← Chapters

ကုန်းမြေသခင်ရှီဟိုင်

Vol. 176 Ch. 2511

ကုန်းမြေသခင်ရှီဟိုင်

Vol. 176 Ch. 2511

“စွမ်းအားကြီးလိုက်တာ”

လူများသည် ရီဖူရှင်းကို ကြည့်လိုက်လျှင် သူ့ကိုယ်ပေါ်တွင် စီးဆင်းနေသော နတ်အလင်းကို တွေ့ကြရ၏။ ရီဖူရှင်းသည် မဟာအင်ပါယာရှန်ကျား၏အသွေးအသားဖြင့် နတ်ခန္ဓာတစ်ခုဖန်းတီးခဲ့သဖြင့် ထူးကဲသောခန္ဓာတည်ဆောက်ပုံရှိကြောင်း သူတို့အားလုံး သိကြသည်။ ထိုအခိုက်တွင် သူ့ကိုယ်ပေါ်တွင်စီးဆင်းနေသော မဟာလမ်းစဉ်အရှိန်အဝါသည် အပြစ်အနာအဆာကင်း၏။ ထိုအရှိန်အဝါသည် အဆင့်ကိုးအရှိန်အဝါ ဖြစ်သည်။

“ဘယ်လိုတောင် ပြီးပြည့်စုံတဲ့ မဟာလမ်းစဉ်အရှိန်အဝါလဲ”

ဓားနတ်မယ်က ရေရွတ်သည်။ သူမသည်လည်း ရန်ဟောင်အဆင့်ကိုးဖြစ်ပြီး ထိုအဆင့်သို့ရောက်နေသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။ သို့တိုင်အောင် ရီဖူရှင်း၏အရှိန်အဝါနှင့်ယှဉ်ပါက ပိုးစုန်းကြူးနှင့် လမင်းပမာ ကွာခြား၏။

လမ်းစဉ်နှင့် ခန္ဓာသည် တစ်သားတည်းကျနေနေခြင်းက နတ်ခန္ဓာအား ပြိုင်စံရှားစေ၏။

ရှန်းချင်ကုန်းမြေသခင်အိမ်တော်မှ လက်ထောက်သခင် ကျောက်မုဟွမ်သည် နင်ဟွာထက်ပင် စောစီးစွာ ကျော်ကြားခဲ့သူဖြစ်သည်။ သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ရန်ဟောင်အဆင့်ကိုးသို့ ရောက်ရှိခဲ့သည်။ သို့သော်ငြား ရီဖူရှင်းကို ရင်ဆိုင်ရာတွင် တစ်ကွက်တည်းဖြင့် ရှုံးနိမ့်ခဲ့သည်။ သူတို့အကြားတွင် အစွမ်းမည်မျှ ကွာခြားသည်ကို တွေးကြည့်နိုင်၏။

ကျောက်မုဟွမ်၏မျက်နှာသည် ဒေါသဖြင့် ရှုံ့တွနေသည်။ သူက အကြီးအကျယ် အရှက်ရသွား၏။

သူသည် ရီဖူရှင်းတို့လူစု ထွက်သွားမည်ကို တားဆီးလိုခဲ့သည်။ သို့သော် သူ့အစွမ်းကား တစ်ဘက်လူများအတွက် ဟာသ ဖြစ်နေသည်။

‘ဒီကိစ္စက မင်းနဲ့ဘာမှ မဆိုင်ဘူး.. မင်းဝင်မပါနဲ့’

ရီဖူရှင်း၏ပြောစကားက သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။ မည်မျှ ရှက်စရာကောင်းလိုက်သနည်း။

ရီဖူရှင်းက သူ့အရှေ့မှနေ၍ အေးစက်စက် မျက်ဝန်းတစ်စုံဖြင့် ကြည့်နေ၏။ ကျောက်မုဟွမ်သည် ထိုမျက်လုံးများကိုကြည့်ရင်း ရင်ထဲတွင် တုန်လှုပ်လာသည်။ ထိုအမှုမထားကာ အထင်သေးသည့်အကြည့်များထဲတွင် ရီဖူရှင်းက သူ့ကို ပြိုင်ဘက်ဟု တစ်ခါမှ မသတ်မှတ်ခဲ့ကြောင်း တွေ့မြင်နေရသည်။

