← Chapters

ဟွင့်ယွမ်ဝူကျီ

Vol. 9 Ch. 820

ဟွင့်ယွမ်ဝူကျီ

Vol. 9 Ch. 820

ကျောက်ရှောင်ယွီက ဆန်းလျန် အကြောင်း အူချေးအူခါးပါမကျန် သိသူဖြစ်သည်။

သူမက ဆန်းလျန်၏မျက်နှာကိုကြည့်လိုက်သည်နှင့် ဆန်းလျန် ဒဏ်ရာအပြင်းအထန်ရသွားပြီဖြစ်ကြောင်း ချက်ချင်းသတိပြုလိုက်မိသည်။

ထို့နောက်… ကျောက်ရှောင်ယွီက သူမတွင်ရှိသမျှသော တန်ခိုးစွမ်းအားများကို အသုံးပြုကာ လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်လေသည်။

ထိုအခါ…. ကျီမော့တောင်ထိပ်တွင် အဖြူရောင်နှင့်အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။

အဖြူရောင်နှင့်အနက်ရောင်အလင်းတန်းများကြားတွင် ယင်နှင့်ယန် သံလိုက်တွင်းကြီးတစ်တွင်း ဖြစ်ပေါ်လာသည်။

ယင်နှင့်ယန် သံလိုက်တွင်းကြီးသည် အရာအားလုံးကို တိုက်စားသွားပြီး ရွှမ်တုရှိရာသို့ အရှိန်အဟုန်ပြင်းထန်စွာဖြင့် ဝင်ရောက်သွားလေသည်။ ယင်နှင့်ယန် သံလိုက်တွင်းကြီး ဝင်ရောက်လာသည်ကို တွေ့မြင်လိုက်နှင့် ရွှမ်တုက ကြည်လင်တောက်ပနေသည့် ပုလင်းတစ်လုံးကို ဖန်ဆင်းလိုက်သည်။

ထိုပုလင်းက ယင်နှင့်ယန် သံလိုက်တွင်းကြီးကို စုပ်ယူဝါးမြိုပစ်လိုက်လေတော့သည်။

အလင်းတန်းများဖြာထွက်သွားပြီး ကြောက်မက်ဖွယ်ရာပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားသွားလေသည်။ ကျီမော့တောင်ကြီးတစ်ခုလုံး  အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးသွားလေတော့သည်။

ကျောက်ရှောင်ယွီက ဆန်းလျန်ကို အသာပွေ့ဖက်လိုက်ပြီး ပေါက်ကွဲမှုကြီးကို ရှောင်တိမ်းလိုက်ကာ စကြာဝဠာထဲသို့ ထွက်ပြေးပုန်းရှောင်ရန် ဟန်ပြင်လိုက်သည်။

သို့သော်… ရွှမ်တုတောက်ကျွင်းက အေးစက်စွာပြုံးလိုက်ရင်း…

"မင်းတို့က ထွက်ပြေးချင်တယ်ပေါ့လေ.…"

ပြောပြီးသည်နှင့် ရွှမ်တုက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်လေရာ လောကတစ်ခုလုံးကို အဆုံးသတ်သွားစေနိုင်သည့် ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး ဆန်းလျန်နှင့် ကျောက်ရှောင်ယွီကို ချက်ချင်းပင် တားဆီးထားလိုက်သည်။

သိပ်မဝေးသည် ကောင်းကင်အစွန်းတစ်နေရာတွင် ကြီးမားသည့် ကြယ်စင်တစ်စင်း လင်းလက်နေလေသည်။ သို့သော်… အလင်းရောင်က ခပ်မှိန်မှိန်ဖြစ်လေ၏။

သို့သော်… ထိုကြယ်စင်ကြီးက ရွှမ်တု၏ တာအိုခန္ဓာနှင့်ယှဉ်လျှင် အဆပေါင်းများစွာ ကြီးမားလေသည်။

ရွှမ်တုက လက်ဖျောက်တစ်ချက်တီးလိုက်လေရာ ကြယ်စင်ကြီးက တဖြည်းဖြည်း စတင်လည်ပတ်လာလေသည်။ လည်ပတ်နေရင်းဖြင့် တဖြည်းဖြည်းသေးငယ်လာပြီး နောက်ဆုံး ဆေးလုံးတစ်လုံးစာ အရွယ်အစားခန့်အထိ သေးငယ်သွားသည်။

ထို့နောက် ရွှမ်တုက ဆေးလုံးအရွယ်အစားကြယ်စင်ကို လက်ချောင်းလေးများဖြင့် အသာယူလိုက်ပြီး ဆန်းလျန်၏ မျက်ခုံး (၂)ခုကြားသို့ ထိုးစိုက်ချလိုက်လေတော့သည်။

