ပေးဆပ်ရသော တန်ဖိုး
Vol. 176 Ch. 2512
ကောင်းကင်ထက်တွင် ကုန်းမြေသခင်ရှီဟိုင်သည် မြေပြင်မှ ရီဖူရှင်းကို စိုက်ကြည့်နေ၏။ သူ၏မျက်နှာသည် ဩဇာရှိပြီး ထီမထင်ဟန်ရှိသည်။
ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်၏။ သူ ဤနေရာသို့ ရောက်မလာခဲ့ခင်က မူလဘုံတွင် ကုန်းမြေအိမ်တော်ဆယ့်ရှစ်ခုလုံး အခြေချနေမည်ဟု မထင်ထားခဲ့ပေ။ သို့ဆိုလျှင်ပင် သူသည် အခြေအနေကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ထား၏။ သို့သော် ယခုတွင် ကုန်းမြေသခင်အဆင့်သူများပင် ရောက်လာပေပြီ။
“ကုန်းမြေသခင်ရှီဟိုင်... ရီဖူရှင်းက စိတ်ထင်တိုင်းလုပ်နေပြီး လုံးဝအထိန်းအကွပ်မဲ့နေတယ်။ သူက ကျုပ်သားနင်ဟွာကို တုန်းဟွာနန်းတော်ရှေ့မှာ သတ်လိုက်တယ်။ အခု ကုန်းမြေသခင်ရှီဟိုင်အနေနဲ့ သူ့ကိုဆုံးမပေးဖို့ ကျုပ် တောင်းဆိုချင်တယ်”
ထိုအခိုက်တွင် နင်ယွမ်သည် သူ၏ဂုဏ်သိက္ခာကို ဂရုမစိုက်နိုင်ပေ။ ဂုဏ်ပုဒ်အရ သူသည် ကုန်းမြေသခင်ရှီဟိုင်နှင့် အဆင့်တူ၏။ သူတို့နှစ်ဦးလုံးသည် မဟာအင်ပါယာ၏လက်အောက်မှ ကုန်းမြေသခင်များဖြစ်ကြသည်။ သို့သော် စွမ်းအားချင်းတော့ ကွာခြားပေသည်။
ကုန်းမြေသခင်များကြားတွင်လည်း စွမ်းအား ကွဲပြားမှုများ ရှိ၏။
မည်သို့ပင်ဆိုစေကာမူ သူတို့၏တရားဝင်ဂုဏ်ပုဒ်သည် တူညီပေရာ တစ်ဦးကိုတစ်ဦး အကူအညီတောင်းရန် မလိုပေ။ သို့သော် ယခုတွင် နင်ယွမ်သည် ထိုကိစ္စများကို များစွာဂရုမစိုက်နိုင်တော့ဘဲ ကုန်းမြေသခင်ရှီဟိုင်ကို ရီဖူရှင်းအား ဆုံးမပေးရန် အကူအညီတောင်း၏။
ရီဖူရှင်းက သူ၏သားနင်ဟွာကို သတ်ခဲ့ရာ သူသည် သူ့သားအတွက် လက်စားချေရန် အခိုင်အမာဆုံးဖြတ်ချက်ချထား၏။
မည်သို့ပင်ဖြစ်စေ ယနေ့တွင် မည်သည့်ကိစ္စမှမဖြစ်ခဲ့သကဲ့သို့ ရီဖူရှင်းကို ဤနေရာမှ ထွက်သွားခွင့်မပေးနိုင်ပေ။ ရီဖူရှင်းသာ ရှီဟိုင်၏ဝင်ရောက်စွက်ဖက်မှုကို ခံရပါက ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်တော့ချေ။
တစ်ချိန်က အရှင်ဒွန်ဟောင်သည် ရီဖူရှင်းနှင့်ပတ်သက်၍ ဝင်မပါရန် ဆုံးဖြတ်ခဲ့သည်။ အကြောင်းကား လူငယ်တစ်ဦးအား သိပ်အရေးလုပ်လိုခြင်းမရှိသောကြောင့်ဖြစ်သည်။ သို့သော် အပြန်အလှန်အနေဖြင့် လေးမျက်နှာကျေးရွာမှ ဆရာသခင်သည်လည်း ဝင်မပါနိုင်တော့ပေ။
အကယ်၍ ရီဖူရှင်းသာ စီဝေ့ကြယ်ကောင်းကင်သို့ ပြန်ရောက်သွားလျှင် သူ့ကိုထပ်၍ ဖမ်းရန် ခက်သွားပေလိမ့်မည်။
ကုန်းမြေသခင်သည် ရီဖူရှင်းကို အရေးမထားဟန် စိုက်ကြည့်နေပြီး စွမ်းအားကြီးသောဖိအားအရှိန်အဝါတစ်ခု ထုတ်လွှတ်ကာ ပြောလိုက်၏။