ရီဖူရှင်းသည် ရှန်းချင်ကုန်းမြေတွင် နတ်ခန္ဓာအတွက် ယှဉ်ပြိုင်ခဲ့သော သာမန်ပါရမီရှင်တစ်ဦးသာဖြစ်သည်။ ယခင်က သူတို့၏တွေ့ဆုံခဲ့မှုသည် လက်ရှိအခြေအနေနှင့် လုံးဝကွဲပြားပေသည်။ အမှန်တွင် သူကသာ ရီဖူရှင်းကို အထင်သေးခဲ့သူဖြစ်သည်။

“ဝင်နှောင့်ယှက်တဲ့သူမှန်သမျှ ငါ့ရဲ့ ရန်သူဖြစ်သွားမယ်... ပြီးတော့ ငါက ဘာသနားညှာတာမှုမှ ပြမှာမဟုတ်ဘူး”

ရီဖူရှင်း၏လေသံက ပြတ်သားသည်။ ထို့နောက် သူက ရှေ့သို့ခုန်လိုက်ကာ လေထဲတွင် ပျောက်ကွယ်သွား၏။ အရှိန်အဝါလှုပ်ခတ်မှုတစ်ခုပင် မဖြစ်စေဘဲ သူသည် အစအနမကျန် ကွယ်ပျောက်သွားခြင်း ဖြစ်သည်။

တီးတိုးပြောသံများ ရုတ်ခြည်း ထွက်ပေါ်လာသည်။ လူများက တစ်ဦးပြီးတစ်ဦး နောက်သို့ပြန်ဆုတ်သွားကြ၏။ ဤနေရာသည် ထျန်းယန်ကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်မှ စွမ်းအားကြီး တန်ခိုးရှင်များရှိနေသောနေရာဖြစ်သည်။ သူတို့ကြားတွင် ကပ်ဘေးအဆင့်ရှိသည့် စွမ်းအားမြင့်တန်ခိုးရှင်တစ်ဦးသည် ရှေ့ဆုံးတွင် ရပ်နေကာ ရီဖူရှင်းတို့လူစုကို တိုက်ခိုက်ရန် ကြံရွယ်နေ၏။ သို့သော် ရီဖူရှင်းက ကျောက်မုဟွမ်ကို အနိုင်ယူလိုက်သည်ကို မြင်လိုက်ရသောအခါ သူသည် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွား၏။

သို့သော် ရီဖူရှင်းသည် ထျန်းယန်ကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်မှ စွမ်းအားမြင့်တန်ခိုးရှင်များအကြားတွင် ရုတ်ခြည်း ပေါ်ပေါက်လာသည်။ သူ့ထံမှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ပျံ့လွင့်သွားကာ ထိုနေရာရှိ တန်ခိုးရှင်အားလုံးကို လွှမ်းခြုံသွား၏။ ဖိအားအောက်တွင် လူတိုင်းမှာ အသက်ရှုမွှမ်းကြပ်သော ခံစားချက်ကို ရကြသည်။

ထိုနတ်ဘုရားကဒ်ဘေးအဆင့် တန်ခိုးရှင်က မျက်မှောင်ကြုတ်လိုက်၏။ သူက နောက်လှည့်ကာ သူ့အဖော်များကြားရှိ ငွေဖြူရောင်ဆံပင်နှင့်လူကို ကြည့်သည်။ ရီဖူရှင်း၏လှုပ်ရှားမှုက သူ့နတ်အာရုံကိုပင် ရှောင်လွှဲနိုင်ကာ မြန်ဆန်စွာ သွားလာလှုပ်ရှားနိုင်ခြင်းက သူ့ကို ရင်ထိတ်စေသည်။

ဒီပညာရပ်က…

“စီနီယာက ကျွန်တော်နဲ့ ယှဉ်ကြည့်ချင်လို့လား...”