ရွှမ်တု၏ တိုက်ကွက်က ဆန်းလျန်ကို ဇာတ်သိမ်းပေးလိုက်နိုင်သည့် နောက်ဆုံး တိုက်ကွက် ဖြစ်လေသည်။

ဆန်းလျန်၏ မျက်ခုံးနှစ်ခုကြားတွင် အပေါက်တစ်ပေါက်ဖြစ်ပေါ်လာပြီး ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာသည် ထိုအပေါက်မှတစ်ဆင့် ရေကဲ့သို့ အဆက်မပြတ်စီးဆင်းထွက်လာလေသည်။

ဆန်းလျန်မှာ အလွန်အားနည်းနေပြီး ယနေ့ သူ့အတွက် လွတ်လမ်းမရှိတော့သည်ကို သိလိုက်သည်။ သူရရှိထားသည့်ဒဏ်ရာသည် ပြန်လည်ပျောက်ကင်းရန်ပင် ခက်ခဲလွန်းသည့် ဒဏ်ရာတစ်ခု ဖြစ်နေလေပြီ။

ရွှမ်တု၏ တန်ခိုးစွမ်းအားများသည် သူမျှော်လင့်ထားသည်ထက်ပင် မြင့်မားလွန်းနေသည်။ ထိုက်ချိယင်ယန်ပန်းချီကား အကူအညီဖြင့် ဟွင့်ယွင်ဝူကျီအဆင့်သို့ တက်ရောက်ထားသူတစ်ယောက်သည်ပင်လျှင် အလွန်မှ မယုံကြည်နိုင်စရာ တန်ခိုးစွမ်းအား မြင့်မားလွန်းလှလေသည်။

အပြင်းအထန် ဒဏ်ရာရထားသည့်တိုင် ဆန်းလျန်က စိတ်ဓာတ်ကျသွားခြင်း မရှိပေ။

ဆန်းလျန်က စိတ်စွမ်းအားအသုံးပြုကာ ကျောက်ရှောင်ယွီကို စကားတစ်ခွန်းပြောလိုက်သည်။

"ရှောင်ယွီ… ပြေးတော့…"

ထိုအချိန်မှာပင်…

စကြာဝဠာကိုထိုးဖောက်ကာ ဝူခုံး၏ သံတုတ်ထွက်ပေါ်လာလေသည်။

ဝူခုံး၏သံတုတ်က ဆန်းလျန်၏ ရင်ဝတည့်တည့်ကို ရိုက်ချလိုက်ပြီး ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေတော့သည်။

တစ်ချိန်တည်းမှာပင်…

နဂါးငွေ့တန်းကိုပင် စုပ်ယူနိုင်သည့် အင်္ကျီလက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာအပိုင်းအဆများကို စုပ်ယူပစ်လိုက်လေသည်။ ထို့နောက် အင်္ကျီလက်ကြီးမှာ တစ်ချက်တုန်ခါသွားပြီး အခိုးအငွေ့များကြားတွင် ပြန်လည် ပျောက်ကွယ်သွားလေသည်။

ထိုအင်္ကျီလက်ကြီးမှာ ကျန့်ယွမ်ကျီနတ်မင်းကြီး၏ ဝိဇ္ဇာအင်္ကျီလက်ကြီးပင် ဖြစ်လေသည်။

ထို့နောက်…

ကလေးငယ်များနှင့်အလားသဏ္ဍန်တူသည့် ဝိညာဉ်သစ်သီး အလုံး (၃၀)သီးနေသည့် သစ်ပင်တစ်ပင် ရုတ်တရက် ပေါ်လာပြီး ရွှမ်တုတောက်ကျွင်း၏ ဦးခေါင်းထက်တွင် ဖိနှိပ်ထားလိုက်လေသည်။

ဝူကျွမ်းကျောင်းတော်မှ လူသားပုံသဏ္ဍန် ဂျင်ဆင်းဆေးမြစ်အပင်သည် ထိုက်ယီထျန်းရှန်းအဆင့် ရှိလေသည်။

တစ်ချိန်တည်းမှာပင်…

လက်ထဲတွင် ကြွေပန်းအိုးကိုင်ထားသည့် ကွမ်ယင်မယ်တော်ပေါ်လာပြီး ကြွေပန်းအိုးထဲမှ ရေများကို သွန်းလောင်းချလိုက်လေသည်။

ရွှမ်တု၏ ဦးခေါင်းထက်တွင် ထိုက်ချိသင်္ကေတတိမ်တိုက်တစ်ခု ထွက်ပေါ်လာပြီး ဂျင်ဆင်းဆေးမြစ်အပင်ကို တားဆီးထားလိုက်သည်။

ထို့နောက်….