“ရီဖူရှင်း... အရှင်ဒွန်ဟောင်က မင်းကိုလွတ်လမ်းပေးခဲ့တယ်... ဒါပေမဲ့ မင်းက ကျေးဇူးတင်ရမယ့်အစား ကောင်းကင်ဒေသက တန်ခိုးရှင်တွေနဲ့ တိုက်ခိုက်ပြီး မဆင်မခြင်သတ်ဖြတ်ခဲ့တယ်။ မင်းက အမှား၊အမှန်ကို ခွဲခြားမသိဘူးပဲကွ”
သူ၏အသံသည် ဩဇာအာဏာပါဝင်ပြီး လွှမ်းမိုးနိုင်စွမ်းရှိ၏။ ကြောက်မက်ဖွယ် ဖိအားတစ်ခု ကျဆင်းလာပြီး ရီဖူရှင်းတို့လူစုကို လွှမ်းခြုံသွား၏။ သူသည် စကားပြောနေရင်း လက်မြှောက်လိုက်ကာ တုံ့ဆိုင်းမှုမရှိဘဲ အောက်ရှိ လေထုကို လှမ်းဆွဲယူလိုက်သည်။
ထိုမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ တန်ခိုးရှင်များကို ရင်တုန်သွားစေသည်။ ကုန်းမြေသခင်ရှီဟိုင်သည် ချက်ချင်းပင် လှုပ်ရှားခဲ့ပေပြီ။
သူက ရီဖူရှင်းကို သတ်ပစ်လိုနေကြောင်း ထင်ရှားပေသည်။
“သတိထား...”
ရီဖူရှင်းက အလင်းတန်းတစ်ခုအဖြစ်ပြောင်းကာ သူ့လူများဘေးသို့ ရုတ်ခြည်းအတွင်းရောက်သွားပြီး ဘေးကင်းရာသို့ ခေါ်သွားရန် လုပ်လိုက်သည်။ သို့သော် ကုန်းမြေသခင်ရှီဟိုင်၏တိုက်ခိုက်မှုအမြန်နှုန်းသည် ရီဖူရှင်း၏အမြန်နှုန်းနီးပါး ရှိသည်။ ရီဖူရှင်းက သူတို့ပေါ်ကျလာသည့် ဧရာမလက်ဖဝါးကြီးကို ရှောင်သည်ဆိုရုံသာ တတ်နိုင်၏။
ခွန်ပန်ရွှေအတောင်ပံငှက် မော့ယွင်ကျီးသည် ဧရာမလက်ဖဝါးကြီးက ဖမ်းဆီးသည်ကို ခံလိုက်ရသည်။
မော့ယွင်ကျီးသည် အသည်းအသန်ရုန်းကန်လိုက်သော်လည်း လက်ဖဝါးကြီးအတွင်းမှ မလွတ်မြောက်နိုင်ပေ။ သူသည် ရီဖူရှင်းကို ကြည့်လိုက်ပြီး အသံရှည်ဆွဲကာ အော်မြည်လိုက်၏။
ကောင်းကင်ထက်တွင် ကုန်းမြေသခင်ရှီဟိုင်သည် မော့ယွင်ကျီး၏ခန္ဓာကိုယ်ကို မြှောက်လိုက်ပြီး ရီဖူရှင်းကို အရေးမစိုက်ဟန် လှမ်းကြည့်သည်။ သူ၏မျက်ဝန်းများထဲတွင် ထူးဆန်းသောအရိပ်အယောင်များ ဖြတ်သန်းသွား၏။ ရီဖူရှင်းက သူ၏လူများကို အမှန်ပင်ခေါ်ဆောင်သွားနိုင်ပြီး ဖမ်းဆီးမှုကို ရှောင်ရှားနိုင်ခဲ့၏။
“ကုန်းမြေသခင်နဲ့ ကျုပ်က ဘာရန်ငြိုး၊ ရန်စမှ မရှိဘူး။ ကုန်းမြေသခင်အနေနဲ့ မဆိုင်တဲ့လူကို မထိခိုက်ဖို့ တောင်းဆိုချင်တယ်”
ရီဖူရှင်းက ကောင်းကင်ထက်ရှိ မျက်နှာကြီးကို လှမ်းပြောသည်။ ခွန်ပန်ရွှေတောင်ပံငှက် မော့ယွင်ကျီးသည် အရွယ်အစားကြီးမားသော်လည်း သူ့ကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားသည့် ထိုဧရာမလက်ဖဝါးကြီးအတွင်းမှ ရုန်းမထွက်နိုင်ဖြစ်နေသည်။
သူသည် အလွန်အမင်းနာကျင်နေပုံပေါ်ပြီး ရီဖူရှင်းကို ကြည့်ကာ သူ့ကိုကယ်တင်ပေးရန် သူ၏မျက်ဝန်းများဖြင့် တောင်းဆိုနေသကဲ့သို့ပင်။ ထိုအခိုက်တွင် သူသည် လွန်စွာမသက်မသာဖြစ်နေကြောင်း ထင်ရှား၏။
ဗျစ်...