ရီဖူရှင်းက နောက်လှည့်ကာ ထိုကပ်ဘေးအဆင့်တန်ခိုးရှင်ကို ပြောသည်။  သူ့လေသံသည် ခြိမ်းခြောက်သည့် လေသံပင်။ ထိုလူသာ ဝင်နှောင့်ယှက်ဝံ့ပါက သူသည် ထျန်းယန်ကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်များကို အချိန်မရွေးသတ်ပစ်မည့်ပုံပင်။

လှုပ်ရှားရန် အဆင်သင့်ဖြစ်နေသည့် အခြားကုန်းမြေသခင်အိမ်တော်မှ စွမ်းအားမြင့်တန်ခိုးရှင်များသည်  ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ ရပ်တန့်သွားကြ၏။ သူတို့အားလုံးသည် ရီဖူရှင်းကို ငေးကြည့်နေကြ၏။

ရီဖူရှင်း ပြသခဲ့သည်မှာ မည်သည့် အာကာသမဟာလမ်းစဉ်ပေနည်း။

သူသည် ကျောက်မုဟွမ်ကိုပင် တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်သည်။ ထိုတိုက်ခိုက်ရေးစွမ်းရည်ဖြင့်ဆိုလျှင် သူသည် ထိုနေရာရှိ ကပ်ဘေးအဆင့်အောက်မှ တန်ခိုးရှင်များကို သတ်ပစ်နိုင်၏။ ထို့ကြောင့် သူ့ကိုတိုက်ခိုက်လိုသူသည် သေချာပေါက် စဉ်းစားရန်လိုသည်။

ထို့ကြောင့် ကုန်းမြေသခင်အိမ်တော်များမှ စွမ်းအားမြင့်တန်ခိုးရှင်များသည် တုံ့ဆိုင်းသွားကြ၏။ ထိုအခိုက်တွင် ထိပ်သီးတန်ခိုးရှင်နှစ်ဦးသည် နင်ယွမ်ကို တိုက်ခိုက်တားဆီးနေကြ၏။ သို့သော် သူတို့သည် ဒေါသူပုန်ထနေသောနင်ယွမ်ကို အပြည့်အဝမဖိနှိပ်နိုင်သေးပေ။

ကောင်းကင်တခွင်ကို ပြိုင်ဘက်ကင်းချိပ်စည်းအားက လွှမ်းခြုံထား၏။ လူများသည် မော့ကြည့်လိုက်ရင်းဖြင့် အခြေအနေကို အနည်းငယ် ဆက်စောင့်ကြည်ရန် ဆုံးဖြတ်လိုက်ကြဟန်ရှိသည်။ မည်သူမှ အရမ်းကာရော မပြုမူရဲကြတော့ပေ။

“တုန်းဟွာကုန်းမြေက တန်ခိုးရှင်တွေ ငါ့အမိန့်ကို နားထောင်ကြ။ သူတို့ကို သတ်ပစ်... မသက်ညှာကြနဲ့...”

နင်ယွမ်၏ ဒေါသတကြီး အမိန့်သံက တုန်းဟွာကုန်းမြေသခင်အိမ်တော်မှ လူများကို လှုပ်လှုပ်ရှားရှား ဖြစ်စေသည်။ သူတို့အများစုသည် အတော်လေးအသက်အရွယ်ရနေပြီဖြစ်သော်လည်း ထိုအခိုက်တွင် အနည်းငယ် ချီတုံချတုံဖြစ်နေကြ၏။

သူတို့သည် သူတို့ကိုယ်သူတို့ နင်ဟွာထက်ပို၍ သန်မာကြသည်ဟု မထင်ကြပေ။ သို့သော် နင်ဟွာသည်ပင် ချန်ယိလက်ထဲတွင် အလွယ်တကူရှုံးနိမ့်သွားရာ သူတို့ဝင်ရောက်တိုက်ခိုက်ခြင်းက ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် အတူတူဖြစ်သည်။

ထို့အပြင် ထူးခြားသည့် ခြေလှမ်းပညာနှင့် ရီဖူရှင်းလည်း ရှိနေပေသေးသည်။ သူသည် ကျောက်မုဟွမ်ကိုပင် တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့၏။

တုန်းဟွာကုန်းမြေမှ အခြားအင်အားစုများကိုမူ ထည့်ပြောနေရန်ပင်မလိုပေ။ သူတို့သည် နင်ယွမ်၏အမိန့်ကို မနာခံပေ။ ရီဖူရှင်းထံတွင်ရှိနေသော လျှို့ဝှက်ချက်များထက် အသက်က ပိုတန်ဖိုးကြီး၏။