သူ၏လက်ကြီးတစ်ဖက် ရှည်ထွက်လာပြီး ဝူခုံး၏ သံတုတ်ကို ဖမ်းဆုပ်ထားလိုက်သည်။

တစ်ချိန်တည်းမှာပင်…

သူ၏ခြေထောက်အောက်တွင် အစိမ်းရောင်ကြာရွက်တစ်ရွက် ပေါ်လာပြီး ကွမ်ယင်မယ်တော်၏ ကြွေပန်းအိုးထဲမှ နတ်ရေစင်သည် သူ့ကို နှစ်မြုပ်ပစ်ခြင်းငှာ မစွမ်းသာတော့ပေ။

"လက်စသတ်တော့ တာအိုမိတ်ဆွေ (၃)ယောက်က အပေးအယူမျှမျှနဲ့ ရောက်လာကြတာကိုး… "

ရွှမ်တုက ပေါ့ပါးသည့်လေသံဖြင့် ပြောလိုက်သည်။

ထို့နောက် သူ့ကို ဝိုင်းရံထားသည့် တာ့လော်အဆင့် ကျင့်ကြံသူ (၃)ယောက်ကို အကြောက်အရွံ့လုံးဝမရှိဘဲ တစ်ချက်ဝေ့ကြည့်လိုက်လေသည်။

…………..

ကျန့်ယွမ်ကျီနတ်မင်းကြီး၏ ဝိဇ္ဇာအင်္ကျီလက်ကြီးက ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာ အပိုင်းအစများအားလုံးကို  စုပ်ယူသွားနိုင်ခြင်း မရှိခဲ့ပေ။

မူလဝိညာဉ်ခန္ဓာအပိုင်းအစလေး (၁)ခုသည် ပိုက်ကွန်ထဲမှ ငါးလေးတစ်ကောင်လွတ်ထွက်သွားသည့်အလား စကြာဝဠာအတွင်းသို့ လွင့်မျောသွားခဲ့လေသည်။

ကျောက်ရှောင်ယွီပင်လျှင် သတိထားလိုက်မိခြင်း မရှိပေ။

ကျောက်ရှောင်ယွီသည် နဂါးငွေ့တန်းတစ်နေရာတွင် ပုန်းအောင်းနေပြီး သူမ၏ မျက်ဝန်းဆီမှ မျက်ရည်စများ စီးကျနေလေသည်။ သူမ ဆန်းလျန်ကို ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။

ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာတွင်…

တာအိုမဟာလမ်းစဉ် (၅၀) ၊ မိုးကောင်းကင်လမ်းစဉ် (၄၉) ခု ရှိလေရာ (၁)ခု လွတ်မြောက်သွားခဲ့ခြင်း ဖြစ်လေသည်။

လွတ်မြောက်သွားသည့် မူလဝိညာဉ်ခန္ဓာအပိုင်းအဆလေးသည် ယိလမ်းစဉ်ကို ပိုင်ဆိုင်ထားသည့် ဝိညာဉ်အပိုင်းအစလေး ဖြစ်လေသည်။ ထိုအပိုင်းအစလေးထဲတွင် ပြန်လည်မွေးဖွားခြင်း တန်ခိုးစွမ်းအားများ ပါဝင်လေသည်။

ယိလမ်းစဉ်ပါဝင်သည့် မူလဝိညာဉ်အပိုင်းအစလေးသာ မဟုတ်ဘဲ တခြားသော ဝိညာဉ်အပိုင်းအစ လွတ်မြောက်သွားခြင်းဖြစ်ပါက မည်မျှပင် လျှို့ဝှက်ဆန်းကျယ်သည့် တန်ခိုးစွမ်းအားပါဝင်နေပါစေ ပြန်လည်မွေးဖွားနိုင်ခွင့်ကို ရရှိချင်မှ ရရှိပေလိမ့်မည်။

ထိုသို့သာဆိုလျှင် သူ၏ ကျင့်ကြံခြင်းများအားလုံး ပျက်ဆီးသွားမည်ဖြစ်ပြီး ပေးဆပ်ရသည့်တန်ဖိုးက အလွန်ကြီးမားမည် ဖြစ်လေသည်။

ရွှမ်တုနှင့် ကွမ်ယင်မယ်တော်တို့၏ တိုက်ပွဲပြီးဆုံးသွားသည့်အခါတွင်တော့ ဆန်းလျန် လွတ်မြောက်သွားသည်ကို သိရှိကြပေလိမ့်မည်။

