုင်မည်နည်း။
ရီဖူရှင်းက နင်ဟွာကို သနားစဖွယ် ကြည့်သည်။ နင်ဟွာက သူ့အား မသတ်ဝံ့ဟု အမှန်တကယ် ထင်နေသည်လား။
“သူ့ကို ခေါ်ခဲ့လိုက်”
ရီဖူရှင်း ပြောသည်။
“ကောင်းပြီ”
ချန်ယိက ခေါင်းညိတ်ကာ နင်ဟွာအား ရီဖူရှင်းထံသို့ ဆွဲခေါ်လာသည်။
ရီဖူရှင်းက နင်ဟွာ၏မျက်လုံးများထဲမှ အညံ့မခံလိုသောဆန္ဒများအား တွေ့မြင်၏။
“ငါသာသေသွားရင် မင်းတို့အကုန်လုံးလည်း ငါနဲ့အတူလိုက်သေရမှာပဲ”
“တုန်းဟွာကုန်းမြေက နံပါတ်တစ် ပါရမီရှင်တဲ့လား”
ရီဖူရှင်းက နင်ဟွာကို အထင်အမြင်သေးစွာ ပြောသည်။
“သနားစရာပဲ...”
သူသည် ထိုသို့ပြောလိုက်ပြီးနောက် လက်ညိုးကို ရှေ့သို့ ညွန်လိုက်သည်။ သူ့လက်ချောင်းထိပ်တွင် ဓားဝိညာဉ်စွမ်းအားတစ်ခု လှည့်ပတ်လာ၏။
“အတင့်ရဲတယ်…”
နင်ဟွာ၏မျက်နှာက ဖြူလျောသွား၏။
“ရီဖူရှင်း...”
နင်ယွမ်က ဒေါသတကြီး အော်လိုက်သည်။ နတ်ဘုရားချိပ်စည်းသည် ပို၍ စွမ်းအားကြီးလာသည်။ နတ်အလင်းများသည် ရီဖူရှင်းထံ ရွေ့လျားလာပြီး အင်ပါယာရှီနှင့် ဆေးအင်ပါယာတို့သည်လည်း နင်ယွမ်ကို ရီဖူရှင်းအနားမကပ်နိုင်စေရန် တစ်ချိန်တည်း လှုပ်ရှားလိုက်ကြ၏။
“သွေးကြွေးကို သွေးနဲ့ဆပ်ရမယ်”
ရီဖူရှင်းလက်ချောင်းသည် နင်ဟွာ၏မျက်ခုံးနှစ်ခုအကြားသို့ ထိကပ်သွားလျှင် ချက်ချင်းပင် သူ့လက်ချောင်းထိပ်ရှိ ဓားဝိညာဉ်စွမ်းအားသည် နင်ဟွာ၏မျက်ခုံးနှစ်ခုကြားကို ဖောက်ဝင်သွားပြီး အဖျက်စွမ်းအားတစ်ခုသည် သူ၏စိတ်ဝိညာဉ်ကို ဖျက်ဆီးသွား၏။
နင်ဟွာသည် မျက်လုံးအပြူးသားဖြင့် ရှေ့သို့ငေးကြည့်နေသည်။ သူ့မျက်ဝန်းများထဲတွင် အံ့အားသင့်တုန်လှုပ်မှုများ၊ စိတ်အားငယ်မှုများ ရှိနေ၏။
ရီဖူရှင်းက သူ့အား အမှန်တကယ် သတ်ဖြတ်ရဲမည်ဟု မထင်ထားပေ။
ရီဖူရှင်းက ထိုမျှ အတင့်ရဲသလော။
သူသည် တုန်းဟွာကုန်းမြေသခင်အိမ်တော်မှ လက်ထောက်သခင်ဖြစ်သည်။ သူ့အရည်အချင်းသည် အထွတ်အထိပ်၌ရှိပြီး အနာဂတ်တွင် ကုန်းမြေသခင်ရာထူးကို သေချာပေါက် ရနိုင်၏။ အမှန်တကယ်အားဖြင့် သူ့ရည်မှန်းချက်က ပိုမိုမြင့်မားသေးသည်။ သူက မဟာအင်ပါယာအဆင့်ကိုပင် ရည်မှန်းထားသည်။
သို့သော် ယခုတွင် ရီဖူရှင်းက သူ့ကို တုန်းဟွာနန်းတော်အပြင်ဘက်တွင် သတ်ဖြတ်လိုက်သည်။
ပတ်ဝန်းကျင်သည် အပ်ပျံမကျ တိတ်ဆိတ်သွား၏။ အားလုံး၏စိတ်နှလုံးက တစ်ဒုန်းဒုန်း ခုန်နေသည်။
ရီဖူရှင်း အမှန်တကယ် သတ်ဖြတ်ရဲသည်။ သူသည် တုန်းဟွာနန်းတော်အပြင်ဘက်တွင် ပင် ကုန်းမြေသခင်နင်ယွမ်၏သားကို သတ်လိုက်၏။
သို့သော် ထိုသို့သတ်လိုက်ပြီးနောက် သူ မည်သို့ ပြန်ထွက်သွားမည်နည်း။