ကုန်းမြေသခင်ရှီဟိုင်သည် သူ၏လက်ကိုဖျစ်လိုက်ရာ ထိုဧရာမလက်ဖဝါးကြီးသည်လည်း ပို၍တင်းတင်းဆုပ်လိုက်ပြီး ဖျစ်ညှစ်သံတစ်သံကို ကြားလိုက်ရသည်။ မော့ယွင်ကျီးသည် နာကျင်စွာတစ်ချက်အော်လိုက်ပြီး ရွှေအစစ်ဖြစ်သော သူ၏နတ်ငှက်ခန္ဓာသည် ဖျစ်ညှစ်ခံလိုက်ရ၏။ သူသည် ထိုဧရာမလက်ဖဝါးကြီးထဲတွင် လွန်စွာနုနယ်နေသကဲ့သို့ ထင်ရပြီး လက်ဖဝါးကြီး၏ဖျစ်ညှစ်မှုကို မခံနိုင်တော့သည့်ပုံပင်။ ဧရာမလက်ဖဝါးကြီးတွင် ချင်းချင်းနီသောသွေးများ စွန်းပေနေပြီး သွေးများသည် ကောင်းကင်ထက်မှ စီးကျနေသည်။
၎င်းသည် အလွန်ဝမ်းနည်းစရာကောင်းသော မြင်ကွင်း ဖြစ်သည်။
နတ်ငှက်သည် ထိုနည်းဖြင့် ညှစ်သတ်ခံလိုက်ရ၏။ ၎င်းအပြုအမူက ကြမ်းကြုတ်ရက်စက်လှသည်။
မော့ယွင်ကျီး၏ ကြီးမားသောမျက်လုံးကြီးများသည် ပွင့်နေဆဲဖြစ်ပြီး ရှေ့သို့ကြည့်နေ၏။ သူ့မျက်ဝန်းများထဲတွင် နာကျင်မှုများနှင့် မကျေနပ်သောအရိပ်အယောင်များ ရှိနေ၏။
သူသည် ဗုဒ္ဓများ၏ မြင့်မြတ်သောနေရာဖြစ်သည့် လိပ်ပြာတောင်ကုန်းတွင် ကျင့်ကြံခဲ့သော ခွန်ပန်ရွှေအတောင်ပံငှက်ဖြစ်သည်။ သူသည် ဗုဒ္ဓများစွာကြောင့် ဉာဏ်အလင်းပွင့်ခဲ့ပြီး ကျမ်းစာများစွာကိုလည်း လေ့လာသင်ကြားခဲ့သည်။ အနာဂတ်တွင် သူသည် လမ်းစဉ်ကိုရရှိနိုင်သည့် မဟာနတ်ဆိုးသားရဲတစ်ကောင်း ဖြစ်လာနိုင်၏။ သို့သော် ဤနေရာတွင် သာမန်ငှက်တစ်ကောင်အလား ရက်ရက်စက်စက်အနှိပ်စက်ခံရကာ အသတ်ခံလိုက်ရ၏။
သူ၏မျက်လုံးများသည် ရီဖူရှင်းကို ငေးကြည့်နေပေသေးသည်။
ရီဖူရှင်းကလည်း သူ့ကိုပြန်ငေးကြည့်နေသည်။ သူက ညှာတာပေးရန် တောင်းဆိုရုံသာရှိသေးသည်၊ ကုန်းမြေသခင်ရှီဟိုင်သည် ပုရွက်ဆိတ်တစ်ကောင်ကို နင်းသတ်သကဲ့သို့ များစွာမစဉ်းစားဘဲ မော့ယွင်ကျီးကို ချက်ချင်းဖျစ်ညှစ်သတ်ပစ်ခဲ့၏။
ထိုအခိုက်တွင် ရီဖူရှင်းက သူ့ကိုယ်တွင်းမှ သွေးများဆူပွက်လာပြီး သူ၏နှလုံးသားသည် အပြင်အထန်ခုန်လာသည်ကို ခံစားလိုက်ရသည်။ သူ၏မျက်လုံးအကြည့်များသည် သူ့ရှေ့တွင် သေဆုံးသွားသည့် မော့ယွင်ကျီးထံမှ မခွာနိုင်ဖြစ်နေသည်။
မော့ယွင်ကျီးနှင့် သူသည် အကောင်းဆုံးအခြေအနေများအောက်တွင် တွေ့ဆုံခဲ့ခြင်းမဟုတ်သော်လည်း သူတို့အတူရှိနေခဲ့သည်မှာ ဆယ်နှစ်ကျော်ရှိခဲ့ပြီဖြစ်သည်။ ထိုနှစ်များအတွင်း၌ မော့ယွင်ကျီးသည် ကောင်းမွန်စွာ နေထိုင်ခဲ့သည်။ သူသည် လိပ်ပြာတောင်ကုန်းတွင် ရှိခဲ့စဉ်က သူ၏လေ့လာကျင့်ကြံမှုကို အလွန်အလေးအနက်ထားကာ အမြဲတမ်း တိုးတက်ရန် ကြိုးစားအားထုတ်နေတတ်သူဖြစ်သည်။
ထို့ကြောင့် ရီဖူရှင်းက သူ၏နတ်ဆိုးသားရဲကို သူ၏မိတ်ဆွေတစ်ဦးအနေဖြင့် သဘောထားခဲ့သည်။ သို့သော် ယနေ့တွင် သူသည် အနှိပ်စက်ခံရကာ သူ့မျက်စိရှေ့မှာပင် ကုန်းမြေသခင်ရှီဟိုင်၏ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။