“နင်ယွမ်... ခင်ဗျားက အခြေအနေကို နားမလည်သေးဘူးပဲ”

ရီဖူရှင်း ခနဲ့တဲ့တဲ့ ပြောသည်။  သူပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် သူသည် တုန်းဟွာကုန်းမြေ ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်များ၏ရှေ့တွင် ပေါ်လာ၏။ သူ့ထံမှနေ၍ နေမင်းမီးတောက်အစစ်အမှန်တစ်ခု ထွက်လာပြီး ကြောက်မက်ဖွယ် နေမင်းနတ်ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ ရှေ့သို့ ပျံထွက်သွား၏။

တုန်းဟွာကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်များသည် ချက်ချင်းပင် မွန်းကြပ်မှုကို ခံစားလိုက်ကြရ၏။ ရီဖူရှင်းထံမှ ပျံ့နှံ့နေသည့် မဟာလမ်းစဉ်စွမ်းအားသည် သူ့တို့ကို ခြောက်ခြားစေသည်။ ရီဖူရှင်းက သူတို့ကို သတ်ပစ်နိုင်လောက်သည်အထိ စွမ်းအားကြီးကြောင်း သူတို့ နားလည်ကြ၏။

“ကျုပ် တုန်းဟွာပွဲတော်ကို တက်ရောက်ခဲ့တာ ကုန်းမြေသခင်အိမ်တော်ကို ဝင်နိုင်ပြီး အဲဒီမှာ ကျင့်ကြံနိုင်ဖို့ပဲ။ ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်ကို အသုံးချဖို့ ကြိုးစားတယ်။ အစ်ကိုကြီး ကျုံးချန်ကို သတ်တယ်။ အခု ကျုပ်က နင်ဟွာကို ပြန်သတ်လိုက်ပြီဆို‌တော့ ဒီသွေးကြွေးက ကျေသွားပြီ။ ကျုပ်က တုန်းဟွာကုန်းမြေက တခြားသူတွေကို ကလဲ့စားချေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ မိုက်မိုက်မဲမဲတစ်ခုခု လုပ်မယ်ဆိုရင်တော့ ကျုပ်ကို မညှာတာဘူးဆိုပြီးတော့ အပြစ်မဆိုနဲ့…”

ရီဖူရှင်းက အေးစက်စွာပြောသည်။

သူ့စကားကြောင့် တုန်းဟွာကုန်းမြေမှ တန်ခိုးရှင်များသည် ကျောရိုးတစ်လျှောက်အေးစိမ့်မှုကို ခံစားရ၏။ ကောင်းကင်ဒေသမှ အခြားအင်အားစုများ၏အကူအညီမပါလျှင် တုန်းဟွာကုန်းမြေသည် ယခင်ကတည်းက စီဝေ့ကြယ်ကောင်းကင်ထက် အားနည်းခဲ့ကြောင်း သူတို့ရုတ်တရက် သဘောပေါက်သွားကြ၏။

ထိုအခိုက်တွင် ထိပ်သီးတန်ခိုးရှင်နှစ်ဦးသည် ရီဖူရှင်းအတွက် တိုက်ခိုက်နေသည့်အပြင် စီဝေ့ကြယ်ကောင်းကင်မှ စီဝေ့အင်ပါယာနန်းတော်၏ လက်ထောက်အရှင်လည်း ရှိနေသေးသည်။ သူသည် သေချာပေါက် နင်ယွမ်ထက် အားမနည်းပေ။

ထို့ကြောင့် အင်အားချင်းယှဉ်လျှင် စီဝေ့ကြယ်ကောင်းကင်သည် တုန်းဟွာကုန်းမြေသခင်အိမ်တော်ထက် သေချာပေါက် အားကြီး၏။ ထို့အပြင် ရန်ဟောင်အဆင့်တန်ခိုးရှင်များ၏ စွမ်းအားတွင်လည်း အပြတ်အသတ်ကွာသည်။ ဤနေရာတွင် ရီဖူရှင်းနှင့် ချန်ယိကို မည်သူအနိုင်ယူနိုင်မည်နည်း။