ဆန်းလျန်၏ မူလဝိညာဉ်အပိုင်းအစလေးသည် မရေမတွက်နိုင်သည့် အာကာသအလွှာများကို ဖြတ်သန်းပြီး ရွှင်ယောင်းအိပ်ပျော်နေရာ သစ်ပင်နံဘေးသို့ ရောက်ရှိလာခဲ့လေသည်။

ဆန်းလျန်သာ အသက်ရှင်ရန် ကုသိုလ်ကံရှိပါက သူရောက်လာသည့်အချိန်တွင် ရွှင်ယောင်း ပြန်လည် နိုးထလာပေလိမ့်မည်။

လက်ရှိအချိန်တွင် ဆန်းလျန်သည် မည်သည့်အရာကိုမှ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိတော့ဘဲ ကံကိုသာ အားကိုးနေရလေတော့သည်။

သို့သော်… ဆန်းလျန်သည် အမြဲတမ်း ကံကောင်းတတ်သူ ဖြစ်လေသည်။

ထိုခဏလေးအတွင်းမှာပင်…. ရွှင်ယောင်းအိပ်ယာမှနိုးလာပြီး မူလဝိညာဉ်ခန္ဓာ စတင်ဖြစ်ပေါ်လာကာ လောကနတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်သွားလေသည်။

ဆန်းလျန်၏ မူလဝိညာဉ်အပိုင်းအစလေးသည် နောက်ဆုံးကျန်ရှိသည့် တန်ခိုးစွမ်းအားကို အသုံးပြုကာ ရွှင်ယောင်း၏ မူလဝိညာဉ်ခန္ဓာအတွင်းသို့ ဝင်ရောက်သွားလေသည်။ ထို့နောက် ရွှင်ယောင်း၏ မူလဝိညာဉ်ခန္ဓာနှင့်ပေါင်းစပ်သွားပြီး ရွှင်ယောင်းကို မိုးကောင်းကင်နတ်ဘုရားတစ်ပါး ချက်ချင်းဖြစ်သွားအောင် ပို့ဆောင်ပေးလိုက်သည်။

ရွှင်ယောင်းသည် ချက်ချင်းပင် ကောင်းကင်ထက်သို့ ပျံတက်သွားလေသည်။

သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှာ ပေါ့ပါးနေပြီး နူးညံ့သည့်စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို ထောက်ပံ့ပေးထားသည်။

ထို့နောက် သူ့ရှေ့တွင် ကြည်လင်သည့် ရေလိုက်ကာတစ်ခုကို တွေ့မြင်လိုက်ရပြီး ထိုရေလိုက်ကာကြီးအတွင်းသို့ ရွှင်ယောင်း ဝင်ရောက်လိုက်သည်။

ထိုအခါ…

သူ့ရှေ့တွင် သာယာလှပလွန်းပြီး အံ့သြစရာအတိဖြစ်သည့် နတ်ဘုရားနယ်မြေတစ်ခုကို တွေ့မြင်လိုက်ရလေသည်။

များပြားလှစွသည့်နတ်ဘုရားများက သူ့ကို ကြိုဆိုသည့်အနေဖြင့် ပြုံးပြီး ကြည့်နေကြလေသည်။

ထိုနတ်ဘုရားများမှာ သူနှင့် ရင်းနှီးနေသလို ရွှင်ယောင်းခံစားလိုက်ရသည်။

နောက်မှ ထိုနတ်ဘုရားများမှာ ရှင်သန်စေခြင်းကျောင်းတော်မှ ဘိုးဘေး နတ်ဘုရားဖြစ်ကြသည်ကို ရွှင်ယောင်း မှတ်မိလိုက်သည်။

တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ရွှင်ယောင်းမှာ ချင်းဆွေထျန်းကောင်းကင်ဘုံသို့ ရောက်ရှိနေခြင်းဖြစ်သည်ကို သဘောပေါက်လိုက်တော့သည်။

ရွှင်ယောင်းက ဘိုးဘေးများကို ဝမ်းသာအားရဖြင့် ဂါရဝပြုနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်မှ ကြည်လင်သည့် လိပ်ပြာလေးတစ်ကောင် ပျံသန်းထွက်ခွာသွားလေသည်။

လိပ်ပြာလေးက လှပစွာ ပျံသန်းထွက်ခွာသွားပြီး လီချင်းဆွေနေထိုင်ရာ ကျောက်သားဂေဟာကြီး တည်ရှိသည့် ရေကန်ဆီသို့ ရောက်ရှိလာလေသည်။