ထိုသခင်များသည် ရက်စက်ကာ အကြင်အနာမဲ့၏။ သူတို့သည် သူတို့၏ပန်းတိုင်ဆီကို လျှောက်လှမ်းရာတွင် အခြားသက်ရှိများကို ဂရုမထားကြပေ။
သူနှင့် ကုန်းမြေသခင်ရှီဟိုင်သည် မည်သည့် ရန်ငြိုး၊ ရန်စမှ မရှိခဲ့ပေ။ သို့သော် ကုန်းမြေသခင်ရှီဟိုင်ကား အကြင်အနာမဲ့စွာ ပြုမူခဲ့၏။
ကောင်းကင်ထက်တွင် ကုန်းမြေသခင်ရှီဟိုင်သည် ရီဖူရှင်း မည်သို့ခံစားနေရသည်ကို မသိသလို ဂရုလည်းမစိုက်ပေ။ သူသည် အနောက်ပင်လယ်ကုန်းမြေ၏ ကုန်းမြေသခင်ဖြစ်ကာ ရီဖူရှင်းကဲ့သို့သောလူကို အလေးထားစရာမလိုပေ။
ကုန်းမြေသခင်ရှီဟိုင်သည် အနောက်အင်ပါယာနန်းတော်နှင့် ယှဉ်ပြိုင်မှုများရှိသည်။ အမြဲတမ်းအားဖြင့် သူသည် အရေးနိမ့်နေခဲ့ကာ အကယ်၍ ရီဖူရှင်းထံမှ မဟာအင်ပါယာအဆင့်အမွေအနှစ်များကို လုယူနိုင်ခဲ့ပါက ထိုပြဿနာကို ဖြေရှင်းနိုင်လောက်သည်။ ထို့ကြောင့် သူ့အပြုအမူက ရည်ရွယ်ချက်တချို့ ပါဝင်သည်။
ရီဖူရှင်းကို သတ်လိုက်ခြင်းသည် မည်သည့်ဆိုးကျိုးမှမရှိဘဲ ကောင်းကျိုးထောင်ပေါင်းများစွာ ရနိုင်၏။ ယနေ့တွင် အခွင့်အရေးသည် ၎င်းဘာသာ ပေါ်ပေါက်လာခဲ့ပေပြီ။ သူ မည်သို့ လက်လွတ်ခံနိုင်မည်နည်း။
အတွေးတစ်ချက်အတွင်းမှာပင် ကြောက်မက်ဖွယ်ဖိအားသည် ရီဖူရှင်းတို့လူစုအပေါ် ထပ်မံကျဆင်းလာသည်။ သို့သော် ထိုဖိအားအောက်တွင် ရီဖူရှင်းက ပျောက်ကွယ်သွားနိုင်ခဲ့ပေသေးသည်။ ဤအကြိမ်တွင် သူသည် သူနှင့်အတူ မည်သူ့ကိုမှ မခေါ်သွားဘဲ တစ်ဦးတည်းသာ ပျောက်ကွယ်သွားပြီး အနောက်ပင်လယ်ကုန်းမြေမှ လူအုပ်အကြားတွင် ပေါ်လာ၏။
ကုန်းမြေသခင်ရှီဟိုင် ရောက်မလာခင်ကတည်းကပင် အနောက်ပင်လယ်ကုန်းမြေမှ တန်ခိုးရှင်များသည် ဤနေရာတွင် ရောက်နေပြီဖြစ်သည်။
ရီဖူရှင်း ပေါ်လာသောအခါ အားကောင်းသည့် မဟာလမ်းစဉ်အရှိန်အဝါတစ်ခုသည် ထိုတစ်နေရာလုံးကို လွှမ်းခြုံသွား၏။ ယင်စွမ်းအားသည် ထိုနေရာကို စက္ကန့်ပိုင်းအတွင်းမှာပင် အေးခဲသွားစေပြီး တန်ခိုးရှင်များ၏ခန္ဓာကိုယ်များကို ဆီနှင်းအလွှာတစ်ခုဖြင့်ဖုံးလွှမ်းသွားပြီး သူတို့သည် ခိုက်ခိုက်တုန်သွား၏။
တစ်ချိန်တည်းမှာပင် ကုန်းမြေသခင်ရှီဟိုင်သည်လည်း လီချန်ရှန်းနှင့် အခြားသူများကို ထိန်းချုပ်လိုက်သည်။
သူသည် အနည်းငယ် မျက်မှောင်ကြုတ်၍ ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းက သူ၏ဖိနှိပ်မှုကို နောက်တစ်ကြိမ် ရှောင်ရှားသွားပြန်ပေပြီ။
“သူတို့ကို လွှတ်လိုက်... ကျုပ် နေခဲ့မယ်။ သူတို့လွတ်သွားပြီဆိုတာနဲ့ ကျုပ် ဒီလူတွေကို လွှတ်ပေးမယ်”
ရီဖူရှင်းက ကုန်းမြေသခင်ရှီဟိုင်ကိုကြည့်လျှက် ပြောသည်။
“ကောင်းပြီ...”