ထို့အပြင် စီဝေ့ကြယ်ကောင်းကင်သည် အက်ကြောင်းမဲ့ဝင်ရိုးဖြင့် ရန်ဟောင်အများအပြားရှိသည်။ ရီဖူရှင်းစီးလာခဲ့သည့် ခွန်ပန်ရွှေအတောင်ပံငှက်သည်ပင် အဆင့်ကိုး ရန်ဟောင် ဖြစ်သည်။

ထို့ကြောင့် နင်ဟွာ၏သေဆုံးခြင်းအတွက် လက်စားချေရန်မှာ ထင်သလောက် မလွယ်ပါ။

တုန်းဟွာကုန်းမြေသခင်အိမ်တော်မှ လက်ထောက်သခင်အသတ်ခံရသည့်တိုင် လူတိုင်းမှာ ကူရဲမဲ့သော ခံစားချက်ကို ရနေကြ၏။

ထိုအခိုက်မှာပင် အဝေးမှနေ၍ ကြီးမားသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ တိမ်တိုက်များပင် ထိုအရှိန်အဝါကြောင့် ပုံပျက်သွား၏။

ကပ်ဘေးအဆင့်တန်ခိုးရှင်တစ်ဦးဟု လူများက တွေးလိုက်သည်။ သူသည် နတ်ဘုရားကဒ်ဘေး ဒုတိယအဆင့်၌ ရှိဟန်ရသည်။

သူသည်လည်း ကုန်းမြေသခင်တစ်ဦးဦးပေလော။

ခက်ထန်သောမျက်နှာတစ်ခုသည် ကောင်းကင်ထက်တွင်ပေါ်လာပြီး ပြိုင်ဘက်ကင်းစွမ်းအားကြီးသော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။ သူ့ထံမှ အရှိန်အဝါသည် မြေပြင်ကို ပြင်းထန်စွာ လွှမ်းခြုံထားသည်။ နင်ယွမ်၏ နတ်ဘုရားချိပ်စည်း စွမ်းအားသည်ပင် ဖိနှိပ်ခံနေရသည်။

“ကုန်းမြေသခင်...”

လူအများအပြားသည် လေထဲရှိ မျက်နှာကြီးကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

ယခုရောက်ရှိလာသော စွမ်းအားမြင့်တန်ခိုးရှင်မှာ ကုန်းမြေသခင်တစ်ပါးဖြစ်ကြောင်း ထင်ရှား၏။ ထိုသူကား အနောက်ပင်လယ်ကုန်းမြေ၏သခင် ကုန်းမြေသခင်ရှီဟိုင်ဖြစ်၏။ သူ့အား အနောက်ပင်လယ် ဘုရင်နှစ်ပါးမှ တစ်ပါးအဖြစ် အသိအမှတ်ပြုကြသည်။

ကုန်းမြေသခင်အိမ်တော်များမှ ကုန်းမြေသခင်များအားလုံးသည် တူညီသည်မဟုတ်ပေ။ သူတို့အကြားတွင် ကြီးမားသောခြားနားချက်ရှိနိုင်၏။ ဥပမာအားဖြင့် တုန်းဟွာကုန်းမြေနှင့် ရှန်းချင်ကုန်းမြေတို့သည် အလယ်အလတ်အဆင့် ကုန်းမြေများသာဖြစ်သည်။ ရီဖူရှင်းသွားခဲ့သည့် မဟာအလင်းကုန်းမြေသည် မြို့တော်တစ်ခုသာ ကျန်တော့သည့် မပြည့်စုံတော့သော ကုန်းမြေတစ်ခုဖြစ်သည်။

စွမ်းအားအကြီးဆုံးကုန်းမြေသခင်အိမ်တော်များမှာ ရှည်လျားသောသမိုင်းရှိကြ၏။ ဥပမာအားဖြင့် ရှေးဟောင်းအင်ပါယာများနှင့် အထူးသဖြင့် ရှေးဟောင်နတ်ဘုရားကလန် နေထိုင်နေသောကုန်းမြေများသည် စွမ်းအားအကြီးဆုံး ကုန်းမြေများဖြစ်သည်။