“သူက ရူးနေတာပဲ”
ရေခဲနန်းတော်ဓားနတ်မယ်နှင့် တုန်းဟွာကုန်းမြေမှအင်အားစုများသည် အကုန်လုံး အထိတ်တလန့် ဖြစ်သွားကြ၏။ နင်ဟွာ၏သေဆုံးခြင်းက သူတို့အား မယုံနိုင်ဖြစ်စေသည်။
ရန်ဟောင်အဆင့်ကိုးသို့ရောက်နေပြီဖြစ်သော နင်ဟွာသည် တုန်းဟွာကုန်းမြေမှ ထိပ်သီးတစ်ဦး ဖြစ်သည်။ ဓားနတ်မယ်သည်ပင် သူမက ရီဖူရှင်းကို အနိုင်ယူရန် ယုံကြည်မှုရှိသည်။ သို့သော် ဤတိုက်ပွဲတွင် နင်ဟွာသည် မရှုမလှရှုံးနိမ့်ခဲ့ပြီး ရီဖူရှင်း၏လက်ထဲတွင် သေဆုံးသွား၏။ ဖြစ်ပျက်သမျှက မြန်ဆန်လွန်းသည်။
“နင်ဟွာ...”
ဝုန်း...
ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာကာ နင်ယွမ်၏မျက်လုံးများ ရဲရဲနီလာပြီး ပတ်ဝန်းကျင်သည် သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် ပြည့်နှက်သွား၏။ နင်ဟွာသည် သူအချစ်ဆုံးသားဖြစ်ပြီး သူ၏ဆက်ခံသူလည်းဖြစ်ကာ တစ်နေ့တွင် မြင့်မားသော အဆင့်တစ်ခုသို့ ရောက်မည့်သူ ဖြစ်သည်။
သို့သော် အရာအားလုံးသည် ရီဖူရှင်းကြောင့် အဆုံးသတ်သွားပေပြီ။
နင်ယွမ်သည် သူ၏လက်ဖျောက်တစ်ချက်၊ သို့မဟုတ် လက်တစ်ယမ်းစာဖြင့်ပင် ရီဖူရှင်းကို သတ်နိုင်သည်ဟု ထင်မှတ်ထား၏။ ယခုကား အရာအားလုံးက ပြောင်းပြန်ဖြစ်သွားကာ သေဆုံးရသူက သူ့သား ဖြစ်နေသည်။
ချက်ချင်းပင် မဟာလမ်းစဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာကာ ကောင်းကင်ထက်တွင် ပြင်းထန်သော ချိပ်စည်းမုန်တိုင်းတစ်ခု ရီဖူရှင်းထံသို့ တိုးဝင်လာ၏။
ဝုန်း...
ဆေးအင်ပါယာကလည်း အစွမ်းကုန် ထုတ်သုံးလိုက်သည်။ သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင့် တစ်သားတည်းဖြစ်သွားပြီး လေထဲတွင် နတ်ကမ္ဗည်းတိုင်တစ်ခု ပေါ်ပေါက်လာကာ ကောင်းကင်တစ်ခွင်လုံးကို ကာရံလျှက် ရီဖူရှင်းတို့အား အကာအကွယ်ပေး၏။
အင်ပါယာရှီလည်း လှုပ်ရှားလိုက်၏။ လေထဲတွင် ရွှမ်းဝူလိပ်နက်ကြီးပေါ်လာကာ နင်ယွင်၏ရူးသွပ်သည့် တိုက်ခိုက်မှုများအား တားဆီးလိုက်သည်။
“အားလုံး နားထောင်ကြ။ စီဝေ့ကြယ်ကောင်းကင်က တန်ခိုးရှင်တွေနဲ့ ရီဖူရှင်းကို သတ်နိုင်တဲ့ ဘယ်သူ့ကိုမဆို ဆုလာဘ်အများကြီး ချီးမြှင့်မယ်”
ရေခဲတမျှအေးစက်သည့်အသံသည် လေထုကို ဖောက်ထွင်းဖြတ်သန်းသွား၏။ ထိုအခိုက်တွင် နင်ယွမ်သည် အဆင့်မြင့်တန်ခိုးရှင်နှစ်ဦး၏တားဆီးမှုကို ခံနေရပြီး တချိန်တည်းတွင် ရီဖူရှင်း၏စီးတော်ယာဉ် ခွန်ပန်ရွှေအတောင်ပံငှက်မှာ ပြန်ဆုတ်နေသည်ကို မြင်ရ၏။