ကုန်းမြေသခင်က တဲ့တိုးဆန်ပြီး ရီဖူရှင်း၏လူများကို ချက်ချင်းလွှတ်ပေးလိုက်သည်။ တစ်ဖက်တွင်လည်း နင်ယွမ်နှင့် အင်ပါယာရှီတို့အကြားရှိ တိုက်ပွဲသည် ရပ်တန့်သွားပြီဖြစ်ပြီး ဆက်၍မတိုက်ခိုက်နေကြတော့ပေ။
နင်ယွမ်က သတ်ဖြတ်လိုသည့်အငွေ့အသက်များပြည့်နှက်နေသော မျက်လုံးများဖြင့် ရီဖူရှင်းကို ကြည့်သည်။
“အင်ပါယာရှီ... အင်ပါယာရှီနဲ့တခြားသူတွေ စီဝေ့ကြယ်ကောင်းကင်ကို အရင်ပြန်လိုက်ကြပါ”
ရီဖူရှင်းက အင်ပါယာရှီကို ကြည့်လျှက် ပြောသည်။
အင်ပါယာရှီ မျက်မှောင်ကြုတ်သွားပြီး တခြားလူများကလည်း ရီဖူရှင်းကို ကြည့်နေကြ၏။
နတ်ဘုရားကဒ်ဘေးဒုတိယအဆင့်ဖြစ်သော ကုန်းမြေသခင်ရှီဟိုင်ကိုယ်တိုင် ဤနေရာသို့ ရောက်လာခဲ့ပေသည်။ အကယ်၍ ရီဖူရှင်းသာ နေခဲ့ပါက သူသည် မည်သို့ အသက်ရှင်ရက် လွတ်နိုင်မည်နည်း။
“အင်ပါယာရှီတို့ ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်ပြီး ထွက်သွားကြပါ။ ကျွန်တော့်မှာ ဒီကထွက်သွားနိုင်ဖို့ နည်းလမ်းရှိပါတယ်။ အင်ပါယာရှီတို့ ဒီမှာဆက်နေ,နေရင်သာ ကျွန်တော့်အတွက် အဟန့်အတားဖြစ်နေမှာ”
ရီဖူရှင်းက အင်ပါယာရှီနှင့် အခြားသူများကို အသံပို့လွှတ်၍ ပြောသည်။ ထိုအခါမှသာ အင်ပါယာရှီက ခေါင်းညိတ်လိုက်၏။ သူက အခြားသူများကို ပြောသည်။
“သွားစို့”
သူက ထိုသို့ပြောလိုက်ပြီးနောက် သူ့လူအားလုံးကိုခေါ်ကာ အံ့အားသင့်ဖွယ်အမြန်နှုန်းဖြင့် ထွက်ခွာသွား၏။
ကုန်းမြေသခင်ရှီဟိုင်ရော နင်ယွမ်ပါ သူတို့နောက်သို့ လိုက်မသွားပေ။ ကုန်းမြေသခင်ရှီဟိုင်၏ရည်ရွယ်ချက်မှာ ရီဖူရှင်းကို ရရန်ဖြစ်ပြီး နင်ယွမ်သည်လည်း ရီဖူရှင်းကိုသာ သေစေလိုနေသူ ဖြစ်သည်။
ရီဖူရှင်းသာ ဤနေရာတွင် ကျန်နေခဲ့လျှင် အခြားသူများသည် အရေးမကြီးပေ။
ထိုနေရာတွင် ကြောက်မက်ဖွယ်ဖိအားတစ်ခုက လွှမ်းခြုံထားပြီး ထိုစွမ်းအားမြင့်တန်ခိုးရှင်နှစ်ဦးသည် ရီဖူရှင်းကို ထွက်ခွာခွင့်ပေးရန် ရည်ရွယ်ချက်မရှိသည့်ဟန်ဖြင့် ကြည့်နေကြသည်။
ကုန်းမြေသခင်အိမ်တော်များအားလုံးမှ တန်ခိုးရှင်များသည် ဘေးတွင်ရပ်ကာ တိတ်တဆိတ်ကြည့်နေကြသည်။ ဤအကြိမ်တွင် ရီဖူရှင်း မည်သို့လွတ်မြောက်နိုင်မည်နည်း။
တုန်းဟွာကုန်းမြေ၏ ဓားနတ်မယ်နှင့် သူမ၏တပည့်များသည် အနည်းငယ်စိုးရိမ်နေကြသည်။ ဤအကြိမ်တွင် ရီဖူရှင်းက တစ်ယောက်တည်းဖြစ်နေပြီး သူ့ကိုကူညီမည့်သူ မည်သူမှမရှိပေ။
သူမတို့သည် သူ့ကိုကူညီလိုလျှင်ပင် မည်သို့မှ မတတ်နိုင်ပေ။