လိပ်ပြာလေးက စြင်္ကံလမ်းတစ်လျှောက်ပျံသန်းဝင်ရောက်လာပြီး ကျောက်သားဂေဟာကြီးအတွင်းရှိ ရေကန်ငယ် နံဘေးသို့ ရောက်ရှိလာသည်။

ထိုအချိန်မှာပင်…

မည်သည့်နေရာကမှန်းမသိ ငါးမြားကြိုးတစ်ချောင်းထွက်ပေါ်လာပြီး လိပ်ပြာလေးကို ရစ်ပတ်ဖမ်းဆီးလိုက်ကာ ရေကန်ထဲသို့ နှစ်မြုပ်ပစ်လိုက်လေသည်။

ရေကန်ထဲသို့ရောက်သည်နှင့် လိပ်ပြာလေးသည် ဆန်းလျန်အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားလေသည်။

ဆန်းလျန်၏ ပုံစံမှ သနားစရာကောင်းလောက်အောင် အားနည်းဖျော့တော့လျှက်ရှိသည်။ အချိန်မရွေး ပြန်လည် ပျက်ဆီးသွားတော့မည့်အလား ထင်မှတ်ရသည်။

ခန္ဓာကိုယ်တစ်ခုလုံးကလည်း ဝိညာဉ်တစ်ခုအလား အကြည်ရောင်ဖြစ်နေပြီး ဆန်းလျန်ခန္ဓာကိုယ်ကိုထိုးဖောက်ကာ အနောက်ဘက်ဆီသို့ ဖောက်ထွင်းမြင်နေရသည်။

ဆန်းလျန်က အသက်ပင် မရှူနိုင်ဘဲ ငါးမျှားကြိုးဖြင့် သူ့ကို ပစ်ခတ်ဖမ်းဆီးလိုက်သူကို လှမ်းကြည့်လိုက်သည်။

ထိုအခါ နှင်းပွင့်ကဲ့သို့ ဖြူစင်သည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ချောမောလှပသည့် မိန်းမပျိုတစ်ယောက်ကို တွေ့မြင်လိုက်ရလေသည်။

သူမ၏ လက်ထဲတွင် ငါးမျှားတံတစ်ချောင်းကို ကိုင်ထားလေသည်။

မေးစရာပင်မလိုပေ။ ထိုမိန်းမပျိုမှာ တာအိုဆရာလီချင်းဆွေဖြစ်သည်ကို ဆန်းလျန် ချက်ချင်းသိလိုက်သည်။

သို့သော်… လီချင်းဆွေက သူ့ကို စကားမပြောချင်သည့်ဟန် ၊ အရေးမစိုက်လိုသည့်ဟန်ဖြင့် မျက်လုံးများကို အသာမှိတ်ထားလိုက်လေသည်။

ဆန်းလျန်ကလည်း လီချင်းဆွေကို လေးစားသည့်အနေဖြင့် အနားသို့ အတင်းတိုးကပ်သွားခြင်းမျိုး မပြုလုပ်ခဲ့ပေ။

လီချင်းဆွေက စကားမပြောသည့်အတွက် သူကလည်း စကားမပြောတော့ဘဲ ရေကန်အစွန်းသို့ ပြန်တက်လာကာ ရေကန်ဘောင်ပေါ်တွင်ထိုင်လိုက်ပြီး ရေကန်အတွင်းသို့သာ ငေးကြည့်နေလိုက်တော့သည်။

ရေကန်ထဲရှိရေများက ကြည်လင်နေပြီး ရေကန်အောက်ခြေကိုပင် ထိုးဖောက်တွေ့မြင်နေရလေသည်။

သို့သော်… ရေကန်ထဲတွင် ငါးများကူးခတ်နေခြင်း မရှိပေ။ ရေကန်ထဲတွင် ကြယ်စင်များစုံလင်နေသည့် စကြာဝဠာထဲတွင် တိုက်ခိုက်နေကြသည့် တိုက်ပွဲတစ်ခုကို တွေ့မြင်လိုက်ရသည်။

ရေကန်ထဲတွင် မြင်တွေ့နေရသည့် တိုက်ပွဲမှာ ရွှမ်တုကို ကွမ်ယင်မယ်တော် ၊ ကျန့်ယွမ်ကျီနတ်မင်းကြီးနှင့် ဝူခုံးတို့ ဝိုင်းဝန်းတိုက်ခိုက်နေကြသည့် တိုက်ပွဲပင် ဖြစ်တော့သည်။

အပြင်လူတစ်ယောက်အနေဖြင့် တိုက်ပွဲကို ကြည့်နေရင်း ရွှမ်တု မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ဆန်းလျန် သိလိုက်ရသည်။