ရီဖူရှင်းက သည်အတိုင်း လွတ်မြောက်သွား၍ မရပေ။ နင်ဟွာ၏သေဆုံးခြင်းအတွက် ရီဖူရှင်းနှင့် သူ့လူများ သေချာပေါက် ပေးဆပ်ရန် လိုသည်။
သူက ထိုသို့ပြောလိုက်သည်တွင် ကြီးမားသော စွမ်းအားများ ပေါက်ကွဲထွက်လာကာ တန်ခိုးရှင်အများအပြားသည် ခွန်ပင်နတ်ငှက်အား ဖိနှိပ်လိုက်ကြ၏။
ကောင်းကင်ဒေသ၏ ကုန်းမြေအသီးသီးမှ တန်ခိုးရှင်များသည် ရီဖူရှင်းကို အမြဲသတ်ဖြတ်လိုကြသည်။ ကုန်းမြေသခင်အိမ်တော်များသည် နတ်ခန္ဓာပျက်စီးသွားသည့် သတင်းကို သိရှိပြီး ဖြစ်သည်။ သို့သော် ရီဖူရှင်းထံတွင် မဟာအင်ပါယာများ၏ အမွေအနှစ်များအပါအဝင် လျှို့ဝှက်ချက်များစွာ ကျန်သေး၏။
ရီဖူရှင်းကို သတ်ဖြတ်ခြင်းဖြင့် ဒွန်ဟောင်မင်းသမီးထံတွင် မျက်နှာသာ ရနိုင်သေးသည်။
အရှင်ဒွန်ဟောင်ဆိုသည်မှာ မည်သူနည်း။ သူသည် လူငယ်တစ်ဦးကို အာရုံစိုက်နေမည်မဟုတ်ပေ။ သို့သော် ရီဖူရှင်းက အင်ပါယာရီချင်၏ ဆက်ခံသူဖြစ်သည်။ အင်ပါယာနန်းတော်သည် ရီဖူရှင်း အသတ်ခံရလျှင်လည်း ဂရုစိုက်မည် မဟုတ်ပေ။
လူအများအပြားက အကြောင်းပြချက်မျိုးစုံဖြင့် ရီဖူရှင်းအား သတ်ဖြတ်လိုကြသည်။ ယခုတွင် အခွင့်အရေးကောင်းတစ်ခု ပေါ်လာပေပြီ။ ရီဖူရှင်းက စီဝေ့ကြယ်ကောင်းကင်မှ ထွက်လာခဲ့၏။
ဝုန်း...
အားကောင်းသော အရှိန်အဝါတစ်ခု ရီဖူရှင်းတို့ထံသို့ ကျဆင်းလာ၏။ ထိုအရှိန်အဝါသည် ကပ်ဘေးအဆင့်သို့ ရောက်နေသည့် သန်မာသူတစ်ဦး၏အရှိန်အဝါကဲ့သို့ပင်။ ထိုအခိုက်တွင် သက်လတ်ပိုင်းလူတစ်ဦး ရှေ့ကို ထွက်လာသည်။
“ရီဖူရှင်း... မင်းက တရားလွန်နေပြီ။ ထွက်သွားဖို့ကို မစဉ်းစားနဲ့”
သက်လတ်ပိုင်းလူက ပြောသည်။ သူသည် ထျန်းယန်ကုန်းမြေသခင်အိမ်တော်မှ ဖြစ်၏။ သူသည် နတ်ဘုရားကဒ်ဘေး ပထမအဆင့်မှ ဖြစ်ရာ အစွမ်းကြီးမားသည်။
ရီဖူရှင်းသည် ထျန်းယန်မြို့နှင့် ရန်ငြိး၊ ရန်စ နက်နက်ရှိုင်းရှိုင်း ရှိ၏။ ထျန်းယန်မြို့သည် ထျန်းယန်ကုန်းမြေတွင် ထိပ်သီးအဆင့်မြို့တစ်မြို့ဖြစ်သည်။ ကုန်းမြေသခင်အိမ်တော်သည်ပင် ထိုမြို့ကို မျက်နှာသာပေးရသည်။ ထိုမြို့ကို ကောင်းကင်ဒေသတွင် နံပါတ်တစ် ချပ်ဝတ်လက်နက်မြို့အဖြစ် လူသိများသည်။
ယခင်က ထျန်းယန်မြို့စားသည် သူ့အား နတ်ခန္ဓာငှားပေးရန် ရီဖူရှင်းကို ကိုယ်တိုင်တောင်းဆိုခဲ့သည်။ သို့သော် ရီဖူရှင်းက ငြင်းဆိုလိုက်သည်။ ထို့ကြောင့် ထျန်းယန်မြို့စားသည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို တစ်ကိုယ်တော် ဖျက်ဆီးခဲ့သည်။
သို့ဖြစ်၍ ရီဖူရှင်းကို သတ်ခြင်းသည် ထျန်းယန်မြို့၏မျက်နှာသာပေးခြင်းကို ခံရနိုင်၏။