ထိုကဲ့သို့ စွမ်းအားကြီးသူများနှင့် ရင်ဆိုင်နေရစဉ်တွင် သူမတို့ဝင်ကူညီလျှင်လည်း အကျိုးမထူးပေ။ သူမတို့၏ကူညီမှုကသာ ကိုယ့်သေတွင်းကိုယ်တူးသကဲ့သို့ ဖြစ်မည်။
“ရန်ဟောင်ရီ... ငါ နင့်ကို ကူညီနိုင်တာရှိလား”
ချင်ချင်းက ရီဖူရှင်းကို အသံပို့လွှတ်လိုက်သည်။ သူမသည် ထိုကဲ့သို့သော တိုက်ပွဲမျိုးတွင် ဝင်မတိုက်နိုင်သော်လည်း သူမက တစ်နည်းနည်းဖြင့် ရီဖူရှင်းလွတ်မြောက်ရန် ကြိုးစားပေးလိုသေးသည်။
ရီဖူရှင်း၏ ရင်ထဲတွင် အနည်းငယ်နွေးထွေးသွားသည်။ ဤကဲ့သို့သောအချိန်တွင် ချင်ချင်းသည် သူ့ကိုကူညီရန်ဆန္ဒရှိမည်ဟု မထင်ထားပေ။ ထိုကဲ့သို့သော ကြင်နာမှုသည် အလွန်ရှားပါး၏။
“ကျေးဇူးအများကြီးတင်ပါတယ် နတ်မိမယ်ချင်။ ဒါပေမဲ့ နတ်မိမယ် ငါ့ ကို စိုးရိမ်စရာ မလိုပါဘူး”
ရီဖူရှင်းက ပြန်ပြောသည်။ ချင်ချင်းသည် ရီဖူရှင်းပြောပြောသည့်စကားကို ကြားလိုက်သောအခါ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ ရီဖူရှင်ထံတွင် ဤဆိုးဝါးသောအခြေအနေမှ လွတ်မြောက်နိုင်ရန် အခြားနည်းရှိနေသေးသည်လော။
“ကောင်းပါပြီ...”
သူမ ဆက်၍ပြောမနေတော့ပေ။
လူအားလုံးသည် တိတ်တဆိတ် စောင့်ဆိုင်းနေ၏။ ရီဖူရှင်းက သူ့လူများ စီဝေ့ကြယ်ကောင်းကင်သို့ အန္တရာယ်ကင်းကင်း၊ အထိအခိုက်မရှိ ပြန်ရောက်သွားမည့်အချိန်ကို စောင့်နေကြောင်း သူတို့သိကြပေသည်။
သို့သော် သူ့လူများသည် စီဝေ့ကြယ်ကောင်းကင်သို့ လုံလုံခြုံခြုံပြန်ရောက်သွားလျှင်လည်း အရေးမကြီးပါ။ အဓိကအားဖြင့် ရီဖူရှင်းကို သတ်ဖြတ်ရန်သာ အရေးကြီး၏။
ရီဖူရှင်း မရှိတော့လျှင် စီဝေ့ကြယ်ကောင်းကင်သည် ချက်ချင်းပင် သိမ်းပိုက်ခံလိုက်ရမည်ဖြစ်ပြီး အဘက်ဘက်မှနေ၍ ထိပ်သီးအင်အားစုများ၏ တိုက်ခိုက်မှုကို ခံရပေမည်။
နင်ယွမ်ပင် ထိုအကြောင်းကို သိသည်။ သူသည် ယခုတွင် အခြားသူများကို ဂရုမစိုက်သေးပေ။ သူသာ ရီဖူရှင်းကို သတ်နိုင်ခဲ့လျှင် ရီဖူရှင်း၏လူများမှာလည်း အသက်ရှင်ဖွယ်ရာလမ်းမရှိချေ။ သူကိုယ်တိုင် ထိုသူများကို သွားသတ်မည်ဖြစ်သည်။
သူ၏သားနင်ဟွာသေဆုံးသွားမှုကို စီဝေ့ကြယ်ကောင်းကင်မှ တန်ခိုးရှင်အားလုံး၏အသက်နှင့် ပြန်ချေရပေမည်။
အချိန်သည် နှေးကွေးစွာကုန်ဆုံးသွား၏။ ရီဖူရှင်းက သူ၏လူများ ဘေးကင်းကင်ပြန်ရောက်သွားမည့် အချိန်ကို စောင့်ဆိုင်းနေဆဲဖြစ်သည်။ သူသည် နောက်ထပ်ကြိုမမြင်နိုင်သော မတော်တဆမှုများကို အဖြစ်ခံတော့မည်မဟုတ်ပေ။
“အချိန်ကျပြီလား...”