ခေတ်အဆက်ဆက်နာမည်ကျော်ကြားခဲ့ကြသည့် ရှေးဟောင်းနတ်ဘုရား (၃)ပါးက ဝိုင်းဝန်းတိုက်ခိုက်နေကြသည့်တိုင် ရွှမ်တုက တိုက်ပွဲတွင် အသာစီးရနေဆဲ ဖြစ်လေသည်။

(၃)ယောက်ပေါင်းပြီး (၁)ယောက်တည်းကို အနိုင်ကျင့်နေသည်နှင့်မတူဘဲ (၁)ယောက်တည်းက (၃)ယောက်ကို အနိုင်ကျင့်နေသည့်အလား ဖြစ်လေသည်။

ဝူခုံးက သံတုတ်ဖြင့် ရွှမ်တု၏ ပခုံးကို ရိုက်ချလိုက်သည်။

ရွှမ်တု၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး ဝူခုံး၏ သံတုတ်က ပြန်ကန်ထွက်သွားလေသည်။

အလွန်မှ ကြောက်စရာကောင်းလွန်းသည့် တာအိုခန္ဓာဖြစ်လေသည်။ ဝူခုံး၏ မပျက်ဆီးနိုင်သည့် ရွှေခန္ဓာထက်ပင် သာလွန်နေသေးသည်။

သို့သော်… ဝူခုံး၏ မပျက်ဆီးနိုင်သည့် ရွှေခန္ဓာသည် ထိုက်စန့်လောင်ကျွင်းဘိုးဘိုး၏ ပါးကွဖိုထဲတွင် ထည့်ကာ ဖိုထိုးခံခဲ့ရသောကြောင့် ရရှိခဲ့သည့် ခန္ဓာဖြစ်လေသည်။

ရွှမ်တုကဲ့သို့သောလူမျိုးသည် သာမန်ကျင့်ကြံရုံမျှဖြင့် ထိုသို့သော မပျက်ဆီးနိုင်သည့် ခန္ဓာရရှိရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

သို့သော်… ယခု ရွှမ်တု၏ မပျက်ဆီးနိုင်သည့် တာအိုခန္ဓာကိုတွေ့မြင်လိုက်ရသည့်အခါ ဝူခုံး အလွန်အမင်းတုန်လှုပ်သွားရသည်။

ထိုသို့သော မပျက်ဆီးနိုင်သည့် ခန္ဓာကိုပိုင်ဆိုင်ထားသူမျိုး ဝူခုံး၏ဘဝတွင် တစ်ခါမှ တွေ့မြင်ခဲ့ဖူးခြင်း မရှိပေ။

လူသားပုံသဏ္ဍန်ဝိညာဉ်သစ်သီးပင်ပေါ်တွင်တော့ ရှည်လျားသည့်မုတ်ဆိတ်မွှေးများကိုပိုင်ဆိုင်သည့် ခန့်ညားသော နတ်မင်းကြီးတစ်ပါး ထိုင်နေလေသည်။ ထိုနတ်မင်းကြီးမှာ ကျန့်ယွမ်ကျီနတ်မင်းကြီးဖြစ်ပြီး သူ၏ မျက်နှာက တည်ကြည်လေးနက်နေလေသည်။

ကွမ်ယင်မယ်တော်ကတော့ အနည်းငယ် အံ့အားသင့်သွားဟန် ရှိသည်။

အမှန်တော့ ရွှမ်တုတောက်ကျွင်းသည် ထိုမျှ တန်ခိုးစွမ်းအားမြင့်မားနေစရာ အကြောင်းမရှိပေ။ မျောက်မင်းစွန်းဝူခုံး၏ သံတုတ်ရိုက်ချက်ကို ခံနိုင်ရည်ရှိသူမှာ လောကတွင် အလွန်ရှားပါးလေ၏။

ထို့ပြင် မျောက်မင်းမှလွဲပြီး မပျက်ဆီးနိုင်သည့် ရုပ်ခန္ဓာ မည်သူ့ထံတွင်မှ မရှိပေ။ ရုပ်ခန္ဓာကျင့်စဉ်များကို မည်မျှပင် ကျင့်ကြံထားပါစေ ထိုမျှ သန်မာနေစရာ အကြောင်းမရှိပေ။

ရေကန်နံဘေးတွင် မျက်လုံးများမှိတ်ကာထိုင်နေသည့် လီချင်းဆွေက မျက်လုံးများကို ပြန်ဖွင့်လိုက်လေသည်။