“ရီဖူရှင်း... ငါတို့အရင်က တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးတယ်ဆိုပေမယ့် ဒီတစ်ကြိမ် မင်းရဲ့လုပ်ရပ်က တရားလွန်သွားပြီ”
ကျောက်မုဟွမ်က ပြောသည်။ သူသည်လည်း ရှေ့သို့လျှောက်လာ၏။ သို့သော် ရီဖူရှင်းက သူ့ကို အေးစက်စက်ပြုံးကာ ကြည့်နေ၏။ သူနှင့် ကျောက်မုဟွမ်သည် ယခင်က အမှန်ပင် ရင်းနှီးခဲ့ဖူးပေသည်။
ကျောက်မုဟွမ်သည် နတ်ခန္ဓာကို ထိန်းချုပ်နိုင်ရန် ရီဖူရှင်းကို ချဉ်းကပ်ခဲ့၏။ သို့သော် ရီဖူရှင်းက ရှန်းချင်ကုန်းမြေသခင်အိမ်တော်ကို ဝင်ရန် ငြင်းဆိုခဲ့သည်။ ကျောက်မုဟွမ်သည် ထိုဖြစ်ရပ်အား ယနေ့တိုင် တေးမှတ်ကာ ရန်ငြိုးထားနေဆဲဖြစ်သည်။
သူသည် ရီဖူရှင်း အခက်ကြုံနေသည့်အခိုက်တွင် သေချာပေါက် မြေနိမ့်ရာလှံစိုက်မည်ဖြစ်သည်။
ရီဖူရှင်းက ကျောက်မုဟွမ်ကို အေးစက်ကာ အထင်မြင်သေးစွာ ကြည့်သည်။ အကြည့်တစ်ချက်က ကျောက်မုဟွမ်အား အနည်းငယ် ရှိန်စေသည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် လေထဲ၌ ရုတ်တရက် ပျောက်ကွယ်သွား၏။
ကျောက်မုဟွမ်သည် အားကောင်းသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူက ပြန်ဆုတ်လိုသော်လည်း လက်ဝါးချက်တစ်ချက် သူ့ထံသို့ဝင်လာသည်ကို တွေ့လိုက်ရ၏။ သူ့ကိုယ်ပေါ်တွင် မဟာလမ်းစဉ်စတင်စီးဆင်သွားပြီး အလျင်အမြန် ကာကွယ်ရန် ကြိုးစားလိုက်သည်။
ဝုန်း...
သူလျင်မြန်စွာ တုံ့ပြန်လိုက်သော်လည်း လုံလောက်အောင် မမြန်ဆန်ပေ။ ကြောက်မက်ဖွယ်လက်ဝါးချက်သည် သူ၏ မဟာလမ်းစဉ်အကာအရံကို ချက်ချင်းဖျက်ဆီးပစ်လိုက်ပြီး သူ့ခေါင်းရှေ့တွင် ပေါ်လာကာ သူ့အနက်ရောင်ဆံပင်များကို ဝဲလွင့်ရှုပ်ပွသွားစေ၏။ သူက အရှေ့မှ ငွေဖြူရောင်ဆံပင်နှင့်လူကို ကြည့်ကာ သူ့နှလုံးသားသည် သူ့ပါးစပ်မှ ထွက်ကျလာတော့မလိုခံစားနေရသည်။
ထိုအခိုက်တွင် ရီဖူရှင်း၏ခန္ဓာကိုယ်သည် စူးရှ တောက်ပနေပြီး ကိုယ်ပေါ်တွင် နတ်အလင်းတစ်ခု စီးဆင်းနေကာ အားကောင်းသည့် အငွေ့အသက်တစ်ခုကို ပေးနေ၏။
နှိုင်းယှဉ်လိုက်လျှင် ကျောက်မုဟွမ်သည် လွန်စွာအားနည်းပုံပင်။ ထိုလက်ဝါးသာ ရှေ့သို့ဆက်တိုးလိုက်လျှင် သူ၏ဦးခေါင်း ချက်ချင်းပေါက်ကွဲသွားမည်ဖြစ်ပြီး နင်ဟွာကဲ့သို့ပင် အသတ်ခံလိုက်ရမည်ဖြစ်သည်။
“ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်ဘူး။ မင်းဝင်မပါနဲ့”
ရီဖူရှင်း၏အသံသည် အေးစက်မောက်မာသည်။ သူ့လှုပ်ရှားမှုတစ်ချက်က ပတ်ဝန်းကျင်အား တဖန် တိတ်ဆိတ်သွားစေသည်။