ကောင်းကင်ထက်မှ ကုန်းမြေသခင်ရှီဟိုင်သည် အောက်ရှိ ရီဖူရှင်းကို ငုံ့ကြည့်လျှက် မေးလိုက်သည်။
ရီဖူရှင်းက သူ့ကိုမော့ကြည့်လိုက်ပြီး သူ့မေးခွန်းကို ပြန်မဖြေဘဲ မေးခွန်းပြန်ထုတ်လိုက်သည်။
“ခုနက ခင်ဗျားရဲ့ ရက်စက်မှုအတွက် တန်ကြေးကို ခင်ဗျားတွေးမိရဲ့လား”
“တန်ကြေးဟုတ်လား...”
ကုန်းမြေသခင်ရှီဟိုင်သည် အောက်ရှိ ငွေဖြူရောင်ဆံပင်နှင့်လူငယ်ကို ငုံ့ကြည့်လိုက်၏။
ရီဖူရှင်းက သူ့ကို ကိစ္စများ၏တန်ကြေးကို ပြောနေခြင်းလော။
“မင်းဘာပြောနေတာလဲဆိုတာ ငါမသိဘူး”
ကုန်းမြေသခင်ရှီဟိုင်သည် ထည်ဝါ၊ ဩဇာရှိကာ လွှမ်းမိုးသည့် အငွေ့အသက်ကို ပေးနေ၏။ သူသည် ရီဖူရှင်း၏မေးခွန်းကို တဲ့တိုးပင် ပယ်ချလိုက်သည်။ ထိုအခိုက်တွင် ရီဖူရှင်းက သူ့ကိုမမှိတ်မသုံစောင့်ကြိုနေမည့် ကံကြမ္မာအကြောင်းကို တွေးတောနေသင့်သည် မဟုတ်ပါလော။
“ကျုပ် တုန်းဟွာပွဲတော်ကို တက်ရောက်ခဲ့တုန်းက နင်ယွမ်က အခု ခင်ဗျားလို အချိုးမျိုးနဲ့ပဲ။ သူ့အထက်မှာ ဘယ်သူမှမရှိတဲ့ပုံနဲ့ စိတ်ကြီးဝင်နေတာပေါ့။ ဒါပေမဲ့ ဒီနေ့ နင်ဟွာရဲ့သေဆုံးမှုက သူ့ရဲ့စိတ်ကြီးဝင်မှုအတွက် ပေးဆပ်ရတဲ့ တန်ကြေးပဲ”
ရီဖူရှင်းက အသေးအဖွဲကိစ္စလေးကို ပြောနေဟန်ဖြင့် တည်တည်ငြိမ်ငြိမ်ပြောနေ၏။
“ဒီနေ့ အနောက်ပင်လယ်ကုန်းမြေက ကုန်းမြေသခင်က ခက်ခက်ထန်ထန်ရောက်လာပြီး ကျုပ်ရဲ့ စီးတော်သားရဲကို အကြောင်းမရှိဘဲ သတ်ပစ်လိုက်တယ်။ ဒီ့အတွက် ခင်ဗျား တန်ကြေးပေးရမယ်”
ယခုရီဖူရှင်းက လွန်ခဲ့သော ဆယ်စုနှစ်များက ရီဖူရှင်းနှင့်မတူတော့ပေ။
သူသည် နင်ယွမ်ကို ကလဲ့စားချေရန် ဆယ်စုနှစ်များစွာ စောင့်ခဲ့သည်။ သို့သော် ယနေ့တင်ခဲ့သည့် သွေးကြွေးအတွက် သူအချိန်ကြာမြင့်စွာ စောင့်မည်မဟုတ်ပေ။
“အဲလိုလား...”