"ရွှမ်တု ဘယ်လောက်ပဲ တန်ခိုးစွမ်းအားမြင့်မားပါစေ ၊ ဗုဒ္ဓကိုတော့ မမီနိုင်ဘူး ၊ သူက အခု ယွမ်စီထျန်းကျွင်းရဲ့ ဖန်းထျန်းစည်းတံဆိပ်ကို အသုံးပြုထားတာ ၊ ဒါကြောင့် မျောက်မင်းရဲ့ ရိုက်ချက်ကို ခံနိုင်နေတာပဲ… ၊ ဒါပေမဲ့ ဗုဒ္ဓရဲ့ ရွှေခန္ဓာ (၆)ဆင့် တန်ခိုးစွမ်းအားကို ဘယ်မီပါ့မလဲ…"

ဆန်းလျန်က…

"အခုခေတ်မှာတောင် ဗုဒ္ဓရဲ့ ရွှေခန္ဓာ (၆)ဆင့် ကျင့်စဉ်ကို ကျင့်ကြံနိုင်တဲ့သူ ရှိသေးလို့လား…"

တာအိုဆရာလီချင်းဆွေက ဆန်းလျန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး တည်ကြည်သည့်မျက်နှာထားဖြင့်…

"ရှိတယ်…"

ဆန်းလျန်က…

"ဘယ်သူများလဲ…"

လီချင်းဆွေက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…

"မင်းသာ ရှေ့ဆက်အသက်ရှင်နိုင်အောင် ကြိုးစားစမ်းပါ ၊ နောက်ကျရင် အလိုလို သိလာလိမ့်မယ်…"

လီချင်းဆွေ၏ အေးစက်သည့်အမူအရာများကြောင့် ဆန်းလျန်က ကြောက်ရွံ့သွားခြင်း မရှိပေ။

"ကျွန်တော့်ကို ကယ်တင်နိုင်မယ့်နည်းလမ်းများ မရှိတော့ဘူးလား တာအိုဆရာချင်းဆွေ…"

လီချင်းဆွေက ခပ်အေးအေးလေသံဖြင့်…

"ငါကတော့ မင်းကိုကယ်နိုင်မှာ မဟုတ်ဘူး…"

သူမက ခဏနားပြီးမှ စကားဆက်ပြောလိုက်သည်။

"တကယ်တော့ မင်းကို မကယ်ချင်လို့ မဟုတ်ပါဘူး ၊ ငါကိုယ်တိုင်လည်း ဒဏ်ရာရထားလို့ပါ…"

ဆန်းလျန်က လီချင်းဆွေကို တစ်ချက်ကြည့်လိုက်သည်။

သို့သော်… လက်ရှိ သူ့အနေအထားဖြင့် လီချင်းဆွေ ဒဏ်ရာ မည်မျှပြင်းထန်သည်ကို သိမြင်နိုင်ခြင်း မရှိတော့ပေ။

သူက လီချင်းဆွေ အဘယ့်ကြောင့် ဒဏ်ရာရခဲ့ရသည့် အကြောင်းရင်းကို သိချင်နေမိသည်။

လီချင်းဆွေက ဆန်းလျန်သိချင်နေသည်ကို ရိပ်မိလိုက်သောကြောင့် အဖြစ်အပျက်များကို ပြောပြလိုက်သည်။

"နေစကြာတထာဂတဿရဲ့ အလင်းတန်းလက်သီးနဲ့ ထိမိသွားတာ ၊ အလင်းတန်းလက်သီးဆိုတာ အော်မီတော်ဖူဘုရားဆီက ဆင်းသက်လာတဲ့ ပညာတစ်ခုပဲ ၊ တန်ခိုးစွမ်းအားလည်း မြင့်မားလွန်းတယ် ၊ အော်မူတော်ဖူဘုရားက နေစကြာတထာဂတဿကို ပညာကုန်သင်ပေးထားခဲ့တာ… ၊ ဟွန်း… ဟွင့်ယွမ်ဝူကျီအဆင့်ကို မတက်နိုင်သေးသရွေ့ ငါလီချင်းဆွေ နတ်ဘုရားတွေအလယ်မှာ ရယ်စရာဖြစ်နေဦးမှာပဲ…"

ဆန်းလျန်ရင်ထဲတွင် ကျိတ်ပြီး ပြုံးလိုက်မိလေသည်။

တာအိုဆရာလီချင်းဆွေက သူများတွေပြောကြသလောက်လည်း အေးစက်မာကျောသူတစ်ယောက် မဟုတ်ပေပဲ။

သူ့ကို ထိုမျှ စကားကောင်းကောင်းပြောလိမ့်မည်ဟု ဆန်းလျန် မျှော်လင့်မထားမိပေ။

ဆန်းလျန်က…

"ဟွင့်ယွမ်ဝူကျီအဆင့်ရောက်အောင် ဘယ်လိုကျင့်ကြံရမလဲ…"