အရှင်ဒွန်ဟောင်သည် လောကကြီးကို စည်းလုံးစေခဲ့သည်။ အင်အားစုအသီးသီးကို မျှချေတွင်ထားရန် ကုန်းမြေများတွင် ရှေးနတ်ဘုရားကလန်များအား အကန့်အသတ်ဖြင့် ထားသည်။

အ‌နောက်အင်ပါယာနန်းတော်သည် အနောက်ပင်လယ်တွင် အုပ်စိုးမင်းမူ၏။ ရှေးခေတ်က အနောက်အင်ပါယာသည် မဟာအင်ပါယာတစ်ပါးဖြစ်သည်။ အနောက်အင်ပါယာနန်းတော်သည် ယနေ့အထိပင် အနောက်အင်ပါယာ၏အမွေအနှစ်များရှိပေသေးသည်။ အနောက်အင်ပါယာနန်းတော်မှ ရှီးချီယောင်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ရီဖူရှင်းနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ သူမသည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့သွား၍ ကျင့်ကြံရန်ပင် တွေးမိခဲ့သေးသည်။ သို့သော် ရီဖူရှင်းက အင်ပါယာရီချင်၏ မျိုးဆက်ဖြစ်ကြောင်း ပေါ်သွားသောအခါ အရာအားလုံးပြောင်းလဲသွားခဲ့ပြီး အရှင်ဒွန်ဟောင်လည်း ရောက်လာခဲ့၏။

အနောက်ပင်လယ်ကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်သည် အနောက်အင်ပါယာနန်းတော်နယ်မြေတွင် တည်ရှိပေသည်။ ထို့ကြောင့် ထိုအိမ်တော်သည် စွမ်းအားကြီးရပေမည်။ အနောက်အင်ပါယာနန်းတော်သည် အနောက်ပင်လယ်ကို နှစ်ပေါင်းများစွာ အုပ်စိုးထားခဲ့သည်။ သို့သော် အနောက်ပင်လယ်ကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်သည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း၌ အလျင်အမြန် ကျော်ကြားလာခဲ့သည်။

ကုန်းမြေသခင် ရှီဟိုင်သည် ထိပ်သီးတစ်ဦးဖြစ်သည်။ သူသည် လွှမ်မိုး၊ ဖိအားပေးတတ်ပြီး လွန်စွာစွမ်းအားကြီးပေသည်။ သူသည် အနောက်ပင်လယ်ကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်ကို ဩဇာကြီးသောအင်အားစုတစ်စုဖြစ်လာအောင် ကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယခုတွင် ထိုအိမ်တော်သည် အနောက်အင်ပါယာနန်းတော်နှင့်ပင် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်သည့် ပြိုင်ဘက်ဖြစ်လာပြီဖြစ်သည်။

ကုန်းမြေသခင်ရှီဟိုင်သည် ကောင်းကင်ဒေသတွင် ထင်ရှား၏။ ထို့ကြောင့် သူ မည်မျှ သန်မာသည်ကို သိနိုင်သည်။

ထိုအခိုက်တွင် အနောက်ပင်လယ်ကုန်းမြေ၏ ကုန်းမြေသခင်ရှီဟိုင်သည် တုန်းဟွာနန်းတော်သို့ ရောက်လာပေပြီ။

လူများသည် လေထဲမှ ခက်ထန်သောမျက်နှာကို မော့ကြည့်ရင်း သူကိုယ်တိုင်ရောက်လာခြင်းမဟုတ်ဟု သိလိုက်ကြသည်။ ၎င်းသည် ကုန်းမြေသခင်ရှီဟိုင်၏ ကိုယ်ပွားဖြစ်သည်။ ထိုကိုယ်ပွားကား သူ၏ဆန်းကြယ်သောအတတ်များထဲမှ တစ်ခုဖြစ်သည်။ သို့သော် ကိုယ်ပွားသည်လည်း ကြောက်မက်ဖွယ်စွမ်းအားကြီးပေသည်။ ကုန်းမြေသခင်ရှီဟိုင်သည် ဤနေရာတွင် ကိုယ်တိုင်ရှိမနေသော်လည်း ဤနေရာရှိ လူအားလုံးကို ထိတ်လန့်စေ၏။

All Chapters