ကုန်းမြေသခင်ရှီဟိုင်သည် ရီဖူရှင်းကို ငုံ့ကြည့်လိုက်ပြီး အထင်သေးသောလေသံဖြင့် ပြောသည်။
ရီဖူရှင်းက သူ့ကိုတန်ကြေးပေးရန်ပင် ခြိမ်းခြောက်နေလေသလော။
ရီဖူရှင်းကို မဟာလမ်းစဉ်နတ်အလင်းက လွှမ်းခြုံထားသည်။ သူ့တစ်ကိုယ်လုံးသည် စူးရှစွာ တောက်ပနေ၏။ ထိုအခိုက်တွင် သူသည် ဓားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။
ထို့နောက်တွင် နတ်အလင်းတန်းတစ်တန်းသည် လေထုကိုဖြတ်ကာ အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းသွား၏။
“မင်းဘယ်သွားနေတာလဲ”
နင်ယွမ်အော်ပြောသည်။ ချိပ်စည်းအားသည် ထိုကောင်းကင်စွန်းကို တိုက်ရိုက်ကာဆီးလိုက်သည်။ ကောင်းကင်ထက်တွင် အဆုံးမဲ့သော ချိပ်စည်းသင်္ကေတများပေါ်ပေါက်လာ၏။
ဝုန်း...
အလင်းတန်းသည် ချိပ်စည်းသင်္ကေတများကို ဖောက်ထွက်သွားရာ ကျယ်လောင်သောအသံကြီးတစ်ခုနှင့်အတူ ချိပ်စည်းသင်္ကေတများ ရုတ်ခြည်းပျက်စီးသွား၏။ ထိုအလင်းတန်းသည် ကုန်းမြေသခင်ရှီဟိုင်၏ ဖိအားကိုလည်း ဖောက်ထွင်းသွားပြီး ကောင်းကင်ထက်သို့ တဖြည်းဖြည်းမြင့်တက်သွား၏။
ထိုမြင်ကွင်းသည် နင်ယွမ်အပါအဝင် တန်ခိုးရှင်အားလုံးကို အံ့အားသင့်မှင်တက်သွားစေသည်။
ချိပ်ပိတ်ထားသော အာကာပြင်သည် ရီဖူရှင်း၏ အတင်းဖောက်ထွက်မှုကို ခံလိုက်ရလေသလော။
ရီဖူရှင်းက ချိပ်ပိတ်ထားသော အာကာပြင်မှ လွတ်ထွက်သွားသောအခါ လူအားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွား၏။ တန်ခိုးရှင်များသည် သူတို့၏ နတ်အာရုံများကို ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း သူတို့သည် ရီဖူရှင်းကို အာရုံမခံနိုင်တော့ပေ။ ထိုတစ်ခဏအတွင်းတွင် ရီဖူရှင်းက ခြေရာလက်ရာမကျန်ခဲ့ဘဲ ပျောက်ကွယ်သွားသကဲ့သို့ပင်။
“ကုန်းမြေသခင်ရှီဟိုင်... ခင်ဗျား ဒီနေ့လုပ်ခဲ့တာအတွက် ပြန်ပေးဆပ်ရမယ်”
ကောင်းကင်ထက်တွင် အသံတစ်ခုထွက်ပေါ်လာ၏။ လူအားလုံး ရင်တုန်သွားကြ၏။
ရီဖူရှင်းက သူတို့ထင်ထားသည်ထက် များစွာပို၍သန်မာပုံပေါ်၏။
ဝုန်း...
ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုသည် အဝေးသို့ပျံသန်းသွားပြီး ကုန်းမြေသခင်ရှီဟိုင်သည်ပင် သူ့နောက်သို့လိုက်ရန် တဒင်္ဂမျှ ချီတုံချတုံဖြစ်သွား၏။ ရီဖူရှင်းက ထိုနေရာမှ ဤကဲ့သို့ပင် လွတ်မြောက်သွားပြီလော။
နင်ယွမ်သည်လည်း လက်ခနဲတောက်ပသွားကာ အာကာပြင်မှ ပျောက်ကွယ်သွား၏။ စွမ်းအားကြီးသော တန်ခိုးရှင်သုံးဦးသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပေပြီ။
ချင်ချင်းသည် သူမ၏ဆရာ ဓားနတ်မယ်ကို ကြည့်လိုက်၏။ သူမ၏လှပသောမျက်ဝန်းများသည် လွန်စွာအံ့အားသင့်မှုကို ဖော်ပြနေသည်။ ရီဖူရှင်းက ကုန်းမြေသခင်ရှီဟိုင်ကို သူလုပ်ခဲ့သည့်အရာအတွက် ပြန်ပေးဆပ်ရအောင် အမှန်ပင်လုပ်နိုင်မည်ဟု သူမ ခံစားနေရ၏။