ဆန်းလျန်သည် လူ့လောကနှင့် နတ်ဘုရားများ ဆက်စပ်တည်ရှိမှုကို နားလည်ထားသလို ဟွင့်ယွမ်ဝူကျီအကြောင်းကိုလည်း ကြားဖူးလေသည်။

သို့သော်…

သူ့စိတ်ထဲတွင် သိပ်ပြီး ရှင်းလင်းခြင်း မရှိသေးပေ။

ထိုက်ချိယင်ယန်ပန်းချီကားကို အသုံးပြုပြီး ဟွင့်ယွမ်ဝူကျီအဆင့်ကို မှားယွင်းသောနည်းလမ်းဖြင့် တက်ရောက်ခဲ့သူ ရွှမ်တုတောက်ကျွင်းကို တွေ့မြင်ခဲ့ရသည့်တိုင် သူ့စိတ်ထဲတွင် ဘဝင်မကျမှုများ အနည်းငယ် ရှိနေသေးသည်။

ပြောကြသည်မှာတော့ ဟွင့်ယွမ်ဝူကျီဆိုသည်မှာ ကျင့်စဉ်လမ်းတွင် မဖြစ်မနေကြုံတွေ့ရင်ဆိုင်ရမည့် အကြီးမားဆုံး အဆင့်တစ်ခု ဖြစ်လေသည်။

တာအိုဆရာလီချင်းဆွေက….

"ရွှမ်တုက ထိုက်ချိယင်ယန်ပန်းချီကားကို အသုံးပြုပြီး ဟွင့်ယွမ်ဝူကျီအဆင့်ကို တက်ရောက်နိုင်ခဲ့တယ် ၊ မင်းစိတ်ထဲမှာ သူ့ကို အထင်သေးနေတယ် မဟုတ်လား…"

ဆန်းလျန်က ဖွင့်ဟဝန်ခံလိုခြင်း မရှိသည့်တိုင် ရွှမ်တုကို အထင်မကြီးခဲ့သည်မှာလည်း အမှန်ပင် ဖြစ်သည်။

ကိုယ်တိုင်ကျင့်ကြံခြင်းမဟုတ်ဘဲ ပြင်ပရတနာပစ္စည်းများအကူအညီဖြင့် ကျင့်စဉ်လမ်းအဆင့်တက်ရောက်ခြင်းကို ဆန်းလျန်က လုံးဝအားပေးသူတစ်ယောက် မဟုတ်ပေ။

နောက်ဆုံးတော့ လီချင်းဆွေ၏အမေးကို ဆန်းလျန်က ခေါင်းညိတ်သဘောတူလိုက်လေသည်။

ထိုအခါမှ တာအိုဆရာလီချင်းဆွေက…

"ဒီနေ့ ဒီလိုအခြေအနေမျိုးရောက်တဲ့အထိ ကျင့်ကြံနိုင်ခဲ့တဲ့ ရွှမ်တုလိုလူမျိုးကို စစ်မှန်တဲ့ကျင့်ကြံသူလို့ မသတ်မှတ်နိုင်ရင် ဘယ်သူ့ကိုမှ ကျင့်ကြံသူလို့ သတ်မှတ်နိုင်မှာ မဟုတ်တော့ဘူး ၊ ဟွင့်ယွမ်ဝူကျီအဆင့်ကိုတက်ရောက်ဖို့ ထိုက်ချိယင်ယန်ပန်းချီကားကို သူဘာလို့ အသုံးပြုခဲ့ရသလဲ ၊ အဲဒီလိုလုပ်တာ မှားယွင်းတယ်ဆိုတာ သူလည်း မသိဘူးမဟုတ်ဘူး ၊ သိမှာပါပဲ…"

ဆန်းလျန်က…

"ဒါဖြင့် ပြင်ပရတနာပစ္စည်းအကူအညီမပါရင် ဘယ်သူမှ ဟွင့်ယွမ်ဝူကျီအဆင့်ကို မတက်ရောက်နိုင်တော့ဘူးလား…"

လီချင်းဆွေက…

"အဲဒီလိုလည်း မဟုတ်သေးဘူး ၊ ဗုဒ္ဓကိုတော့ ထည့်မပြောနဲ့ပေါ့ ၊ အခု ဟွင့်ယွမ်ဝူကျီအဆင့်ကို ဘယ် ရတနာပစ္စည်း အကူအညီမှမယူဘဲ တက်ရောက်သွားနိုင်တဲ့သူ တစ်ယောက်ရှိတယ် ၊ အခု သူပြန်ရောက်လာပြီ…"

ဆန်းလျန်က…

"အဲဒီလူက ဘယ်သူလဲ…"

***

All Chapters